အခန်း (၈၁)
Vol. 6 Ch. 81
မှော်ဆရာအဖိုးအိုက ဂါးရက် နော့တ်မတ်ခ်ကို တစ်ဝက်တစ်ပျက် ယုံကြည်စိတ်ဖြင့် ကြည့်နေခဲ့သည်။
မနေ့က ဂါးရက် ဦးဆောင်ပြီး ကယ်ဆယ်ခဲ့သည်ကို သူကိုယ်တိုင် မမြင်တွေ့ခဲ့ရပါက သို့မဟုတ် ကုသသူကြီးနှစ်ဦးလုံးကသာ ထိုလူငယ်လေး စီစဉ်ခဲ့သည်ဟု မပြောခဲ့ကြပါက သူသည် အခုအချိန်တွင် ဂါးရက်ကို ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ဦးဆောင်မေးမြန်းနေပြီး ထိပ်ပြောင်ဘုန်းတော်ကြီးကလည်း ပြုံးနေသည့်အတွက် သူခဏတွေဝေသွားကာ ကလေး၏ အင်္ကျီကြယ်သီးများကို သူ့ဘာသာသူ ဖြုတ်ပေးလိုက်သည်။
"ဂျော့ခ်ျ နားထောင်နော်။ မင်းအင်္ကျီကို ချွတ်လိုက်"
ကောင်လေးက လှုပ်ရုန်းနေပြီး ခေါင်းမာသောပုံစံ ပေါ်နေသည်။ မှော်ဆရာအဖိုးအိုက ချော့မော့ကာ ခြိမ်းခြောက်ပြောဆိုပြီး "အန်းကျောက်က မင်းအဆုတ်ထဲမှာ ပုပ်သွားရင် မင်းသေလိမ့်မယ်" ဟုပင် ပြောလိုက်ရာ နောက်ဆုံးတွင် ကောင်လေး ငြိမ်သွားပြီး အင်္ကျီကို ချွတ်လိုက်သည်။
ဂါးရက်သည် ကောင်လေးရှေ့တွင် ဒူးတစ်ဝက်ထောက်ကာ ကြေးနီပြွန်ကို ကောင်လေး၏ ဘယ်ဘက်ပခုံးပေါ် ဖိထားပြီး သူ၏ခေါင်းကို စောင်းကာ ပြွန်၏ အခြားတစ်ဖက်ကို ညာဘက်နားတွင် ထားလိုက်သည်။
"သူအဲဒီကြေးနီပြွန်ကို အုပ်ထားတာ မဆန်းပါဘူး။ ကျွန်တော် တစ်ဝက်တစ်ပျက်လောက် ခန့်မှန်းကြည့်တာ ကလေးကို အအေးမိမှာ ကြောက်တာကိုး"
ကုတင်ခြေရင်းတွင် ထိပ်ပြောင်ဘုန်းတော်ကြီးက အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်ဘက်သို့ မှီပြီး တိုးတိုးလေး ချီးကျူးလိုက်သည်။ အကြီးအကဲက ခေါင်းညိတ်လိုက်သည်။
"လူငယ် ဂါးရက်က လူနာတွေကို သိပ်ဂရုစိုက်တာပဲ"
မှော်ဆရာအဖိုးအိုက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်စွာပင် ထိုစကားများကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ဂါးရက်ဘက်သို့ ပြန်ကြည့်လိုက်ရာ လူငယ်လေးက အာရုံစိုက်နေပြီး ကြေးနီပြွန်အတွင်းမှ အသံများကို စိတ်ပါလက်ပါ နားထောင်နေသည်။ သူ၏ညာဘက်လက်က ပြွန်၏ အခြားတစ်ဖက်ကို ရံဖန်ရံခါ လှုပ်ရှားပေးနေပြီး သိပ်မမြန်သလို သိပ်လည်းမနှေးဘဲ နေရာတစ်ခုစီတွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှ အသက်ရှူနှုန်းဖြင့် ရပ်တန့်နေသည်။
ဘယ်မှညာသို့… အပေါ်မှအောက်သို့….
လူငယ်လေး၏ လက်ထဲရှိ ကြေးနီပြွန်က ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနေပြီး အမှတ်များအားလုံးကို ညီညာစွာ နေရာချထားသည်။ မှော်ဆရာအဖိုးအိုက သူဘာကြောင့် ဒီလိုလုပ်နေရသလဲဆိုတာ မသိနိုင်သော်လည်း ဂါးရက်တွင် အစီအစဉ်တစ်ခုတော့ ရှိရမည်ဟု သေချာနေသည်။
ညှပ်ရိုးပေါ်၊ ရင်ဘတ်ရှေ့၊ ဘယ်ဘက်ဂျိုင်း၊ ညာဘက်ဂျိုင်း။
ဂါးရက်သည် ကောင်လေးပတ်ပတ်လည်တွင် ရွှေ့ပြောင်းသွားလာပြီး နောက်ကျောဘက်သို့ပင် ခဏလှည့်သွားကာ နောက်ဆုံးတွင် ကြေးနီပြွန်ကို ချလိုက်သည်။ သူ၏ခေါင်းကို မော့ကာ မှော်ဆရာအဖိုးအိုနှင့် ဘုရားကျောင်းခေါင်းဆောင် သုံးဦးကို ကြည့်လိုက်ပြီး တည်ငြိမ်ပြီး ယုံကြည်မှုရှိစွာဖြင့်
"တကယ်ပဲ အဆုတ်ထဲမှာ ပိတ်မိနေတာပါ။ ဒီနေရာမှာပဲ" ဟု သူက ကောင်လေး၏ ရင်ဘတ်ညာဘက်ခြမ်းကို လက်ညှိုးထိုးပြလိုက်ရာ လက်ဖျားလေးမှာ ညှပ်ရိုးအောက်ဘက်နား၊ အတွင်းဘက်နားသို့ ကျရောက်နေသည်။
"မင်းဘယ်လိုသိတာလဲ"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်နှင့် ထိပ်ပြောင်ဘုန်းတော်ကြီးတို့က တစ်ပြိုင်တည်း မေးလိုက်ကြသည်။ ဘုန်းတော်ကြီးချုပ်က ခဏတာ တွေဝေသွားပြီး နှုတ်ခမ်းလှုပ်ရှားကာ ဝိုးတိုးဝါးတား အသံတစ်ခု ထွက်လာသည်။ ဂါးရက်က ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်။
"အသံကို နားထောင်ပြီးပါ။ ညာဘက်အဆုတ်ရဲ့ ဒီအပိုင်းက အသက်ရှူသံတွေက တခြားနေရာတွေထက် သိသိသာသာ နိမ့်နေတယ်။ လာပါ နားထောင်ကြည့်..."
ထိပ်ပြောင်ဘုန်းတော်ကြီးက ပထမဆုံး ချဉ်းကပ်လာသည်။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ခဏတာ တွေဝေနေသေးသော်လည်း သူ့ကြောင့် နောက်သို့ တွန်းပို့ခံလိုက်ရပြီး လက်လျှော့သည့်အနေဖြင့် ခေါင်းခါလိုက်သည်။ ဂါးရက်က ကြေးနီပြွန်ကို ပေးလိုက်ပြီး ထိပ်ပြောင်ဘုန်းတော်ကြီးကို နားကပ်ဖိနားထောင်စေလိုက်သည်။
"လာ ဒီအတိုင်းပဲ။ ကိုယ့်နားရွက်ကို ပစ်မှတ်ထားပြီး အစွန်းတစ်ဖက်ကို လူနာပေါ် ဖိထား... ရပ်"
"ဘာလဲ"
ဂိုဏ်းချုပ်ဘုန်းတော်ကြီးက အံ့သြတုန်လှုပ်စွာ သူ့ကို ကြည့်လိုက်သည်။ ထိပ်ပြောင်ကြီး၏ ဦးခေါင်းကြီးက စာသားတစ်ကြောင်းကို ဖော်ပြနေသယောင်
ငါနားမလည်ဘူး…ဘာမှ နားမလည်ဘူး...
"ပထမဆုံး နားကြပ်ရဲ့ အဝေးဆုံးအစွန်ကို လက်နဲ့ နွေးအောင်လုပ်ပါ၊ ဒါမှ လူနာကို မသက်မသာဖြစ်အောင် ရှောင်ရှားနိုင်မယ်"
ဂါးရက်က ပုံမှန်အတိုင်း ညွှန်ကြားလိုက်သည်။ ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ပါးစပ်ဟလိုက်သော်လည်း စကားမပြောခဲ့ပေ။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က မခံမရပ်နိုင်ဖြစ်ကာ ဖြတ်ပြောလိုက်သည်။
"ဟေ့ ဒါက အရမ်းတောင်းဆိုလွန်းနေပြီ မဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်..."
မှော်ဆရာအဖိုးအိုက ခေါင်းညိတ် ထောက်ခံလိုက်သည်။
သူ့မြေးလေးကို ကလေးတစ်ယောက် လာတွေ့ခိုင်းထားတဲ့ ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီးချုပ်က နားကြပ်ကို နွေးဖို့ လို မလိုတောင် ဂရုစိုက်ရမယ်တဲ့... ဒါက အရမ်းများလွန်းတယ်။ ကလေးရဲ့ အဘိုးအတွက်တောင် နည်းနည်း ရှက်ဖို့ကောင်းတယ်။
ဂါးရက်: "..."
အိုး..ဒါဆေးရုံမဟုတ်ဘူးဗျ။ ဒီမှာကျောင်းသားတွေကို သင်ကြားတာမဟုတ်ဘူး။
ဘုန်းတော်ကြီးချုပ်ပဲဖြစ်ဖြစ်၊ ဆရာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ရာထူးက ငါ့ထက်မြင့်တယ်။
ဤအရေးကြီးသည့် အချိန်တွင် ဂါးရက်က ခံနိုင်ရည်ရှိရှိဖြင့် တည်ငြိမ်စွာ ရှင်းပြရုံသာ တတ်နိုင်တော့သည်။
"ကျွန်တော်တို့က ဆရာဝန်တွေပါ။ သူက လူနာပါ။ ဒါက ရာထူးနဲ့ ဘာမှမဆိုင်ပါဘူး။ ဆရာဝန်တွေက လူနာတွေကို ဒီလိုပဲ ကုသသင့်ပါတယ်"
"ခင်ဗျားတို့... အားလုံး ဒီလိုလုပ်ကြတာလား" ဟု အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ရုတ်တရက် မေးလိုက်သည်။
ထိုလူငယ်လေး၏ လေသံက သဘာဝကျလွန်းပြီး သူ၏အမူအရာက တည်ငြိမ်လွန်းသဖြင့် သူတို့ပထမဆုံးတွေ့ဆုံစဉ်က ကြားခဲ့ရသည့် ကျိန်ဆိုမှုကို ပြန်ပြောင်းသတိရစေသည်။ "ကျန်းမာရေးအမည်ဖြင့် အသက်ကို အပ်နှင်းခြင်း..."
ထိုကဲ့သို့ ကျိန်ဆိုခဲ့သူများသည် လူနာများကို ကုသရာတွင် တကယ်ကို အသေးစိတ် ဂရုတစိုက်ရှိကြလိမ့်မည်။
ဂါးရက်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ အခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီး ထိပ်ပြောင်ဘုန်းတော်ကြီးက ပခုံးတွန့်ပြကာ ကြေးနီပြွန်၏ အဝေးဆုံးအစွန်ကို လက်လှမ်း၍ ထိလိုက်ပြီး ညင်သာစွာ ပြန်ဖြေလိုက်သည်။
"မအေးဘူး။"
ဂါးရက်က ခေါင်းညိတ်လိုက်သည်။ သူက ထိပ်ပြောင်ဘုန်းတော်ကြီးကို သူ၏နားကို နီးစပ်ရာအစွန်းသို့ ဖိထားစေပြီး သူ့ဘာသာ အဝေးဆုံးအစွန်ကို ကိုင်ကာ ရွှေ့ပြောင်းရင်း ထောက်ပြလိုက်သည်။
"အဆုတ်ရဲ့ ထိပ်ဖျားက စပြီး... ညှပ်ရိုးအလယ်နဲ့ ဂျိုင်းအလယ် မျဉ်းတစ်လျှောက်ထိ နားထောင်ပါ။ အတွင်းအပြင်နဲ့ ဘယ်ညာကို နှိုင်းယှဉ်ပါ... နားထောင်ခြင်းက အများအားဖြင့် အပေါ်ကနေ အောက်ကို၊ အပြင်ကနေ အတွင်းကို၊ ဘယ်ကနေ ညာကိုဖြစ်ပြီး ရိုးအဆက်တိုင်းကို နားထောင်ရမယ်... ရင်ဘတ်ရှေ့ရဲ့ ဘေးနှစ်ဖက်က အသံအတိုးအကျယ် ကွာခြားမှုရှိလား"
မှော်ဆရာအဖိုးအိုက အံ့သြစွာ မျက်လုံးပြူးသွားသည်။ ဂါးရက် ပြောနေတာကို သူသိပ်နားမလည်ပေ။
ပြင်ပလူတစ်ယောက်ဖြစ်ရတာ ဝမ်းနည်းစရာပဲ။
သိုသော် ထိုသို့ပြောသည့် လေသံနှင့် အပြုအမူက သူ့အတွက် အရမ်းရင်းနှီးနေသည်။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ၊ ဆရာတစ်ယောက်က တပည့်ကို သင်ကြားသည့်အခါမှသာ ထိုမျှ တည်ကြည်ပြီး ကျွမ်းကျင်တာမျိုး ဖြစ်နိုင်သည်။
"... ညာဘက်ခြမ်းက တကယ်ပဲ ပိုနိမ့်တယ်"
ဂါးရက်၏ ညွှန်ကြားချက်အတိုင်း ရင်ဘတ်ရှေ့နှင့် နောက်ဘက်ပတ်လည်ကို နားထောင်ပြီးနောက် ထိပ်ပြောင်ဘုန်းတော်ကြီးက အံ့အားသင့်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ထရပ်၍ နောက်သို့ဆုတ်ကာ ကြေးနီပြွန်ကို အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်ထံ ပေးလိုက်သည်။
"မင်းလည်း နားထောင်ကြည့်"
ဂါးရက် ထပ်မံရှင်းပြရပြန်သည်။ ဤတစ်ကြိမ်တွင်မူ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ပိုမိုများပြားပြီး ပိုမိုနက်ရှိုင်းသော မေးခွန်းများ မေးလာခဲ့သည်။
"ဘာလို့ ဘယ်ဘက်အဆုတ်နဲ့ ညာဘက်အဆုတ်မှာ အသံမတူတာလဲ။ ဘာလို့ ညာဘက်အဆုတ်က ဟောက်သံလို ထွက်နေရတာလဲ။ ဘာလို့..."
ဂါးရက်မှာ တိတ်ဆိတ်စွာ နေရုံသာ တတ်နိုင်တော့သည်။ ခြောက်သွေ့အသံနှင့် စိုစွတ်အသံ၊ ချွဲသံဖြင့် အသက်ပြင်းပြင်းရှုခြင်းနှင့် Rhonchi များအကြောင်းကို သူတို့အား ရှင်းပြရဦးမည်လော။
(T/L Rhonchi က အဆုတ်ထဲကလေပြွန်ကြီးတွေထဲမှာ ချွဲသလိပ်တွေ ပိတ်ဆိုနေတာကနေထွက်လာတဲ့ အသက်ရှုသံပါ။ အဲ့ဒါကြောင့် Rhonchi လို့ပဲရေးထားတာနော်)
လူနာသည် ဤနေရာတွင် စောင့်ဆိုင်းနေဆဲပင်။
သီအိုရီအရဆိုလျှင် ရှင်းပြရန် သုံးရက်သုံးညခန့် ကြာမြင့်မည်ပင်။
အတိုချုပ်အားဖြင့်ဆိုရပါက အကြီးအကဲ နှစ်ဦးလုံး ကိုယ်တိုင်နားထောင်ပြီး ဂါးရက်၏ စီရင်ဆုံးဖြတ်ချက်ကို သဘောတူပြီးနောက် အန်းကျောက်သည် အဆုတ်ထဲတွင် တကယ်ပင် ပိတ်မိနေသည်ကို အတည်ပြုလိုက်ကြသည်။
မည်သို့ဖြေရှင်းရမည်ဆိုသည်နှင့် ပတ်သက်၍ ဂါးရက်က သူ့လက်ကိုဖြန့်ကာ "ကျွန်တော် မတတ်နိုင်ဘူး ခင်ဗျားတို့ လုပ်ပါ" ဟူသော ပုံစံမျိုးဖြင့် အကြီးတန်း ကုသသူများကို ကြည့်လိုက်သည်။
"ဒါက ထိခိုက်ဒဏ်ရာ ဒါမှမဟုတ် ရောဂါဆိုရင် နတ်ဘုရားမရဲ့ ကောင်းချီးနဲ့ သူ့ကို လုံးဝပျောက်ကင်းအောင် လုပ်နိုင်ပါတယ်"
နွေဦးနတ်ဘုရားမကျောင်း၏ ဘုန်းတော်ကြီးချုပ်က စတင်ပြောဆိုလိုက်ပြီး အကူအညီမဲ့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် အန်းကျောက်က အဆုတ်ထဲမှာ ပိတ်မိနေတာ... တောင်းပန်ပါတယ်။ ဘုရားကျောင်းမှာ သက်ဆိုင်ရာ နတ်ဘုရားမှော်ပညာ မရှိဘူး၊ ဘယ်လိုကုသရမှန်းလည်း မသိဘူး"
ထိပ်ပြောင်ဘုန်းတော်ကြီးကလည်း ခေါင်းခါလိုက်သည်။
"ရင်ဘတ်ကို ခွဲပြီး ထုတ်ပစ်ဖို့ပဲ စဉ်းစားမိတယ်..."
သူစကားမဆုံးခင်မှာပင် ရိုင်းစိုင်းသော ကလေးငယ်က အသည်းအသန် အော်ဟစ်လိုက်သည်။ "မလိုချင်ဘူး။ မလိုချင်ဘူး။ အဘိုး သူကျွန်တော့်ကို သတ်ချင်နေတာ"
...လူနာရှေ့တွင် ကုသနည်းအစီအစဉ်များကို မဆွေးနွေးသင့်ကြောင်း ပြောထားခဲ့သည်။ အထူးသဖြင့် ရင်ဘတ်ကို တိုက်ရိုက်ဖွင့်ခြင်းကဲ့သို့သော နည်းလမ်းမျိုးကို ကြည့်ပါက လူနာကြောက်လန့်သွားပြီ ဖြစ်သည်။ ကံကောင်းသည်မှာ ကလေးလေးဖြစ်နေ၍ ဖြစ်သည်။ သွေးတိုးရှိသောလူနာ သို့မဟုတ် အသက်အန္တရာယ်ရှိသောလူနာဆိုလျှင် ရုတ်တရက် ထိတ်လန့်မှုကြောင့် လေဖြတ်ခြင်း သို့မဟုတ် ပိုမိုဆိုးရွားသော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။
"အင်း စနစ်တကျ ဆေးပညာသင်ကြားမှု မရှိရင် မှားယွင်းမှုတွေ လုပ်မိဖို့ လွယ်တယ်။ ကျွန်တော်တို့လို ကင်ဆာလူနာတွေရှေ့မှာ ဆေးစစ်ချက်တွေ လုပ်တဲ့အခါ 'CA' လို့ပဲ ပြောတာမျိုး ဘာမှ ထုတ်မဖော်ဖို့ အာမခံထားတာမျိုးပေါ့"
ဂါးရက်က အကြီးအကဲတို့၏ နောက်ကွယ်မှ တိတ်တဆိတ် ညည်းညူနေသည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက နောက်လှည့်၍ စကားနှစ်ခွန်းခန့် ပြန်ပြောပြီး နှစ်သိမ့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ပေ။
"ဘာမှမလုပ်ဘူး၊ လုံးဝဘာမှမလုပ်ဘူး" ဟုသာ အာမခံနိုင်ပြီး နောက်သို့ဆုတ်သွားသည်။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်ကမူ ခေါင်းငုံ့၍ စဉ်းစားနေခဲ့ရာ ရှေ့မှနှစ်ဦး စကားပြောပြီးသည့်အထိ သူတွေဝေနေပြီးမှ ခေါင်းမော့လိုက်သည်။
"သဘာဝနတ်ဘုရားရဲ့ ကောင်းချီးနဲ့ဆိုရင် စပျစ်နွယ်ပင်တွေကို အဆုတ်ထဲကို ထိုးဖောက်ဝင်ရောက်စေပြီး အရာဝတ္ထုကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအရာဝတ္ထုက အဆုတ်ရဲ့ ဘယ်နေရာမှာ ပိတ်မိနေတယ်ဆိုတာ ကျွန်တော်မသိဘူး၊ ပြီးတော့ စပျစ်နွယ်ပင်တွေက ဘယ်လိုသွားသင့်တယ်ဆိုတာလည်း မသိဘူး"
သူခဏမျှ ရပ်တန့်ပြီး ဂါးရက်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများက မျှော်လင့်ချက်အပြည့်ဖြင့် ပြည့်နေသည်။ ဂါးရက် ခဏစဉ်းစားပြီး မှော်ဆရာအဖိုးအို၏ နားမလည်သော အကြည့်အောက်တွင် ရှေ့သို့တစ်လှမ်း တိုးလိုက်သည်။
"ဒီပြဿနာအတွက် ကျွန်တော့်မှာ ဖြေရှင်းနည်းရှိတယ်"
ဂါးရက်က တည်ငြိမ်နေပြီး သူ၏လေသံက ခိုင်မာသည်။ မှော်ဆရာအဖိုးအို မေးမြန်းခြင်းမပြုမီပင် သူက တစ်ဖက်လူ၏မျက်လုံးများကို စိုက်ကြည့်ပြီး ဆက်လက်ပြောလိုက်သည်။
"အန်းကျောက်က ဘယ်နေရာမှာ ရှိလဲဆိုတာ ကျွန်တော် မြင်နိုင်ပါတယ်။ မနေ့က စာတမ်းမှာ ပြောထားတဲ့ ထောက်လှမ်းမှော်ပညာကို သုံးရုံပါပဲ။ မြင်နိုင်ရင် စပျစ်နွယ်ပင်တွေကို လမ်းညွှန်ပြီး ဖယ်ရှားနိုင်ပါတယ်"