ထွက်ခွာခြင်း
Vol. 105 Ch. 1470
“ထကြပါ...”
ဝေ့ဝူယင်က လက်ကို မြှောက်လိုက်၏။ လူငယ်ထံမှ ခွင့်ပြုချက်ကို ရခါမှ လျှို့ဝှက် အာဏာရှင် အားလုံးမှာ ဒူးညွှတ်နေရာမှ ထ၍ ရပ်လိုက်ကြလေသည်။ ထို့နောက် သူတို့သည် လေးစားမှု၊ ယုံကြည်မှု၊ ရိုသေမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် ဝေ့ဝူယင်ထံမှ နောက်ထပ် ညွှန်ကြားချက်များကို နားစွင့် နေလိုက်ကြတော့၏။ အချို့လူများမှာ အခြေအနေ အပေါ် ဝေ့ဝူယင်၏ နားလည်မှုကို သံသယ ရှိနေကြဆဲ ဖြစ်သည့်တိုင် မည်သူမှတော့ သူတို့၏ စိုးရိမ် ပူပန်မှုများကို ထုတ်ဖော် မပြောပါချေ။
ဝေ့ဝူယင်ကတော့ ဘယ်သူ ဘယ်လိုပဲ တွေးတွေး ဂရုမစိုက်ပါချေ။ သူက သတ္တဝါကြီး ထံကိုသာ လက်ညှိုးထိုးပြလိုက်၏။
"အဲဒီကောင်ကြီးကို ဟင်းလင်းပြင် နဂါးလို့ ခေါ်တယ်... သူ့ရဲ့ မူလ အစကို ပြောရရင် နည်းနည်းတော့ ရှုပ်ထွေးတာပေါ့... ဒါပေမယ့် ဒီနေ့ အဲဒါတွေက အရေးမကြီးဘူး... အရေးကြီးတာက ဒီဟင်းလင်းပြင် နဂါးကြီးဟာ ခင်ဗျားတို့ တစ်ဦးချင်းစီ အတွက် အခွင့်အရေးတစ်ခု ဖြစ်နေတာပဲ”
အခွင့်အရေးတစ်ခုလား...။
ထိပ်သီး မြေကြီး ရှန့်ထိုများ အပါအဝင် လူအတော်များများမှာ ဟင်းလင်းပြင် နဂါးကြီးကို လှမ်းကြည့်လိုက်ကြ၏။ ထာဝရ နတ်ဘုရား ဝါးမြိုခံလိုက်ရသည့် သတင်းကို သူတို့ ကြားသိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သံသယစိတ်များမှာ သူတို့၏ နှလုံးသားများထဲတွင် တိုးပွားလာခဲ့၏။
“အင်ပါယာဝေ့... ကျွန်တော်တို့ အဲဒါကြီးကို အမဲလိုက်ရမှာလား...”
ဟုန်ယန်ရှင်းရှီက လူတိုင်း၏ စိတ်ထဲတွင် ရှိနေသည့် မေးခွန်းကို မေးလိုက်၏။ သို့သော်လည်း လူအိုကြီးမှာ တရိုတသေပင် ခေါင်းကို ငုံ့ထားခဲ့၏။ သူက ခွင့်ပြုချက် မရှိပဲ စကားပြောခဲ့ခြင်း ဖြစ်လေရာ မလေးမစား လုပ်လိုသည့် ရည်ရွယ်ချက်လည်း မရှိကြောင်း ထိုအမူအရာဖြင့် ကြိုးစားကာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
“မလိုက်ရပါဘူး...”
ဝေ့ဝူယင်က ဟုန်ယန်ရှင်းရှီကို ကြည့်လိုက်၏။ စိတ်သက်သာရာ ရသွားသည့် သက်ပြင်းချသံများ နေရာ ခပ်စိပ်စိပ် ထွက်ပေါ်လာခဲ့သည်။ အကယ်၍ ဖုန့်ချင်းချူသာ ပြောတာသာ အမှန် ဆိုပါက ထာဝရ နတ်ဘုရား ပင်လျှင် ထိုဟင်းလင်းပြင် နဂါးကြီး၏ ဝါးမြိုမှုကို ခံခဲ့ရသည်။ သူတို့ ထိုသတ္တဝါကြီးကို မည်ကဲ့သို့ ရင်ဆိုင် တိုက်ခိုက်ရဲပါမည်နည်း။
“ခင်ဗျားတို့ အားလုံးက အဲဒီ ဟင်းလင်းပြင် နဂါးနဲ့ ရင်ဆိုင်ဖို့ အရမ်း အားနည်းလွန်းတယ်...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ထောက်ပြလိုက်၏။ သူ့လေသံထဲ၌ မလေးစားသည့်၊ အထင်သေးသည့် အငွေ့အသက် တစ်စက်မျှ မပါပါချေ။
သို့စေကာမူ... မြေကြီး ရှန့်ထို အဆင့် အချို့ကတော့ ခံပြင်းသည့် ခံစားချက်များကို ခံစားလိုက်ရလေသည်။ သူတို့ အားလုံးမှာ လူထရီလျံပေါင်း များစွာ၏ အထက် ထရီလျံပေါင်း များစွာ အကွာ၌ ရပ်တည်နေကြသည့် လူများ ဖြစ်ကြပေသည်။ တိုက်ခိုက်လိုသည့် ဝိညာဉ်မှာ ဝူယု၏ မျက်လုံးများ အတွင်း၌ နိုးထလာခဲ့၏။
စောစောပိုင်းက ကြောက်ရွံ့ နေခဲ့သည့် ဖုန်းချင်းချူပင်လျှင် လက်သီးကို တင်းတင်းဆုပ် လိုက်မိသည်။ သူမမှာ သန်မာသည့် မိန်းကလေး တစ်ယောက် ဖြစ်ကာ လွယ်ကူစွာ အရှုံးပေးခြင်း မူဝါဒကို လက်မခံသူ ဖြစ်သည်။ လက်ရှိ ကျင့်ကြံခြင်း အခြေခံ အထိ ရောက်အောင် သူမ မည်မျှ ရုန်းကန် ခဲ့ရသနည်း။
ဝေ့ဝူယင်က အခြားလူများ၏ တုန့်ပြန်မှုများကို ဂရုမစိုက်ပဲ ဆက်ပြောလိုက်၏။
“အဲဒီအစား ခင်ဗျားတို့ကို ပိုပြီး ကြီးလေးတဲ့ တာဝန်တစ်ခု ပေးမယ်... ခင်ဗျားတို့ မြန်ရမယ်... ဂရုစိုက်ရမယ်... တိကျရမယ်... ခင်ဗျားတို့ သူတို့ကို သွားပြီး ကာကွယ်ရမယ်”
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တဖောက်ဖောက် မြည်သံများနှင့် အတူ ထောင်ပေါင်း များစွာသော ဟင်းလင်းပြင် ပေါ်တယ်များ ပေါ်လာခဲ့လေ၏။
ထိုပေါ်တယ်များမှ နေ၍ သေမျိုးများမှာ လမ်းလျှောက်ကာ ထွက်လာကြ၏။ သူတို့ အားလုံးမှာ ကလေး၊ လူကြီး၊ သေမျိုး၊ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူတို့မှာ အလွန်အမင်း အားနည်းကြကာ တစ်ယောက်မှ နူးညံ့စွာ စီးဆင်း အဆင့် အထက်ကိုပင် မရောက်ကြပါသေးချေ။ဦ
သူတို့ အားလုံးမှာ မီးခိုးရောင် ဖျော့ဖျော့ ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ ထိုဝတ်စုံထံမှ ပြိုင်စံရှားသည့် ဟင်းလင်းပြင် အော်ရာများမှာ ထွက်ပေါ်နေကာ ကြယ်တာရာ သခင် အချို့ အတွက်ပင် အာရုံခံဖို့ ခက်ခဲစေလိမ့်မည် ဖြစ်သည်။ ထိုလူများမှာ အရေအတွက်အားဖြင့် သိန်းချီသည် အထိ ရှိလေရာ အားလုံးမှာ အံ့အားသင့် သွားကြ၏။
“မဟာ သူရဲကောင်း ဝူယု...”
ဝေ့ဝူယင်က ခေါ်လိုက်၏။
“ရှိပါတယ်...”
ဝူယုက ချက်ချင်းပင် တုန့်ပြန်လိုက်သည်။
“ခင်ဗျား အရေးအကြီးဆုံး တာဝန်ကို ထမ်းဆောင်ရမယ်... ခင်ဗျား ကျရှုံးရင် ဒီနေရာမှာ ရှိတဲ့ လူအားလုံး သေလိမ့်မယ်...”
ဝေ့ဝူယင်က ကွယ်ဝှက်ထားခြင်း မပြုပဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ သူ၏ စကားလုံးများက လူတိုင်း၏ ကျောရိုးများကို အေးစိမ့် သွားစေခဲ့သည်။ လေထု အတွင်းရှိ ဖိအားများက ပိုမို၍ တိုးလာနေခဲ့၏။
"ကျုပ် ကျရှုံးမှာ မဟုတ်ဘူး...”
ဝူယုက ခိုင်မာစွာပင် ဆိုလိုက်သည်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ရှေ့သို့ လျှောက်လာကာ ဝူယု၏ ရှန့်ထို လက်စွပ်ကို တစ်ချက် ထိလိုက်သည်။ ထို့နောက်တွင်တော့ လက်ညိုးကို မြှောက်ကာ ဝူယု၏ နဖူးအား ထိလိုက်၏။ အဂ္ဂိရတ် ဧဒင် ကြယ်အင်အားများမှာ မဟာ သူရဲကောင်း၏ အသိစိတ် ပင်လယ် အတွင်း စီးဝင် သွားခဲ့သည်။
ဝူယုမှာ တစ်ခဏတာမျှ တုန့်ဆိုင်းသွား၏။ ထို့နောက်တွင်တော့ သူ့ မျက်လုံးများက တလက်လက် တောက်ပ လာခဲ့တော့သည်။
“ကျုပ် နားလည်ပြီ...”
သူ၏ လေသံက အလွန်အမင်း သုန်မှုန်နေသည်။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက အားလုံးကို တစ်ချက် ဝှေ့ကြည့်ကာ ကောင်းကင်သို့ စတင် ပျံတက် လိုက်သည်။
“အင်ပါယာဝေ့...”
ဝေ့ဝူယင်က တစ်ချက် လှည့်ကြည့်လိုက်၏။ စကားပြောလိုက်သူကတော့ သူ့ထံ ပထမဆုံး အညံ့ခံခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဟုန်ယန်ရှင်းရှီပင် ဖြစ်လေသည်။
“ဟင်းလင်းပြင် နဂါးကြီးကို ဘယ်လိုလုပ်မှာလဲ...”
ဝေ့ဝူယင်က အဖြေ ရှည်ရှည်ဝေးဝေး မပေးပါချေ။
"ကျုပ် ကိုယ်စား ဝူယုက ခင်ဗျားတို့ အားလုံးကို ရှင်းပြလိမ့်မယ်... သူ အမိန့်ပေးတဲ့ အတိုင်း တစ်သွေမတိမ်း လုပ်ကြ... ဟင်းလင်းပြင် နဂါးကြီးကိုတော့ ကျုပ် သွားပြီး မင်္ဂလာပါ လုပ်လိုက်ဦးမယ်”
သူက အနည်းငယ် အရွှန်းဖောက် လိုက်၏။ ထို့နောက်တွင်တော့ သူက ခြေလှမ်းများကို ကောင်းကင်ထံ ထပ်မံ ဦးတည်လိုက်၏။ မကြာခင်မှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အလင်းတန်း တစ်ခု အဖြစ် အသွင်ပြောင်းကာ အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင်သွားခဲ့တော့သည်။
"အင်ပါယာဝေ့က မင်္ဂလာပါ လုပ်မယ် ဟုတ်လား... ဟင်းလင်းပြင် နဂါးကြီးကိုလား... အဲဒီကြမ်းကြုတ်တဲ့ သတ္တဝါကြီးကိုလား..."
ဟုန်ယန်ရှင်းရှီနှင့် အခြားသူများ အားလုံးမှာ ပါးစပ် အဟောင်းသား ဖြစ်ကာ ကျန်ရစ်ခဲ့လေ၏။ အမှောင် ဟင်းလင်းပြင် အတွင်း ပျံတက်ကာ ဟင်းလင်းပြင် နဂါးကြီးထံ အကြောက်အလန့် ကင်းမဲ့စွာ တဟုန်ထိုး တိုးဝင်သွားသည့် ဝေ့ဝူယင်၏ မြင်ကွင်းက သူတို့အားလုံးကို ရှုပ်ထွေးမှု၊ မရေရာမှု၊ ကြောက်ရွံ့မှု၊ လေးစားမှုနှင့် စိတ်သက်သာရာရမှုတို့ဖြင့် ထားရစ်ခဲ့၏။ ထိုအခိုက်၌ သူတို့၏ နှလုံးသားမှာ ထူးဆန်းသော ခံစားချက် မျိုးစုံဖြင့် ထုံလွှမ်း နေခဲ့သည်။
လူအများအပြားမှာ ဝူယုဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ မရေရာသော အချိန်များတွင် လူများမှာ မွေးရာပါ ဗီဇ သဘာဝအရ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တတ်သည်။
ဖုန်းချင်းချူး၏ မျက်လုံးများမှာ ထူးဆန်းစွာဖြင့် အနည်းငယ် မှိတ်တုပ်မှိတ်တုပ် ဖြစ်သွားခဲ့၏။
“အင်ပါယာဝေ့က တမင်တကာ လျှို့ဝှက်အောင် လုပ်နေသလိုပဲ... သူက အဓိက အချက်ကို မပြောပဲ ရှောင်သွားတယ်... တစ်ခုခုကို စိုးရိမ်နေလို့လား”
ဖုန်းချင်းချူးမှာ ကိုယ်ပိုင် အင်အားစု တစ်ခုကို ဦးစီးခဲ့ဖူးသည့် ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ဉာဏ်ရည်ဉာဏ်သွေးမှာ အလွန်ပင် ထက်မြက်သည်။ ဆိတ်ဆိတ် နေနေသည့် ဝူယုကို ကြည့်ရင်း သူမ၏ သံသယက အမှန်တကယ် ဖြစ်ကြောင်း ကောက်ချက်ချလိုက်နိုင်၏။
အခြား ထိပ်သီး မြေကြီး ရှန့်ထိုများမှာလည်း ဉာဏ်ရည် နိမ့်ပါးသော လူများ မဟုတ်လေရာ သိုလိုစိတ်များ ပိုမို၍ ဖြစ်လာကြ၏။
ဝူယုမှာ လျှင်မြန်စွာ ဝေးကွာသွားနေသည့် အလင်းတန်းကို စိုက်ကြည့် နေခဲ့၏။ ထို့နောက်တွင်တော့ သူက သုန်မှုန်သည့် လေသံဖြင့် ပြောလိုက်၏။
"ဒီလောက အတွင်းမှာ ပြောသမျှ အရာအားလုံးကို လောကက ကြားနိုင်တယ်... အထူးသဖြင့် လောကနဲ့ ချည်နှောင်ထားတဲ့သူတွေ အတွက်ပေါ့..."
"..."
ထိုစကားလုံးများထဲ၌ အဓိပ္ပာယ် များစွာ ပါဝင်လေရာ အားလုံး၏ အမူအရာများက လေးနက် သွားကြ၏။ ဟုန်ယန်ရှင်းရှီကတော့ တူညီဝတ်စုံ ဝတ်ဆင်ထားသည့် သေမျိုးများကိုသာ လှမ်းကြည့်လိုက်သည်။ ထိုအခါ သူတို့ အားလုံး၏ မျက်လုံးများတွင်လည်း သိလိုစိတ်၊ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည်လည်း အလားတူပင် အနာဂတ် တာဝန်များကို မသိနားမလည်ဘဲ နောက်ထပ် အမိန့်များကို စောင့်ဆိုင်းနေရဟန် တူသည်။
အခြားတစ်ဖက်၌ ဖုန်းချင်းချူ၏ မျက်ဝန်းများကတော့ ဉာဏ်အလင်း ရရှိသည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့သည်။ ထို့နောက်တွင်တော့ သူမ၏ အမူအရာက ပိုမို၍ တည်ကြည် လေးနက်လာခဲ့သည်။ ဝေ့ဝူယင်က သူ့ အစီအစဉ်များကို ထုတ်ဖော်မိမှာ စိုးရိမ်သောကြောင့် သူတို့ကို တမင်တကာ ဘာမှ မပြောခဲ့ခြင်းလား။
၎င်းက ဝေ့ဝူယင် ပြောကြားခဲ့သည့် အခွင့်အရေး ဆိုသော အရာလား...။
နောက်ဆုံးတွင်တော့ ဝူယုက အခြားလူများဘက်သို့ လှည့်လိုက်ကာ အားလုံး၏ အာရုံများကို ဆွဲဆောင် လိုက်လေ၏။
“အားလုံးပဲ... အသင့်ပြင်ကြတော့...”
ရိုးရှင်း ပြတ်သားစွာ အမိန့်ပေးလိုက်ပြီးနောက် ဝူယူ၏ လျှို့ဝှက် အော်ရာက အရှိန်အဟုန်နှင့် မြင့်တက် လာခဲ့တော့သည်။
***