← Chapters

အခန်း (၉၇)

Vol. 9 Ch. 97

အခန်း (၉၇)

Vol. 9 Ch. 97

" ဒုတိယအဒေါ်၊ အခု ကုမိသားစုမှာ လူမရှိဘူး၊ လုပ်ငန်းစလိုက်ရတော့မလား? "

" အခုက အချိန်ကောင်းမဟုတ်သေးဘူး။ ကျေနပ်စရာအကောင်းဆုံးအရာက လူတွေရဲ့နှလုံးတည့်တည့်ကို ဓါးဝင်သွားတဲ့အချိန်ပဲ။ ကုမိသားစုထဲက တစ်ခြားမိသားစုတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းတဲ့လူတွေနဲ့ မသန်စွမ်းတွေကို စောင့်ကြည့်ထား။ လူသတ်ရမယ့်အချိန် ရောက်လာလိမ့်မယ်။ "

" ဒုတိယအဒေါ် ရဲ့ စကားအတိုင်းပါပဲ။ "

လူသတ်သမားရဲ့ထွက်ဆိုချက်အရ၊ လူရဲ့မျက်လုံးတွေက မဖော်ပြနိုင်တဲ့ စိတ်လှုပ်ရှားမှုနဲ့ ချက်ချင်း ဖျက်ကနဲ ကြည့်ဖို့တာဝန်ရှိပြီး ည‌ခင်းလောက်မှာ သူက တိတ်တိတ်လေး ပုန်းကွယ်နေခဲ့သည်။ ခြံအပြင်ဘက်နားမှာ၊ လင်းယောင်က ကုသို့သို့ကို စာတိုက်ကို ခေါ်သွားခဲ့သည်။ လင်းရိအတွက် အထုတ်အပိုးတွေ၊ ကုသို့သို့ ရဲ့ ဓာတ်ပုံလေးတွေပို့ဖို့နဲ့ အကြံဉာဏ်တွေပေးထားခဲ့တဲ့ စာအရှည်ကြီးကိုလဲ သူမက ရေးပို့ခဲ့သည်။

' အစ်ကို၊ ကျေးဇူးပြုပြီး စာတိုက်ကနေ ပို့ပေးတဲ့ပိုက်ဆံတွေကို ထပ်မပို့ပေးပါနဲ့တော့။ ' အရင်လအနည်းငယ်တုန်းက၊ လင်းရိက လတိုင်း ယွမ် ၂၀၀၀ ကျော်တဲ့ပိုက်ဆံတွေကို ပြန်ပို့ပေးခဲ့သည်။

ဒီလူကြီးက သူ့ညီမလေး လက်မခံမှာကို ကြောက်နေခဲ့သည်၊ ဒါကြောင့် သူက ကုသို့သို့အတွက် စားစရိတ်အဖြစ် ပိုက်ဆံပို့ပေးခဲ့တာဖြစ်သည်။

လင်းယောင်က ရယ်ရမလား၊ ငိုရမလား မစဉ်းစားတတ်ခဲ့ပေ။

ဘယ်ဦးလေးက ဒီလောက်ရက်ရောပြီး သူ့တူလေး အာဟာရပြည့်ဝဖို့အတွက် ဒီလောက်ပိုက်ဆံတွေအများကြီးကို ပို့ပေးမှာလဲ?

ဒီယွမ်တွေက ကလေးလေးအတွက် ကြီးပြင်းလာဖို့နဲ့ မိန်းမတစ်ယောက်ယူဖို့ လုံလောက်တာထက် ပိုနေတယ်လို့ ချဲ့ကားပြောချင်တာ မဟုတ်ပေ။

နောက်ဆုံး၊ ၁၉၆၀ ပြည့်နှစ်အစောပိုင်းမှာ၊ သာမန်လူတန်းစားတွေရဲ့ တစ်လဝင်ငွေက ယွမ်၂၀ သာ ရှိခဲ့သည်။ လင်းရိက နှစ်တွေအကြာကြီး စစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရာကနေ ရလာတဲ့ ထောက်ပံ့ကြေးတွေအားလုံးကို ပို့လိုက်တာဖြစ်နိုင်သည်။

လက်ထောက်ဒါရိုက်တာကု ထွက်မသွားခင်လေးမှာ၊ ဇနီးမောင်နှံနှစ်‌ယောက်က လစဉ်စာတိုက်မှ ပေးပို့တဲ့ငွေဖြတ်ပိုင်းကို ကြည့်ခဲ့ကြပြီး သူတို့ရဲ့သားလေးကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြသည်။

ကုရှီအန်းက အကူအညီမဲ့စွာပြုံးခဲ့ပြီး အဝတ်အစားတွေလဲကာ ကောင်တီပြည်သူ့ဘဏ်ကို သွားခဲ့ပြီး ငွေစာရင်းဖွင့်ကာ သူ့ယောက်ဖပို့ပေးတဲ့ ပိုက်ဆံကို ဘဏ်မှာ အပ်နှံခဲ့သည်။ ဇနီးမောင်နှံနှစ်ယောက်က လူပျိုကြီးလင်းရိ သီးချိန်တန်သီး ပွင့်ချိန်တန်ပြီး အိမ်ထောင်ကျမယ့်နေ့ကို စောင့်နေခဲ့ကြသည်။ အဲ့ဒီနေ့မှာတော့၊ ပိုက်ဆံတွေကို အရာမပျက်ပဲ ပြန်ပေးနိုင်ပါလိမ့်မည်။

ဒီနေ့ တစ်နေ့လုံး နေသာနေခဲ့သည်။ လင်းယောင်က ဗီဒိုထဲက စောင်အသစ်ကိုယူလိုက်ပြီး ပုခတ်အိပ်ယာအသေးလေးရဲ့အရွယ်အစားအလိုက် ခင်းပေးကာ စောင်အဟောင်းကိုယူပြီး လျှော်ဖွတ်ခဲ့သည်။ မိုးပြာရောင်လေးနဲ့အစားထိုးခဲ့ပြီး ခြံထဲမှာ နေလှန်းထားခဲ့သည်။ နေ့လည်ခင်း၊ ကုသို့သို့ က ပန်းသီးအနှစ်ကို စားနေခဲ့စဉ်မှာ၊ သူက အိပ်ယာအသေးလေးပေါ်ကို ရွှေ့သွားခဲ့သည်။ ကုသို့သို့ က ကောင်းကောင်းစားသောက်ပြီးတဲ့နောက်မှာ၊ အိပ်ယာအကြီးပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့တာကြောင့်၊ လင်းယောင်က ကလေးလေးကို အိပ်ယာအသေးလေးပေါ်ကို ရွှေ့ပေးခဲ့ပြီး သူမကိုယ်တိုင်လဲ ပျော်ရွှင်စွာ အိပ်စက်ခဲ့သည်။

ညမှောင်လာခဲ့ပြီဖြစ်သည်၊ ကိုယ့်လက်ကိုတောင် မမြင်နိုင်လောက်အောင်မှောင်တဲ့ တောင်တန်းတွေပေါ်က၊ တစ်နေ့လုံး အော်ဟစ်မြည်တွန်နေကြတဲ့ ငှက်တွေ၊ တိရစ္ဆာန်တွေအားလုံးက တိတ်ဆိတ်နေတဲ့တောင်တန်းကြီးကိုထားသွားကြပြီး ပျောက်ကွယ်သွားကြပြီဖြစ်ကာ မကောင်းဆိုးဝါးတစ်ကောင် ပါးစပ်ဟပြီး ကမ္ဘာပေါ်ကအရာအားလုံးကို ဝါးမြိုဖို့ ကြိုးစားနေတဲ့သဏ္ဍာန်နှင့် ဆင်တူနေခဲ့သည်။

ကုရှီအန်းက ပုံစံမကျတဲ့ခြုံပုတ်ထဲမှာ ပုန်းကွယ်နေခဲ့သည်။ သူ မနက်စောစောတုန်းက ဝတ်ဆင်လာခဲ့တဲ့ ပုံဖျက်ဝတ်စုံကို မြက်စတွေ၊ ရွှံ့မျက်နှာဖုံးတွေနဲ့ဖုန်းထားပြီးခဲ့ပြီဖြစ်သည်။ ရွှီရှန်းချန်ကလဲ လူငယ်တစ်ချို့လိုပဲ မြက်တွေထဲမှာ တွားသွားနေခဲ့သည်။

သူတို့ထဲက လူငယ်လေးတစ်ယောက်က ဘယ်ဘက်လက်မောင်းမှာ ဒဏ်ရာရထားခဲ့သည်။ သူ့ကို ဆေးဝါးတွေပေးထားခဲ့ပြီး နာကျင်မှုသက်သာစေဖို့ တိတ်တိတ်လေး သစ်ပင်မှာ မှီထားစေခဲ့သည်။

ကုရှီအန်းက သူ့ရဲ့သိမ်းငှက်မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ခဲ့သည်။ ရွှီရှန်းချန်က သူ့အိတ်ထဲကနေ အသီးအရွက် ဖက်ထုပ်‌တစ်ချို့ကို ထုတ်လိုက်ပြီး တစ်ယောက်ချင်းစီ ဝေပေးလိုက်ကာ အနိမ့်သံနဲ့တိုးတိုးလေးပြောခဲ့သည်။ " လောင်ကု၊ တစ်နေ့လုံး ရေတောင်မသောက်ရသေးဘူး။ လုပ်ပါ၊ လူကြမ်းကြီးတောင် စားသောက်ရသေးတာပဲမလား? "

" ချွင်မေလုပ်ပေးတဲ့ အသီးအရွက် ဖက်ထုပ်တွေက စားလိုရပါတယ်၊ ဒါပေမယ့် ယောင်ယောင် လုပ်ပေးတာတွေလောက်တော့ အရသာမရှိဘူး။ "

" လောင်ကု၊ ဒီတစ်ကြိမ်ရော မင်းမိသားစုကို အမှန်အတိုင်းမပြောခဲ့ဘူးလား? "

ကုရှီအန်းက အဝတ်စကို ကိုက်ဖြဲလိုက်ပြီး သူ့လက်က ခြစ်ရာမှာ ‌ပတ်ထားခဲ့ကာ တည်ငြိမ်စွာ ပြောခဲ့သည်။ " မင်းရော ပြောခဲ့လား? "

" အဲ့တာကတော့ လုံးဝမဖြစ်နိုင်ဘူးလေ။ ငါနဲ့ ငါ့အဖေကလွဲရင်၊ မိသားစုဝင်တိုင်းက စည်းကမ်းတင်းကြပ်ကြတယ်။ ဒါ့အပြင်၊ ဒီတစ်ကြိမ်မှာ ငါတို့က လေ့ကျင့်ရေးအတွက် ကျေးလက်ဒေသဘက်ကို သွားမယ်လို့ပဲသူတို့က ထင်ထားကြတာ။ ငါ့အမေက ကျန်းမာရေးသိပ်မကောင်းဘူး၊ ပြီးတော့ ကောက်ညှင်းလုံးလေးကလဲ တစ်နှစ်ပဲရှိသေးတယ်။ အမှန်အတိုင်းပြောလိုက်ရင်၊ ချွင်မေနဲ့ အမေ့ကို စိတ်မပူအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့၊ ဒီတစ်ခေါက်မှာ ငါတို့က ဆယ်ရက်ကျော်တောင် နေကြရမှာ၊ သတင်းက ကောင်တီမှာ ပြန့်သွားရင်၊ မူးယစ်ဆေး အရောင်းအဝယ်သမားတွေကိုလဲ တစ်ယောက်ပြီးတစ်ယောက် ဖမ်းလို့ရနိုင်တယ်။ မင်းကောင်းကောင်းသိပါတယ်၊ ဘာလို့ ဒါကို ပြောနေမိတာလဲ? "

ကုရှီအန်းက " ဟမ် " ဆိုပြီးဖြစ်သွားခဲ့သည်။ ပြီးတော့ အဓိပ္ပာယ်က ရှင်းလင်းပါသည်။ ငါပြောနိုင်တယ်ဆိုတာတောင် မင်းမပြောခဲ့ဘူးလေ?

ရွှီရှန်းချန်က ခေါင်းညိမ့်ခဲ့သည်။ ဟုတ်သည်၊ လောင်ကုက မပိန်းပေ။

သူ့မိသားစုကို ဘယ်လိုလုပ်ပြီး အမှန်အတိုင်း ပြောနိုင်မှာလဲ?

သူ ဘုရားဆီမှာ ထပ်ပြီး ဆုတောင်းခဲ့သည်။ " အိုး၊ အရှင်ဘုရား စောင့်ရှောက်ပေးပါ။ ဒီစစ်ဆင်ရေးကပြန်လာတဲ့အချိန်၊ ချွင်မေသာ အမှန်တရားကို သိသွားရင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါစေနဲ့။ "

ကုရှီအန်းရဲ့ နှုတ်ခမ်းတွေ တွန့်သွားခဲ့သည်။

" လောင်ကု၊ အရမ်းရယ်ရတာပဲ! မင်းမိန်းမနဲ့ပတ်သက်ပြီး မင်းပုံရိပ်က အဲ့လောက်မကောင်းဘူးနော်။ ငါတို့ ယောက်ဖတွေက တူတူပါပဲကွာ! "

အစ်ကိုကြီးထို့ထို့က လှည့်ပတ်စစ်ဆေးနေခဲ့ပြီး လက်ထောက် ဒါရိုက်တာကုက အသီးအရွက်ဖက်ထုပ်တွေကို ပါးစပ်ထဲကို သွပ်နေခဲ့သည်။

" . . . "

ရွှီရှန်းချန်က မာနေတဲ့ အသီးအရွက်ဖက်ထုပ်ကို တစ်ကိုက်ကိုက်လိုက်သည်။ ဒီအချိန်မှာ၊ နေ့လည်စာစားခဲ့တဲ့ အသားလုံးကို လွမ်းနေခဲ့သည်။ တစ်ကိုက်ကိုက်လိုက်တာနဲ့ ပါးစပ်တစ်ခုလုံး ပြည့်သွားခဲ့သည်။ အရသာက အရမ်းကောင်းခဲ့သည်။ ယောင်ယောင်ရဲ့ ချက်ပြုတ်မှုအတတ်က တစ်ကယ်ကို စကားနဲ့မဖော်ပြနိုင်လောက်အောင်ပါပဲ။

သူ့ရဲ့ချွင်မေကတော့၊ သူမရဲ့အချက်အပြုတ် စွမ်းရည်က စားလို့ရတယ်‌ဆိုရင်ကို အဆင်ပြေတယ်ဆိုတာ အစ်ကိုကြီးထို့ထို့က ဝန်ခံရမည်ဖြစ်သည်။

" မဟုတ်ဘူး၊ ဒီတစ်ခေါက် လောင်ကု အိမ်ကိုပြန်လာရင်၊ မင်းအိမ်ကို အစားကောင်းကောင်းစားဖို့ သွားရမယ်၊ ပြီးတော့ ယောင်ယောင်ကို ဝက်သားချက် ချက်ကျွေးဖို့ ပြောရမယ်! "

အစ်ကိုကြီးထို့ထို့က လင်းယောင်နာမည်ကို ပြောလိုက်တဲ့အချိန်၊ ကုရှီအန်းရဲ့ တင်းမာနေတဲ့ မျက်နှာထားက နူးညံ့သွားခဲ့သည်။ သူက အရင်ဆုံး ဒဏ်ရာရနေတဲ့လူငယ်လေးကို စစ်ဆေးဖို့ သွားခဲ့သည်။ " ဒဏ်ရာက ဘယ်လိုနေသေးလဲ? နာနေတုန်းပဲလား? "

ဒဏ်ရာရနေတဲ့လူငယ်လေးက ပြုံးစိစိလုပ်နေခဲ့သည်။

" အဆင်ပြေပါတယ်။ လက်ထောက် ဒါရိုက်တာကု ပေးတဲ့ ဆေးတွေကြောင့် သွေးထွက်‌တာတော့ ရပ်သွားပါပြီ။"

နောက်ထပ်လူငယ်လေးတစ်ဦးက လှည့်ပြီး ပြောခဲ့သည်။ " မင်း ကံကောင်းတာ၊ မူးယစ်ဆေး အရောင်းအဝယ်သမားက သူ့သေနတ်နဲ့ မင်းရင်ဘက်ကို ပစ်လိုက်တော့မလို့ကွ။ "

" ဘာကိုပြောချင်တာလဲ? ငါတို့ မူးယစ်ဆေးတိုက်ဖျက်ရေးအသင်းကို တစ်ခါစေလွှတ်လိုက်ရင်၊ မူးယစ်ဆေးအရောင်းအဝယ်သမားကို အပိုင်းပိုင်းဆွဲဖြဲလိုက်လို့ရတယ်။ "

ကုရှီအန်းက လူငယ်လေး နှစ်ယောက်ရဲ့ပုခုံးကို ပုတ်ခဲ့သည်။ " မူးယစ်ဆေး အရောင်းအဝယ်သမားတွေ အားလုံးကို မရှင်းပစ်ရသေးဘူး၊ ဒါကြောင့် ငါတို့ ပေါ့ပေါ့ဆဆ နေလို့မဖြစ်ဘူး။ ဘယ်အချိန်မဆို၊ ငါတို့ရဲ့အသက်တွေကို ကာကွယ်ထားကြရမယ်၊ ပြီးတော့ ငါတို့ရဲ့ ရဲဘော်ရဲဖက်တွေကိုရောပဲ။ "

မင်းတို့ အသက်တွေ သေဆုံးသွားရင်၊ တစ်ကယ်ကို ဘာမှမရှိတော့ဘူး။

လူငယ်လေးနှစ်ယောက်က တည်ကြည်စွာ ခေါင်းညိမ့်ပြခဲ့သည်။

*

ဧပြီလအကုန်မှာ၊ ယွင်ရွှေကောင်တီရဲ့ ရာသီဥတုက နွေရာသီမတိုင်ခင်မှာ ခံစားရသလို အလွန်ပူပြင်းလာခဲ့သည်။

နဂါးလှေပြိုင်ပွဲက ရောက်ရှိလို့လာခဲ့ပြီဖြစ်သည်။ သူမအလုပ်ဆင်းတဲ့လမ်းမှာ၊ လင်းယောင်က အိမ်စိုက်သခွားမွှေးသီးတွေနဲ့ အသီးတွေရောင်းနေတဲ့ လယ်သမားကြီးတစ်ဦးနဲ့ ဆုံခဲ့သည်။ သူမက တစ်ချက်ကြည့်ဖို့ ပြန်သွားခဲ့ပြီး ဦးလေးကြီးရဲ့လှည်းပေါ်မှာ ရောင်းချဖို့ ဖရဲသီးအသေးလေးတွေရှိတယ်ဆိုတာ တွေ့ခဲ့ရသည်။

မေးမြန်းပြီးတဲ့နောက်၊ ဒီနှစ်မှာ နွေဦးက စောစောရောက်လာတယ်ဆိုတာကို တွေ့ခဲ့ရသည်။ ဦးလေးက လယ်မြေအနည်းငယ်ကို စောစောထွန်ယက်ခဲ့ပြီး ဖရဲသီးစေ့တွေ စိုက်ပျိုးထားခဲ့သည်။ သူက ဖရဲသီးအသေးလေးတွေတစ်ခင်းလောက်ကို ရိတ်သိမ်းခဲ့ပြီး သူတို့ကို မြို့မှာ ရောင်းချချင်ခဲ့သည်။

လင်းယောင်ရဲ့ အံ့ဩသွားတဲ့ မျက်နှာအမူအရာက ဦးလေးကြီးကို အရမ်းပျော်သွားစေခဲ့သည်။

ပုံမှန်အားဖြင့်၊ ငါ့ရဲ့ အိမ်စိုက်ဖရဲသီးတွေကို တစ်ယောက်ယောက်က တန်ဖိုးထားရင် ပျော်ပါသည်။

ဦးလေးကြီးက အခွံစိမ်းစိမ်းနဲ့ ဖရဲသီးအသေးလေးတစ်လုံးကို ရွေးပြီး ဓါးနဲ့ စိပ်ပေးခဲ့သည်။ " လာပါ၊ မိန်းကလေး၊ မြည်းကြည့်ပါ။ မချိုရင် အဖိုးအခပေးစရာမလိုဘူး။ "

လင်းယောင်က တစ်လုတ်စားကြည့်ခဲ့သည်။ ချိုပြီး အရည်ရွှမ်းနေခဲ့သည်။ နီရဲနေတဲ့အရောင်က နွေရာသီဖရဲသီးတွေထက်တော့ မဆိုးပေ။ သူမ ဈေးမေးလိုက်တဲ့အခါ၊ နှစ်ဆင့်နဲ့ တစ်ပေါင်ခွဲ ရှိသည်။ အဒေါ်ကြီးနှစ်ယောက် ထပ်ရောက်လာခဲ့ပြီး ‌ဖရဲသီးဝယ်ချင်ခဲ့သည်။

သူတို့သုံးယောက်က အဖွဲ့တစ်ခုဖြစ်လာခဲ့ပြီး ဈေးဆစ်ခဲ့ကြသည်။ နှစ်ဆင့်နဲ့ တစ်ပေါင်ကို လျှော့ပေးလိုက်တဲ့အခါ၊ လင်းယောင်က ဖရဲသီးငါးလုံး ဝယ်ဖြစ်ခဲ့ပြီး အဒေါ်ကြီးနှစ်ယောက်က တစ်ယောက်ကိုနှစ်လုံးစီ ဝယ်သွားခဲ့ကြသည်။ ဖရဲသီးကိုပဲ မြည်းကြည့်ကြပါ။ သူတို့က လင်းယောင်ကို အကြံလဲပေးခဲ့ကြသည်။ " ပိုက်ဆံကို ချွေတာရမယ်။ ဘဝက တစ်ရက်တည်း ရှင်သန်ရတာမဟုတ်ဘူးလေ။ "

" ချွေးမတစ်ယောက်အနေနဲ့၊ အရမ်းအသုံးအဖြုန်းကြီးလို့ မဖြစ်ဘူးလေ။ "

လင်းယောင်က ပြုံးခဲ့ပြီး သူမရဲ့မိသားစုက လူများတာကြောင့်၊ အနည်းငယ်ထပ်ဝယ်မှပဲ တစ်မိသားစုလုံး စားလို့ရနိုင်မယ်လို့ ပြောပြခဲ့သည်။

အဒေါ်ကြီးနှစ်ယောက်က သူတို့ရဲ့နားလည်မှုတွေကို ဖော်ပြခဲ့သည်။ အိမ်မှာ မိသားစုဝင်တွေ များတာကြောင့်၊ သူတို့က ဖရဲသီးနှစ်လုံးဝယ်ခဲ့ပြီး အိမ်မှာစားဖို့ ယူသွားခဲ့ကြသည်။

ကျန်းဆွေ့လန်က ဘေးအိမ်က အဒေါ်တာ့ဖုနဲ့ စကားစမြည်ပြောနေခဲ့ချိန်မှာ၊ လင်းယောင်က ဖရဲသီးတစ်အိတ်နဲ့ အိမ်ကိုပြန်လာခဲ့သည်။

အဒေါ်တာ့ဖုရဲ့သမီးကြီးက ဆွေမျိုးတွေဆီ အလည်သွားဖို့ သူမရဲ့ကလေးနှစ်ယောက်ကို အိမ်ခေါ်လာခဲ့သည်။ သူမတို့မိသားစုထဲက အမျိုးသားကလဲ စစ်သားတစ်ယောက်ဖြစ်သည်။ ကလေးနှစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး ပျိုးထောင်ထားခဲ့ကြသည်။ သူတို့ထက် အကြီးတွေနဲ့ တွေ့ဆုံတဲ့အခါ၊ ဦးလေး/အန်တီ စသဖြင့် ခေါ်ဆိုခဲ့ကြသည်။

အဒေါ်တာ့ဖုရဲ့မြေးအကြီးဆုံးက အသားအရေလှတဲ့လင်းယောင်ကို တွေ့ခဲ့ပြီး သူမကို မအူမလည်နဲ့ ပြုံးပြခဲ့သည်။ " မင်္ဂလာပါ၊ မမလှလှ! "

လင်းယောင်က အရမ်းကို စိတ်လှုပ်ရှားသွားခဲ့သည်။ အမျိုးသမီးနစ်ယောက်အနေနဲ့၊ သူမကို တစ်ယောက်ယောက်က "မမလှလှ" လို့ ခေါ်တဲ့အခါ သူမ မပျော်ပဲမနေနိုင်ပေ။ ဒါကြောင့် သူမက ချက်ချင်း နို့ချိုချဉ်တစ်ချို့ကို ယူပြီး ကလေးလေးကို ပေးခဲ့သည်။

" အရူး‌လေး မမ မဟုတ်ဘူး၊ သို့သို့ရဲ့ အမေ။ "

" အား၊ ဒီလိုငယ်ရွယ်လှပတဲ့ အမေတစ်ယောက်ရှိတာလား? "

" ဘာလို့ မရှိရမှာလဲ? အဖေက ပြောတယ်၊ မိခင်တစ်ယောက်က ကမ္ဘာပေါ်မှာ ငယ်ရွယ်လှပဆုံးပဲတဲ့။ "

" အဖေက ဘယ်တုန်းကပြောတာလဲ? ငါက ဘာလို့ မသိခဲ့ရတာလဲ? "

" ဟီးဟီး၊ ညတုန်းက ငါ့မိဘတွေ တိုးတိုးလေးပြောနေတာ ကြားခဲ့တာ။ "

ကောင်လေးနှစ်ယောက်က အချင်းချင်း သတင်းတွေ လဲလှယ်နေခဲ့ကြပြီး အဒေါ်တာ့ဖုရဲ့ သမီးကြီးနဲ့ သားမက်တို့ကြားက အချစ်စကားတွေကို တိတိကျကျ ပြန်ရှင်းပြနေခဲ့သည်။

လူတိုင်းက ပျော်ရွှင်စွာနဲ့ အတင်းပြောတဲ့ မျက်နှာထားလုပ်ကာ နားထောင်နေခဲ့ကြသည်။ " အိုး၊ ဇနီးမောင်နှံနှစ်ယောက်က ဆက်ဆံရေးကောင်းကြတာပဲ။ "

အဒေါ်တာ့ဖုရဲ့ ပုစွန်ချက်ထားသလို လှပတဲ့မျက်နှာနဲ့ သမီးကြီးက သူမရဲ့လက်ထဲက အစားအသောက်တွေကို လွှင့်ပစ်ခဲ့ပြီး အံကြိတ်ကာ "ပညာပေး" ဖို့အတွက် ကောင်လေးနှစ်ယောက်ကို အိမ်ကို ပြန်ခေါ်သွားခဲ့သည်။

အဒေါ်တာ့ဖုက သူမရဲ့ပေါင်ကို ပုတ်ပြီး ပြောခဲ့သည်။ " သမီး၊ ပြောစရာရှိရင် ပြောပါ၊ ကလေးကို မရိုက်ပါနဲ့။ "

ကလေးတစ်ယောက်ကို ဆုံးမရင်းမရိုက်ဖို့က မဖြစ်နိုင်ပေ။

ကလေးဆိုးလေးနှစ်ယောက်ကို ငိုတဲ့အထိ သူတို့အမေက ဆုံးမခဲ့ပါသည်။

ခြံဝင်းထဲမှာ စိတ်လှုပ်ရှားစရာတွေ အများကြီး ရှိခဲ့ပြီး အိမ်ထဲမှာ အိပ်နေခဲ့တဲ့ ကုသို့သို့က နိုးလာခဲ့သည်။ ဖက်တီးလေးက အခုဆို ပျော့ပျောင်းတဲ့ခြေလက်တွေ ရှိနေခဲ့ပြီး အိပ်ယာပေါ်မှာ ဖင်တုန်းလေးကို ထောင်ကာ ညည်းနေရင်း လှဲနေခဲ့သည်။

" မေမေ၊ မေမေ၊ အပြင်မှာ အော်... အော်နေတယ်! "

ကလေးလေးက လင်းယောင်ရဲ့ခြေထောက်ကို ကိုင်ပြီး သူမကို အပြင်ဘက်ကို ဆွဲခေါ်နေခဲ့သည်။

ဘယ်နေရာမှာပဲ ပျော်စရာရှိရှိ ကလေးလေးက ပါဝင်ချင်တာကို သူမ မြင်တဲ့အခါ၊ လင်းယောင်က သူမနဖူးကိုကိုင်ရင်း ဘာမှမတက်နိုင်ခဲ့ပါ။

ဖက်တီးလေး မွေးလာတုန်းက၊ တစ်နေ့လုံး အဖိုးကြီးတစ်ယောက်လိုပဲ တည်တည်ကြည်ကြည်နဲ့ မျက်မှောင်ကြုပ်နေခဲ့သည်။ ဒီလိုငယ်ငယ်လေးမှာ သူ့အဖေလမ်းစဉ်မလိုက်ပဲ တည်တည်ကြည်ကြည်မနေဖို့ လင်းယောင်က စိုးရိမ်နေဆဲ‌ဖြစ်သည်။ မျက်နှာသေး‌ပေမယ့်၊ စကားပြောရာမှာတော့ လေးနက်ပါသည်။

အခု သူမ စဉ်းစားမိခဲ့ပြီ၊ အရင်တုန်းက သူမ တစ်ကယ်ကို စိုးရိမ်စိတ်များခဲ့ပါသည်။ ဖက်တီးလေးရဲ့ ပါးစပ်ကျယ်ကျယ်ကို ကြည့်လိုက်ရင်း၊ လက်ထောက်ဒါရိုက်တာကုရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို တစ်စက်ကလေးမှ မတွေ့ခဲ့ရပေ။

အလိုလေး၊ ကုရှီအန်းအငယ်လေး ရတာမှ တော်ဦးမယ်၊ အနည်းဆုံးတော့ တစ်ကယ်တိတ်ဆိတ်တယ်လေ။

လင်းယောင်က ကြေကွဲမှုနဲ့ ပြည့်နေခဲ့သည်။ ကုသို့သို့ က သူ့ရဲ့မျက်လုံးကြီးတွေနဲ့ မျက်တောင်ခတ်လိုက်ပြီး စိတ်ရှုပ်မှုနဲ့ သူ့ရဲ့ခေါင်းလေးကို စောင်းကြည့်ခဲ့သည်။

" မေမေ? "

" ဟင်? "

" အော်နေကြတယ်၊ သွားကြည့်ပြီး အော်မယ်။ "

လင်းယောင် - " . . . "

နောက်ဆုံးမှာ၊ ခြံထဲကို ကလေးတွေ သွားတာကို ကုသို့သို့ မမြင်ခဲ့တာကြောင့်၊ ဒီမကောင်းတဲ့အမေကပဲ ခြံထဲမှာ ကိုက်တတ်တဲ့ကြွက်ကြီးရှိပြီး သူအပြင်ထွက်တဲ့အခါ သူ့ရဲ့ပါးလေးတွေကို ကိုက်လိမ့်မယ်လို့ လုပ်ကြံပြောရတော့သည်။

ကုသို့သို့က ဘာကိုမှ မကြောက်တတ်ဘူးဆိုတာ သိပါသည်။ လင်းယောင်လိုပဲ၊ ပဲစေ့မျက်လုံးတွေနဲ့ ကြွက်မဲကြီးတွေ၊ ချောချောကြီးဖြစ်နေတဲ့ ပန်းမုန်လာထဲမှာပါတတ်တဲ့ မြွေလေးတွေကိုတော့ သူကြောက်ပါသည်။

ခြံထဲမှာ ကြွက်ကြီးတစ်ကောင်ရှိတယ်ဆိုတာ သူကြားတာနဲ့၊ ဖက်တီးလေးက ချက်ချင်းပြဿနာရှာနေတာကို ရပ်‌လိုက်သည်။ လင်းယောင် ဘယ်သွားသွား၊ ကလေးလေးက သူ့နောက်ကလိုက်ပါသည်၊ လတ်လတ်ဆက်ဆက်လှီးထားတဲ့ ဖရဲသီးစားနေတယ်ဆိုရင်တောင်မှပေါ့။

လင်းယောင်ကလဲ သူမ လွန်သွားပြီဆိုတာကို ခံစားမိခဲ့ပြီး သူမရဲ့သားလေးကို လန့်သွားစေအောင် အကျယ်ကြီးပြောခဲ့မိတာကို နောင်တရသွားခဲ့သည်။

တာဝန်ရှိတဲ့အမေက ကုသို့သို့ လေး အိပ်ပျော်သွားဖို့ကို စောင့်ပေးနေခဲ့သည်။ ကလေးလေးကို ကလေးအခန်းဆီ ခေါ်မသွားရတာ ရှားပါသည်။ အဲ့ဒီအစား၊ သူမရဲ့သားလေးကိုချီပြီး ကလေးအခန်းထဲမှာ အေးအေးချမ်းချမ်း အိပ်ပျော်စေခဲ့ပါသည်။

*

ရက်တွေက မေလကို ကူးပြောင်းလာခဲ့ပြီဖြစ်သည်။ အပူချိန်က နေ့ဘက်မှာ မြင့်ထက်လာခဲ့ပြီး ညပိုင်း ခြံထဲမှာ ခြင်တွေ ပေါလာခဲ့သည်။

ယွင်ရွှေကောင်တီက ခြင်တွေက အင်အားကြီးကြသည်၊ အထူးသဖြင့် ဝတ်ရည်စုပ်တဲ့ခြင်တွေက လူတွေကိုကိုက်တဲ့အခါ အလွန်ယားယံတတ်သည်။

လက်ထောက်ဒါရိုက်တာကုက အိမ်မှာမရှိတာကြောင့် လင်းယောင်က အိမ်အတွက် ခြင်ထောင်တစ်ခု အမြန်ဝယ်ခဲ့ပြီး ပြတင်းပေါက်နှစ်ခုကိုကာဖို့ ပိတ်ကျဲစတွေကို ဖြတ်ကာ အိမ်က တံခါးလိုက်ကာတွေမှာ အစားထိုးခဲ့သည်။

လက်တလော၊ ကောင်တီမှာ ဇာတ်ကားအသစ်ပြသနေခဲ့ပြီး ကုရှီတုန်းက သွားကြည့်ဖို့ ပူဆာနေခဲ့သည်။

ကုသို့သို့က ဘာဇာတ်ကားမှန်း မသိခဲ့ပေမယ့်၊ သူ့ဦးလေးခေါ်တဲ့အခါ၊ သူပါ လိုက်ပူဆာတော့သည်။

လင်းယောင်က တစ်မိသားစုလုံးအတွက် လက်မှတ်ဝယ်ပေးခဲ့ပြီး ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံကို တစ်မိသားစုလုံး အတူတူ သွားခဲ့ကြသည်။

ရုပ်ရှင်ကြည့်ပြီးတဲ့နောက်မှာ၊ လပြည့်က ထွန်းလင်းနေခဲ့ပြီး မိသားစုက အိမ်ကိုပြန်လာခဲ့ကြသည်။ သူတို့ အိမ်ထဲကို ဝင်လိုက်တာနဲ့၊ တစ်ခုခုမှားနေတယ်ဆိုတာကို လင်းယောင်က သေချာသတိထားမိသွားခဲ့သည်။

All Chapters