ပြန်လည် တွေ့ဆုံခြင်း
Vol. 105 Ch. 1457
“အိုး... သေစမ်း... အဲဒီ နာမည်ကို မပြောနဲ့...”
အသံနှင့် အတူ အသိစိတ် ပင်လယ် အတွင်း တိုးဝင်လာသည့် လျှပ်စီးလှိုင်းကြောင့် စန်းယွန်းလီမှာ တစ်ကိုယ်လုံးမှာ တုန်ရီသွားကာ ကြမ်းပြင်ပေါ်သို့ ပုံရက်သား လဲကျသွားခဲ့လေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးစေးများဖြင့် စိုရွှဲနေကာ၊ အသက်ရှူသံများမှာ အလွန် ပြင်းထန် နေခဲ့သည်။
"အကြီးအကဲ… ဒါ ဘာလုပ်လိုက် တာလဲ…"
သူမ ဒေါသတကြီးဖြင့် မေးလိုက်၏။ ထိုအခိုက်၌ သူမ၏ လှပသော ပတ္တမြားရောင် မျက်ဝန်းများက တလက်လက် တောက်ပနေသည်။
"ငါ နင့် အသက်ကို ကယ်လိုက်တာ"
ရှေးဟောင်းဝိညာဉ်က ညင်သာစွာပင် ပြန်ဖြေလိုက်သည်။ စန်းယွန်းလီထံမှ ဒေါသ အငွေ့အသက်များကို ခံစားလိုက်ရလေရာ သူမက လှောင်ပြောင်လိုဟန်ဖြင့် ပြုံးလိုက်၏။
"ကျေးဇူးတင်ဖို့ မလိုပါဘူး"
"အကြီးအကဲ ဘာတွေ ပြောနေတာလဲ"
စန်းယွန်းလီက နားမလည်နိုင်စွာ မေးလိုက်၏။ ထိုအခိုက်၌ အသက်ရှူဖို့ အတွက်ပင် အလွန်ခက်ခဲနေသည်ကို သူမ တွေ့ရှိ နေခဲ့ရသည်။
"နာမည်တွေမှာ စွမ်းအားတွေ ရှိတယ်… နင် ကောင်းကင်ရှန့်ထို အဆင့် ကိုရောက်ရင် နားလည်လာလိမ့်မယ်… နောက်ကျရင် အာဏာရှင် ရှန့်ထိုကြီးတွေရဲ့ နာမည်တွေကို မတော်တဆ မပြောမိစေနဲ့… နားလည်လား… အခုကစပြီး အာဏာရှင် ရှန့်ထိုလို့ပဲ ခေါ်… လောက ရှန့်ထို အဆင့်ကို မရောက်မချင်း အဲဒီ နာမည်တွေကို မသုံးတာတော့ အကောင်းဆုံးပဲ…"
ရှေးဟောင်း ဝိညာဉ်က ရှင်းပြလိုက်၏။
"..."
စန်းယွန်းလီ တိတ်တဆိတ် ခေါင်းညိတ် လိုက်မိသည်။ ထိုအခိုက်၌ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက ပင်ပန်း နွမ်းနယ် နေခဲ့၏။ ဘဝ နှစ်ခုစလုံးတွင် ယခုလောက် ပင်ပန်းနွမ်းနယ်မှုမျိုး သူမ တစ်ခါမှ မခံစားဖူးခဲ့ပေ။ ဖြစ်နိုင်လျှင် သူမ မြေကြီးပေါ် ခေါင်းချပြီး အိပ်ပစ်ချင်နေပြီ ဖြစ်သည်။ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ… သူမ အားလုံးကို လျစ်လျူထားချင်သည်။
သို့သော်… ထိုအရာက သူမ၏ အားနည်းမှုကို တစ်ဖန်ပြန်လည် သဘောပေါက်စေခဲ့သည်။ နာမည်ကို တစ်စိတ်တစ်ပိုင်း ရေရွတ်ရုံဖြင့် ကြောက်မက်ဖွယ် အကျိုးဆက်များကို သူမ ရင်ဆိုင်ခဲ့ရသည်။
စန်းယွန်းလီ ခေါင်းကို မော့ကာ မျက်နှာကျက်ကို ငေးကြည့် နေမိ၏။ သူမ၏ နှလုံးသားနှင့် ဝိညာဉ်ထဲတွင် လောကကြီးကို ပိုမိုမြင်တွေ့လိုသော ဆန္ဒက အဆမတန် ကြီးထွားလာ နေခဲ့တော့သည်။
…
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း အစုလိုက် အပြုံလိုက် ရွှေ့ပြောင်း လာခြင်းအား နေရာချထားပေးရေး လုပ်ငန်းစဉ်မှာ ထင်မှတ်ထားသည်ထက်ပင် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ ဝေ့ဝူယင်မှာ ထိုအရာများ ဖြစ်လာမည်ကို ကြိုတင် သိရှိကာ အရာအားလုံးကို စနစ်တကျ စီစဉ်ထားသည့်နှယ်ပင်။
လျှို့ဝှက် အာဏာရှင်များ အဆင့်များမှာလည်း သူတို့၏ တာဝန်များကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ကာ၊ ဆက်သွယ်ရေး လမ်းကြောင်းများစွာ ရှိခြင်းကလည်း ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လက်လှမ်းမီသော အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့သည်။ ထို့အပြင် ပဋိပက္ခကင်းမဲ့ ဇုန်များ နှင့် အကာအကွယ် စည်းမျဉ်းများကို တည်ထောင်ထားခြင်းကလည်း အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို ပိုမို အထောက်အကူ ဖြစ်စေခဲ့သည်။
နောက်ဆုံးအဆင့်ကတော့… ခြေချနေထိုင်သူ အသစ်များ၏ ဂိုဏ်းများ၊ မျိုးနွယ်များ နှင့် မိသားစုဝင်များကို သယ်ယူပို့ဆောင်ရေး ဖြစ်သည်။
ဝေ့ဝူယင်မှာ မလာရောက်နိုင်သူများကို သွားရောက် ခေါ်ဆောင်ရန် ဟင်းလင်းပြင် သင်္ဘောများ စေလွှတ်သည့် ကုန်ကျစရိတ်များကို အကုန် ပေးဆောင် ပေးခဲ့သည်။ ရွှေရောင် အသက် နန်းတော်က ထိုစီမံကိန်းကို တာဝန်ယူ ကိုင်တွယ် ဆောင်ရွက်ခဲ့ကာ၊ လျှို့ဝှက် အာဏာရှင်များ၏ အထောက်အပံ့ အချို့လည်း ရရှိခဲ့သဖြင့် လူအင်အား လှစ်ဟာမှုများလည်း မရှိခဲ့ပါချေ။
...
ရှစ်လကြာ ကျင်းပခဲ့သည့် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ပြီးဆုံး၍ နှစ်လတိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း လှုပ်ခတ်မှုများစွာ ရှိခဲ့သော်လည်း အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် ပြသခဲ့သည့် သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန် လေးမျိုးနှင့် ပတ်သက်၍တော့ မည်သည့် သတင်းမှ ထွက်ပေါ်မလာခဲ့ပါချေ။ ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ ကျင်းပရန် ကြားကာလမှာ နှစ်နှစ်မျှသာ လိုတော့လေရာ အထွတ်အထိပ် အင်အားစုများစွာမျာ ထိုထုတ်ကုန်များကို ရရှိရန် အပူတပြင်း ကြိုးပမ်းခဲ့ကြသည်။
ကံဆိုးစွာပင် အာဏာရှင် အင်ပါယာဝေ့မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ မတိုင်မီ ထိုထုတ်ကုန်များကို လူသိရှင်ကြား ထုတ်ဝေရန် ရည်ရွယ်ချက် မရှိသည်မှာ ပို၍ ရှင်းလင်းလာခဲ့သည်။ ထိုဆုံးဖြတ်ချက်က မရေမတွက်နိုင်သည့် လူများကို စိတ်ပျက်စေခဲ့သော်လည်း သူတို့ ဘာတတ်နိုင်မည်နည်း။ ထို့အပြင် အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည် နှင့် အာရုဏ်ဦး လေပွေဇုန် ဆေးလုံးတို့ မှလွဲ၍ အခြားနှစ်မျိုး၏ အာနိသင်များမှာ တိုးတက်ရန် အတွက် အချိန်ကာလများစွာ ယူရဖွယ် ရှိလေရာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် အသုံးဝင်ဖို့ မရှိသလောက် ဖြစ်သည်။
နှစ်လတာကာလမှာ လေ၏ အဟုန်ဖြင့် လျင်မြန်စွာ ကုန်လွန်သွားခဲ့သော်လည်း ဟင်းလင်းပြင် သင်္ဘောများကတော့ မိုင်ပေါင်းများစွာ အကွာအဝေးမှ သူတို့၏ နေအိမ်များထံ အဆောတလျင် ပြန်သွားခြင်း မရှိခဲ့ကြချေ။ အချို့မှာ သူတို့၏ အဆက်အသွယ်များနှင့် ပြန်လည် ချိတ်ဆက်ဖို့ ကြိုးပမ်းနေကြကာ အချို့ကတော့ သည်အတိုင်း စောင့်ကြည့် လိုခြင်းကြောင့် မပြန်ခဲ့ကြခြင်းသာ ဖြစ်သည်။
အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မြောနေခဲ့သည့် ဟင်းလင်းပြင် သင်္ဘောများ အနက် သေးငယ်ကာ ထင်ရှား ပေါ်လွင်ခြင်း မရှိသော သင်္ဘောလေး တစ်စင်းလည်း အပါအဝင် ဖြစ်သည်။ ၎င်းမှာ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ပိုင်ဆိုင်သော သင်္ဘောပင် ဖြစ်သည်။ ထိုသင်္ဘောလေးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ် အစွန်အဖျား တိတ်တဆိတ် ဝဲပျံနေခဲ့၏။
သင်္ဘော၏ အတွင်းဘက်ရှိ လျှို့ဝှက်နယ်မြေတစ်ခု အတွင်းတွင်တော့ ထျန်းတင်းကျန့်မှာ ကြည်လင်သည့် ရေကန်ငယ် မျက်နှာပြင်ကို ငေးမော နေခဲ့သည်။ ထိုအခိုက်၌ သူမက ခန္ဓာကိုယ်ကို ခုနစ်ရောင်ခြယ် မြူခိုးများဖြင့် ဖုံးကွယ်ထားခြင်းအား ရပ်တန့်ထားကာ အတုမရှိ လှပသော ရုပ်ရည်ကို ကမ္ဘာသို့ ထုတ်ဖော်ပြသထားသည်။
သူမမှာ ထျန်းရှောင်လော့ကို ပေးထားသည့် ကတိကြောင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှ မပြန်နိုင်သေးချေ။ အဂ္ဂိရတ် ကုန်စည်ပြပွဲ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း လက်ရှိ အချိန်အထိ ထျန်းရှောင်ချွမ်း၏ အခြေအနေကို ဘာမှ မကြားသိရသေးချေ။ သူမဘက်မှ စုံစမ်းဖို့ ကြိုးစားခဲ့သော်လည်း ဘာတုန့်ပြန်မှုမှ မရရှိခဲ့ချေ။ အဂ္ဂိရတ်ရှန့်ထို တစ်ဦး အနေဖြင့် ထိုကဲ့သို့ လပေါင်းများစွာ လျစ်လျူရှုခံရခြင်းမှာ သူမ အတွက် အလွန် ရှားပါးလှသည်။ ထို့အပြင် သူမ၏ စိတ်ခံစားချက်များက ပွေလီနေကာ တစ်စုံတစ်ရာကို တိတိကျကျ မဆုံးဖြတ်နိုင်သလို ခံစားနေရသည်။ ထိုစိတ်အခြေအနေက သူမအတွက် ရှားပါးသော အရာဖြစ်သည်။
"ဟမ်..."
ရုတ်တရက် သူမ၏ လှပသော မျက်ဝန်းများက အနည်းငယ် အရောင်ပြောင်းလဲသွားကာ လျှို့ဝှက်နယ်မြေ၏ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
"တင်းကျန့်..."
ခေါ်သံတစ်ခုကို ကြားလိုက်ရ၏။ ချက်ချင်းပင် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူမက သေးငယ်သော ဟင်းလင်းပြင် သင်္ဘောလေး၏ ကုန်းပတ်ပေါ်တွင် ပြန်ပေါ်လာခဲ့သည်။
ခေါ်ဆိုသူကို မြင်လိုက်ရသော အခိုက်၌ သူမ၏ မျက်ဝန်းများက အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့၏။
ဧကရီ ရှောင်ချွမ်း...
သူမက အင်ပါယာ ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားကာ ကြီးကျယ်ခမ်းနားလှသည့် ဧကရီတစ်ပါး၏ အရောင်အဝါကို အပြည့်အဝ ထုတ်လွှတ်ထားသည်။ သူမ၏ မျက်ဝန်းများထဲတွင်တော့ ဘဝပေါင်းများစွာကို အုပ်စိုးထိုက်သော ခမ်းနားမှုတစ်ခု တည်ရှိနေခဲ့၏။ သူမကား အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်ခဲ့သည့် ထျန်းရှောင်ချွမ်းနှင့် လုံးဝ ကွာခြား သွားခဲ့ပြီ ဖြစ်သည်။
တကယ်တမ်းအားဖြင့် သူတို့ နှစ်ယောက် အကြားရှိ ဆက်ဆံရေးမှာ များစွာ ရင်းနှီးခြင်း မရှိလှချေ။ ပတ်သက်ခဲ့မှု အားလုံးကို ‘ထျန်းရှောင်လော့’ ဆိုသည့် ကြိုးလေး တစ်ခုဖြင့်သာ ချည်နှောင်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ မိန်းကလေး၏ ကျင့်ကြံခြင်း လမ်းကြောင်း၌ အကူအညီများစွာ ပေးခဲ့ကာ အလွှာကြားက လောကသို့ ပို့ဆောင်ရာတွင်လည်း ပူးပေါင်း ပါဝင်ခဲ့သည်။
"နင်က နည်းနည်း တဇွတ်ထိုးနိုင်တယ်... အဲဒါကို သိလား..."
ထျန်းရှောင်ချွမ်းက ပြုံးလိုက်၏။ ထိုအပြုံးက အသက်ရှူမှားလောက်အောင် လှပလွန်းလှကာ ကြယ်တာရာ နယ်မြေထံမှ အရောင်များကိုပင် စုပ်ယူနေသယောင် ရှိသည်။
“ရှင် လွတ်လာပြီလား..."
ထျန်းတင်းကျန့်က မေးလိုက်၏။ တစ်ချိန်တည်း၌ သူမ၏ မျက်လုံးများက မသိမသာ လှုပ်ရှားသွားကာ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို စစ်ဆေးလိုက်သည်။ ထျန်းရှောင်ချွမ်းမှာ နိုင်ငံရေးအရ အရေးပါသည့် ဓားစာခံတစ်ဦး ဖြစ်သည့် အပြင် အစွမ်းထက် မြေကြီးရှန့်ထို တစ်ဦးလည်း ဖြစ်လေရာ ဝေ့ဝူယင်က လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ခြင်းမှာ ထူးဆန်းပေသည်။
မျက်တောင် တစ်ခပ်စာ အတွင်မှာပင် ထျန်းတင်းကျန့်မျာ အကာအကွယ် ဝင်္ကပါ အမျိုးမျိုးကို အသက်သွင်းရန် အသင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူမ၏ ခွန်အားမှာ အဆင့်တူများနှင့် နှိုင်းယှဉ်လျှင် မဆိုသာလောက်အောင် အားနည်းလှသည်။
ထျန်းရှောင်ချွမ်းက မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို၏ အလွန် သတိထားနေမှုကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
"နင် အခုထိ သဘောမပေါက်သေးဘူးလား... ငါ လွတ်လာပြီ... ငါ့ကို ဝင်ခွင့်ပေးပါဦး"
သူက ဟင်းလင်းပြင် သင်္ဘော အတွင်းသို့ ဝင်ရောက်ရန် ရွေ့လျားလိုက်ရာ ထျန်းတင်းကျန့်မှာ မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း... သူမက ထျန်းရှောင်ချွမ်းကို မတားဆီးဘဲ ဝင်ခွင့်ပေးလိုက်သည်။
မကြာခင်မှာပင် မိန်းကလေး နှစ်ဦးမှာ ဟင်းလင်းပြင် သင်္ဘောငယ်ထက်၌ အတူတကွ ရပ်နေခဲ့ကြပြီး ဖြစ်သည်။ ထိုအခိုက်၌ သူတို့ နှစ်ဦး ပေါင်းစပ်ထားသော အလှတရားမှာ ကောင်းကင်ဘုံမှ နတ်မိမယ်များကိုပင် အရောင်မှိန် သွားစေလောက်သည်။
"သူ(မ) ဘယ်လိုနေလဲ..."
ထျန်းရှောင်ချွမ်းက ညင်သာစွာ မေးလိုက်၏။
"ရှင် လုံခြုံတာ သေချာတယ်နော်"
ထျန်းတင်းကျန့်က မျက်မှောင်ကြုတ်ရင်း ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"မိုးကုပ်စက်ဝိုင်း မြေကြီးရှန့်ထို... ကျွန်မမှာ ဘာကန့်သတ်ချက်မှ မရှိပါဘူး... ကျွန်မရဲ့ ခန္ဓာကိုယ်မှာ ဘယ်လို ချိပ်တံဆိပ်မှ ပါမလာဘူး... ကျွန်မရဲ့ ကျင့်ကြံခြင်း အခြေခံကိုလည်း ထိန်းချုပ် မထားဘူး... ဘယ်သူမှလည်း ကျွန်မနောက်ကို အရိပ်လို လိုက်မနေဘူး... လွန်ခဲ့တဲ့ တစ်နှစ်လုံး အဂ္ဂိရတ်ရှန့်ထိုဝေ့က ကျွန်မကို ဓားစာခံ တစ်ယောက်၊ အကျဉ်းသား တစ်ယောက်လို တစ်ခါမှ မဆက်ဆံခဲ့ဘူး... သူ ပြောခဲ့တဲ့ အတိုင်း ဂုဏ်ယူရတဲ့ ဧည့်သည်တစ်ဦးလို နေခဲ့ရတယ်... ဘာအနှောင့်အယှက်မှလည်း မဖြစ်ခဲ့ဘူး... ပြောရရင် အကျိုးကျေးဇူးတွေတောင် အများကြီးလည်း ရခဲ့သေးတယ်"
ထျန်းရှောင်ချွမ်းက ရိုးသားစွာ ဖွင့်ဟလိုက်၏။ တစ်ချိန်တည်း၌ သူမက ဝိညာဉ်လှိုင်း အနိမ့်အမြင့် အတက်အကျ မှန်သမျှကို ထျန်းတင်းကျန့်အား လွတ်လပ်စွာ စစ်ဆေးခွင့် ပြုထားသည်။
အဂ္ဂိရတ်ရှန့်ထို တစ်ပါး အနေဖြင့် ဝိညာဉ် စစ်ဆေးမှုများကို ဖွင့်ဟထားပါက လိမ်ညာမှုကို ရှာဖွေ တွေ့ရှိရန် အလွန်လွယ်ကူသည်။ လိမ်ညာမှုမှ ထွက်ပေါ်လာသော လှုပ်ရှားမှုများမှာ အသေးအမွှားဖြစ်သော်လည်း... လူတစ်ဦး၏ နှလုံးခုန်နှုန်းကို စောင့်ကြည့်သကဲ့သို့ပင် ထင်ရှားစွာ သတိပြုမိနိုင်သည်။ ထို့ကြောင့်ပင်... သူ့ကို လိမ်ညာရန်မှာ များစွာခက်ခဲသည်။
***