ဒဏ္ဍာရီတစ်ခု နိုးထလာခြင်း (၂)
Vol. 105 Ch. 1463
ဘုန်း...
ထာဝရ နတ်ဘုရားထံမှ ကြောက်မက်ဖွယ် လျှို့ဝှက် အော်ရာများမှာ ပေါက်ကွဲကာ ထွက်ပေါ်လာ၏။ လောကကိုပင် ပုံပျက်စေနိုင်စွမ်း ရှိသည့် မန်နာလှိုင်းများမှာ နေရာအနှံ့ကို စိမ့်ဝင်သွားခဲ့သည်။ ထာဝရ နတ်ဘုရား၏ ခန္ဓာကိုယ်က အလွန် လျင်မြန်သော အရှိန်အဟုန်နှင့် အတူ သတ္တဝါကြီးကို ကွေ့ပတ်ကာ ရှောင်တိမ်းဖို့ ကြိုးပမ်းလိုက်၏။ ၎င်းမှာ သူ့ကို စက္ကန့်အနည်းငယ် နှောင့်နှေးစေနိုင်သော်လည်း ကွေ့ပတ် သွားခြင်းမှာ တိုက်ရိုက်ရင်ဆိုင် ဖြတ်သန်းခြင်းထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပေသည်။
"ဟမ်..."
ရုတ်တရက် ထာတရ နတ်ဘုရားမှာ သူ့အရှေ့ရှိ ပုံသေ ဟင်းလင်းပြင်က ကွေးညွှတ်သွားသလို ခံစားလိုက်ရကာ ရေတံခွန်ကဲ့သို့ လှိုင်းလုံးတစ်ခုမှာ မမှားယွင်းနိုင်သည့် တိကျမှုမျိုးဖြင့် သူ့အပေါ်သို့ ပြိုကျလာခဲ့၏။ ဧရာမ အမြီးကြီး တစ်ခုမှာ ဂြိုဟ်တစ်လုံးကို အမှုန့်ချေပစ်နိုင်သည့် ခွန်အားမျိုးဖြင့် သူ့ထံ ကျဆင်းလာနေသည်ကို ထာဝရ နတ်ဘုရား ချက်ချင်းပင် သိရှိလိုက်သည်။
ပထမတစ်ကြိမ်တုန်းကလိုပင် သူက ခြေထောက်များကို ညင်သာစွာ ဖိချလိုက်၏။ မန်နာများက ချက်ချင်းပင် မာကြောသွားကာ ကျောက်ဖြာတစ်ခုသဖွယ် ပြောင်းလဲ သွားခဲ့သည်။ ထာဝရ နတ်ဘုရားက ထိုမန်နာများကို အခြေခံအဖြစ် အသုံးပြုကာ ခုန်ထွက်လိုက်ရင်း အမြီးရိုက်ချက်ကို ရှောင်တိမ်းလိုက်၏။ ထို့နောက် သူက အခြား အရပ်မျက်နှာ တစ်ခုကို ဦးတည်ကာ လမ်းကြောင်းကို ပြောင်းလဲ လိုက်ပြန်သည်။ သတ္တဝါကြီးအား ရှောင်တိမ်းသွားရန် သူ၏ ရည်ရွယ်ချက်မှာ ယခုတိုင် မပြောင်းမလဲ ရှိနေသေးဆဲ ဖြစ်သည်။
ဝှစ်...
"ဘာလဲ..."
ထာဝရ နတ်ဘုရားမှာ နောက်တစ်ကြိမ် အံ့ဩသွားခဲ့သလို ဒေါသလည်း ထွက်လာခဲ့၏။ အဘယ်ကြောင့်နည်း။ မမြင်နိုင်သည့် နောက်ထပ် အမြီးရိုက်ချက်တစ်ခုမှာ သူထံသို့ ရောက်ရှိလာခဲ့သောကြောင့်ပင်။
ဘုန်း...
ထာဝရ နတ်ဘုရားက ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် လှည့်ပတ်လိုက်ရင်း မန်နာ ကျောက်ဖြာကို ဖန်တီးကာ မယုံကြည်နိုင်လောက်စရာ အရှိန်အဟုန်မျိုးနှင့် ထပ်မံ ရှောင်တိမ်းလိုက်ပြန်သည်။
ဝှစ်... ဝှစ်...
သူ၏ ကြိုးစားမှု နောက်ထပ် နှစ်ကြိမ်မှာလည်း အလားတူပင် တိကျစွာ ပိတ်ဆို့မှုမျိုးနှင့် ရင်ဆိုင်လိုက်ရသည်။ ပတ်ဝန်းကျင်ကို သတိထားမိသော အခိုက်၌ အာရုဏ်ဦး ဖီဆန် နေကြယ်နှင့် ပိုမို၍ ဝေးကွာလာနေသည်ကို သူ တွေ့ရှိလိုက်ရ၏။
ထာဝရ နတ်ဘုရား နောက်ပြန်ဆုတ်ကြည့်လိုက်သည်။ ထိုအခါ... သတ္တဝါကြီးမှာ ရှေ့ဆက်တိုးလာခြင်း မရှိပဲ ငြိမ်သက်စွာပင် ရှိနေခဲ့သည်။ ထာဝရ နတ်ဘုရား၏ မျက်ဝန်းများထဲ၌ မထီမဲ့မြင် အလင်းတန်များ ဖြစ်ပေါ်လာကာ ခန့်ညားစွာ ရပ်လိုက်၏။
“မင်းက ငါ့ကို တားနေတာလား...”
တည်ငြိမ်စွာ မေးလိုက်သော်လည်း သူ့ နှလုံးသားကတော့ ဒေါသများနှင့် ပွက်ပွက်ဆူ နေခဲ့ပြီ ဖြစ်သည်။ ဤသတ္တဝါကြီးမှာ ဝေ့ဝူယင်၏ ထိန်းချုပ်မှုအောက်မှ ကျွန်တစ်ကောင် ဟုတော့ သူ မယုံကြည်ပါချေ။ ဖြစ်စရာ အကြောင်းလည်း မရှိချေ။ ၎င်းမှာ ချိပ်ပိတ်နယ်မြေ၏ အမှောင်မိုက်ဆုံးခေတ်များ ကတည်းက တည်ရှိနေခဲ့သည့် ဟင်းလင်းပြင် သတ္တဝါကြီး တစ်ကောင် ဖြစ်သည်။ သူ သိရှိထားသလောက် ၎င်းမှာ အသိဉာဏ် ကင်းမဲ့ကာ ထိန်းချုပ်၍ မရနိုင်သည့် သက်ရှိတစ်ကောင်ပင်။ ၎င်း၏ ရည်ရွယ်ချက်ကို ဆုံးဖြတ်ရန် အလွန်ခက်ခဲလှကာ ထာဝရ ကြယ်တာရာ နယ်မြေ ကို ဖျက်ဆီးခဲ့သည့် ကြယ်တာရာ ဝါးမြိုသူ ထန်ဂူနှင့်ပင် ဆင်တူသည်ဓ။
သို့သော်လည်း... ယခုတွင်တော့ ထိုသတ္တဝါကြီးမှာ သူ့ကို ရှေ့မဆက်နိုင်အောင် တားဆီး နေခဲ့ပြီ ဖြစ်သည်။ ခြားနားသည့် လမ်းကြောင်း တစ်ခုမှ ပတ်သွားဖို့ ကြိုးပမ်းလျှင်ပင် ၎င်းမှာ သူ့ ရည်ရွယ်ချက်များကို ရိပ်မိပုံ ပေါ်ကာ အမြီးဖြင့် ပြင်းထန်စွာ ရိုက်ခတ် တားဆီးခဲ့သည်။ အကယ်၍ သူသည် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ စံနှုန်းများအရ သာမန် မြေကြီးရှန့်ထို တစ်ဦးသာ ဖြစ်ပါက ယခုအချိန်တွင် ထိုသတ္တဝါကြီး၏ လက်ချက်ဖြငပ် သေဆုံးပြီးသားပင် ဖြစ်ပေလိမ့်မည်။
“ဘာလို့လဲ...”
ထာဝရ နတ်ဘုရား၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ သမိုင်းမတင်မီ ခေတ်ကတည်းက တည်ရှိခဲ့သည့် ဤရှေးဟောင်းသတ္တဝါကြီးက လောကချည်နှောင်လှိုင်း ကြယ်ကွင်းပြင်၏ အစွန်းတွင် သူ့အား အဘယ်ကြောင့် ဟန့်တားနေရသည်ကို ထာဝရ နတ်ဘုရား နားမလည်နိုင်ပါချေ။ ထိုမေးခွန်းမှာ သူ၏ ဝိညာဉ်ထဲတွင် အဖြေမရဘဲ ပျံ့လွင့်နေခဲ့၏။ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ ပိုမို၍ အေးစက် လာနေခဲ့၏။ သူ ပိုမို၍ တုန့်နှေးလေလေ ဝေ့ဝူယင်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန်ပိုရလေလေ ဖြစ်သည်။
မဟာ သူတော်စင်က ထိခိုက် ပျက်စီးမှုများ မဖြစ်စေရန် အချိန်မီ နောက်ပြန်ဆုတ်ပါဟု မဟာ ပုရောဟိတ်ထံမှ တစ်ဆင့် သတင်းစကား ပါးခဲ့သည်။ သူ မဟာ သူတော်စင်ကို မယုံကြည်နိုင်ခြင်း မဟုတ်ချေ။ ထိုတည်ရှိမှုကို အတိုင်းအတာတစ်ခုအထိ သူ ယုံကြည် နိုင်သည့်တိုင် မဟာ ပုရောဟိတ် ကိုတော့ လုံးဝ စုံလုံးမှိတ် မယုံကြည်နိုင်ပါချေ။ ထိုကောက်ကျစ်သည့် မျက်လုံးဖြူ မိန်းမမှာ ရွှေရောင် ဂိတ်တံခါး နန်းတော်ကို မဝင်ရောက်မီကတည်းက စိတ်ဓာတ်ယုတ်ညံ့ကာ ကိုယ်ကျိုးရှာတတ်သူဖြစ်သည်။ သူမက သူ၏ ခန္ဓာကိုယ်တွင် အမှတ်အသားတစ်ခုကို မသိမသာ ချန်ရစ်ကာ သတ္တဝါကြီးအား ဆွဲဆောင်ခဲ့ခြင်း မရှိဟု မည်သူမှ အာမမခံနိုင်ပါချေ။ ထိုမိန်းမနှင့် ဝေ့ဝူယင်တို့ နှစ်ယောက်က တစ်ကြိတ်တည်း တစ်ဉာဏ်တည်း ဖြစ်နေနိုင်ပေသည်။
ထိုအရာက ခံစားချက်ပေါ် အခြေခံသည့် မှတ်ချက် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ပိုမို၍ တွေးလေလေ ပိုမို ဖြစ်နိုင်ခြေရှိလေလေဟု ထာဝရ နတ်ဘုရား ခံစားနေရသည်။ သတ္တဝါကြီးမှာ သူ မဟာ ပုရောဟိတ်နှင့် တွေ့ဆုံးပြီး နောက်တွင်မှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သတ္တဝါကြီးမှာ သူ့ကို သတ်ရန် ကြိုးစားနေခြင်း မဟုတ်ချေ။ အာရုဏ်ဦး ကြယ်တာရာနယ်မြေထံ သွားမည့် လမ်းကြောင်းကိုသာ တားဆီးဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
ထိုအချက်အလက် အားလုံးကို ပေါင်းစပ်လိုက်ပါက ဝေ့ဝူယင်နှင့် မဟာ ပုရောဟိတ်တို့ နှစ်ယောက် ပူးပေါင်းကြံစည်ခဲ့သည်ဟု ယူဆခြင်းမှာ ဖြစ်နိုင်ခြေရှိသော ကောက်ချက်တစ်ခုဖြစ်သည်။
အကယ်၍ ချိပ်ပိတ်နယ်မြေ အတွင်း၌ ထိုသတ္တဝါကြီးကို ထိန်းချုပ်နိုင်သည့် အင်အားစု တစ်ခု ရှိခဲ့မည် ဆိုလျှင် ၎င်းတို့မှာ ရွှေရောင် ဂိတ်တံခါး နန်းတော် နှင့် အာကာသ ဝေဟင်ဂိုဏ်းတို့ပင် ဖြစ်သည်။ အာကာသ ဝေဟင်ဂိုဏ်မှော လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း လုံးဝ တိတ်ဆိတ်နေခဲ့သည်ကို ထည့်သွင်းစဉ်းစားပါက ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ဖြစ်နိုင်ခြေ ပိုများပေသည်။
“ကောင်းပြီလေ... မင်းကို ငါ အရင် ရှင်းရတာပေါ့...”
ထိုသတ္တဝါကြီးထံတွင် အမျိုးမျိုးသေ အာကာသ အလွှာများ အကြား တိတ်ဆိတ်စွာနှင့် လျင်မြန်စွာ ဖြတ်သန်းနိုင်သည့် မွေးရာပါ စွမ်းအားတစ်ခု ရှိကြောင်း ထာဝရ နတ်ဘုရား သိရှိပြီး ဖြစ်သည်။ တိုက်ခိုက်မှု ပြုလုပ်စဉ် ပုံသေ အာကာသကို ချိုးဖောက်နေခြင်းကြောင့်သာ မဟုတ်ပါက ၎င်းအား သတိပြုမိရန်မှာ အလွန်ခက်ခဲပြီး အမြန်နှုန်းမှာလည်း ပြိုင်ဘက်ကင်းလှသည်။
သတ္တဝါကြီး၏ စွမ်းအားကို နားလည်ထားသူ တစ်ယောက် အနေဖြင့် ၎င်းကို ကျော်ဖြတ်ဖို့ ကြိုးစားခြင်းမှာ အလွန် မိုက်မဲသည့် လုပ်ရပ် တစ်ခု ဖြစ်ကြောင်း ထာဝရ နတ်ဘုရား သိသည်။ အထူးသဖြင့်... သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ပစ္စည်းကြောင့် အာကာသ ရွှေ့ပြောင်းခြင်း စွမ်းအားကို အသုံးမပြုနိုင်ခြင်းမှာလည်း အားနည်းချက် တစ်ရပ် ဖြစ်သည်။
အလင်းစများ ရုန်းကြွထွက်ပေါ်နေသည့် ညာဘက်လက်ကို ငုံ့ကြည့်ရင်း ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ သတ်ဖြတ်လိုသော ဆန္ဒများနှင့် ပိုမို ပြည့်နှက်လာခဲ့၏။ ထိုသတ္တဝါကြီးကြောင့် အနိုင်ရမည့် ဝှက်ဖဲတစ်ခုကို သူ ဖြုန်းတီးရတော့မည် ဖြစ်သည်။ ထိုအတွေးက ဒေါသထွက်စရာ ကောင်းလှသည့်တိုင် သူ မတွန့်ဆုတ်ခဲ့ပါချေ။
ဟူး... ဟူး...
ရုတ်တရက် အလင်း၊ မန်နာ၊ မြေဆွဲအား၊ အာကာသနှင့် အချိန် စွမ်းအင်များမှာ ထာဝရ နတ်ဘုရား၏ ပတ်ပတ်လည်တွင် စတင် ဝန်းရံထားကာ လှိုင်းထန်ခြင်း၊ ကွေးညွှတ်ခြင်းနှင့် တွန့်လိမ်ခြင်း အစရှိသဖြင့် ထူးဆန်းသော ဖြစ်စဉ်များမှာ စတင်ကာ ဖြစ်ပေါ်လာခဲ့၏။
အဂ္ဂိရတ် ရှန့်ထို တစ်ဦးအနေဖြင့် ထာဝရ နတ်ဘုရား၏ အစစ်အမှန် စွမ်းအားမှာ ထိပ်တန်း မြေကြီး ရှန့်ထိုများ အကြားတွင် အမြဲတမ်းလိုလို လျစ်လျူရှုခံခဲ့ရသည်။ သူက အများသူငါ၏ ရှေ့တွင် အခြားလူများနှင့် တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဖူးသလို သူ ကျင့်ကြံထားသည့် ခွန်အားကိုလည်း တစ်ခါမှ အပြည့်အဝ ထုတ်မသုံးခဲ့ဖူးချေ။
အမှောင် ကြယ်တာရာခေတ်၏ ရက်စက် ကြမ်းကြုတ်မှု၊ ရုန်းကန်ရမှုနှင့် အဆုံးမဲ့ သတ်ဖြတ်မှုများကို လူအများ မေ့လျော့နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုခေတ်ကာလများတွင် လူသတ်ခြင်းမှာ နေရာတကာ၌ ထမင်းစား ရေသောက်လို ဖြစ်ပေါ်နေခဲ့ကာ ကြယ်ကွင်းပြင်များ၏ လူဦးရေများမှာလည်း ယနေ့ထက်ထိတိုင် ပြန်လည် နာလန်မထူနိုင်လောက်အောင် ဆိုးရွားလွန်းလှသည့် လျော့ကျမှုမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုကာလများ၏ ဆိုးရွားမှုသည်ကား နားနှင့် မဆံ့လောက်အောင်ပင် ဖြစ်သည်။
အဂ္ဂိရတ် ပညာရှင်များအား အလေးထားမှု မရှိပဲ၊ ခေါင်းပုံဖြတ် အနိုင်ကျင့်ဖို့သာ ဦးတည်နေခဲ့သော ထိုခေတ်တွင် ထာဝရ နတ်ဘုရားမှာ မည်သူ တစ်ဦးတစ်ယောက်၏ အကူအညီမျှ မပါဘဲ ချိပ်ပိတ်နယ်မြေ၏ နံပါတ်တစ် အဂ္ဂိရတ် အစည်းအရုံးကို တည်ထောင်ခဲ့သည်။ ထိုအဖွဲ့အစည်းမှာ အဂ္ဂိရတ် တာအို အပေါ် မည်သူမျှ စိတ်ကူးမယဉ်ခဲ့ဖူးသည့် အဆုံးစွန်သော လေးစားမှုများကို ရရှိစေခဲ့သည်။ အမြင့်ဆုံးသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ခဲ့သည်။
“ဘယ်လောက်တောင် ကြာခဲ့ပြီလဲ...”
ထာဝရ နတ်ဘုရားက သူ့လက်များကို ငုံ့ကြည့်ရင်း တွေးလိုက်မိ၏။ ကြာခဲ့လေပြီ။ အလွန် ကြာမြင့်ခဲ့လေပြီ။ ထိုအဖြစ်အပျက်များနှင့် အတူ သူ မတိုက်ခိုက်ခဲ့သည့် အချိန်ကာလများမှာလည်း ကြာလွန်းခဲ့လေပြီ။
ဘုန်း...
ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခု ပဲ့တင်ထပ်လာကာ ထာဝရ နတ်ဘုရားပတ်ပတ်လည်တွင် လျှို့ဝှက် သင်္ကေတပေါင်း သောင်းနှင့်ချီ ပေါ်ပေါက်လာခဲ့၏။ ပုံသေ အာကာသမှာ ဘေးသို့ တွန်းဖယ် ခံလိုက်ရကာ လျှို့ဝှက် ပုန်းကွယ်နေသည့် နေရာကို တူးဖော်ခံလိုက်ရသည့် အလား သတ္တဝါကြီး၏ ပုံရိပ်မှာ ပိုမိုရှင်းလင်းလာခဲ့သည်။
တစ်… နှစ်… လေး…
မတူညီသည့် လျှို့ဝှက် သင်္ကေတများ၏ အရေအတွက်မှာ ဆက်လက်၍ တိုးတက်လာနေခဲ့၏။
ငါး... ခြောက်...
ရှစ်...
ကိုး...
ကိုးခု...
ထာဝရ နတ်ဘုရားက အလင်းတန်းများနှင့် တောက်ပနေသည့် လက်သီးကို နောက်ကျောဘက်သို့ ပို့လိုက်၏။ သူ၏ မျက်လုံးများက အကြိမ်ကြိမ် အခါခါ လေ့ကျင့်ထားသည့် ထိပ်တန်း တိုက်ခိုက်ရေး သမား တစ်ဦး၏ ငြိမ်သက်မှုမျိုးကို ဖော်ပြနေသည်။
အကယ်၍ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း မြေကြီးရှန့်ထို စာရင်း၌ ထာဝရ နတ်ဘုရားက သူ့ကိုယ်သူ ဒုတိယဟု ကြွေးကြော်ခဲ့လျှင် မည်သူမှ သူတို့ကိုယ် သူတို့ ပထမဟု ဝင့်ကြွားရဲလိမ့်မည် မဟုတ်ပါချေ။ ဝိညာဉ် ရှန့်ထို ဧကရာဇ်၊ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်နှင့် အင်ပါယာ အကြံပေးတို့ပင်လျှင် ချွင်းချက် မဟုတ်ပါချေ။
ဘုန်း...
ထာဝရ နတ်ဘုရားက စတင်ကာ ရွေ့လျားလိုက်၏။ သူ၏ ခန္ဓာကိုယ်က တောက်ပသည့် အလင်းတန်းများကို ထုတ်လွှတ်နေကာ အောက်တည့်တည့်သို့ ဦးတည် ရွေ့လျားရင်း လက်သီးကို ထိုးနှက်လိုက်လေတော့သည်။
***