← Chapters

အမျိုးမျိုးသော တုန့်ပြန်မှုများ

Vol. 105 Ch. 1467

အမျိုးမျိုးသော တုန့်ပြန်မှုများ

Vol. 105 Ch. 1467

ဆယ့်နှစ်ပေ ပတ်လည် ခုတင်ကြီး ထက်၌...

ယန်ချောင်ယွီ တစ်ယောက် အရုပ်ကြိုးပြတ် ဘေးတစ်စောင်း လဲကျနေခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲတစ်ခု၏ အဆုံးသတ်တွင်တော့ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက ပင်ပန်း နွမ်းနယ်နေကာ အားအင်များမှာလည်း ကုန်ခမ်း သွားခဲ့လေပြီ။ သူမမှာ မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် မူလယင် စွမ်းအင်ကို နှစ်ထောင်ပေါင်းများစွာ သန့်စင်ထားခဲ့သော်လည်း ၎င်းတို့မှာ ရက်အနည်းငယ်မျှပင် မခံလိုက်ပဲ ပြန်လည် နာလန်ထူရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။

တွေးကြည့်လျှင် အနည်းငယ်တော့ ရှက်စရာ ကောင်းလှသည်။ တစ်ကိုယ်တော် ရှုံးနိမ့်မှုများ အပြီးတွင်... အခြား သုံးဦးနှင့် ပူးပေါင်း၍ ဝေ့ဝူယင်ကို အမှောက်သိပ်နိုင်လိမ့်မည်ဟု သူမ ခိုင်မာစွာ ယုံကြည်ထားခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ ဘယ်တော့မှ အနိုင်မရနိုင်ကြောင်း သူမ သိခဲ့ပြီ ဖြစ်သည်။ သူမ၏ မဟာမိတ်များ ခုတင်ကြီး၏ နေရာ အနှံ့အပြားတွင် လဲကျနေသည်ကို ကြည့်ရင်း ယန်ချောင်ယွီ တစ်ယောက် သက်ပြင်းချလိုက်၏။ စိတ်ကို လျှော့ချလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးများက မှေးစင်းလာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း အခြေအနေ တစ်ခုထဲသို့ ကျဆင်း သွားခဲ့တော့သည်။

အောင်ပွဲရ စစ်သည် ဝေ့ဝူယင်ကတော့ ခုတင်စွန်းတွင် ထိုင်လျှက် ရှိ၏။ သူ၏ နောက်ဖက်တွင်တော့ ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးများကို ဆူပွက်သွားအောင် လုပ်နိုင်စွမ်း ရှိသည့် ခန္ဓာကိုယ် လေးခုမှာ ပိုးသား အိပ်ရာခင်းထက်တွင် လဲပြိုလျှက် ရှိနေကြသည်။

"အဲဒါက နိုးလာခဲ့ပြီ..."

ဝေ့ဝူယင် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။ အမှန်တရား မျက်လုံးများနှင့် အတူ လောက၏ စီးကြောင်းများမှာ ထူးခြားစွာ ငြိမ်သက်သွားသည်ကို သူ ခံစားနိုင်ပေသည်။ ဆိုလိုသည်က ထာဝရ နတ်ဘုရား ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ရှန့်ထို လက်စွပ်ကို တစ်ချက် ကြည့်လိုက်၏။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေအတွင်းရှိ မြေကြီးရှန့်ထိုများစွာ ထံမှ သတင်းပို့ချက်များစွာမှာ သူ့ထံ တဖွဲဖွဲ ဝင်လာနေခဲ့သည်။ အမှောင် ဟင်းလင်းပြင် အတွင်း၌ သတ္တဝါကြီး တစ်ကောင်သည် သူတို့ဆီသို့ တိတ်ဆိတ်စွာ ကူးခတ်လာနေသည်။ အချို့မှာ စုံစမ်းရန် ကြိုးပမ်းခဲ့ကြသော်လည်း ဝေ့ဝူယင်၏ စစ်သည်တော် မြေကြီး ရှန့်ထိုများက တားဆီးခဲ့ကြသည်။

ယနေ့ခေတ်၌... လူတိုင်းမှာ သတ္တဝါကြီး၏ တည်ရှိမှုနှင့် အတိတ်သမိုင်းကြောင်းကို သိခဲ့ကြသည် မဟုတ်ချေ။ အကယ်၍ သိရှိခဲ့လျှင်ပင် ၎င်းကို ခွဲခြားသိရှိရန်မှာ အလွန် ခက်ခဲသော အလုပ် တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း နဂါးကြီးကို စောင့်ကြည့်ခဲ့ကြသူများ ရှိသော်လည်း... ရှင်းရှင်းလင်းလင်း မြင်တွေ့ရခြင်းမျိုးမှာ မကြုံဖူးလောက်အောင် ရှားပါးသည်။

ထို့ပြင်... ၎င်းမှာ နှစ်ထောင်ပေါင်းများစွာ တိုင်အောင် နိုးထခြင်း မရှိခဲ့ပါချေ။ အကယ်၍ ထိုသတ္တဝါကြီးသာ သတိရှိနေခဲ့ပါက ဝေ့ဝူယင် ဟင်းလင်းပြင် ပေါ်တယ်များအား အသုံးပြုနေစဉ် အလွယ်တကူ ရှာတွေ့ကာ ဖမ်းဆီး နိုင်ခဲ့လိမ့်မည် ဖြစ်သည်။

အိပ်စက်နေသည့် အခြေအနေတွင် သတ္တဝါကြီး၏ အာရုံခံစားမှုများမှာ အလွန်ပင် နိမ့်ကျနေသည်။ ထိုအချိန်ကာလ အတွင်း ၎င်း ပြုလုပ်ခဲ့သမျှ လှုပ်ရှားမှုတိုင်းမှာ သတိရှိရှိ ဆုံးဖြတ်ချက် ဆိုသည်ထက် ဗီဇများကြောင့်သာ အလိုအလျောက် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ထာဝရ နတ်ဘုရား... တော်တော် ပြဿနာ ရှာတဲ့ ခွေးအိုကြီးပဲ... ခု မင်းရှုပ်ခဲ့တဲ့ အရှုပ်ကို ငါ ရှင်းရတော့မယ်”

ဝေ့ဝူယင် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်၏။ ထိုကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်နေပုံ ပေါ်သော်လည်း သူ၏ မျက်နှာထက်တွင် ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ထိုအရာက တစ်လကြာ တိုက်ပွဲ၏ အကျိုးဆက်ကြောင့် မဟုတ်ဘဲ သူ၏ အစီအစဉ်များနှင့် တွက်ချက်မှုများအားလုံး တိကျစွာ အကောင်အထည် ပေါ်လာခြင်းကြောင့် ဖြစ်သည်။

ဝေ့ဝူယင် မိန်းကလေး လေးယောက်ကို တစ်ချက် လှည့်ကြည့်ကာ ယန်ချောင်ယွီ၏ ဖောင်းမို့မို့ တင်ပါးကို ကံကောင်းစေသည့် အဆောင် တစ်ခုလိုမျိုး စိတ်ပါလက်ပါ ရိုက်လိုက်သည်။ အခြား မိန်းကလေး သုံးဦးကိုလည်း ထိုနည်းအတိုင်း ပြုမူရန် မမေ့ဘဲ လက်ဖဝါးပေါ်၌ ပေါ်လာသည့် နူးညံ့သော ခံစားချက်ကို နှစ်သက်စွာ ခံစားလိုက်သည်။

မိန်းကလေး လေးယောက်မှာ နှစ်ခြိုက်စွာပင် အိပ်ပျော် နေကြသည်။ အလွန့်အလွန်ကို နှစ်ခြိုက်စွာ အိပ်ပျော် နေကြခြင်း ဖြစ်သည်။ အန္တရာယ်ကို မခံစားရသရွေ့ သူတို့ နိုးထလိမ့်မည် မဟုတ်ပါချေ။ လွန်ခဲ့သော စက္ကန့်အနည်းငယ်လောက်ကမှ သတိမေ့သွားခဲ့သော ယန်ချောင်ယွီ ပင်လျှင် အလားတူ နက်ရှိုင်းစွာ အိပ်စက်ခြင်း အခြေအနေ တစ်ခု အတွင်း ကျရောက် နေခဲ့ပြီ ဖြစ်သည်။

"နောက်ဆုံးတော့ အချိန်ကျပြီပေါ့..."

ခရာတိုက မျှော်လင့်ချက်များ ပြည့်လျှံနေသည့် လေသံဖြင့် အော်ဟစ်လိုက်၏။ အခြား ကြယ်တာရာ ဝိညာဉ် သုံးခုမှာ ဘာမှ မပြောကြသော်လည်း သူတို့သည်လည်း အလားတူ မျှော်လင့်နေကြောင်း ရှင်းရှင်းလင်းလင်း သိသာလှသည်။

"အဲဒီ ရှက်စရာ ကောင်းတဲ့ ကိရိယာကို စုံစမ်းစစ်ဆေးတာတွေ အားလုံးက ဒီအတွက်ပဲလေ... ဒါပေါ့... အချိန်ကျပြီ”

ဝေ့ဝူယင်က ရယ်မောရင်း ထရပ်လိုက်၏။ ထို့နောက် သူက သိုင်းပညာနှင့် အဂ္ဂိရတ် လမ်းစဉ် နှစ်ရပ်အား ရောစပ်ထားသည့် ဝတ်ရုံကို ကျကျနန ဝတ်ဆင်လိုက်သည်။ သူ၏ ခါးထက်တွင်တော့ စစ်ဥပဒေသ၏ အမတေများမှ ဖန်ဆင်းထားသည့် ဓားအိမ် တစ်ခုကိုချိတ်ဆွဲထား၏။ ထိုဓားအိမ်ထဲတွင် ဆေဘာတစ်စင်း ငြိမ်သက်စွာ လှဲလျောင်းနေသည်။ ၎င်းကတော့ ‘ဒြပ်စင်’ ပင်။

ဖောက်...

ဝေ့ဝူယင်၏ အရှေ့တွင် ဟင်းလင်းပြင် ပေါ်တယ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ သူက တည်ငြိမ်သော ခြေလှမ်းများနှင့် အတူ ထိုအတွင်းသို့ လှမ်းဝင်လိုက်လေသည်။

...

ထာဝရ နယ်မြေ အတွင်း၌...

စန်းလော့ယန်မှာ ထာဝရ နတ်ဘုရား လောကနယ်မြေ ပျောက်ဆုံး သွားခဲ့သည့် အခြေအနေကို စူးစမ်း စစ်ဆေးလျှက် ရှိပေသည်။ ထိုအတွက် သူ လုပ်ခဲ့သည့် တစ်ခုတည်းသော အရာက ထာဝရ နတ်ဘုရားကို ခြေရာခံကာ သူ ချန်ထားခဲ့သည့် ခြေရာလက်ရာ အကြွင်းအကျန်များကို ရှာဖွေခြင်း ဖြစ်သည်။

ထိုအခိုက်၌ စန်းလော့ယန်မှာ မှန်ကဲ့သို့ အရာဝတ္ထု တစ်ခု၏ ရှေ့တွင် ရပ်နေခဲ့၏။ ၎င်း၏ မျက်နှာပြင်ထက်တွင်တော့ ထာဝရ နတ်ဘုရား၏ ပုံရိပ်ကို အဝေးမှ နေ၍ ပြသနေခဲ့သည်။ ထာဝရ နတ်ဘုရားထံမှ ထွက်ပေါ်နေသည့် ထူးဆန်းသော အာကာသလှိုင်းများကြောင့် အနီးကပ်နိုင်ခြင်း မရှိသည့်တိုင်အောင် ထာဝရ နတ်ဘုရားနှင့် ထူးဆန်းသော သတ္တဝါကြီး ထိပ်တိုက်တွေ့နေသည့် အခြေအနေကို မြင်တွေ့ နေခဲ့ရသည်။

"နေဦး... အဲဒါတွေက လျှို့ဝှက် နတ်ဘုရား သူရဲကောင်းတွေလား...”

ထာဝရ နတ်ဘုရား၏ အဂ္ဂိရတ် သူရဲကောင်းများ ပေါ်လာသည်ကို ကြည့်ကာ စန်းလော့ယန် တစ်ယောက် အံ့ဩသွားခဲ့၏။ ထာဝရ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး တစ်ယောက် အနေဖြင့်ပင် ထိုမြေကြီး ရှန့်ထိုများကို သူ တစ်ခါမှ မတွေ့ခဲ့ဖူးပါချေ။ ထာဝရ နတ်ဘုရားမှာ သူ၏ ဝှက်ဖဲများကို လူသိရှင်ကြား ထုတ်ဖော် ပြသတတ်သူ မဟုတ်ပါချေ။

ထို့နောက်တွင်တော့ မြွေကဲ့သို့ သတ္တဝါကြီး တစ်ကောင် ပေါ်လာသည်ကို သူ တွေ့ရှိလိုက်ရ၏။ ၎င်းက မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ထာဝရ နတ်ဘုရား အပါအဝင် သူ၏ အဂ္ဂိရတ် သူရဲကောင်း အားလုံးကို ဝါးမြိုလိုက်လေတော့သည်။

အရာအားလုံးက တဒင်္ဂ အတွင်းမှာပင် ပျောက်ကွယ် သွားခဲ့လေပြီ...။

ခရက်... ခရက်...

မှန်မှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ အဖြစ် ကွဲကြေသွားခဲ့၏။ ၎င်း၏ ထက်ရှသည့် အမှုန်အမွှားစများက စန်းလော့ယန်၏ မျက်နှာကိုပင် ရိုက်ခတ် သွားခဲ့သည်။ ဤသည်မှာ ထာဝရ နတ်ဘုရားကို အတင်းအကြပ် ခြေရာခံရန် ကြိုးပမ်းခဲ့သည့် ရလဒ်ပင် ဖြစ်သည်။

ထိုအခိုက်၌ စန်းလော့ယန်၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းအောင်ပင် ဖြူရော် နေခဲ့၏။ သူ၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။

“မ... မဖြစ်နိုင်တာ....”

သူ မယုံကြည်နိုင်စွာဖြင့် အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်၏။ မိနစ် အနည်းငယ် ကြာသည် အထိ စန်းလော့ယန်မှာ မူလ နေရာတွင်ပင် ငေးငိုင်ကာ ရပ်နေခဲ့မိသည်။

ထို့နောက်တွင်တော့ သူ ပြန်လည်၍ သတိဝင်လာကာ ဟင်းလင်းပြင် ဂိတ်တံခါးထံ ဦးတည်၍ ပြေးလေတော့သည်။

“ဘိုးဘေးခန်းမ...”

ရောက်သည်နှင့် သူ အချက်ပြ အမှတ်များကို အမှတ်များကို ခပ်မြန်မြန် ရိုက်ထည့်လိုက်၏။ စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက် စန်းလော့ယန်မှာ အလွန် ကြီးမားသည့် ဘုရားကျောင်းကြီး တစ်ခုထဲ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ အလွန်ပင် လှပလှကာ များစွာသော ဖယောင်းတိုင်များနှင့် အလှဆင်ထားခဲ့၏။ ပန်းချီကားများနှင့် အခြား အနုပညာ လက်ရာများမှာလည်း နေရာ အနှံ့တွင် ရှိနေခဲ့ကာ ခင်းထားသည့် အောက်ခံ ကောဇောများ ပင်လျှင် ရောင်စုံ ဖြစ်သည်။

သို့သော်လည်း စန်းလော့ယန်မှာ ထိုအလှအပများကို မခံစားနိုင်ပါချေ။ သူက ခပ်မြန်မြန်ပင် အလယ်ဗဟို၌ ရှိနေသည့် ဖယောင်းတိုင်ကို ရှာဖွေလိုက်၏။ ထို့နောက်တွင်တော့ သူ့ မျက်လုံးများက ပြူးကျယ်သွားကာ စိတ်သက်သာရာ ရသည့် ခံစားချက်က ခန္ဓာကိုယ် အနှံ့ လွှမ်းခြုံ သွားခဲ့သည်။ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့်တိုင် သူ၏ ဒူးများမှာ ခွေယိုင် သွားခဲ့၏။ သို့သော်လည်း... သူ၏ မျက်လုံးများမှာ ဖယောင်းတိုင်မှ တစ်ဖဝါးမျှ မခွာခဲ့ပါချေ။

“သူ့ရဲ့ ဝိညာဉ် ဖယောင်းတိုင်က ခုထိ လင်းနေတုန်းပဲ... သူ အသက်ရှင်နေသေးတယ်”

အချိန် အတော်ကြာပြီး နောက်မှ စန်းလော့ယန် သက်ပြင်းတစ်ချက် ချလိုက်၏။ ဝိညာဉ် ဖယောင်းတိုင်မှာ အသက်ကျောက်ပြားနှင့် လုပ်ဆောင်ပုံချင်း ဆင်တူသည့် ကိရိယာ တစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အများကြီး ပိုမို၍ တိကျပေသည်။ အသက်ကျောက်ပြားမှာ အလွန် ဝေးကွာသည့် နေရာ တစ်ခုကို ရောက်ရှိသည်နှင့် မှန်ကန်စွာ ပြသနိုင်ဖို့ ခက်ခဲသွားသော်လည်း ဝိညာဉ် ဖတောင်းတိုင်ကတော့ ဝိညာဉ်နှင့် တိုက်ရိုက် ချည်နှောင်ထားပေသည်။

ဝိညာဉ် အသက်ရှင်သမျှ ၎င်းမှာ ဆက်လက်၍ လင်းနေပေလိမ့်မည်။

အသက်ကျောက်ပြားနှင့် ခြားနားစွာပင် ဝိညာဉ် ဖယောင်းတိုင်တွင် အခြား လုပ်ဆောင်ချက်များလည်း ရှိပေသေးသည်။ ထိုအထဲမှ ထင်ရှားသည့် တစ်ခုကတော့ ဆင့်ခေါ်ခြင်း ဖြစ်သည်။

ဆင့်ခေါ်ခြင်း...

၎င်းအား ရိုးရှင်းစွာ ဖော်ပြရမည် ဆိုပါက ဝိညာဉ် ဖယောင်းတိုင်ကို အသုံးပြု၍ ၎င်းနှင့် ချည်နှောင်ထားသည့် ကျင့်ကြံသူကို ပြန်လည် ဆင့်ခေါ်ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အချိန်၊ ရင်းမြစ်၊ နေရာ၊ အစီအရင် စသည်ဖြင့် အကန့်အသတ်များစွာ ရှိသည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။

ဝမ်... ဝမ်...

စန်းလော့ယန် တစ်ယောက် အတွေးနက် နေစဉ်မှာပင် ဟင်းလင်းပြင် လက်စွပ်ထဲမှ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို ရရှိလိုက်၏။ သူ၏ အမူရာက ပြောင်းသွားကာ ဘုရားကျောင်း အတွင်းမှ ထွက်ခွာ လာခဲ့တော့သည်။

***

All Chapters