ဦးတည်ရာ
Vol. 105 Ch. 1459
အဝေး တစ်နေရာရှိ အမှောင် ဟင်းလင်းပြင် တစ်ခုထဲတွင်တော့ ပုံရိပ် တစ်ခုမှာ အံ့မခန်း အရှိန်အဟုန်ဖြင့် ရွေ့လျား နေခဲ့သည်။ သူက ဘာကိုမှ ဂရုစိုက်ဟန် မရပဲ နယ်မြေတိုင်းကို ဖြတ်ကျော်နေခဲ့၏။
အခါအားလျော်စွာ ဆိုသလိုပင် သူ့ထံမှ မရပ်မနား တီးတိုးပြောဆိုသံများ ထွက်ပေါ်လာနေကာ အမှောင် ဟင်းလင်းပြင် နှင့် အနီးအနားရှိ ကြယ်ကွင်းပြင် အသေများကိုပင် လှုပ်ခတ် နေစေခဲ့လေသည်။
"နောက်တစ်ကြိမ် ထပ်မဖြစ်ရဘူး... နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဖြစ်ရဘူး... နောက်တစ်ကြိမ် ဘယ်တော့မှ..."
ထိုပုဂ္ဂိုလ်မှာ အမှောင် ဟင်းလင်းပြင် အတွင်းရှိ အကြီးဆုံး နေကြယ်ထံသို့ ဦးတည်ကာ ရွေ့လျားနေခဲ့ခြင်း ဖြစ်လေ၏။
ထာဝရ နတ်ဘုရားမှာ အလွန်အမင်း ထိခိုက်ခံစားနေရပုံ ပေါ်ကာ ရေရွတ်သံ တစ်ချင်းစီတိုင်းတွင် စိတ်အခြေအနေမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲအက်လုနီးပါး သို့မဟုတ် ကွဲအက်ပြီးသား ဖြစ်နေခဲ့သည်မှာ ရှင်းလင်းပေသည်။
သို့သော်လည်း ထိုစိတ်အခြေအနေမှာ ရုတ်တရက် ဖြစ်ပေါ်လာခြင်း မဟုတ်ချေ။ လွန်ခဲသည့် ဆယ်စုနှစ်များစွာ ကတည်းက တဖြည်းဖြည်းချင်း စတင်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ပိုမို၍ တိတိကျကျ ဆိုရလျှင် ဝေ့ဝူယင် အမည်ရှိ ငွေရောင်မျက်လုံးပိုင်ရှင်၏ လှုံ့ဆော်မှုကြောင့်ပင်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အကြာက အိပ်မက်ဆိုးကြီးကို သူ ရှင်းလင်းစွာပင် မှတ်မိနေဆဲ ဖြစ်သည်။ ၎င်းကို မေ့ဖျောက်ရန် နှစ်ပေါင်း မည်မျှ ကြာခဲ့သနည်း။ ယခုတွင်တော့ ၎င်းက သံသရာ တစ်ပတ်လည်ကာ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မြေကြီး အဂ္ဂိရတ် ရှန့်ထို တစ်ဖြစ်လည်း... လျှို့ဝှက် အာဏာရှင် အဆင့်လေး ပုဂ္ဂိုလ်ကြီးမှာ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို စုစည်းကာ ခြေရာများကိုပင် ဖုံးကွယ်ရန် မကြိုးစားပဲ ပေါက်ကွဲအား ပြင်းထန်စွာ ပျံသန်း နေခဲ့၏။ ခပ်တင်းတင်း ဆုပ်ထားသည့် ညာဘက် လက်သီး အတွင်းတွင်တော့ အလင်းရောင် တစ်ခုမှာ အသွေး၊ အသား၊ ကြွက်သားများနှင့် အရိုးများကိုပင် ဖောက်ထွင်းကာ စိမ့်ထွက်နေခဲ့သည်။ ၎င်းမှာ ရောင်စုံ အလင်းတန်းများ အသွင် ရှိကာ လောကကြီး တစ်ခုလုံးအား တုန်လှုပ်စေနိုင်မည့် စွမ်းအားကို သယ်ဆောင်ထားပုံ ရသည်။ ထာဝရ နတ်ဘုရားမှာ ၎င်းကို လက်သီး အတွင်း ဖိနှိပ်ထားသည့်တိုင် ထိန်းချုပ်ဖို့ ခက်ခဲလှကြောင်း ရှင်းလင်းပေသည်။
ဟူး... ဟူး...
မကြာခင်မှာပင် ထာဝရ နတ်ဘုရားမှာ စွန့်ပစ် ကြယ်ကွင်းပြင် တစ်ခု ဖြစ်သည့် လောကချည်နှောင် လှိုင်း ကြယ်ကွင်းပြင် အတွင်းသို့ ရောက်ရှိလာခဲ့သည်။ ချိပ်ပိတ် နယ်မြေ မဖွဲ့စည်းမီ ကာလက ၎င်းမှာ ထင်ရှား ကျော်ကြားသော တိုက်တန်ဘုရင်တစ်ပါး၏ ပိုင်နက် ဖြစ်ခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးမှာ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံရှိသည့် တိုက်တန် မျိုးနွယ်ဝင် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထိုအချိန်က သူတို့မှာ မဟာစက်ဝန်း တိုက်တန် အင်ပါယာနှင့်လည်း မဟာမိတ်များအဖြစ် ချိတ်ဆက်ထားခဲ့သည်။
ထိုအချိန်သို့ ရောက်မှ ထာဝရ နတ်ဘုရားမှာ ရှင်းလင်းပြတ်သားသည့် အသိစိတ်ကို တစ်ချို့ကို ပြန်လည် ရရှိလာခဲ့သည်။ သူ လက်သီးဆုပ်ကို ငုံ့ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ ဤပစ္စည်းကို ပုံသေ အာကာသမှတဆင့် ပေါ့ပေါ့ဆဆ သယ်ဆောင်၍မရနိုင်ချေ။ ထိုစိတ်ပျက်ဖွယ် ကန့်သတ်ချက်သာ မရှိပါက သူ ပန်းတိုင်ထံ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်လောက်ပြီ ဖြစ်သည်။ သူ့အဖြစ်ကို မြင်ပါက ထိုလူယုတ်မာမှာ လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်၍ပင် ရယ်မောနေလောက်သည်။
ထာဝရ နတ်ဘုရား၏ အာရုံထဲ၌ ငွေရောင် မျက်လုံးပိုင်ရှင်၏ မျက်နှာမှာ အဆက်မပြတ် ပေါ်လာနေခဲ့၏။ ထိုခွေးမသားမှာ သူ၏ နှစ်ထောင်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့မှုများကို ပြိုကျစေခဲ့သူ ဖြစ်သည်။ ကြယ်ကွင်းပြင်၏ အမှောင်ဆုံးခေတ်ကာလများထဲက စလို့ လက်ဗလာဖြင့် သူ ကြိုးစားခဲ့ရသမျှ အောင်မြင်မှု အားလုံးကို သိမ်းပိုက်သွားခဲ့သူ ဖြစ်သည်။ သူ၏ အစည်းအရုံးမှ စလို့ လောကနယ်မြေ အထိ...။ ပြင်းပြသည့် နာကျင်မှုများကြောင့် ထာဝရ နတ်ဘုရား၏ ခေါင်းက တဆစ်ဆစ် ထိုးကိုက်လာခဲ့၏။
“အား...”
ထာဝရ နတ်ဘုရားက အံသွားများကို တင်းတင်းကြိတ်ကာ အသံကုန် အော်ဟစ်လိုက်သည်။ သို့စေကာမူ... သူ၏ မျက်လုံးများကတော့ အလွန်အမင်း တည်ငြိမ်နေကာ တစ်စုံတစ်ခုကို ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိသာ ထင်ရှားစေသည်။
"ရပ်စမ်း...”
ရုတ်တရက် မိုးကြိုးထစ်ချုန်း သကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ အလွန်ပင် ကျယ်လှသည့်တိုင် တည်ငြိမ်မှု အာရုံတစ်ခုကို သယ်ဆောင်ထားကာ ထာဝရ နတ်ဘုရား၏ အသိစိတ် ပင်လယ်ကို ရေနှင့် ပက်ဖျန်းလိုက်သလိုပင် ဖြစ်သည်။
သို့သော်လည်း ထာဝရ နတ်ဘုရားမှာ မရပ်တန့်ခဲ့ပါ။ မျက်တောင် တစ်ခပ်စာမျှလောက်ပင် မတုန့်ဆိုင်းခဲ့ပါ။ သူက အရှိန်အဟုန်နှင့် ဆက်လက် ပျံသန်းနေဆဲ ဖြစ်သည်။ သူ့ မျက်လုံးများ အတွင်း၌ စက်ဆုပ်ဖွယ် ယောက်ျား နှစ်ယောက်၏ ပုံရိပ်များကိုသာ မြင်ယောင်နေသည်။ သူတို့က နေကြယ်ကို နောက်ခံပြု၍ ရပ်ကာ သူ့ကို လှောင်ပြောင် ရယ်မောလိုသည့် မျက်နှာများနှင့် ကြည့်နေကြသည်။
သို့သော်လည်း... နောက်ထပ် မိုင်ပေါင်း တစ်သောင်းလောက် ခရီးနှင် ပြီးသည်နှင့် အရပ်ရှည်ရှည် မိန်းမကြီး တစ်ယောက်မှာ သူ့ လမ်းကြောင်းကို ပိတ်ဆို့နေကြောင်း ထာဝရ နတ်ဘုရား တွေ့လိုက်ရ၏။
ဘုန်း...
သူမထံမှ လျှို့ဝှက် စွမ်းအင်က အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားကာ ကောင်းကင်နှင့် ဆင်တူသည့် ကြည်လင်သော ဧရာမ နံရံကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။။ ၎င်းမှာ အနည်းငယ်ထိတွေ့ရုံဖြင့်ပင် လောက အတွင်းရှိ သက်ရှိအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပုံ ရသည်။
အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေခဲ့ပါက နံရံကြီးကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ၎င်းမှာ အနန္တ ကုန်းမြေတိုက်ကြီးတွင် သူ ရင်ဆိုင်ခဲ့ရသည့် ကောင်းကင်တံတိုင်းကြီးနှင့် အလွန်အမင်း ဆင်တူ နေသောကြောင့်ပင်။
အဆိုပါ နံရံကြီးမှာ ထာဝရ နတ်ဘုရား၏ လမ်းကြောင်းကို ဟန့်တားရန် အလို့ငှာ ပျံ့နှံ့ ထွက်ပေါ်လာခဲ့ပုံ ရလေသည်။ ထာဝရ နတ်ဘုရား၏ မျက်လုံးများက ထိစပ်လု မတတ် ကျဉ်းမြောင်းသွားခဲ့ကာ အမျိုးသမီးနှင့် ဆယ်မိုင်ခန့် အကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။
“ဒါက ငါ့ကို တားနိုင်မယ်လို့ ထင်လား...”
ထာဝရ နတ်ဘုရားက မေးလိုက်၏။ သူ၏ လေသံက ပြင်းထန်သော ရူးသွပ်မှု၊ အသိစိတ် ကင်းမဲ့မှုများနှင့် ပြည့်နှက်နေလေရာ အမျိုးသမီး၏ ခန္ဓာကိုယ်မှာ မသိမသာ တုန်ရီသွားခဲ့သည်။ ထိုအခိုက်၌ ထာဝရ နတ်ဘုရားမှာ သူခံစားနေရသည့် သတ်ဖြတ်လိုစိတ်များကို အနည်းငယ်ပင် ဖုံးကွယ် မထားခဲ့ပါချေ။
အမျိုးသမီးမှာ မျက်ဝန်း သူငယ်အိမ်များကို ပိုင်ဆိုင်ထားခြင်း မရှိချေ။ ၎င်းတို့၏ နေရာတွင် လှပသည့် အဖြူရောင် ပင်လယ်ပြင် တစ်ခုသာ ရှိလေရာ ၎င်းက လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကို ပေးစွမ်းနေသည်။
“မဟာ ပုရောဟိတ်...”
ထာဝရ နတ်ဘုရားက ရေရွတ်လိုက်၏။ သူ၏ ညာဘက်လက်သီးမှ စိမ့်ထွက်နေသည့် တောက်ပသော အလင်းမှာ ပိုမို၍ ပြင်းထန်လာသည်။
မဟာ ပုရောဟိတ်က ထာဝရ နတ်ဘုရားကို စိုက်ကြည့်ရင်း သူမ၏ စွမ်းအားကို ရုပ်သိမ်းလိုက်သည်။
“ကျွန်မကို မဟာ သူတော်စင်က လွှတ်လိုက်တာ...”
မဖြစ်မနေ လိုအပ်သည့် အခြေအနေ ဖြစ်လေရာ သူမက မဟာ သူတော်စင်၏ အမည်ကို မတွန့်ဆုတ်ဘဲ ထုတ်သုံးလိုက်၏။
“အဲဒီတော့ ဘာဖြစ်လဲ...”
သို့သော်လည်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ထာဝရ နတ်ဘုရားမှာ ထိုနာမည်ကို ကြားပြီး နောက်တွင်ပင် ခံစားချက်ကင်းမဲ့နေခဲ့သည်။
“မင်းတို့က သူ့ကို ကာကွယ်မလို့လား...”
ထာဝရ နတ်ဘုရား၏ လေသံက တစ်ဖန် ပြန်လည်၍ တည်ငြိမ်လာ၏။ သို့သော်လည်း... ၎င်းမှာ အဆုံးစွန်သော ငြိမ်သက်ခြင်း အဆင့်ပင် ဖြစ်ကာ အန္တရာယ် အငွေ့အသက်များက စကားလုံး တစ်လုံးချင်းစီတိုင်းတွင် ပါဝင်နေသည်။
“…”
ထာဝရ နတ်ဘုရား တစ်ယောက် နက်ရှိုင်းသည့် အမှောင်ထုထဲသို့ ကျရောက်နေပြီ ဖြစ်ကြောင်း မဟာ ပုရောဟိတ်သည် ချက်ချင်းပင် သဘောပေါက်လိုက်သည်။
“မင်းရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေဟာ လောကထဲကို စိမ့်ဝင်နေပြီ... အခု ရှင်က ကိုယ်ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထက် ပိုတဲ့ စွမ်းအားတွေကို ကိုင်တွယ်ဖို့ ကြိုးပမ်းနေတာ... ရှင့်အသက်ကို ကာကွယ်ဖို့နဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ဖို့ မဟာသူတော်စင်က ကျွန်မကို တာဝန်ပေးထားတယ်...”
မဟာ ပုရောဟိတ်က ဆိုလိုက်၏။ သူမ၏ စကားလုံးများမှာ ပြေပြစ်သော်လည်း ခံစားချက်ကင်းမဲ့နေသည်။
“ဟား ဟား...”
ထာဝရ နတ်ဘုရားက ခါးသီးစွာ ရယ်မောလိုက်၏။ ထို့နောက် သူက ဘယ်ဘက်လက်ကို နောက်ပစ်ရင်း တည်ငြိမ်စွာပင် ပြောလိုက်သည်။
“နင် လုပ်စရာရှိတာ လုပ်ပါ...”
***