အခန်း (၇၇)
Vol. 6 Ch. 77
မှော်မျှော်စင်တစ်ခုလုံးကို အကဲဖြတ်ခြင်းနှင့် ဂါးရက်အား လမ်းညွှန်ရန် အချိန်ကြာမြင့်စွာပေးခြင်းက ထူးခြားဆန်းကြယ်သော ကိစ္စဖြစ်သည်။ မှော်ဆရာအဖိုးအိုကြီးသည် ဂါးရက်၏ ပြဿနာများကို ချက်ချင်းဖြေရှင်း၍ မရနိုင်ကြောင်း သဘောပေါက်သဖြင့် သူ၏ အာရုံကို ပြန်လည်ပြောင်းလဲလိုက်သည်။ အားပါးတရ ချောင်းဆိုးလိုက်ပြီး မှော်ဆရာ ဂယ်မန်ဘက်သို့ လှည့်ကာ မျက်နှာတည်တည်ဖြင့်
"မှော်ဆရာတစ်ဦးကို ပျိုးထောင်ခြင်းနဲ့ တိုးတက်ခြင်းအပိုင်းမှာတော့ စုစုပေါင်းရမှတ်က..."
မှော်ဆရာအဖိုးအိုကြီးက ရည်ရွယ်ချက်ရှိရှိ ဆွဲဆန့်လိုက်သည်။ ပတ်ဝန်းကျင်မှ လူများ စိတ်မရှည်တော့ဘဲ ကလေးဆိုးလေးက မျက်လုံးလှန်တော့မည့်အချိန်တွင် သူ မကျေမနပ်ဖြင့် ကိန်းဂဏန်းတစ်ခုကို ထုတ်ပြောလိုက်သည်။
"၈၁ မှတ်"
"ဒီလောက်နည်းရလား..."
အဆင့်နိမ့် မှော်ဆရာနှစ်ဦးက တိုးတိုးလေး ညည်းညူလိုက်ကြသည်။ အမှတ်နည်းနေပြီး အောင်မြင်အောင် မလုပ်နိုင်လျှင် မှော်မျှော်စင်က နောက်နှစ်တွင် သုတေသနအရင်းအမြစ်များ ဆုံးရှုံးရလိမ့်မည်။
ထိုအဆင့်မှာ ဘယ်သူမှ အကျိုးအမြတ်မရနိုင်ပေ။
မှော်ဆရာအဖိုးအိုကြီးသည် ဤညည်းညူသံများကို အကြိမ်ရေမရေမတွက်နိုင်အောင် ကြားဖူးခဲ့သည်။ ဂယ်မန်သည် သူ၏တပည့်ရင်းဖြစ်သည်ကို ထည့်သွင်းစဉ်းစားကာ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောသည်။
"ဒါက ကြီးကြပ်သူတွေရဲ့ တာဝန်ပဲ။ တိုးတက်မှုတွေအပေါ် အာရုံစိုက်မလား၊ ဒါမှမဟုတ် မှော်ဆရာအသစ်တွေကို လေ့ကျင့်ဖို့ အရင်းအမြစ်တွေ ခွဲဝေပေးမလား။ မှော်မျှော်စင်တိုင်းက အရေးပါတဲ့ အရင်းအမြစ်တစ်ခုပဲ၊ မှော်ကောင်စီက ဘယ်သူ့ကိုပဲ တာဝန်ပေးထားသည်ဖြစ်စေ၊ အကျိုးအမြတ် ပြန်ရအောင် လုပ်ရမယ်"
"ဒါကို မင်းတို့အားလုံး မှတ်ထားရမယ်"
မှော်ဆရာများ ခေါင်းညိတ်လိုက်ကြသည်။ ဂါးရက်က သူ့လက်ရှိရမှတ်ကို အလျင်အမြန် တွက်ချက်လိုက်သည်။ သိပ်မဆိုးပါဘူး ကံကောင်းစွာပင်။ နောက်ဆုံးအချက်မှာ ၇၀ မှတ်ရရင် ဒီနှစ် အောင်မြင်ပြီ။
သို့သော် နောက်ဆုံးအလုပ်က မှော်ပညာ သုတေသနဖြစ်သည်။ အယ်လယော့တ်နဲ့ ကာရန်ကြားမှာ အရင်က ပြဿနာအချို့ ရှိခဲ့ပုံရသည်... တိုးတက်မှုက ချောမွေ့ပုံမရဘူးလား။
ဂါးရက်က နောက်နှစ်၏ သုတေသနရန်ပုံငွေများအတွက် တိတ်တိတ်လေး စိတ်ပူနေခဲ့သည်။ မှော်ဆရာအဖိုးအိုကြီးက သူ့လက်ထဲက စာရွက်စာတမ်းကို ပိတ်လိုက်ပြီး လေးလေးနက်နက် ပြောသည်။
"ငါမရောက်ခင်ကတည်းက စစ်ဆေးထားတာ။ ငါမရောက်ခင်မှာ မင်းတို့ထဲက ဘယ်သူမှ ဂျာနယ်တွေမှာ ဘာမှ မထုတ်ဝေခဲ့ဘူး၊ မှော်ပညာပုံစံတွေလည်း ကောင်စီကို တင်ပြခဲ့တာ မရှိဘူး။ ဒါဆို ဘယ်သူများ တင်ပြထားတာတွေ ဒါမှမဟုတ် မထုတ်ဝေရသေးတာတွေ ရှိလား။ ငါ့ကို ပြကြပါ"
မှော်ကောင်စီက ထုတ်ဝေတဲ့ စာတမ်းအရေအတွက်နဲ့ သုတေသနကို အကဲဖြတ်တာလား။
မင်းတို့ တကယ်ပဲ ဂျာနယ် ဘယ်နှစ်စောင် ဖန်တီးခဲ့ကြတာလဲ။
ချဲ့ကားထားလို့ရလား။
အချိန်ခရီးသွားခဲ့တဲ့ ဒီအကြီးအကဲ ခင်ဗျားကရော တက္ကသိုလ်ရဲ့ ပညာရေးရာရုံးကလား။
ဂါးရက် စိတ်ထဲကနေ တွေးနေသည်။
"စာတမ်းတွေ" ဒါမှမဟုတ် "သုတေသန" တွေက မှော်ဆရာတပည့်တစ်ယောက်ဖြစ်တဲ့ သူ့နဲ့ ဘာမှမဆိုင်ဘူးလို့ ခံစားနေရသည်။ သူ့ညာဘက်မှာတော့ တရားဝင်မှော်ဆရာအချို့ မျက်နှာချင်းဆိုင်ကြည့်နေကြပြီး စိတ်မသက်မသာဖြစ်နေပုံရသည်။ ခဏတာ တိတ်ဆိတ်ပြီးနောက် မှော်ဆရာ ကာရန်က တစ်လှမ်းရှေ့တိုးပြီး တိုးတိုးလေး ပြောသည်။
"ကျွန်တော် ဓာတုဗေဒပညာမှာ တချို့တိုးတက်မှုတွေ ရခဲ့ပါတယ်..."
ကံမကောင်းစွာဖြင့် ကာရန်၏ ဓာတုဗေဒပညာ ကြိုးပမ်းမှုများက နောက်ဆုံးတွင် မလုံလောက်ဘူးဟု သတ်မှတ်ခံလိုက်ရသည်။
လူငယ်မှော်ဆရာက စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ မှော်ဆရာအဖိုးအိုကြီးက ဥပမာများစွာကို ထုတ်ပြောနေသော်လည်း ပြန်လည်ချေပနိုင်ခြင်း မရှိပေ။ ထို့နောက် အယ်လယော့တ်က သူ၏ မှော်ပညာပုံစံကို တင်ပြရန် ကြိုးစားခဲ့သော်လည်း ယခင်က မပြီးစီးခဲ့ဘဲ အရင်းအမြစ်များလည်း ဖြတ်တောက်ခံထားရသည်။ နောက်ဆုံးတွင် မလုံလောက်ဟူသော အကဲဖြတ်ခြင်းကိုသာ ရရှိခဲ့သည်။
ခဏတာ တိတ်ဆိတ်သွားသည်။ မှော်ဆရာအဖိုးအိုကြီးက ပတ်ဝန်းကျင်ကို ကြည့်ပြီး တိုက်တွန်းသည်။
"တခြား ထူးခြားတဲ့ အောင်မြင်မှုတွေ ရှိသေးလား။ မရှိရင် မင်းတို့ရဲ့ တိုးတက်မှုက ၅၀ မှတ်ပဲ ထိုက်တန်လိမ့်မယ်"
"ခဏလေး"
မှော်ဆရာ ဂယ်မန်၏ မျက်နှာမည်းမှောင်သွားတော့သည်။ ရှက်ရွံ့မှုနှင့် အကဲဖြတ်ခြင်း ကျရှုံးမှုကြားတွင် တစ်စက္ကန့်မျှ ရုန်းကန်ပြီးနောက် သူ အံကြိတ်ကာ
"အယ်လယော့တ် အဲဒီ အဘိဓာန်ကို ယူလာခဲ့"
အဘိဓာန်…
ဂါးရက် မျက်လုံးများ လျှပ်ခနဲလက်သွားပြီး ကြမ်းပြင်ကို ငုံ့ကြည့်ကာ ဘာမှမကြားဟန် ဆောင်နေသည်။
မှော်မျှော်စင်တစ်ခုမှာ မှော်ဆရာဂိုဏ်းချုပ်တစ်ဦးနဲ့ အလယ်အလတ်အဆင့် မှော်ဆရာနှစ်ဦး ရှိနေတာတောင် အကဲဖြတ်ဖို့ အဘိဓာန်ကို အားကိုးနေရတာက တကယ်သနားစရာပဲ။ ဒီရလဒ်က မှော်ဆရာတပည့်တစ်ယောက်ဆီက လာတယ်ဆိုတာ သိသွားရင် ဂယ်မန် မျက်နှာပျက်ရုံမက မှော်မျှော်စင်တစ်ခုလုံးရဲ့ ဂုဏ်သတင်းပါ ထိခိုက်နိုင်တယ်။
KPI စာရွက်မှာ ဖော်ပြထားတာကတော့ အရင်းအမြစ် ဖြတ်တောက်ခြင်း၊ လစာ ဖြတ်တောက်ခြင်းတဲ့။ သူ့လစာတော့ ထိခိုက်မှာ မဟုတ်လောက်ဘူး။ သူက မှော်မျှော်စင်ဆီက ဘာမှ မရသေးဘူးလေ။ ဒါပေမဲ့ အရင်းအမြစ်တွေ ဖြတ်တောက်ခံရရင် နောက်နှစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခက်ခဲလိမ့်မယ်။
အယ်လယော့တ်က အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားပြီး ခဏအကြာတွင် စွယ်စုံကျမ်းနှင့်တူသော စာအုပ်တစ်အုပ်ကို ကိုင်ဆောင်လျက် အလျင်အမြန် ပြန်ရောက်လာသည်။ မှော်ဆရာအဖိုးအိုကြီးက စာအုပ်ကို လှန်လှောကြည့်ရှုနေပြီး တိတ်ဆိတ်နေခဲ့သည်။ စာမျက်နှာတစ်မျက်နှာပြီးတစ်မျက်နှာ လှန်ရင်း မျက်ခုံးပင့်နေခဲ့သည်။ အဆုံးရောက်သောအခါ သူက အယ်လယော့တ်ဘက်သို့ လှည့်ပြီး "မင်းရဲ့ အကြံလား" ဟု မေးမြန်းခဲ့သည်။
"ကျွန်တော့်အကြံ မဟုတ်ပါဘူး" ဟု အယ်လယော့တ်က လေးလေးနက်နက် ပြောလိုက်သည်။ တစ်လှမ်းဘေးသို့ ဆုတ်လိုက်ပြီး ဂါးရက်ကို မှော်ဆရာအဖိုးအိုကြီးရှေ့သို့ တွန်းပို့လိုက်သည်။ "ဒါက သူ့အကြံပါ သူပဲ စီစဉ်တာပါ။ ကျွန်တော်က ညွှန်ကြားချက်အတိုင်း နိဒါန်းရေးပြီး ချဉ်းကပ်ပုံကို ရှင်းပြရုံပါပဲ"
"စိတ်ဝင်စားစရာ ကောင်းတဲ့ ကလေးလေးပဲ။" ဟု မှော်ဆရာအဖိုးအိုကြီးက ပြုံးရင်း သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။ သူ၏ ဘေးနားတွင် ဆိုးသွမ်းသော ကလေး ဂျော့ချ်က အဘိဓာန်ဟူသော စကားကို ကြားသည်နှင့် နှာခေါင်းတွန့်ချိုးလိုက်သည်။
ဂါးရက်အား ရှေ့သို့ တွန်းပို့လိုက်သည်နှင့် သူသည် လည်ပင်းဆန့်၍ ကြည့်လိုက်ရာ ရုတ်တရက် ရန်လိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။ ထိန်းချုပ်ထားသော်လည်း သူ မထိန်းနိုင်တော့ဘဲ ခြေဆောင့်ပြီး အော်ဟစ်လိုက်သည်။
"ဒီစာအုပ်ပဲ အဘိုး အဘိုးမသိဘူးလား။ ကျွန်တော် ဒီကောင်ကို စာအုပ်တွေ ခိုးကူးနေတာ ဖမ်းမိတာ။ ဒါပေမဲ့ သူ့ကို မှော်မျှော်စင်ကနေ မထုတ်ပစ်ရုံမကဘူး။ ဂယ်မန်က သူ့ကို နေခွင့်ပေးရုံမက စီစဉ်ပေးဖို့ ညွှန်ကြားခဲ့တယ်လို့ပါ ပြောတယ်"
"ဂျော့ချ်" ဟု မှော်ဆရာအဖိုးအိုကြီး မျက်မှောင်ကြုတ်လိုက်သည်။
"နောက်တစ်ခွန်း ပြောရင် မင်းထွက်သွား"
"ဟွန့်"
ကလေးငယ်လေးက ပြင်းပြင်းထန်ထန် နှာမှုတ်လိုက်သည်။ သူ့အဘိုး၏ အကြည့်အောက်တွင် သူ ထပ်မံပြောဆိုရဲခြင်း မရှိတော့ပေ။ မှော်ဆရာအဖိုးအိုကြီးက ပြန်လှည့်လာပြီး သူ၏ မီးခိုးရောင် မုတ်ဆိတ်ကို ပွတ်သပ်ကာ ဂါးရက်ကို ပြုံးပြလိုက်သည်။
"ဒီကလေးလေးက စိတ်ဝင်စားစရာ ကောင်းပေမဲ့ ဒါက တကယ်တော့ မှော်ပညာပုံစံ ဒါမှမဟုတ် မင်းနားလည်တဲ့ မှော်ပညာဖန်တီးမှုအဖြစ် အရည်အချင်းမပြည့်မီဘူးနော်။ ဒီအတွက် ငါ ငါးမှတ်ပဲ ထပ်ပေါင်းပေးနိုင်တယ်။ တခြား ထူးခြားအောင်မြင်မှုတွေ ရှိသေးလား"
ထိုသို့ဆိုလျှင် ၅၅ မှတ်သာ ရှိသေးပြီး အောင်မြင်ရန်အတွက် ဆယ်မှတ် လိုနေသေးသည်။ မှော်ဆရာ ဂယ်မန်ပင် စကားမပြောနိုင်ဖြစ်သွားသည်။ အယ်လယော့တ်လည်း စကားမပြောနိုင်ဖြစ်ပြီး ကာရန်ကတော့ တိတ်ဆိတ်နေဆဲပင်။
သူမ၏ တောက်ပသော ဆံပင်အဝါရောင်များက သူမမျက်နှာပေါ်တွင် ကျနေပြီး စိတ်ဓာတ်ကျနေပုံရသည်။ မှော်ဆရာတပည့်များမှာ အရင်းအမြစ် အနည်းငယ်သာ လိုအပ်သော်လည်း ဤထပ်ဆောင်း ငါးမှတ်က ဂါးရက်ကို နောက်နှစ်အတွက် အထောက်အကူ ဖြစ်စေမည် မဟုတ်ပေ။
ဂါးရက်က ဘယ်ညာကြည့်ရှုပြီး မိမိကိုယ်ကို သတ္တိသွင်းကာ လက်တစ်ဖက် မြှောက်လိုက်သည်။
"ဂိုဏ်ချုပ် ကျွန်တော် ရေးခိုင်းထားတဲ့ စာတမ်းကို... တင်သွင်းလို့ရမလား"
"အို စာတမ်းလား"
မှော်ဆရာအဖိုးအိုကြီး မပြုံးဘဲ မနေနိုင်ပေ။
သူ လက်ခံယူလိုက်ပြီး ဖတ်ရှုကြည့်လိုက်သည်နှင့် ချက်ချင်းပင် ခေါင်းညိတ်ကာ သဘောကျကြောင်း ပြလိုက်သည်။
“ကောင်းကောင်းရေးထားတယ်။ ပုံစံချမှု တစ်ခုမှ မမှားဘူး။ မင်းရဲ့ဆရာ တော်တော် ကြိုးစားထားတာပဲ”
'ကျွန်တော်သိပြီးသား' ဟု ဂါးရက်က တိတ်တိတ်လေး ညည်းညူလိုက်သည်။ ဘွဲ့လွန်တက်ပြီး စီနီယာဆရာဝန်ဖြစ်လာရန် ထိုမှတစ်ဆင့် တွဲဖက်ဒါရိုက်တာဖြစ်လာရန် မည်သည့်အဆင့်က စာတမ်းမလိုလို့လဲ။
ပုံစံချနည်း၊ အနှစ်ချုပ်၊ အဓိကသော့ချက်စကားလုံးများ…
ဤအရာများက မျက်စိမှိတ်၍ပင် လုပ်ဆောင်နိုင်သော အရာများဖြစ်သည်။
မှန်ကန်သော ပုံစံချမှုနှင့် ဆက်စပ်မှုရှိသော ဝါကျများက အစပြုသူတစ်ယောက်အတွက် မှော်ဆရာအဖိုးအိုကြီး၏ မျက်နှာသာကို ရရှိရန် လုံလောက်ပါသည်။ သူသည် အပေါ်ယံဖတ်ရင်း တစ်ခါတစ်ရံ ခေါင်းညိတ်ကာ တစ်ခါတစ်ရံ ခေါင်းခါရင်း စာတမ်းတစ်ဝက်ခန့် ရောက်သောအခါ မှော်ပညာတစ်ခုကို ရွတ်ဆိုပြီး လက်လှမ်းလိုက်သည်။
"...သေချာမမြင်ရဘူး"
"မှော်ပစ္စည်းတွေမှာ သတ်မှတ်ချက်တွေ ရှိပါတယ်ခင်ဗျာ" ဟု ဂါးရက်က သူ၏ရှေ့တွင် မတ်မတ်ရပ်ပြီး မေးစေ့ကို မော့ကာ သူ၏ကျမ်းကို ကာကွယ်နေသည့်အလား ဟန်ပန်ဖြင့် ပြောဆိုသည်။
"ကျေးဇူးပြု၍ တတိယစာမျက်နှာ ဒုတိယအပိုဒ်ကနေ စတုတ္ထစာမျက်နှာ ပဉ္စမအပိုဒ်အထိ ကြည့်ပေးပါ။ အမှု (၇) ခုကို အကျဉ်းချုပ်ထားပါတယ်။ ကောက်ချက်ကတော့ လေ့လာခဲ့တဲ့ အရာဝတ္ထုတွေဟာ မှော်ပစ္စည်းရဲ့ အဆင့်ထက် ငါးဆင့်နိမ့်ရမယ်ဆိုတာပါပဲ"
"...ဒါဆို အသုံးမဝင်ဘူးပေါ့"
မျှော်လင့်ထားသည့်အတိုင်း မှော်ဆရာအဖိုးအိုကြီးက ချက်ချင်း ကောက်ချက်ချလိုက်သည်။
"ဒီလိုဆိုရင် မင်းကို အမှတ်များများ ပေးလို့ မရတော့ဘူး..."
ဘယ်လောက်လဲ။
အနည်းဆုံး ၇၀ လောက်တော့ တင်ပေးသင့်ပါတယ်။