ဒဏ္ဍာရီ တစ်ခု နိုးထလာခြင်း (၃)
Vol. 105 Ch. 1464
ဘုန်း...
ထာဝရ နတ်ဘုရား၏ လက်သီးချက် တိုက်ရိုက် ကျဆင်းသွားသည့် နေရာတွင် လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့၏။ အာကာသ၊ အလင်း၊ မန်နာ နှင့် မြေဆွဲအား စွမ်းအင် အားလုံးမှာ ဘေးသို့ တွန်းထုတ်ခံလိုက်ရကာ ထိုနေရာ၌ စွမ်းအား ကင်းမဲ့သော ယာယီဇုန်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လောကချည်နှောင်လှိုင်းသာ စွန့်ပစ် ကြယ်ကွင်းပြင် တစ်ခု မဟုတ်ပါက ထိုတိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော အန္တရာယ်မှာ မရေမတွက်နိုင်သည့် သက်ရှိများ အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ပေလိမ့်မည်။
ထာဝရ နတ်ဘုရား၏ လက်သီးချက်မှာ အလွန် ရိုးရှင်းကာ မည်သည့် ကျင့်စဉ်နှင့် နည်းစနစ်တို့ကိုမှ ထည့်သွင်း အသုံးပြုထားခြင်း မရှိသည့်တိုင်အောင် ထိုမျှ ကြီးမားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအရာက လမ်းစဉ်ကိုးခု မြေကြီး ရှန့်ထို တစ်ယောက်၏ ခွန်အား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ဖော်ညွှန်း ပြသနေခြင်း ဖြစ်ပေသည်။
"..."
ထာဝရ နတ်ဘုရား၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အငွေ့အသက် တစ်ချို့ ဖြတ်ပြေး သွားခဲ့၏။ သူ၏ လက်သီးချက်ကာ အလွန်တရာ ထူထဲသော မီးခိုးရောင် ဖျော့ဖျော့ အကြေးခွံများ ရှိသည့် နံရံတစ်ခုနှင့် တွေ့ဆုံခဲ့သည်။ အကြေးခွံများမှာ တစ်ခုနှင့်တစ်ခု စနစ်တကျ ထပ်နေကာ တစ်ခုချင်းစီမှာ အနည်းဆုံး စတုရန်းပေ ခြောက်ရာခန့် အရွယ်အစားရှိပေသည်။
ကမ္ဘာဖျက်မတတ် တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်လိုက်ရသည့်တိုင်အောင် မီးခိုးဖျော့ရောင် အကြေးခွံမှာ မရွေ့လျား၊ မပျက်စီးဘဲ ရှိနေဆဲ ဖြစ်သည်။ ထိုမြင်ကွင်းကြည့်ကာ လက်သီးချက်က အကြေးခွံပေါ် အမှန်တကယ် ကျ၊ မကျ ထာဝရ နတ်ဘုရား သံသယ ဖြစ်သွားခဲ့သည်။ မည်သို့ပင် ဆိုစေ... ထိုလက်သီးချက်တွင် ကြယ်တာရာနယ်မြေ တစ်ခုလုံးကိုပင် ပြိုလဲစေရန် လုံလောက်သည့် အင်အားများ ပါဝင်နေသည် မဟုတ်ပါလား။
ထိုသတ္တဝါကြီးက ကမ္ဘာဦးမြွေ တစ်ကောင်လောဟု ထာဝရ နတ်ဘုရား တွေးလိုက်မိသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက ထိုသတ္တဝါကြီးမှာ မြွေတစ်ကောင် ဖြစ်နိုင်ကြောင်း ယူဆချက်များ ထွက်ပေါ်ခဲ့ပြီး ဖြစ်သော်လည်း ထာဝရ နတ်ဘုရားကတော့ ယခုမှ လက်တွေ့ကြုံရခြင်း ဖြစ်သည်။ သို့သော်လည်း... ၎င်းမှာ သာမန်မြွေတစ်ကောင်နှင့် အနည်းငယ် ကွာခြားနေပုံရသောကြောင့် ထာဝရ နတ်ဘုရား၏ အတွေးများက ရှုပ်ထွေးလာခဲ့သည်။ ထိုအချက်ကို ကောင်းစွာ အတည်မပြုနိုင်မီမှာပင် ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့လေ၏။
ဟူး... ဟူး...
သူ့ အကြည့်များ အောက်တွင်ပင် အကြေးခွံမှာ ကြောက်မက်ဖွယ် အမြန်နှုန်ဖြင့် နောက်ဆုတ်သွားခဲ့၏။ ထို့နောက် ရုတ်ချည်းဆိုသလိုပင် အန္တရာယ် သတိပေးသံများက သူ့ အတွေးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထာဝရ နတ်ဘုရားက မိမိကိုယ်ကို ကာကွယ်ရန် ကြိုးပမ်းသည့် အလား လက်သီးကို အရှိန်ယူကာ ဟိန်းဟောက်ရင်း ထိုးနှက်လိုက်သည်။
ထိုအခိုက်တွင်ပင် သတ္တဝါကြီး၏ အမြီးမှာ သူ့အပေါ် ကျဆင်းလာခဲ့လေ၏။
ဘုန်း...
ပထမ တစ်ကြိမ်ကထက် ပိုမို ကြီးမားသည့် လှိုင်းကြီးတစ်လုံး ဖြစ်ပေါ်လာခဲ့၏။ ပြင်းပြသည့် နာကျင်မှုများက ထာဝရ နတ်ဘုရား၏ လက်သီး၊ လက်မောင်းနှင့် ရင်ဘတ်တို့ထံ မခံမရပ်နိုင်စွာ တိုးဝင်လာသည်။ တဒင်္ဂ အတွင်းမှာပင် လက်မောင်းမှာ အစိတ်အပိုင်း တစ်သန်းမျှ ကြွေမွ သွားကြောင်း ထာဝရ နတ်ဘုရား ခံစားလိုက်ရ၏။ သေခြင်းတရား၏ အေးစက်စက် ခံစားချက်က သူ့ ဝိညာဉ်ထဲသို့ တိုးဝင်လာကာ ပွေ့ဖက် နမ်းရှုပ်ဖို့ ကြိုးစားနေသယောင် ရှိသည်။
ဟူး... ဟူး...
ချက်ချင်းပင် ထာဝရ နတ်ဘုရား၏ ရွှေရောင်ဝတ်ရုံနှင့် ခုနစ်ရောင်ခြယ် ခါးပတ်တို့မှာ နေကြယ်အလား မျက်စိကျိန်းလောက်သည့် အလင်းရောင်များကို စတင် ထုတ်လွှတ်လာခဲ့သည်။ လျှို့ဝှက် အာဏာရှင်များ တစ်ယောက်၏ မျက်တောင် တစ်ခပ်စာ အချိန်မျှ အတွင်းမှာပင် ထာဝရ ကြယ်တာရာ အလင်း ဆေးတောင့် ရာချီမှာ သူ့ ပတ်ပတ်လည်တွင် ပေါ်လာကာ ချက်ချင်း အသက်ဝင်လာခဲ့၏။
ဟူး... ဟူး...
၎င်းတို့မှာ ပြင်ပ ညွှန်ကြားမှုနှင့် ထောက်ပံ့မှု တစ်ခုပင် မလိုပါပဲ ထာဝရ နတ်ဘုရား၏ ခန္ဓာကိုယ် အနှံ့ ပတ်လည်တွင် နေရာယူလိုက်ကြကာ ဒဏ္ဍာရီလာ နတ်ဘုရား လက်များကဲ့သို့ သယ်ဆောင်သွားခဲ့ကြသည်။ ၎င်းတို့မှာ အချိန်ကာလအားဖြင့် မီလီတစ်က္ကန့် တစ်စက္ကန့်စာလောက်မျှသာ တည်ရှိခဲ့ခြင်း ဖြစ်သော်လည်း ထာဝရ နတ်ဘုရားအား မိုင်ပေါင်း သုံးသောင်းခန့် အကွာအထိ ပို့ဆောင်ဖို့ လုံလောက်ခဲ့ပေသည်။
“တိရိစ္ဆာန်ကောင်...”
ထာဝရ နတ်ဘုရားက တံတွေးထွေးလိုက်၏။ သူ၏ ခုနစ်ရောင်ခြယ် ခါးပတ်က မှိန်ဖျော့စွာ လင်းလာကာ ဆေးလုံးတစ်လုံး ပေါ်လာခဲ့သည်။ ဆေးလုံးက အမှုန်အမွှားများ အဖြစ် ပေါက်ကွဲသွားကာ အချိန် စွမ်းအင်များမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံသွားခဲ့၏။ ထို့နောက်တွင်တော့ ထာဝရ နတ်ဘုရား၏ ကျင့်ကြံခြင်း အခြေခံက အပြည့်အဝ ပြန်လည် လည်ပတ်လာကာ ပျက်စီးသွားသော လက်မောင်းမှာလည်း အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
လောကီပြောင်းပြန်လှန်ခြင်း ဆေးလုံး...
၎င်းမှာ မည်သည့် အဂ္ဂိရတ် ရှန့်ထို မဆို ဖန်တီးနိုင်သည့် လျှို့ဝှက် မြေကြီးအဆင့် ဆေးလုံးတစ်လုံး ဖြစ်ကာ အချိန်နှင့် အဂ္ဂိရတ် လမ်းစဉ်တို့ကို ပူးပေါင်း၍ လောကီပြောင်းပြန်လှန်ခြင်း စွမ်းအားကို ဆေးလုံးအတွင်း ထည့်သွင်းထားခြင်း ဖြစ်သည်။ ၎င်းမှာ လောကီပြောင်းပြန်လှန်ခြင်း အတွက် အသက်အင်အားကို ချွေတာနိုင်လေရာ အသုံးပြုရ အလွန် လွယ်ကူပြီး အကုန်အကျ သက်သာသည့် ထုတ်ကုန်တစ်ခုပင် ဖြစ်သည်။
ဆေးလုံး၏ အရည်အသွေးကတော့ အတွင်း၌ ပါဝင်သည့် လောကီအချိန်စွမ်းအား၏ ထိရောက်မှုပေါ် မူတည်ပေသည်။ အရည်အသွေးနိမ့် ထုတ်ကုန်မှာ လျှို့ဝှက်ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ လောကီ ပြောင်းပြန်လှန်ခြင်းကို တုပနုင်ကာ အရည်အသွေးမြင့်နှင့် အထွတ်အထိပ် အရည်အသွေးတို့ကတော့ သေမျိုးတစ်ပိုင်း အရှင် အဆင့်နှင့် မြေကြီးရှန့်ထို အဆင့်တို့၏ လောကီ ပြောင်းလှန်ခြင်းများကို အသီးသီး တုပနိုင်ကြပေသည်။
ထာဝရ နတ်ဘုရားမှာ သူ့ ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများနှင့် ပျက်စီးသွားခဲ့သော လက်တစ်ဖက်ကို ပြန်လည်၍ ပြုပြင်ရန် အရည်အသွေး အထွတ်အထိပ် အဆင့် အမျိုးအစားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထာဝရ နတ်ဘုရား ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ပထမဆုံး ထိပ်တိုက် တွေ့ဆုံမှု အနည်းငယ် အတွင်း သတ္တဝါကြီး၏ အမြီးရိုက်ချက် အနည်းငယ်ကို အလွယ်တကူ ရှောင်တိမ်းခဲ့လေရာ... သူ သတိထားနေသရွေ့ ထိုသတ္တဝါကြီး၏ မည်သည့် တိုက်ခိုက်မှုကိုမဆို လွယ်ကူစွာ ရှောင်တိမ်းနိုင်လိမ့်မည် ဟု ယုံကြည်ခဲ့သော်လည်း ယခုတွင်တော့ သူ၏ ထိုထင်မြင်ချက်မှာ မှားယွင်းနေကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။ သတ္တဝါကြီး၏ တုန့်ပြန်မှု အရှိန်ကို သူ အနည်းငယ်ပင် တုံ့ပြန်နိုင်ခဲ့ခြင်း မရှိပေ။ အကယ်၍ အဂ္ဂိရတ်ပညာရှင် ရှန့်ထို တစ်ဦး အနေဖြင့် အကာအကွယ် အစီအမံများကိုသာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပါက သူ၏ အသက်နှင့် ခန္ဓာမှာ ထိုတိုက်ခိုက်မှု အောက်တွင်ပင် ဆုံးရှုံးသွားနိုင်ဖွယ် ရှိသည်။
သေလုမြောပါး အခြေအနေ တစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင် ထာဝရ နတ်ဘုရား၏ ရူးသွပ်မှုများမှာ ပျောက်ကွယ်သွားကာ ထူးခြားသော စိတ်ကြည်လင် ရှင်းလင်းမှု အခြေအနေကို ပြန်လည်၍ ရရှိလာခဲ့သည်။
"မင်းက ဘယ်သူလဲ..."
ထာဝရ နတ်ဘုရား ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ ထိုသတ္တဝါကြီး၏ အစပထမ အမြီးရိုက်ချက်များမှာ သူ့ကို တားဆီးရန် သက်သက် သတိပေးချက်များသာ ဖြစ်ကာ၊ သူ စတင် တိုက်ခိုက်ခဲ့ပြီး နောက်တွင်မှ ၎င်းက ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထူးဆန်းစွာပင် ထိုသတ္တဝါကြီးထံမှ သတ်ဖြတ်လိုစိတ်ကို ထာဝရ နတ်ဘုရား မခံစားရပါချေ။ ထိုသတ္တဝါကြီးမှာ ထိန်းချုပ်ခံနေရခြင်း ဟုတ်မဟုတ်ကိုပင် သူ မသေချာပေ။ တောက်ပနေသည့် ညာဘက်လက်သီးကို ငုံ့ကြည့်ရင်း ထာဝရ နတ်ဘုရား၏ မျက်လုံးများက ခဏတာမျှ တောက်ပသွားခဲ့၏။
"ငါ သူ့အသိုက်ဆီ သွားနေမိလို့လား..."
ထာဝရ နတ်ဘုရား တွေးလိုက်မိ၏။ ထိုသတ္တဝါကြီးမှာ သူ နေထိုင်ရာကို ကာကွယ်နေခြင်းမျှသာ ဖြစ်နိုင်ချေ ရှိပေသည်။ ထိုသို့ဆိုလျှင်... သူလက်ထဲ၌ ကိုင်ဆောင်ထားသည့် အရာဖြင့် ၎င်း၏ ပိုင်နက်ထဲ ဝင်ရောက်ခြင်းကို တားဆီးခြင်းမှာ အဓိပ္ပာယ်ရှိသည်။ ထာဝရ နတ်ဘုရားက ပတ်ဝန်းကျင်ကို စူးစမ်း ရှာဖွေလိုက်ရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးပမ်းလိုက်၏။ ထို့နောက်တွင်တော့... ပုံသေ အာကာသမှတဆင့် ပေါ်လွင်နေသည့် သတ္တဝါကြီး၏ မှိန်ဖျော့သော အရိပ်ကို တွေ့ရှိလိုက်သည်။
ထာဝရ နတ်ဘုရားက အသက်ကို လေးပင်စွာ ရှူရှိုက်လိုက်ရင်း... ပိုမို ရှည်လျားသည့် ပတ်လမ်း တစ်ခုကို ရွေချယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကြယ်ကွင်းပြင် တစ်ခုလုံးကို ကွေ့ပတ်၍သွားခြင်းမှာ အချိန်ကုန်ကျမှု များပြားသည့်တိုင် အာရုဏ်ဦး ကြယ်တာရာနယ်မြေသို့ မရောက်ခင် သူ၏ လျှို့ဝှက် စွမ်းအင် အပြားအပြားကို ဖြုန်းတီးပစ်ခြင်းထက် စာလျှင် အများကြီး ပိုမို ကောင်းမွန်ပေသည်။
"ကောင်းပြီလေ..."
အဂ္ဂိရတ် ရှန့်ထိုက ခေါင်းတစ်ချက် ညိတ်လိုက်၏။ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည့် အရိပ်ပုံသဏ္ဍာန်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် သူက အရှိန်အဟုန်ဖြင့် စတင် ထွက်ခွာကာ ပတ်လမ်းရှည်တစ်ခုကို စတင် လိုက်လေသည်။
သူ လျှင်မြန်စွာ ပျံသန်းရင်း ဤလောကချည်နှောင်လှိုင်း ကြယ်တာရာနယ်မြေ၏ နယ်နိမိတ်များနှင့် သတ္တဝါကြီး၏ အသိုက်ကို ရှောင်ရှားရန် မဟာဗျူဟာမြောက် နည်းလမ်းများကို တွေးတောနေစဉ်မှာပင် ရုတ်တရက်... ကြောက်မက်ဖွယ်ကောင်းသည့် အာကာသ ဖိအားတစ်ခုက သူ့အပေါ် ကျရောက်လာသလို ခံစားလိုက်ရ၏။
ဘုန်း... ဘုန်း...
ထာဝရ နတ်ဘုရား၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထပ်မံ ချာလပတ်လည်သွားခဲ့ပြန်သည်။ အပေါ်၊ အောက်၊ ဘယ်၊ ညာ တည်းဟူသော အယူအဆကို နားလည်ဖို့ ခက်ခဲနေချိန်တွင် သူ၏ နှလုံးသားမှာ ဖော်ပြ၍ မရနိုင်သော ကြောက်ရွံ့မှုများဖြင့် ပြင်းထန်စွာ ခုန်လာခဲ့၏။ သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ လျှို့ဝှက် တာအို၏ အာကာသ လမ်းစဉ် သင်္ကေတမှာ အပြည့်အဝ ပေါ်ပေါက်လာကာ ထိုဧရိယာ အတွင်းရှိ အာကာသ စွမ်းအင် အားလုံးအပေါ် ကြောက်မက်ဖွယ် လွှမ်းမိုးမှုကို ထုတ်ဖော်လိုက်လေသည်။
"ဟမ်...''
သို့သော်လည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသေးကြောင်း သတိပြုမိလိုက်လေရာ ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ သူ၏ ရွှေရောင် ဝတ်ရုံထံမှ ထူးဆန်းစွာ ချိတ်ဆက်ထားသည့် သင်္ကေတများ ပေါ်ထွက်လာကာ ထိပ်တန်း မြေကြီးရှန့်ထို တစ်ဦး ထက် အဆပေါင်းများစွာ သာလွန်သည့် အော်ရာများ ထွန်းလင်းလာခဲ့သည်။ အကယ်၍ ယွင်ချွဲသာ ဤနေရာတွင် ရှိနေပါက ၎င်းမှာ ကောင်းကင် ရှန့်ထို တစ်ဦး၏ မန်နာ သင်္ကေတ ဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် လျှို့ဝှက် အဆင့် မန်နာ လွှမ်းမိုးမှု စွမ်းအားမှာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ လောကချည်နှောင်လှိုင်း ကြယ်ကွင်းပြင် အတွင်းရှိ အပျက်အစီး မန်နာများမှာ သူတို့၏ အရှင်သခင်ကို ကယ်တင်ရန် ကြိုးပမ်းနေသည့် အလား ထာဝရ နတ်ဘုရားထံ ပြေးဝင်လာခဲ့၏။
ထို့နောက်တွင်တော့ ၎င်းတို့မှာ ထာဝရ နတ်ဘုရား၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံကာ အခွံမာများသဖွယ် ဖုံးအုပ်လိုက်သည်။ ဤသို့နှင့် လူအိုကြီး၏ ရွေ့လျားမှု အရှိန်အဟုန်က တဖြည်းဖြည်း ပြန်လည် နှေးကွေးလာခဲ့တော့သည်။
***