ပျောက်ဆုံးသွားသော ပုဂ္ဂိုလ်
Vol. 105 Ch. 1458
ထျန်းရှောင်ချွမ်းကို အထပ်ထပ် စစ်ဆေးပြီနောက် ထျန်းတင်းကျန့်မှာ ယုံကြည်ရန် ဆုံးဖြတ်လိုက်၏။ သို့သော်လည်း သူမမှာ အကာအကွယ် ဝင်္ကပါများကိုတော့ ဆက်လက် အသက်သွင်းထားဆဲ ဖြစ်သည်။
"သူ ဘယ်လိုနေလဲ..."
ထျန်းရှောင်ချွမ်းက ထပ်မေးလိုက်၏။
"အဆင်ပြေပါတယ်... ခွဲခွာရတာ နည်းနည်းခက်ခဲပေမဲ့ သူ တော်တော်လေး လိုက်လျောညီထွေဖြစ်အောင် နေထိုင်နေပါတယ်"
ယခုတစ်ကြိမ်တွင်တော့ ထျန်းတင်းကျန့်က ပြန်ဖြေလိုက်၏။ မည်သူမဆို သူတို့၏ စကားဝိုင်းကို ကြားပါက ထျန်းရှောင်လော့ကို ရည်ညွှန်းနေခြင်းဟု ထင်ကြလိမ့်မည်ဖြစ်သော်လည်း အမှန်တရားကိုတော့ သူတို့ နှစ်ဦးသာ သိကြပေသည်။
"ကောင်းတယ်... အဝေးမှ နေရတာက သူ့အတွက် အရမ်းကို စိတ်ထိခိုက်စရာ တစ်ခု ဖြစ်လိမ့်မယ်လို့ ငါထင်နေခဲ့တာ"
ထျန်းရှောင်ချွမ်း၏ လေသံက သက်သာရာရမှုများနှင့် ပြည့်နှက်သွားခဲ့၏။ နာမည်ကို တိုက်ရိုက် ဖော်ထုတ်ခြင်း မပြုပဲ နာမ်စား စကားလုံးများနှင့်သာ ရည်ညွှန်းခဲ့ရာ ထျန်းရှောင်ချွမ်း ကိုယ်တိုင်မှာလည်း သူတို့၏ စကားဝိုင်းကို တစ်စုံတစ်ယောက်က ကြားဖြတ် နားထောင်နေခြင်း အပေါ် သံသယများ ရှိနေသေးကြောင်း ထျန်းတင်းကျန့် သဘောပေါက်လိုက်သည်။
"ရှင် ပြန်လိုက်မှာလား..."
ထျန်းတင်းကျန့်က မေးလိုက်၏။ အင်ပါယာ မျိုးနွယ်ဝင် အများစုမှာ ဝေ့ဝူယင်က ဧကရီကို အတင်းအကြပ် ဓားစာခံ ဖမ်းဆီးထားသည်ဟု ယူဆကာ စစ်ပွဲတစ်ခု စတင်ရန် တိုက်တွန်းနေခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ဧကရီသာ ပြန်ရောက်သွားပါက သူတို့မှာ ထိုငြင်းခုံမှုကို ဆုံးရှုံးရတော့မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ... အင်ပါယာ ထျန်းမျိုးနွယ်၏ လက်ရှိ ခွန်အားဖြင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို စစ်ပွဲဆင်နွှဲခြင်းမှာလည်း အလွန်ပင် မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်သည်။
ထျန်းရှောင်ချွမ်းက အာရုဏ်ဦး ဖီဆန် နေကြယ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေသည်။
“ပြန်လိုက်ခဲ့မယ်... အဲဒါက အရာအားလုံးကို အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲလေ"
သူမက သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။ ဧကရီ တစ်ယောက် အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် ဆက်လက် ကျင့်ကြံလိုသေးကြောင်း ထျန်းတင်းကျန့် သတိပြုမိလိုက်သည်။ လွန်ခဲ့သည့် တစ်နှစ်တာ ကာလ အတွင်း၌ သူမ၏ ခံစားချက် တစ်ချို့ ပြောင်းလဲခဲ့သည်မှာ ထင်ရှားပေသည်။
"သူ့အတွက် လုံလောက်ပြီလို့ ရှင်ထင်လား..."
ထျန်းတင်းကျန့်က မေးလိုက်၏။ ဧကရီက မျက်လုံးများကို မှိတ်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း လိုက်သည်။
"ငါတို့မှာ ရွေးချယ်စရာ မရှိဘူး"
သူမက လေးလေးနက်နက် ပြောလိုက်၏။ ထို့နောက် သူမက မျက်လုံးများကို ပြန်ဖွင့်ရင်း အမှောင် ဟင်းလင်းပြင် တစ်နေရာကို စိုက်ကြည့်လိုက်သည်။
“အဲဒီနယ်မြေ ဆင်းသက်လာတာနဲ့ ထျန်းကလန်တောင် မလွတ်မြောက်နိုင်တဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်... နင်တောင်မှ မလွတ်မြောက်နိုင်ဘူး... ကျွန်အဖြစ်တောင် ရောင်းစားခံရနိုင်တယ်... နင်က အဲဒါကို လိုချင်တာလား...”
ထျန်းတင်းကျန့် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူမက ခေါင်းခါလိုက်သည်။
“ဟင့်အင်း...”
"ဒါဆိုရင် ငါတို့ သူ့ကို ယုံကြည်ရမယ်"
ထျန်းရှောင်ချွမ်းက အာရုဏ်ဦး ဖီဆန် နေကြယ်ကို နောက်တစ်ကြိမ် ကြည့်ရင်း ခိုင်မာစွာ ပြောလိုက်သည်။
"ငါတို့ လုပ်နိုင်တာ အဲဒါပဲ ရှိတယ်..."
တစ်ခဏအကြာတွင် ဟင်းလင်းပြင် သင်္ဘောငယ်လေးမှာ စတင် ထွက်ခွာကာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေထံ ပြန်လည် ခရီးနှင်ခဲ့လေတော့သည်။
...
ဝှစ်...
မနီးမဝေး တစ်နေရာတွင် ပုံသေ ဟင်းလင်းပြင်ထဲမှ ပုံရိပ် တစ်ခုမှာ သရဲတစ္ဆေ တစ်ကောင်လို ထွက်ပေါ်လာခဲ့၏။ ဝူယုမှာ တဖြည်းဖြည်း ဝေးကွာသွားနေသည့် သင်္ဘောကို စိုက်ကြည့် နေခဲ့လေသည်။
သူ၏ နောက်တွင် အခြား ပုံရိပ် တစ်ခုမှာ တဖြည်းဖြည်း ပေါ်လာခဲ့၏။ သူကတော့ မာ့ကျန်းပင် ဖြစ်လေသည်။
“ခင်ဗျား သေချာပြီလား...”
လူအိုကြီးက သုန်မှုန်စွာဖြင့် မေလိုက်၏။
“ကျုပ်ကို မေးစရာ မလိုပါဘူး... ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီ... နောက်ပြီး နတ်ဘုရား အင်ပါယာလို့ ခေါ်တဲ့ တစ်ယောက်နဲ့လည်း မေးစရာ နည်းနည်း ရှိတယ်"
ဝူယုမှာ အဝေးရှိ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာကို ရီဝေစွာ ငေးမော နေခဲ့သည်။
“ခင်ဗျား အကြောင်းကို ကျုပ်လည်း အမြဲတမ်း သိချင်ခဲ့တာ...”
မာ့ကျန်းက ဆိုလိုက်၏။ နှစ်ပေါင်း သုံးသောင်းခဲ့ ရှင်သန်ခဲ့သူ တစ်ဦး အနေဖြင့် မာ့ကျန်းမှာ ခေတ်အနည်းငယ်ကို ဖြတ်ကျော်ခဲ့ရသည်။ သမိုင်း၌ မေ့လျော့ခံခဲ့ရပြီး ဖြစ်သည့် အရာအချို့ကိုပင် သူ မြင်တွေ့ခဲ့ရသည်။ ဝူယုနှင့် ပတ်သက်၍ သူ အမြဲတမ်း စိတ်ဝင်စားခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်ကို လေးစားသောအားဖြင့် မည်သည့် စုံစမ်း စစ်ဆေးမှုမှ မလုပ်ပဲ နေခဲ့သည်။
ထိုဝူယုမှာ ကောင်းကင်ချည်နှောင် အင်ပါယာခေတ်၏ ဝူမျိုးနွယ်နှင့် ဆက်စပ်နေသည်မှာ လုံးဝ သေချာသည်။ အဆိုပါ ဝူမျိုးနွယ်မှာ ထိုခေတ်ကာလ၏ ကယ်တင်ရှင် ဖြစ်ကာ အဆုံးမဲ့ ကောင်းကင် နေကြယ်ဟု နာမည် ပေးခဲ့သည့် ဧရာမ နေကြယ်ကြီးကို မွေးဖွားစေခဲ့သည်။ မာ့ကျန်းမှာ အလွန်ပင် ဗဟုသုတ ကြွယ်ဝလှသော်လည်း ဝူမျိုးနွယ်နှင့် သူတို့၏ မျိုးဆက် ကျင့်ကြံခြင်း နည်းလမ်းကတော့ သူ့အတွက် လျှို့ဝှက်ချက် တစ်ခု သဖွယ် ရှိနေသေးဆဲ ဖြစ်သည်။ သူသိရှိထားသည့် တစ်ခုတည်းသော အရာက... ဝူမျိုးနွယ်တွင် ဝိညာဉ်ခွဲ မျိုးနွယ်လို ပြိုင်စံရှားသည့် သွေးမျိုးဆက် တစ်ခု ရှိသည် ဆိုခြင်းပင်။
ယနေ့ခေတ်၌ ဝူမျိုးနွယ် အကြောင်း သိရှိသူမှာ အလွန်ပင် နည်းပါးလှသည်။ မာ့ကျန်းကိုပင် ကောင်းကင်ချည်နှောင် အင်ပါယာခေတ်နှောင်းပိုင်းတွင်မှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ အမှောင် ကြယ်တာရာခေတ်မှာ များလှစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များကို သေဆုံးစေခဲ့လေရာ ယနေ့ခေတ်၌ အသက် ၃၀၀၀၀ ရှိသည့် ကျင့်ကြံသူများကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်ပေလိမ့်မည်။ မာ့ကျန်းမှာ သူတို့ထဲမှ တစ်ယောက် ဖြစ်ပေသည်။
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာသည်ပင် သူ့ထက်ငယ်ကာ အသက် ၂၅၀၀၀ ဝန်းကျင်သာ ရှိပေလိမ့်မည်။ သူက အမှောင် ကြယ်တာရာခေတ် အတွင်း မွေးဖွားလာခဲ့ခြင်း ဖြစ်လေရာ ကောင်းကင် ချည်နှောင် အင်ပါယာခေတ်ကို မမှီလိုက်ပါချေ။
ဝူယုမှာ ပမွှားပုဂ္ဂိုလ် တစ်ယောက် မဟုတ်နိုင်ကြောင်း မာ့ကျန်း အစောကတည်းက ရိပ်မိခဲ့သည်။ အထူးသဖြင့် သူ၏ ရုပ်ရည်၊ အော်ရာနှင့် ကျင့်ကြံထားသည့် နည်းလမ်းတို့မှာ လုံးဝ သာမန် မဟုတ်လှချေ။ သူက မျိုးကောင်းရိုးကောင်းမှ မွေးဖွားလာသူ တစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှသည်။ ထိုနောက်ကွယ်မှ ဇာတ်လမ်းကို မာ့ကျန်း သိချင်နေမိပြီ ဖြစ်သည်။
“ခင်ဗျား ဘယ်တော့ စလှုပ်ရှားမလဲ...”
မာ့ကျန်းက မေးလိုက်၏။
“ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ ကျင်းပရင်ပေါ့လေ...”
ဝူယုက တုံးတိပင် အဖြေပေးလိုက်ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့တော့၏။
...
ထာဝရ နယ်မြေ၊ ရှေးဟောင်းကောင်းကင်ဘုံ
စန်းယွန်းလီနှင့် စန်းလော့ယန်တို့ နှစ်ယောက်မှာ သူတို့ ပိုင်ဆိုင်သည့် လောကနယ်မြေထံ ပြန်လည်၍ ခရီးနှင် လာနေခဲ့၏။
“အဖေ... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကျင်းပမယ့် အချိန်က သိပ်မလိုတော့ဘူး... သမီး နောက်ဆုံး ပြင်ဆင်မှုတွေ လုပ်တော့မယ်"
စန်းယွန်းလီက သူမ၏ ဆုံးဖြတ်ချက်ကို မွေးစားဖခင်ထံ ဖွင့်ဟလိုက်သည်။ သူမမှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကာ၊ ၎င်းတို့ အားလုံးကို ချေဖျက်ရန် လိုအပ်ပေသည်။ သို့သော်လည်း စန်းလော့ယန်မှာ သူမ၏ စကားကို ကြားဟန် မတူပဲ မျက်မှောင်ကြုတ်နေသည်ကိုသာ စန်းယွန်းလီ တွေ့လိုက်ရ၏။
"အဖေ... အဆင်ပြေရဲ့လား"
သူမက မေးလိုက်၏။
"ဟမ်..."
ထိုအခါတွင်မှ စန်းလော့ယန်မှာ ပြန်လည် သတိဝင်လာပုံ ရကာ သူမကို တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည်။ စန်းယွန်းလီမှာ တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်းပင် ရိပ်မိသွားခဲ့၏။
“ဘာဖြစ်လို့လဲ... အဖေ”
"...”
စန်းလော့ယန်မှာ တုံ့ဆိုင်းနေခဲ့၏။ ထို့နောက်တွင်တော့ သူက စဉ်းစားဟန်ဖြင့် အောက်ကို ငုံ့ကြည့်လိုက်သည်။
"ထာဝရ နတ်ဘုရားရဲ့ တည်ရှိမှုကို ခံစားလို့ မရတော့ဘူး..."
“အမ်... ဟုတ်လား... သူက သီးခြားနေနေတာ ဖြစ်ရင် ဖြစ်မှာပါ”
စန်းယွန်းလီ၏ အသံက အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ ထိုစက်ဆုပ်ဖွယ် သူခိုး အကြောင်း ကြားလိုက်ရသည်နှင့် သူမ၏ စိတ်အခြေအနေက ချက်ချင်းပင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
"သူတင် မဟုတ်ဘူး... ထာဝရ နတ်ဘုရား နယ်မြေကိုလည်း ငါ မခံစားမိဘူး"
စန်းလော့ယန်က အလေးအနက် အမူရာဖြင့် ဆိုလိုက်၏။
"ဟမ်... အဖေ ဆိုလိုတာက..."
စန်းယွန်းလီ အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
"အမှန်ပဲ... နင် နားကြား မလွဲဘူး... ထာဝရ နတ်ဘုရား နယ်မြေကို လုံးဝ အာရုံခံလို့ မရတော့ဘူး... ဒါက...”
စန်းလော့ယန်က မျက်မှောင်ကြုတ်ရင်း စကားကို ရပ်လိုက်၏။
"အဲဒါက လောကနယ်မြေ တစ်ခုပဲလေ... သူ ပိတ်ဆို့ထားတာလည်း ဖြစ်နိုင်ပါတယ်... ဘာလဲ... အဲဒီ အဘိုးကြီးပ လောကနယ်မြေနဲ့ အတူ ထွက်ပြေးသွားပြီလို့တော့ မပြောနဲ့နော်"
စန်းယွန်းလီက ထာဝရ နတ်ဘုရား၏ လျှို့ဝှက် ဆန်းကြယ်မှုများကို သိပ်ဂရုစိုက်ဟန် မရပဲ နောက်ပြောင်လိုက်သည်။ သို့သော်လည်း... စန်းလော့ယန်၏ အမူအရာက အလွန်တရာပင် လေးနက် နေလေရာ မိန်းကလေး၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့၏။
"မဟုတ်မှလွဲရော... သူက အဲဒီလောကနယ်မြေနဲ့ တကယ် ထွက်ပြေးသွားပြီလို့ အဖေ ထင်နေတာလား..."
ထာဝရ နတ်ဘုရားနယ်မြေမှာ နှစ်ထောင်ပေါင်းများစွာ ကြိုးပမ်း အားထုတ်မှုများနှင့် အတူ ပြုစုပျိုးထောင်ထားသည့် ထာဝရ အစည်းအရုံး၏ အကြီးမြတ်ဆုံး၊ တန်ဖိုး အရှိဆုံး လောကနယ်မြေ ဖြစ်သည်။ ၎င်းမှာ ထာဝရ နတ်ဆေးလုံး အစည်းအရုံး၏ ပထမဆုံး လောကနယ်မြေ ဖြစ်ကာ၊ နောက်ပိုင်းတွင် ထာဝရ ဧကရာဇ်က သိမ်းယူပြီး ကိုယ်ပိုင်နယ်မြေ အဖြစ် ပြောင်းလဲ ပစ်ခဲ့သည်။ ထို့အပြင်... ၎င်းမှာ ပုံသေ အာကာသနှင့် ထပ်တူကျလုနီးပါး ဖြစ်သည်။ မည်ကဲ့သို့ ယူဆောင်သွားနိုင်မည်နည်း။
"ငါ မသိဘူး..."
စန်းလော့ယန်က မသေချာ မရေရာစွာ ခေါင်းခါလိုက်၏။ သို့သော်လည်း သူ့နှလုံးသားထဲမှ မသက်မသာ ခံစားချက်ကတော့ ပို၍သာ ပြင်းထန်လာနေခဲ့သည်။ ၎င်းမှာ ဆိုးရွားသည့် ဖြစ်ရပ်တစ်ခု၏ ရှေ့ပြေးနိမိတ် ဖြစ်ပေသည်။
***