← Chapters

အမျိုးမျိုးသော တုန့်ပြန်မှုများ (၂)

Vol. 105 Ch. 1468

အမျိုးမျိုးသော တုန့်ပြန်မှုများ (၂)

Vol. 105 Ch. 1468

မိနစ် အနည်းငယ်မျှ ကြာမြင့်ပြီးနောက် စန်းလော့ယန်မှာ တတိယကောင်းကင်၏ အထက် အမှောင် ဟင်းလင်းပြင် အတွင်း၌ ရပ်နေခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းကနှင့် ခြားနားစွာပင် သူ၏ အမူအရာမှာ ပြန်လည်၍ တည်ငြိမ် နေခဲ့၏။

ဟူး...

ရွှေရောင် အလင်းတန်း တစ်ခုမှာ အဝေးဆီမှ ပျံသန်းလာကာ မျက်တောင် တစ်ခပ်စာ အတွင်း သူ့ အရှေ့ မီတာ ရာဂဏန်းခန့် အကွာသို့ ရောက်ရှိလာခဲ့သည်။

“သုံးလွှာ အဂ္ဂိရတ် ရှန့်ထို...”

ရွှေရောင် အလင်းမှာ မဟာ ပုရောဟိတ် အဖြစ် ပြောင်းလဲ သွားခဲ့၏။ သူမ၏ အဖြူရောင် ပင်လယ် မျက်လုံးများက စန်းလော့ယန်ကို စိုက်ကြည့်ကာ လေးစားသမှုဖြင့် နှုတ်ဆက်လိုက်သည်။ စန်းလော့ယန်မှာ အလွန် ငယ်ရွယ်သည့် အသက်အရွယ်ဖြင့် မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်အထိပင် ထိုအထွေထွေ အတွင်းရေးမှူးမှာ အသက် တစ်သောင်း မပြည့်သေးပါချေ။

ဝေ့ဝူယင်၊ ထာဝရ ဧကရာဇ်တို့နှင့် နှိုင်းယှဉ်ကြည့်လျှင်လား...။

သာမန် ထိပ်သီး ပုဂ္ဂိုလ်များကို ထိုနတ်ဆိုးနှစ်ကောင်နှင့် မနှိုင်းယှဉ်တာ အကောင်းဆုံး ဖြစ်သည်။ သူတို့က လုံးဝ သာမန် ပုဂ္ဂိုလ်များ မဟုတ်ကြပါချေ။ အထူးသဖြင့်... ဝေ့ဝူယင်ဆိုလျှင် အသက် တစ်ရာ မပြည့်သေးခင်မှာပင် လောက အဂ္ဂိရတ် ရှန့်ထို တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... စန်းလော့ယန်၏ အောင်မြင်မှုများမှာ ကြီးစွာသော ချီးမြှောက်ထိုက်မှုနှင့် ထိုက်တန်ပေသည်။ အထူးသဖြင့် အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင် မထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့်ပင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ခြင်းမှာ အဂ္ဂိရတ် တာအိုတွင် သူ၏ ပါရမီ မည်မျှ ထူးချွန်ကြောင်း ပြသနေပေသည်။

“မဟာ ပုရောဟိတ်...”

စန်းလော့ယန်က တည်ငြိမ်စွာ နှုတ်ဆက်လိုက်၏။ သို့သော်လည်း... ရွှေရောင် ဂိတ်တံခါး နန်းတော်က သူ့ထံ အဘယ်ကြောင့် ရောက်ရှိလာရကြောင်း နားမလည်နိုင်ပါချေ။

"ထာဝရ နတ်ဘုရားရဲ့ အခြေအနေကို ရှင်လည်း သိလောက်ရောပေါ့...”

မဟာ ပုရောဟိတ်က မေးလိုက်၏။ စန်းလော့ယန်၏ အမူအရာက ပြောင်းလဲ သွားကာ မဟာ ပုရောဟိတ်ကို စိုက်ကြည့်နေခဲ့သည်။ သူက ဘာစကားမှ မဆိုခဲ့သည့်တိုင်အောင် ဆိတ်ဆိတ်နေခြင်းမှာ ဝန်ခံခြင်း ဖြစ်သည်။ မဟာ ပုရောဟိတ်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

“သူ သေလား ရှင်လားဆိုတာ ရှင် တအား စိုးရိမ်စရာ မလိုပါဘူး... လောလောဆယ်တော့ သူ အသက်ရှင် နေသေးတယ်... မိုက်ရူးရဲဆန်တဲ့ တန်ကြေးကိုတော့ ပြန်ပေးနေရတာပေါ့လေ... ကျွန်မ ဒီကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကတော့ ဒါလေးကို လက်လွှဲပေးဖို့ပါပဲ”

မဟာ ပုရောဟိတ်က ထာဝရ သော့ကို စန်းလော့ယန်ဆီ လက်လွှဲ ပေးလိုက်၏။

"ဘယ်လို တန်ဖိုးနဲ့ မဆို ဒါကို ကာကွယ်ပါ..."

ထို့နောက် သူမက လှည့်ကာ ထွက်ခွာ သွားခဲ့တော့သည်။ သူမ အတွက် စကား အများကြီး ပြောစရာ မလိုသလို စန်းလော့ယန် အတွက်လည်း အပိုထပ်ဆောင်း ရှင်းပြမှုများ မလိုအပ်ပါချေ။

ထာဝရသော့ကို ငုံ့ကြည့်ရင်း စန်းလော့ယန်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ ၎င်းအား အချိန်မီ ပြန်ယူလာနိုင်ခဲ့ခြင်းကို ထောက်ချင့်ရပါက ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ထာဝရ နတ်ဘုရား ဒုက္ခရောက်လိမ့်မည် ဖြစ်ကြောင်း အစောကတည်းက ကြိုတင် ခန့်မှန်းနိုင်ခဲ့သည့်ပုံ ရသည်။ အရိုးခေါင်း သဏ္ဌာန်သော့ကို ခပ်တင်တင်း ဆုပ်ကိုင်ရင်း စိတ်ရှုပ်ထွေးမှု လှိုင်းများက စန်းလော့ယန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့တော့၏။

မဟာ ပုရောဟိတ်က မထွက်ခွာခင် နှစ်ကိုယ်ကြားသာ ကြားနိုင်သည့် အကြံပြုချက် တစ်ခုကို စန်းလော့ယန်ထံ၌ ချန်ရစ်ထားခဲ့ပေသည်။

“သူ့ကို လွှတ်ပေးဖို့ မကြိုးစားတာ အကောင်းဆုံးပါပဲ... အဲဒါက အချည်းနှီး အားထုတ်မှု တစ်ခုပဲ ဖြစ်လိမ့်မယ်... တကယ်လို့ ကျွန်မရဲ့ အကြံပေးမှုကို နားမထောင်ချင်ဘူး ဆိုရင်လည်း ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ ပြီးမှပဲ လုပ်ပါ”

"..."

တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည့် ရွှေရောင် အလင်းတန်းကို စန်းလော့ယန် ငေးမော ကြည့်နေခဲ့မိသည်။ အကယ်၍ ထာဝရ နတ်ဘုရားကို ပြန်လည်၍ ဆင့်ခေါ်လိုလျှင်ပင် လိုအပ်သည့် အရာများကို စုစည်း ပြင်ဆင်ဖို့ အချိန်ကာလများစွာ လိုအပ်လိမ့်မည် ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ မစတင်ခင် ကာလ အတွင်း ၎င်းကို အပြီးသတ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။

“ကျုပ် နားလည်ပါတယ်...”

စန်းလော့ယန် ဖြူရော်စွာဖြင့် ပြုံးလိုက်မိ၏။ ကြည့်ရသည်က မဟာ ပုရောဟိတ်မှာ သူနှင့် ထာဝရ နတ်ဘုရား အကြားမှ ကတိကဝတ် အချို့ကို ရိပ်မိထားဟန် ရသည်။

စန်းလော့ယန် တွက်ချက်မှု အနည်းငယ်ကို ခပ်မြန်မြန် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရုတ်တရက် သူ ရပ်တန့်လိုက်ကာ နောက်ကို ပြန်ကြည့်လိုက်၏။ ထိုအခွင့်အရေးကို မဖြုန်းတီးဖို့ မဟာ ပုရောဟိတ်က သူ့ကို သတိပေး သွားခဲ့သည်လား။ ရွှေရောင် ဂိတ်တံခါး နန်းတော်၏ ရည်မှန်းချက်များမှာ အမြဲတမ်းလိုလို ခန့်မှန်း၍ ခက်ခဲလွန်းလှပေသည်။

တတိယ ကောင်းကင်ဂြိုဟ်သို့ မပြန်ခင် သူ ထာဝရ သော့ကို အချိန် အကြာကြီး စိုက်ကြည့် နေခဲ့မိလေ၏။

...

ဝေ့ဝူယင် စတင် လှုပ်ရှား၍ စန်းလော့ယန် တာဝန် တစ်ခုကို လက်ခံ ရယူနေသည့် အချိန်တွင် စန်းယွန်လီ တစ်ယောက်ကတော့ သူမ ခေါင်းထဲရှိ အသံများကြောင့် အံကို တင်းတင်းကြိတ်ကာ လက်သီးကို ဆုပ်ထားခဲ့မိလေ၏။

“ငါတို့ သွားရမယ်... ငါတို့ ပုန်းရမယ်... အခုချက်ချင်း...”

စန်းယွန်းလီမှာ ရှေးဟောင်း ဝိညာဉ်ကိုပင် ထိုကဲ့သို့ အရူးသွေးပျက် ဖြစ်စေရသည့် အကြောင်းရင်းကို နားမလည်နိုင်ပါချေ။

“နေဦး... ကျွန်မကို သေချာ ရှင်းပြဦး...”

သူမက တောင်းဆိုလိုက်၏။

“အချိန်မရှိဘူး... အချိန် မရှိတော့ဘူး...”

ရှေးဟောင်း ဝိညာဉ်က အော်ဟစ်လိုက်သည်။

“ဘာလဲ... အချိန် ဟုတ်လား... ရှင်းရှင်းပြော...”

ကိစ္စတစ်ခုကို ဘာမှန်း မသိရပဲ လုပ်ဆောင်ရသည့် အခြေအနေမျိုးအား စန်းယွန်းလီ မုန်းတီးသည်။ သူမက ဘယ်တော့မှ သတိလက်လွတ် လုပ်ဆောင်တတ်သူ တစ်ယောက် မဟုတ်ချေ။ သူမ အတွက် အဖြေ တစ်ခု လိုအပ်သည်။

ရှေးဟောင်း ဝိညာဉ်ထံမှ ဒေါသထွက်သည့် အငွေ့အသက်များ နိုးထလာခဲ့၏။ သို့သော်လည်း... သူမ၏ လက်ရှိ အခြေအနေမှာ စန်းယွန်းလီ၏ အသိစိတ် ပင်လယ်ထဲမှ ဝိညာဉ် တစ်စမျှသာ ဖြစ်သည်။ အပြင်သို့ လွတ်လပ်စွာ ထွက်ခွာနိုင်ခြင်းပင် မရှိချေ။ အကယ်၍ ထွက်ခွာဖို့ ကြိုးစားမည် ဆိုလျှင်ပင် ဝိညာဉ်မှာ သူမကို ချက်ချင်း သတိထားမိ သွားပေလိမ့်မည်။ လက်ရှိ သူမ နေထိုင်နေသည့် အသိစိတ် ပင်လယ်မှာ သူမ အတွက် လုံခြုံသည့် သင်္ချိုင်းဂူ တစ်ခု ကဲ့သို့ ဖြစ်ပေသည်။

ရှေးဟောင်း ဝိညာဉ် အတွေးများကို ပြန်လည် ရုတ်သိမ်းရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးပမ်းလိုက်၏။

“ဝိညာဉ်က နိုးထလာပြီ... ငါ့ရဲ့ တည်နေရာကို အာရုံခံမိသွားရင် အဲဒါက ငါ့ကို အဆုံးမဲ့ ငရဲဘုံထဲမှာ ချိပ်ပိတ်ပစ်လိမ့်မယ်... နင့်ကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူး...”

“အဆုံးမဲ့ ငရဲဘုံ... ဝိညာဉ်... ကျွန်မ ဘာတစ်ခုမှ နားမလည်ဘူး... ဘာက နိုးထလာတာလဲ... အစက စပြော”

ရုတ်တရက် နှလုံးခုန်သံက ပို၍ ကျယ်လောင်လာသလို စန်းယွန်းလီ ခံစားလိုက်ရကာ ကြောက်ရွံ့ ထိတ်လန့်သည့် ခံစားချက် တစ်ခုက တဖြည်းဖြည်း အမြစ်တွယ် လာခဲ့လေ၏။

....

"ဖေဖေ... ဖေဖေ..."

ခန္ဓာကိုယ် တစ်ခုလုံး ဖုန်၊ မြေမှုန့်များနှင့် ပေကျံနေကာ အလုပ်ပင်ပန်းနေဟန် ရသည့် ဆယ်ကျော်သက် လူငယ်လေးတစ်ဦးမှာ ကောင်းကင်ဘက်သို့ လက်ညှိုးထိုးပြ နေခဲ့၏။ နှလုံးသားထဲတွင် အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ သိလိုစိတ်နှင့် ကြောက်ရွံ့မှုများက စုပြုံ ပြည့်နှက်နေလေရာ သူ၏ အသံက အလွန် ကျယ်လောင်နေခဲ့သည်။

"ဘာလဲကွ..."

ခပ်ဩဩ အသံတစ်ခု ထွက်ပေါ်လာ၏။ အဝတ်အစား ခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အရွယ် လူကြီး တစ်ဦးက ပေါက်ပြားကို ကိုင်ရင်း လူငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ နေလောင်ထားသည့် သူ၏ မျက်နှာထက်တွင် ချွေးစများနှင့် မြေမှုံများက ရောနှော ပေကျံနေ၏။

သူက သားထံသို့ လျှောက်သွားလိုက်ရင်း ထိုမျှ အလောတကြီး အော်ဟစ်နေရသည့် အကြောင်းရင်းကို သိလို နေခဲ့သည်။ သို့သော်လည်း သားဖြစ်သူက လက်ကို ကောင်းကင်ထံ ညွှန်ပြထားလေရာ သူ သဘာဝ အတိုင်း လိုက်လံ ကြည့်လိုက်မိ၏။

"ကောင်းကင်မှာ ဘာတွေဖြစ်... ဖြစ်..."

မေးခွန်းကို အဆုံးမသတ်နိုင်ခင်မှာပင် လယ်သမားကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ အဘယ်ကြောင့်နည်း။ ကောင်းကင်ထက်၌ စိတ်ကူးပင် မယဉ်နိုင်လောက်အောင် ကြီးမားလှသည့် ရှည်မျောမျော သတ္တဝါကြီး တစ်ကောင်၏ ပုံရိပ်မှာ ထင်ဟပ် နေခဲ့သောကြောင့်ပင်။ စက္ကန့်တိုင်း၌ ၎င်းမှာ ပိုမို၍ ကြီးမား လာနေခဲ့၏။

ထိုအရာက မြွေကြီး တစ်ကောင်လော...။

"ဖေဖေ... အဲ့ဒါ ဘာကြီးလဲ"

"..."

လယ်သမားကြီးမှာ သားဖြစ်သူ၏ မေးခွန်းကို ပြန်မဖြေပဲ ပြင်းထန်သည့် အမိန့်တစ်ခုသာ ပေးလိုက်၏။

"မင်းအမေနဲ့ မင်းညီမကို သွားခေါ်ချေ... အခုချက်ချင်းသွား..."

လူငယ်လေးမှာ ဖခင် ဖြစ်သူ၏ မျက်နှာထက်၌ ထိုမျှ လေးနက်သည့် အမူအရာကို တစ်ခါမှ မတွေ့မမြင်ဖူးလေရာ အံ့ဩသွားခဲ့၏။ သို့သော်လည်း... သူက မကြာသေးမီကမှ ဆောက်လုပ်ထားသည့် အိမ်ထံသို့ အလျင်အမြန် ပြန်ပြေးသွားခဲ့သည်။

"မေမေ... ညီမလေး..."

အခြားတစ်ဖက်တွင်တော့ လယ်သမားကြီး၏ အကြည့်မှာ ဧရာမ ရှည်မျောမျာ သတ္တဝါကြီး၏ အပေါ်တွင်သာ စူးစိုက်ကာ ကျရောက်နေဆဲ ဖြစ်သည်။ ၎င်းမှာ နီးကပ်လာနေသည်မှာ အလွန်ပင် ထင်ရှားပေသည်။ သူ တံတွေးတစ်ချက် မြိုချလိုက်မိ၏။

“ကျေးဇူးပြုပြီးတော့...”

နှစ်ပေါင်းများစွာ ဆင်းရဲ ဒုက္ခများကို ခံစား၍ ရုန်းကန် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင်မှ သူတို့ မိသားစုမှာ ဤငြိမ်းချမ်းသည့် အိမ်လေး တစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု ချဉ်းကပ်လာနေသည့် သတ္တဝါကြီးအား မြင်ရခြင်းက သူတို့ မိသားစု၏ ငြိမ်းချမ်းမှုလေးကို မငြင်းနိုင်လောက်အောင် ခြိမ်းခြောက်နေသကဲ့သို့ ခံစားရစေသည်။

"အာဏာရှင် အင်ပါယာဝေ့... ကျေးဇူးပြုပြီးတော့..."

***

All Chapters