အခန်း (၈၃)
Vol. 6 Ch. 83
ဒါ...
2D မှ 3D အထိဆိုလျှင် ဂါးရက် နော့တ်မတ်ခ်သည် ယခင်က အားလုံးကို သေချာလေ့လာခဲ့ဖူးသည်။ သို့သော် ဤလူသစ်များကို ရှင်းပြရန်မှာ...
အဆုတ်ပုံစံ သာရှိခဲ့လျှင်...
ဂါးရက် သတိတရ တွေးမိသည်။
သူသည် ပုံစံ တစ်ခုကိုပင် မျှော်လင့်မနေပေ။
ပုံစံတူ တစ်ခုသာ လိုချင်ခဲ့သည်။ သူ၏ ယခင်ဘဝတုန်းကဆိုလျှင် ၎င်းကို Taobao တွင် ဝယ်ယူနိုင်ခဲ့သည်။ အချိုးကျ အဆုတ်သုံးမွှာစီပါဝင်ပြီး၊ အရောင်ခြယ်ထားသည့် လေပြွန်၊ လေပြွန်ခွဲ၊ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများ အားလုံး ဖြုတ်တပ်နိုင်သည့် လူ့ခန္ဓာကိုယ်ပုံစံတူပင်။
(T/L Taobao က တရုတ်နိုင်ငံမှာ စျေးဝယ်တဲ့ appတစ်ခုပါ)
ဒေါ်လာအနည်းငယ်သာ ကျသင့်ပြီး ပို့ဆောင်ခပါ အပြီးအစီးပင်။
ဂါးရက်သည် သူ၏ ယခင်ဘဝကို တအားလွမ်းမိသည်။ ထိုအချိန်က သူအလွယ်တကူရရှိနိုင်သည့် ပစ္စည်းများသည် ယခုအခါတွင် မည်သည့်နေရာမှ သွားဝယ်ယူ၍ မရနိုင်တော့ပေ။ မှာယူ၍ ရနိုင်သည့် နေရာရှိလျှင်ပင် ယခင်ကဲ့သို့ အဆင်ပြေသည့် ပို့ဆောင်မှုမျိုး မရှိတော့ပေ။
ဟုတ်သားပဲ။
ငါကိုယ်တိုင် ဖန်တီးလို့ ရတာပဲ။
ဂါးရက် ထခုန်လိုက်တော့သည်။ မှော်လှည့်ကွက်များက သေးငယ်သော အရာဝတ္ထုများကို ဖန်တီးနိုင်သည်။ ကြမ်းတမ်းသော်လည်းကောင်း၊ အတုဖြစ်နေသော်လည်းကောင်း …..
အလုပ်ဖြစ်ရင်ရပြီ။
သူလက်ဝှေ့ယမ်းပြီး လေဟာနယ်ထဲတွင် ပုံစံကို သေချာပုံဖော်လိုက်သည်။ သူ၏လက်ဖျားအောက်တွင် နှာခေါင်းလည်ချောင်းမှ အဆုတ်အထိ၊ လေပြွန်နှင့် လေပြွန်ခွဲပါ ပါဝင်သည့် ပုံစံတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
မာကျောသွားသည်နှင့် တပြိုင်နက်တည်းမှာပင် အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်၏ စပျစ်နွယ်ပင်က စောင့်မနေနိုင်ဘဲ အတွင်းထဲသို့ ရောက်လာတော့သည်။
"မလုပ်နဲ့ ဆရာ။ ပုံမှန်အားဖြင့် လေပြွန်ကြည့်မှန်က နှာခေါင်းပေါက်ကနေ ဝင်တာပါ"
ကျွမ်းကျင်သူဆိုသည်မှာ ကျွမ်းကျင်သူပင်ဖြစ်သည်ဟု ဝန်ခံရလိမ့်မည်။ ဂါးရက်သည် အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က သူ၏လက်ထဲတွင် မျိုးစေ့တစ်စေ့ကို ကိုင်ပြီး ပုံစံဆီသို့ လျှောက်သွားသည်ကို ကူညီမပေးနိုင်ဘဲ ကြည့်နေခဲ့ရသည်။ မည်သည့်အမူအရာမျှ မပြုလုပ်ဘဲ၊ မှော်စာလုံးမျှပင် မရွတ်ဆိုဘဲ နူးညံ့သိမ်မွေ့သည့် စပျစ်နွယ်ပင်များက လေထဲတွင် ကြီးထွားလာပြီး ပုံစံ၏ နှာခေါင်းပေါက်ကို စူးစမ်းလိုက်သည်။
သူ့လက်ချောင်းထိပ်များကိုပင် မလှုပ်ရှားရသေးဘဲ စပျစ်နွယ်ပင်က ပြန်လည်ကျုံ့ဝင်သွားခဲ့သည်။ အကြီးအကဲ ဝီလ်ကင်ဆန်က သူ့မျက်နှာကို မော့ကြည့်ရင်း စိုးရိမ်တကြီးဖြစ်နေသော မှော်ဆရာအဖိုးအိုကို ကြည့်လိုက်သည်။
"အရမ်းချောမွေ့တယ်။ တစ်ခုခုကို အတွင်းထဲ ပစ်ထည့်ပြီး ထပ်ကြိုးစားကြည့်မလား"
ဒါကလည်း အလုပ်ဖြစ်တယ်။
ဂါးရက်သည် သူ့အရင်ဘဝက အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာရှင်လုပ်ဖော်ကိုင်ဖက်များ လည်ချောင်းကြည့်မှန်များနှင့် လေပြွန်ကြည့်မှန်များကို ဂရုတစိုက် ထည့်သွင်းကာ သတိကြီးစွာဖြင့် အတွင်းသို့ ဝင်ရောက်စူးစမ်းခဲ့သည့် အချိန်များကို သတိရလိုက်သည်။ ထိုအဖြစ်အပျက်များက သူ့ကို စာနာစိတ်ဖြင့် မျက်ရည်ကျစေခဲ့သည်။
ထိုနေရာတွင် မြင်နိုင်စွမ်းက ပိုကောင်းသော်လည်း အိုလံပတ်စ်၏ အီလက်ထရွန်နစ် လေပြွန်ကြည့်မှန်တွင် မျက်နှာပြင်ကျယ်ရှိပြီး လေပြွန်၏ အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်သည်။ထိုနေရာကဲ့သို့ မျက်စိမှိတ်ပြီး လုပ်ဆောင်ရတာမျိုး မဟုတ်ပေ။ သို့သော် ပြွန်ထိုးသွင်းခြင်းက ရှုပ်ထွေးလှသည်။
ထိုမျှ ပါးလွှာသော လေပြွန်နှင့် လေပြွန်ခွဲများတွင် လေပြွန်ကြည့်မှန်က လေပြွန်နံရံနှင့် မထိမိစေရန် ဂရုတစိုက် သွားရသည်။ မဟုတ်ပါက လေပြွန်ကြွက်တက်ခြင်း၊ လူနာတွင် လည်ချောင်းနာခြင်းကို ခံစားရနိုင်ပြီး အကယ်၍ မတော်တဆ အကျိတ်ကို ထိမိခြင်း သို့မဟုတ် အခြားတစ်ခုခုကို ထိမိခြင်း ဖြစ်ပါက သွေးထွက်လွန်ခြင်းများ ဖြစ်ပွားနိုင်သည်...
အင်းလေ။
ဒါတွေအားလုံးက ဆရာဝန်ရဲ့ ကျွမ်းကျင်မှုကို စမ်းသပ်တာပဲ။
အခုလို စပျစ်နွယ်ပင်က အသက်ရှင်နေတာမျိုး၊ သူ့ဘာသာသူ ကြီးထွားနိုင်တာမျိုး၊ သခင်က ဘာအားစိုက်ထုတ်စရာမှ မလိုတာမျိုး မဟုတ်ဘူး...
ဂါးရက်က ကုန်းကုန်းကွကွဖြင့် စက်ဝိုင်းများ ဆွဲနေသည်။ မှော်ဆရာအဖိုးအိုက အရာရာ ချောမွေ့နေကြောင်း ကြားလိုက်ရသည့်အခါ သူ၏မျက်နှာ ဝင်းပသွားပြီး သူ၏အိတ်ကပ်ထဲမှ အန်းကျောက်တစ်ခုကို ထုတ်ယူကာ အကြီးအကဲ ဝီလ်ကင်ဆန်အား ပေါ့ပေါ့ပါးပါး ပေးလိုက်သည်။
"ကြည့်ပြီး ပစ်ထည့်လိုက်"
အကြီးအကဲ ဝီလ်ကင်ဆန်က ကြည့်လိုက်ပြီး ပုံစံထဲသို့ ပစ်ထည့်လိုက်ကာ ပုံစံကို နှစ်ကြိမ်ခန့် လှုပ်လိုက်သည်။ အတွင်းမှ ဂလိုင်ဂလိုင်မြည်သံ ငြိမ်သက်သွားသောအခါ သူက စပျစ်နွယ်ပင်ကို ထပ်မံလှုံ့ဆော်ပြီး အတွင်းသို့ ဂရုတစိုက် စူးစမ်းလိုက်သည်။
နှစ်မိနစ်ပင် မကြာမီတွင် သေးသွယ်သော အစိမ်းရောင်စပျစ်နွယ်ပင်ထိပ်ဖျားက ကျောက်တုံးလေးတစ်ခုကို ဝိုင်းရစ်ကာ ဖြည်းညင်းစွာ ပြန်လည်ကျုံ့ဝင်လာသည်...
"အဆင်ပြေလား"
"လမ်းညွှန်တစ်ခုရှိရင် ပိုကောင်းလိမ့်မယ်"
အကြီးအကဲ ဝီလ်ကင်ဆန် ခဏစဉ်းစားလိုက်သည်။
"ကျွန်တော့်စပျစ်နွယ်ပင် ဝင်သွားတဲ့အခါ ရှေ့တိုးနောက်ဆုတ်နဲ့ လမ်းကြောင်းအတော်များများကို စမ်းသပ်ခဲ့တယ်။ တကယ်တမ်း လုပ်ဆောင်တဲ့အခါ နောက်ပြန်မဆုတ်ဘဲ တစ်ခါတည်း အောင်မြင်တာ ပိုကောင်းတယ်။ လူငယ် ဂါးရက်ရော"
ဂါးရက်သည် လမ်းညွှန်မှု ပြဿနာကို အစကတည်းက စဉ်းစားနေခဲ့သည်။ အီလက်ထရွန်းနစ်မျက်နှာပြင်ပါသည့် ရိုးရိုး လေပြွန်ကြည့်မှန်များဖြင့်ဆိုလျှင် သူညွှန်ကြားနိုင်သည်။ မျက်နှာပြင်မပါဘဲဆိုလျှင်လည်း အတွင်းကို ကြည့်နိုင်သည့် မှန်ပြောင်းရှိပြီး အနည်းဆုံးတော့ သူညွှန်ကြားနိုင်ခဲ့သည်။
သို့သော် ဤကိစ္စတွင် မြင်ကွင်းလုံးဝမရှိဘဲ ခွဲစိတ်သူ၏ လက်ဖြင့်ခံစားမှု အပေါ်သာ လုံးဝမူတည်နေသည်မှာ ပြဿနာရှိသည်။
"ဆရာ ဆရာ့စပျစ်နွယ်ပင်ကို ကျွန်တော်မမြင်ရဘူး" ဟု သူက သူ့အခက်အခဲကို စတင်ပြောပြသည်။ အကြီးအကဲ စိုးရိမ်ပူပန်ခြင်းမဖြစ်မီတွင် သူက ယုံကြည်မှုရှိစွာ ထပ်ဖြည့်ပြောလိုက်သည်။
"စပျစ်နွယ်ပင်မှာ ပါးလွှာတဲ့ သတ္တုဝါယာတစ်ခုကို ညှပ်ထားလို့ရမလား။ သိပ်မထူဘဲ ဆံပင်တစ်ပင်လိုပဲ ပါးလွှာရင်ရပြီ။ ဒါဆိုရင် စပျစ်နွယ်ပင် ဘယ်နေရာရောက်နေလဲဆိုတာ ကျွန်တော် မြင်နိုင်ပြီး ဆရာ့ကို လမ်းညွှန်ပေးနိုင်မယ်"
"ဒါ... ကျွန်တော် ကြိုးစားကြည့်မယ်..."
အကြီးအကဲ ဝီလ်ကင်ဆန်၏ ထိန်းချုပ်မှုမှာ အမှန်တကယ်ပင် အားကောင်းနေဆဲဖြစ်သည်။ စပျစ်နွယ်ပင်သည် အနည်းငယ် ပုံပျက်သွားကာ ပါးလွှာသော သတ္တုဝါယာနှင့် ထိကပ်နေသကဲ့သို့ လေထဲတွင် ကြီးထွားလာသည်။ ဂါးရက်က တိတ်ဆိတ်စွာ ထောက်လှမ်းမှော်ပညာကို သုံးစွဲလိုက်သည်။ သူ၏ မြင်ကွင်းတွင် မှောင်မည်းသော မျဉ်းကြောင်းများက မြွေတစ်ကောင်လို နူးညံ့စွာ လှုပ်ရှားတက်လာသည်။
"ရပြီ။ ကျွန်တော် မြင်ရပြီ"
ဂါးရက် စိတ်အေးသွားသည်။
မှော်ဆရာအဖိုးအိုက သက်ပြင်းချလိုက်သည်။
"ကောင်းတယ်။ အခု စလို့ရပြီလား။ တခြားလိုအပ်တာ ရှိသေးလား"
ဤမေးခွန်းသည် ဂါးရက်ကို ရည်ရွယ်ခြင်းပင်။
ယခုအချိန်တွင် မှော်ဆရာအဖိုးအိုက ဤလူငယ်အလုပ်သင်ဖြစ်သလို ဘုန်းတော်ကြီးအလုပ်သင်လည်းဖြစ်သူသည် ဤကုသမှုကို ဦးဆောင်နေကြောင်း နားလည်သွားပြီဖြစ်သည်။ သူ့မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ။
ဂါးရက်က ငယ်ရွယ်ပြီး အဆင့်နိမ့်သော်လည်း မလုပ်နိုင်သောအရာများစွာရှိသော်လည်း အခြားသူများ ရှုပ်ထွေးနေစဉ်တွင် သူသည် ပြည့်စုံသော အစီအစဉ်တစ်ခုကို စိတ်ထဲတွင် ချမှတ်ထားပုံရသည်။ မှော်ဆရာအဖိုးအိုက သင့်လျော်သော ပစ္စည်းများသာရှိလျှင် ဂါးရက်သည် ကုသမှုကို သူ့ဘာသာသူ ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟုပင် ခံစားမိသည်။
ဤမေးခွန်းကို မေးခဲ့ခြင်းအတွက် သူကံကောင်းသည်ဟု လျင်မြန်စွာ ခံစားမိသည်။ အကြီးအကဲ ဝီလ်ကင်ဆန်က တိတ်ဆိတ်နေဆဲဖြစ်ပြီး ထိပ်ပြောင်ဘုန်းတော်ကြီးလည်း တိတ်ဆိတ်နေခဲ့သည်။ သူတို့အတွက် ဂါးရက်က အရာအားလုံးကို ကြီးကြပ်နေခြင်းက သဘာဝကျသည်ဟု ထင်နေပုံရသည်။ ဂါးရက်က မလှုပ်မယှက် ရပ်နေပြီး ခဏစဉ်းစားကာ မေးခွန်းများကို တစ်ခုပြီးတစ်ခု စတင်မေးမြန်းခဲ့သည်။
"ဂျော့ခ်ျ ဒီမနက် မနက်စာ စားပြီးပြီလား"
"မစားသေးဘူး။ သူနေလို့မကောင်းဘူး၊ စားလို့မရဘူးတဲ့"
"ရေရော သောက်ပြီးပြီလား။ ရေတစ်စက်လေးဖြစ်ဖြစ်၊ နို့၊ ဖျော်ရည်၊ ဘာပဲဖြစ်ဖြစ်"
"မသောက်သေးဘူး"
မှော်ဆရာအဖိုးအိုက သူ့မြေးအတွက် စိုးရိမ်စိတ်များ ထပ်မံပေါ်ပေါက်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။
"သူက အရမ်းငယ်သေးတယ်။ စားလည်းမစား၊ သောက်လည်းမသောက်ဘူးဆိုတော့ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ..."
သက်ပြင်းချနေရင်းမှာပင် ဂါးရက်၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"အစာမစား၊ ရေမသောက်တာ ကောင်းတယ်။ ဂိုဏ်းချုပ်ဘုန်းတော်ကြီး အရင်က အသုံးပြုခဲ့တဲ့ နာကျင်မှုမရှိတဲ့ နတ်ဘုရားမှော်ပညာက လည်ချောင်းကို ထုံစေပြီး တစ်ခုခု ထိုးသွင်းတဲ့အခါ ဘာမှ မခံစားရအောင် လုပ်ပေးနိုင်ပါ့မလား"
"အာ... အဟမ်း..."
ထိပ်ပြောင်ဘုန်းတော်ကြီး စကားလုံးရှာမရ ဖြစ်သွားသည်။ သူခေါင်းကို ဘယ်ညာစောင်းပြီး ခဏစဉ်းစားပြီးမှ ခေါင်းခါလိုက်သည်။
"ကျွန်တော် မသိဘူး။ ဒါက အရေးကြီးလို့လား"
"အရမ်းအရေးကြီးပါတယ်။ လည်ချောင်းမထုံရင် စပျစ်နွယ်ပင်က ဝင်လို့ရမှာမဟုတ်ဘူး။ အသက်အန္တရာယ်တောင် ရှိနိုင်တယ်"
ဂါးရက်က အလေးအနက် သတိပေးလိုက်သည်။
သူ့အရင်ဘဝမှာ မေ့ဆေးမပါဘဲ လေပြွန်ကြည့်မှန်ကို ဘယ်သူကများ လုပ်ရဲမှာလဲ။ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ၊ ပြင်းထန်ရင် သေတောင် သေနိုင်တယ်။
ထိပ်ပြောင်ဘုန်းတော်ကြီး အကျပ်ရိုက်သွားသည်။ သူခေါင်းကို အကြာကြီး ကုတ်ခြစ်နေသည်။
ကံကောင်းတာက သူ့ခေါင်းပြောင်နေလို့ပင် မဟုတ်ပါက သူ့မှာရှိသည့် ဆံပင်တစ်ထွေးကြီးပင် ကျွတ်ထွက်သွားနိုင်သည်။
နောက်ဆုံးတော့ သူက အဆုံးအဖြတ်မပေးနိုင်သည့် ကောက်ချက်တစ်ခုကို ချလိုက်သည်။
"နတ်ဘုရားမှော်ပညာက အဓိကအားဖြင့် မှော်ပညာသုံးစွဲသူရဲ့ လမ်းညွှန်မှုပေါ်မှာ မူတည်တယ်။ ကျွန်တော် စွမ်းအားကို လည်ချောင်းပေါ်မှာ အဓိကထားပြီး စုစည်းနိုင်တယ်၊ ဒါပေမယ့် အလုပ်ဖြစ်မဖြစ်တော့ ကျွန်တော် တကယ်မသေချာဘူး... ဒါမှမဟုတ်၊ တစ်ယောက်ယောက်ကို စမ်းကြည့်ခိုင်းရမလား"
"စမ်းကြည့်ဖို့ ဆန္ဒရှိရင် ကောင်းတာပေါ့"
ဘေးကနေ နားထောင်နေတဲ့ မှော်ဆရာ ဂယ်မန် နောက်ဆုံးတော့ မျှော်လင့်ချက်တစ်စွန်းတစ်စ မြင်ရပြီဆိုပြီး သက်ပြင်းချလိုက်သည်။
"ခဏလေး စောင့်ပါဦး၊ ကျွန်တော် အစေခံတစ်ယောက်ကို သွားခေါ်လိုက်မယ်"
“ဘလိတ်…”
"မှော်ဆရာ ဘာအမိန့်များလဲ"
လူငယ်လေးတစ်ယောက် ချက်ချင်း တံခါးကိုတွန်းဖွင့်ပြီး ဝင်လာကာ အရိုအသေပြုလိုက်သည်။ ဂါးရက်က သူ့ကို မှော်မျှော်စင်က အစေခံတစ်ဦးအဖြစ် မှတ်မိနေသည်။
ပဉ္စမထပ်က အလုပ်အကိုင်များအတွက် တာဝန်ယူရပြီး မှော်ဆရာ ဂယ်မန်၏ နေ့စဉ်ဘဝကို ပြုစုပေးရသည့်သူပင်။
ပထမထပ်မှာ စာဖတ်နေတုန်း ဂါးရက် သူ့ကို အစေခံတွေကြားထဲ၌ ရံဖန်ရံခါ တွေ့ဖူးသည်။
"မှော်ဆရာက ကျွန်တော့်ကို ဖားအဖြစ် ပြောင်းလိုက်တယ်" ဟူသော စကားရပ်များကို စိတ်အားထက်သန်စွာ ကြွားလုံးထုတ်လေ့ရှိပြီး ပတ်ဝန်းကျင်မှ လူအုပ်ကြီးကို အံ့သဩတုန်လှုပ်စေခဲ့သည်။
သို့သော် ယခုအခါတွင်မူ မှော်ဆရာ ဂယ်မန်က သူ့အား မည်သည့်အရာကို လုပ်ဆောင်စေခဲ့သည်ကို ကြားသိရသောအခါ ထိုလူငယ်လေး၏ မျက်နှာက ဖြူဖျော့သွားပြီး ဘလိတ်မှ အဖြူရောင်သို့ ပြောင်းလဲသွားခဲ့သည်။
"မှော်... မှော်ဆရာ ကျွန်တော် သစ္စာရှိရှိ အစေခံခဲ့ပါတယ်ဗျာ... သစ္စာရှိရှိ... သစ္စာရှိရှိ..."
ဒုန်းခနဲ ဒုန်းခနဲ ဒုန်းခနဲ ဟူသော အသံများဖြင့် လူငယ်အစေခံလေး၏ ခြေထောက်များသည် တုန်ယင်လာပြီး ပီပါတီးသကဲ့သို့ မြေပြင်ပေါ်တွင် ပဲ့တင်ထပ်နေခဲ့သည်။