← Chapters

ဦးတည်ရာ (၂)

Vol. 105 Ch. 1460

ဦးတည်ရာ (၂)

Vol. 105 Ch. 1460

“နင် လုပ်စရာရှိတာ လုပ်ပါ...”

ထာဝရ နတ်ဘုရားက မဟာ ပုရောဟိတ်ကို ကြည့်ရင်း တည်ငြိမ်စွာ ဆိုလိုက်၏။ နှစ်ပေါင်း သောင်းနှင့်ချီ အသက်ရှင်သန်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ့ လုပ်ရပ်များ၏ အကျိုးဆက်ကို မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ သို့သော်လည်း... ထာဝရ နတ်ဘုရားမှာ သူ့ပန်းတိုင်ကို သူ သိသည်။ အကယ်၍ မဟာ သူတော်စင်ဘက်က တားဆီးဖို့ ကြိုးပမ်းမည် ဆိုလျှင်ပင် သူ့ဘက်က ရှေ့ဆက်တိုးမည် ဖြစ်သည်။

“ထာဝရ နတ်ဘုရား... ဒီလမ်းကြောင်းက ပြန်လှည့်လို့ မရဘူး ဆိုတာ ရှင်သိမှာပါ... တကယ်လို့ ရှင် အဲဒီ လမ်းကြောင်းကို ဆက်လျှောက်ချင်တယ် ဆိုရင် မဟာ သူတော်စင်က ထာဝရသော့ကို ပေးခဲ့ရမယ်လို့ ပြောတယ်...”

မဟာ ပုရောဟိတ်က လိုရင်းကိုသာ ဆိုလိုက်၏။ သူမက ထာဝရ နတ်ဘုရားကို နောက်တစ်ကြိမ် ထပ်မံ ဖျောင်းဖျဖို့ ကြိုးစားခြင်း မပြုပါချေ။ သူမ၏ တာဝန်နှင့် ဝတ္တရားက ကုန်ပြီ ဖြစ်သည်။

“ဆိုတော့ ဒါက မင်းတို့ရဲ့ ရည်ရွယ်ချက်ပေါ့... ဟား... ဟား... မင်းတို့က အဲဒီ ခွေးမသားကို ထာဝရသော့ပါ ပေးချင်တာလား...”

ထာဝရ နတ်ဘုရားက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ တစ်ချိန်လုံး တည်ငြိမ်နေခဲ့သည့် သူ၏ မျက်လုံးများမှာ အန္တရာယ်ရှိသည့် ရူးသွပ်မှု အလင်းတန်းများကို ပြန်လည် ထုတ်လွှတ်လာခဲ့လေ၏။

“ဒါက အစတည်းက မင်းတို့ရဲ့ အစီအစဉ်ပေါ့ ဟုတ်လား... ဟား ဟား... ငါပိုင်သမျှ အရာအားလုံးကို သူ့ကို ပေးမယ်ပေါ့... တစ်ကြိမ်ပြီး တစ်ကြိမ်... တစ်ကြိမ်ပြီး နောက်တစ်ကြိမ်... ဟား ဟား...”

ရူးသွပ်ခြင်းက ထာဝရ နတ်ဘုရား၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများထဲ၌ ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ငွေရောင်မျက်လုံးပိုင်ရှင် ခွေးမသားများနှင့် ဖြည်းဖြည်းချင်း ပူးပေါင်း နေခဲ့သည်။ သူတို့က သူ ပျက်သုဉ်းရေးကို အားသွန်ခွန်စိုက် ကြိုးပမ်း နေကြသည်။

“ပုလင်းတူ ဗူးစို့တွေ... မင်းတို့ အားလုံး အတူတူပဲ...”

ထာဝရ နတ်ဘုရားက ညာဘက်လက်သီးကို ပိုမိုတင်းကြပ်စွာ ဆုပ်လိုက်၏။ လောကချည်နှောင်လှိုင်း ကြယ်တာရာ နယ်မြေ တစ်ခုလုံး တဟုန်းဟုန်း တုန်ရီလာခဲ့သည်။

“…”

မဟာ ပုရောဟိတ်မှာ ထာဝရ နတ်ဘုရားကို ကြည့်ကာ စတင်ကာ ထိတ်လန့် တုန်လှုပ်လာခဲ့၏။ မသိလိုက်ခင်မှာပင် သူမမှာ နောက်သို့ စတင်ကာ ဆုတ်နေမိပြီ ဖြစ်သည်။ ထာဝရ နတ်ဘုရား၏ သတ်ဖြတ်လိုမှု အော်ရာမှာ သူမလို မြေကြီးရှန့်ထို တစ်ပါးကိုပင် ဒူးထောက်စေဖို့ လုံလောက်ပေသည်။ သူမက သတ္တိများကို ပြန်လည် စုစည်းလိုက်ရင်း...

“ထာဝရ နတ်ဘုရား... ရှင် မှားနေပြီ... မဟာ သူတော်စင်က ဒါကို အထွေထွေ အတွင်းရေးမှူး စန်းလော့ယန်ဆီ ပေးမှာပါ... ဝေ့ဝူယင်ဆီကို ရောက်သွားမှာ စိုးလို့ ကျွန်မ ဒီကို လိုက်လာခဲ့တာ... အမြင်မကွယ်ပါနဲ့... မဟာ သူတော်စင်သာ ရှင့်ဆီက အဲဒါကို လိုချင်တယ် ဆိုရင် ရှင့်မှာ တုံ့ပြန်နိုင်စွမ်းတောင် ရှိပါ့မလား... နောက်ပြီး ထာဝရ အစည်းအရုံး တစ်ခုတည်းကပဲ ထာဝရသော့ကို သုံးနိုင်ပါတယ်... ရှင် ကိုယ်တိုင်လည်း ဒါကို သိတာပဲ မလား”

“…”

ထာဝရ နတ်ဘုရားမှာ တစ်ခဏမျှ တိတ်ဆိတ် သွားခဲ့၏။ နောက်ဆုံး၌ သူ၏ အော်ရာများက တဖြည်းဖြည်းချင်း ပြန်လည်၍ လျော့ကျသွားခဲ့သည်။ သူကိုယ်တိုင်သည်လည်း မျှော်လင့်မထားသည့် ကိစ္စများ ပေါ်ပေါက်လာပါက ထာဝရသော့ကို ရန်သူလက်ထဲ ပေးအပ်လိုက်ရမှာ မလိုလားပါချေ။

ထာဝရ နတ်ဘုရား၏ တုန့်ပြန်ပုံကို ကြည့်ရင်း မဟာ ပုရောဟိတ်က ရှေ့ကို တစ်ဆင့် ထပ်တိုးဖို့ ကြိုးစားလိုက်၏။

“မဟာ သူတော်စင်က ထာဝရသော့ကို စန်းလော့ယန်ရဲ့ လက်ထဲ ထည့်ပေးမယ်လို့ လျှို့ဝှက် ကျိန်စာ ကျိန်ဆိုထားပြီးပြီ... တကယ်လို့ လိုအပ်တယ်လို့ ခံစားရရင် ကျွန်မ ကိုယ်တိုင်ပါ သက်သေ အနေနဲ့ ကျိန်ဆိုပေးမယ်”

“…”

ထာဝရ နတ်ဘုရားမှာ မဟာ ပုရောဟိတ်ကို စိုက်ကြည့်နေခဲ့၏။ သူ၏ မျက်ဝန်းများက “ဒါဆိုလည်း ကျိန်လေ” ဟု ပြောနေသယောင်ပင်။

မဟာ ပုရောဟိတ်မှာ ထိုအရာကို စိတ်အနှောင့်အယှက် ဖြစ်ဟန် မရပဲ ကောင်းကင်တာအိုကို တိုင်တည်ကာ ထာဝရသော့ကို စန်းလော့ယနထေံ ပေးအပ်မည်ဖြစ်ကြောင်း ကျိန်ဆိုလိုက်သည်။ ထို့နောက်တွင်တော့ ထာဝရ နတ်ဘုရား၏ မျက်လုံးများက ပြေလျော့သွားကာ ရူးသွပ်ခြင်းများမှာလည်း တဖြည်းဖြည်း ပြန်လည် နောက်ဆုတ် သွားခဲ့သည်။ ထို့နောက် သူက ဘယ်ဘက်လက်ကို ဝှေ့ယမ်းကာ သန့်စင်သည့် အဂ္ဂိရတ်စွမ်းအင်များအား ထုတ်လွှတ်နေသော ခုနစ်ရောင်ခြယ် အရိုးခေါင်းသော့ကို မဟာ ပုရောဟိတ်ထံ လွှဲပြောင်း ပေးလိုက်သည်။

ထာဝရသော့...

ထာဝရသော့မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကျင်းပမည့် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ အကယ်၍ ထိုသော့မရှိပါက နတ်ဘုရား အင်ပါယာနှင့် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်တို့ပင် ထိုအတွင်းကို ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပါချေ။ အကယ်၍ ထိုသော့ကို ဝေ့ဝူယင်ထံတွင်သာ ဆုံးရှုံးလိုက်ရပါက ဖြစ်ပေါ်လာနိုင်သည့် အရှုပ်အထွေးများမှာ စိတ်ကူးယဉ်လို့ပင် မရနိုင်ပါချေ။

မဟာ ပုရောဟိတ်က ထာဝရ သော့ကို ဂရုတစိုက် အိတ်ထဲထည့်ကာ သိမ်းဆည်းလိုက်သည်။ သူမက ထွက်ခွာတော့မလို ဟန်ပြင်လိုက်ပြီးမှ ထာဝရ နတ်ဘုရားကို တစ်ချက် လှည့်ကြည့်လိုက်သည်။

“ထာဝရ နတ်ဘုရား... တစ်ချိန်တစ်ခါတုန်းက ရှင်ရဲ့ လုပ်ရပ်တွေက လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီးပါပြီ... နောက်ပြီး အခု ရှင်သွားနေတဲ့ လမ်းကြောင်းရဲ့ အကျိုးဆက်တွေကို မဟာ သူတော်စင်တောင် နားလည်ဖို့ ခက်ခဲလွန်းတယ်... ဒီနေ့ ရှင် ဒုက္ခမရောက်ရအောင် နောက်ဆုတ်ဖို့ အကြံပေးချင်ပါတယ်။”

ထိုကဲ့သို့ ပြောပြီးနောက် မဟာ ပုရောဟိတ်မှာ အလင်း အမှုန်အမွှားများ အဖြစ် ပြောင်းလဲကာ မြင်ကွင်းမှ တောက်ပစွာ ပျောက်ကွယ်သွားခဲ့တော့၏

“…”

ထာဝရ နတ်ဘုရားမှာ စက္ကန့် အနည်းငယ်ကြာအောင် ဆက်လက်၍ ရပ်နေမိခဲ့၏။ သို့သော်လည်း မကြာမီမှာပင် သူ မူလ လမ်းကြောင်းကိုပင် ဆက်လက်၍ ပျံသန်းလိုက်သည်။ သူ၏ ဦးတည်ရာကတော့ အာရုဏ်ဦး ကြယ်တာရာနယ်မြေပင်။

“အရင်တုန်းက အမှားမျိုး ငါ ထပ်မလုပ်တော့ဘူး... ဒီနေ့ သူ သေကို သေရမယ်...”

....

လျှို့ဝှက်တိတ်ဆိတ်စွာပင် လောကကြီး တစ်ခုလုံးမှာ အော်ဟစ် မြည်ဟီးကာ တုန်ခါလျက် ရှိ၏။

ချိပ်ပိတ်နယ်မြေ အတွင်း၌ လူအနည်းငယ်သာလျှင် ထိုအပြောင်းအလဲကို သတိထား ခံစားမိလိုက်ကြလေသည်။

...

ကြယ်တာရာမိုး အသိုက်အတွင်း၌ ထူးဆန်းသော မျက်နှာပြင် ကွဲအက်ကြောင်းထံမှ အသံတစ်ခု လှိုင်းထန် လာခဲ့သည်။

“စိတ်ဝင်စားစရာပဲ...”

မကြာခင်မှာပင် ရေခဲ မျက်နှာပြင်ထံ ထုနှက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့တော့သည်။

...

ရှေးဟောင်း ကောင်းကင် နယ်မြေ အတွင်း၌...

စန်းယွန်းလီမှာ တပလ္လင်ခွေ ထိုင်ကာ အာရုဏ်ဦး နေကြယ်မျိုးစေ့ ဆေးလုံးကို ကြိုးစားပမ်းစား သန့်စင်နေခဲ့သည်။ တစ်ချိန်တည်းတွင် ခုနစ်ရောင်ခြယ် အလင်းမြူခိုးများမှာ သူမ၏ ခန္ဓာကိုယ် ဒွါရပေါက်များမှ တစ်ဆင့် ထွက်ပေါ်နေခဲ့၏။ မိန်းကလေးမှာ ဆေးလုံးကို သန့်စင်နေသည့် တစ်ချိန်တည်းတွင်ပင် အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များကိုပါ ခန္ဓာကိုယ် အပြင်သို့ ထုတ်လွှတ်နေခြင်း ဖြစ်သည်။

“အရူးကောင်...”

ရုတ်တရက် စန်းယွန်းလီ၏ အသိစိတ် ပင်လယ်ထဲရှိ ရှေးဟောင်း ဝိညာဉ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူမ ခံစားနေရသော ဒေါသနှင့် ထိတ်လန့်မှုများက စန်းယွန်းလီ၏ အသိစိတ် ပင်လယ်ထဲသို့ စိမ့်ဝင်သွားလေရာ လောကီ ပြန်လည် မွေးဖွားသူလေးမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီကာ မြေပြင်ပေါ် လဲကျသွားခဲ့တော့၏။

“ရှင် ဘာလုပ်လိုက်တာလဲ...”

စန်းယွန်းလီ အားနည်းနေသည့် ကြားမှပင် ဆေးလုံး သန့်စင်မှုကို ချိပ်ပိတ်လိုက်ရင်း ဒေါသတကြီး မေးလိုက်၏။ သို့သော်လည်း ရှေးဟောင်း ဝိညာဉ်ကတော့ သူမ၏ အခြေအနေကို သတိထားမိဟန် မရသလို သူမ၏ မေးခွန်းကိုလည်း ကြားဟန် မရပါချေ။ ၎င်းမှာ အဝေးတစ်နေရာကိုသာ ဒေါသတကြီး လှမ်း၍ ကြည့်ရှုနေဟန် ရလေ၏။

...

နဂါးငွေ့တန်း ကြယ်ကွင်းပြင်၊ အနန္တ တာအို နန်းတော် လျှို့ဝှက်နယ်မြေ အတွင်း၌...

ဝမ်ယုထျန်း၏ မျက်ဝန်းများမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အဝေးတစ်နေရာထံ စူးစိုက်ကာ ကြည့်နေခဲ့၏။ ရုတ်တရက် သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ဒေါသတကြီး ရေရွတ်လိုက်လေသည်။

"လူမိုက်ကောင်... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

တစ်ခဏ အတွင်းမှာပင် သူ့ နှလုံးသားထဲ၌ မမေ့နိုင်စရာ အမှတ်တရ များစွာ ပြန်လည်၍ ပေါ်ထွက်လာ၏။ သူ အံသွားများကို တင်းတင်းကြိတ်လိုက်ရင်း မသိစိတ်ကပင် တုန်ယင်သွားခဲ့သည်။

"အဲ့ဒါကြီးသာ နိုးလာခဲ့ရင်..."

ဆက်လက်၍ စောင့်ကြည့်ရင်း ဝမ်ယုထျန်း တစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေခဲ့မိလေ၏။

ဝှစ်...

အပြောကျယ်လှသော အမှောင် ဟင်းလင်းပြင် အတွင်းတွင် ထူးဆန်းသော နေရာများ၌ လှိုင်းများ စတင်ကာ ပေါ်ပေါက်လာခဲ့လေသည်။ လောကကြီး၏ ဆင့်ခေါ်သံကို ပြန်လည် တုံ့ပြန်နေသကဲ့သို့ တစ်စုံတစ်ရာမှာ စတင်ကာ လှုပ်ရှားလာခဲ့လေ၏။

***

All Chapters