အခန်း (၁၀၀)
Vol. 9 Ch. 100
ထိုလူသည် အလွန်လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့ပြီး ခြေလှမ်းအနည်းငယ်အတွင်း ခြေရာခံ ပျောက်ဆုံးသွားခဲ့သည်။ ကုရှီအန်းက သူ့ကို လိုက်ပြီး ခြံရှေ့ က ဆင်ဝင်ပေါ်မှာ စိုစွတ်နေတဲ့ ခြေရာတွေကိုသာ တွေ့လိုက်ရသည်။
ကုရှီအန်းက ဘာမှမပြောဘဲ သူ့ထုံးစံအတိုင်း အိမ်ကိုပြန်သွားသည်။
အခန်းထဲမှာ လင်းယောင်က ကုသို့သို့ကို သွားတိုက်ပြီး မျက်နှာသစ်ကာ ကုသို့သို့ ရဲ့ ညဝတ်အင်္ကျီကိုလဲဖို့ အဝတ်သေးသေးလေးများကို ကိုင်ထားသည်။
ကုရှီအန်းက အေးဆေးတည်ငြိမ်စွာ ဝင်လာပြီး လင်းယောင်ကိုမေးသည်။ "ခုတစ်လော တံခါးကို ထူးဆန်းတဲ့လူတွေ ရောက်လာသေးလား?"
လင်းယောင်၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများ တောက်ပလာသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် အလုပ်များလွန်းသဖြင့် ဒါကို မေ့သွားခဲ့သည်။ ဖက်တီးလေးကို ကုတ်အင်္ကျီသေးသေးလေး အမြန်ဝတ်ပေးလိုက်ပြီး ကောင်လေးကို အိပ်ရာထဲက ဆွဲထုတ်ကာ ဘီစကစ်နှစ်ခု လက်ထဲ ထည့်ပေးပြီးပြောလိုက်သည်။ "ဦးလေးနဲ့ သွားကစားနော်။"
ဒီနေ့ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သည်။
ကုသို့သို့ သည် နှစ်ကြိမ် တခစ်ခစ်ရယ်ကာ ပြုံး၍ နံရံကို ကိုင်ကာ သူ့ခြေထောက်တိုတိုလေးဖြင့် ဘေးခန်းဆီသို့ ပြေးသွားခဲ့သည်။
"ဟီးဟီး ဦးလေး၊ သားသားကစားဖို့ လာတာ"
အခန်းကျဉ်းလေးထဲမှာ ကုရှီတုန်းက စောင်အောက်မှာ အိပ်နေသည်။ တူဖြစ်သူက အော်သောအခါတွင် သူ့အိပ်ယာမှထကာ ကောင်လေးနှင့် ကစားရန်မှတပါး ရွေးချယ်စရာမရှိပေ။
အရှေ့ဆောင်တွင် လင်းယောင်သည် တံခါးကိုပိတ်ပြီး အိမ်ထဲသို့ ဝင်လာသော လူများအကြောင်း လက်ထောက်ဒါရိုက်တာကုအား စိတ်လှုပ်ရှားစွာ ပြောပြလိုက်သည်။
လင်းယောင်သည် အလွန်စကားတတ်ပြီး ထိုနေ့ဖြစ်ပျက်သမျှကို စကားလုံးအနည်းငယ်ဖြင့် ရှင်းပြလိုက်သည်။ သူမစကားပြောပြီးတဲ့အခါ ကုရှီအန်းက သူ့မိသားစုရဲ့ လက်ဖက်ရည်ကို ဆေးခပ်တယ်ဆိုတာကို ကြားလိုက်ရပြီး သူ့ရဲ့ မျက်ဝန်းနက်နက်တွေက ချက်ချင်း အေးစက်သွားခဲ့သည်။ လင်းယောင်လန့်သွားမှာစိုးတာကြောင့် နောက်တစ်စက္ကန့်မှာ သူ့အမူအရာက ငြိမ်သက်သွားပြီး သူ့မျက်လုံးထဲမှာ ကြည်လင်ပြတ်သားတဲ့ အရိပ်အယောင်တွေသာ ရှိနေသည်။
လင်မယားနှစ်ယောက်လုံး သွားရှုပ်ဖို့မလွယ်ပေ။ တစ်ယောက်က လက်တုံ့ပြန်တတ်ကာ နောက်တစ်ယောက်က ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားကိုပင်စားနိုင်သည်။ နှစ်ယောက်သား ပေါင်းလိုက်တော့ ဘာပြောရမှန်းပင် မသိပေ။
ဘာပဲဖြစ်ဖြစ် လက်ထောက်ဒါရိုက်တာကုနဲ့ သူ့ဇနီးတို့ စကားပြောပြီး သဘောတူညီမှုရခဲ့ပါသည်။ လင်မယားနှစ်ယောက် အိမ်ကထွက်လာတော့ တစ်ယောက်က ပြုံးနေပြီး နောက်တစ်ယောက်က ချယ်ရီသီးလိုချိုတဲ့နှုတ်ခမ်းတွေ ရှိနေခဲ့သည်။
ကုမန်ဆန်သည် အတွင်းကို မမြင်ရသဖြင့် ဝမ်းသာအားရဖြင့် သူ့သားနှင့်ချွေးမကို မနက်စာစားရန် လာနှုတ်ဆက်သည်။
မနက်မိုးလင်းတော့ မိသားစုက အလုပ်သွားဖို့ အလျင်လိုနေပြီး အစားအသောက်က အမြဲရိုးရှင်းသည်။ မနေ့ညက အာ့ဟယ် ခေါက်ဆွဲနဲ့ ပေါက်စီထက် ဘာမှ မပိုပါပေ။ ပွက်ပွက်ဆူအောင် ပြုတ်ပြီးနောက် ယောက္ခမဖြစ်သူ ပြင်ဆင်ထားသော အသီးအရွက်များကို ထည့်ကာ အချဉ်ရည်ဖြင့်စားကြသည်။
ထမင်းစားပြီးတာနဲ့ မိသားစုက သီးသန့်စီ ထွက်သွားကြသည်။
ယနေ့မှစ၍ ကောင်တီပြည်သူ့လုံခြုံရေးဌာနသည် ရန်သူအေးဂျင့်များကို ဖမ်းဆီးရန် ပြင်းပြင်းထန်ထန် စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ရက်အနည်းငယ်အတွင်း ယွင်ရွှေကောင်တီရှိ သာမန်လူများကြားတွင် ပုန်းအောင်းနေသော ရန်သူအများအပြားကို ဖမ်းဆီးထောင်ချခဲ့သည်။
ဒုတိယအဒေါ်နှင့် အခြားသူများသည် ယခုတစ်ကြိမ် ယွင်ရွှေ ကောင်တီတွင် ပုန်းနေခဲ့ကြသည်။ မူလက သူတို့သည် တတိယအဒေါ်အတွက် လက်စားချေချင်ခဲ့သည်။ မမျှော်လင့်ဘဲ၊ သူတို့လက်စားမချေမီ ကုမိသားစုနှင့် ကောင်တီခေါင်းဆောင်များ၏ မိသားစုများဆီသို့ ပို့လိုက်သောလူများမှာ တယောက်ပြီး တယောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဒုတိယအဒေါ်၏ တပ်သားများနှင့် ဗိုလ်ချုပ်များ ဆုံးရှုံးရခြင်းသည် လက်နှစ်ဘက် ဆုံးရှုံးရသလိုဖြစ်ပြီး ရှက်ရှက်ဖြင့် အနောက်မြောက်ဘက်သို့ ပြန်ပြေးခဲ့ရသည်။
ကံကောင်းထောက်မစွာ၊ အခြားလက်အောက်ငယ်သားများကို ပြည်သူ့လုံခြုံရေးဌာနမှ ရဲဘော်များက ထိုလူနောက်သို့လိုက်ရန် လမ်းတွင် ဖမ်းမိခဲ့သည်။
လင်းယောင်ကို ခြေရာခံရသော ရန်သူအေးဂျင့်သည် ကံမကောင်းပါ။ ဒုတိယအဒေါ်က သူ့ကို အမိန့်ပေးထားသည်။ ကုမိသားစု သောက်တဲ့ရေကို ဆေးခပ်ရုံသာမက ကုမိသားစုရဲ့ ကလေးလေးကို သူအခွင့်အရေးရရင် သတ်ပစ်ဖို့ပင်။ ကုမိသားစုဝင်တွေဟာ နာကျင်စွာနဲ့ အသက်ရှင်သွားရမည်ဖြစ်ပြီး ဘဝက သေတာထက် ပိုဆိုးပါသည်။
ကံကောင်းထောက်မစွာ၊ ကုသို့သို့သည် ကံကောင်းခဲ့ပြီး ရန်သူများ လှုပ်ရှားမည့် မိုးရွာသောညတွင် သူ့အစ်ကိုထန်းယွမ်နှင့် ရွှီအိမ်တွင် အိပ်ခဲ့ရသည်။
ထိုနေ့က အိမ်အပြင်ဘက်တွင် မိုးရွာနေပြီး ကျန်းဆွေ့လန်သည် သူ့ချွေးမအိမ်ရှိ ပြတင်းပေါက်များကို ပိတ်ရန် မေ့သွားခဲ့သည်။ အိမ်ရှိ နှစ်မီတာရှိသော အိပ်ရာသည် မိုးရေကြောင့် စိုစွတ်နေပြီး စောင်များ၊ ခေါင်းအုံးများပါစိုသွားသောကြောင့် မိသားစု ၃ ယောက်သည် ရွှီအိမ်တွင်သာ နေခဲ့ကြသည်။
ရန်သူအေးဂျင့်များသည် ရွှီအိမ်ထဲသို့ ခိုးဝင်ကာ လှုပ်ရှားချင်သော်လည်း အချိန်အတော်ကြာ စောင့်ကြပ်နေသော ကုရှီအန်းသည် ရိုင်ဖယ်သေနတ်လက်ကိုင်ဖြင့် ထိုလူကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ရိုက်ချလိုက်သည်။ လက်ထောက်ဒါရိုက်တာကု၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်ပြီး ထိုလူသည် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ကာ ထွက်ပြေးချင်ခဲ့သည်။
ထိုသူခြေလှမ်းအနည်းငယ် ပြေးလိုက်သည်နှင့် ခါးကိုပြင်းထန်စွာ အကန်ခံရပြီး တစ်ကိုယ်လုံး နံရံနှင့် ရိုက်ကာ နံရံပြိုကျသွားသည်။
ရွှီရှန်းချန်သည် ဆူညံသံကြားသဖြင့် သေနတ်ဖြင့် လိုက်လာခဲ့သည်။
"လောင်ကု ဘာဖြစ်တာလဲ"
ကုရှီအန်း စကားမပြောမီ၊ မြေပြင်ပေါ်သို့ လဲကျသွားသော သေလုမြောပါး ရန်သူသည် သွေးများ ပေနေသောပါးစပ်ဖြင့် "အရမ်းကျေနပ်မနေပါနဲ့ တစ်နေ့တော့..."
"အား!”
ရန်သူအေးဂျင့်သည် အဓိပ္ပါယ်မရှိတာတွေ ပြောတော့မည့်ဆဲဆဲမှာပင် ကြောင်ဝါကြီးသည် မည်သည့်နေရာမှမသိ ခုန်ဆင်းလာကာ ချွန်ထက်သောခြေသည်းများကို ဝှေ့ယမ်းပြီး ထိုလူ၏ မျက်နှာကို ကုတ်ခြစ်လိုက်သည်။
ရန်သူက သူ့မျက်နှာကိုအုပ်ပြီး အော်လိုက်သည်။ အစ်ကိုကြီးထို့ထို့က စိတ်မရှည်စွာ ထိုလူ၏လည်ပင်းနောက်ကို ဓားနဲ့ခုတ်လိုက်ရာ ခွေးသေတစ်ကောင်လို လဲကျသွားတော့သည်။
ရွှီရှန်းချန်သည် မှောင်မိုက်ပြီး မိုးရွာသောညတွင် ညည်းညူရန်မမေ့ဘဲ ရန်သူအေးဂျင့်ကို တံခါးအပြင်သို့ သယ်ဆောင်သွားခဲ့သည်။
"လောင်ကု၊ ဒီခွေးကောင်က တော်တော်လေးတာပဲ၊ ငါ့ကို ကူဦး!"
"..."
နောက်နေ့မနက်စောစောမှာ လေနဲ့မိုးက ရုတ်တရက် ရပ်သွားပြီး မျက်လုံးတွေ တောက်ပလာသည်။
တစ်ညတာ ကောင်းကောင်း အိပ်ပျော်ပြီးနောက် လင်းယောင်သည် သက်တောင့်သက်သာ အကြောဆန့်ကာ အခန်းထဲမှ ထွက်လာပြီး ကုချွင်မေနှင့် မနက်စာပြင်လေသည်။
ရွှီအမေသည် မုန့်ကြော်တစ်ပန်းကန်နှင့် ပြောင်းဆန်ယာဂုကိုကျိုကာ ညီအစ်မများကို စားရန် ခေါ်ခဲ့သည်။
ကုရှီအန်းနဲ့ ရွှီ သားအဖကို ထမင်းစားပွဲမှာ မတွေ့ရတော့ပါ။ လင်းယောင်သည် မနေ့ညက ကောင်တီတွင် ရန်သူအေးဂျင့်တစ်ဦးကို ဖမ်းမိကြောင်း ရွှီအမေကို မေးမြန်းပြီး သိရှိခဲ့သည်။ မနက်အစောကြီးမှာ သူတို့က ပြည်သူ့လုံခြုံရေးဌာနကို သွားရပြီး မနက်စာစားရန် ပြန်မလာခဲ့ကြပေ။
မနေ့ညက ရန်သူအေးဂျင့်ကို ဖမ်းမိတယ်?
လင်းယောင်နှင့် ကုချွင်မေသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လုံးဝအံ့အားသင့်သွားကြသည်။
*
မေလ၏ နံနက်စောစောတွင် ခြံဝင်းသည် မိုးရွာပြီးနောက် လတ်ဆတ်သော အနံ့ကို ရနေသည်။ ကုရှီအန်းသည် တစ်မနက်လုံး ပြည်သူ့လုံခြုံရေးဌာနတွင် အလုပ်များနေပြီး ရှစ်နာရီခန့်တွင် ကွေ့ဟွားဟူးထုန်သို့ သွားခဲ့သည်။ မိသားစု ၃ ယောက်သည် ရွှီအိမ်မှ ဝန်းထဲသို့ ပြန်လာခဲ့ကြသည်။
ကျန်းဆွေ့လန်သည် အလုပ်များနေပြီး စိုစွတ်နေသော စောင်နှင့် မွေ့ယာကို အခြောက်ခံရန် ခြံဝင်းထဲသို့ ယူဆောင်သွားသည်။ ကုသို့သို့သည် ချစ်စရာကောင်းသောဘောင်းဘီကို ၀တ်ထားပြီး ခြံထဲတွင်ခင်းထားသော ဝါးဖျာပေါ်တွင် ထိုင်ကာ သစ်သားဘဲရုပ်ကို ကိုင်ပြီးကစားနေသည်။ လင်းယောင်သည် အိမ်သန့်ရှင်းရေးပြီးသွားကာ ပြတင်းပေါက်ကို ဖွင့်၍ ခြံဝင်းအတွင်းရှိ စိမ်းလန်းသော အပင်များကို မြင်လိုက်ရသော် အသက်ပြင်းပြင်း မရှူမိပဲမနေနိုင်တော့။
အခုလေးတင်ပဲ၊ သူမက ကုရှီအန်းရဲ့ ချောမောတဲ့ မျက်နှာကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို မနေ့ညက ဖြစ်ခဲ့တဲ့ အကြောင်း မေးလိုက်သည်။
မနေ့ညက အဖြစ်အပျက်ကို အမေအိုကြီး ကြားလိုက်ရတော့ အလွန်ပင်လန့်သွားခဲ့သည်။ သူမသည် ကုသို့သို့ကို ပွေ့ဖက်ထားပြီး လက်မလွှတ်ဝံ့ပေ။ သူမသည် ရန်သူအေးဂျင့်များ၏ ဘိုးဘေးများကို ချက်ချင်း ကျိန်ဆဲလိုက်သည်။
လင်းယောင်က တစ်ခါမှ ဆဲဆိုတဲ့စကားတွေ မပြောခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ သူမ အရမ်းဒေါသထွက်ခဲ့ပါသည်။ သို့သော် သူမ ကျိန်ဆဲသောအခါတွင် အနည်းငယ်သာ ကျိန်ဆဲနိုင်သည်။ ယုတ်မာသော ရန်သူများသည် ရေသောက်သောအခါ ရေနင်၊ အစားစားသောအခါ အစာနင်ပြီးသေလိမ့်မည်။ အညစ်အကြေး တွင်းထဲ ပြုတ်ကျပြီး အသက်ရှူကျပ်သေဆုံးရမည်။ ကျိန်စာစကားတွေက ပျော့နေလို့ သူမကိုယ်သူမပင် ဒေါသဖြစ်သွားသည်။
ကုရှီအန်းက သူ့နှုတ်ခမ်းကို တွန့်ကွေးပြီးပြုံးလိုက်တော့ လင်းယောင်ကမိသွားကာ ထိုဆင်ခြေဖြင့် သူ့လက်မောင်းများကို ကိုက်ခဲ့သည်။
သူမသည် လက်ထောက် ဒါရိုက်တာကု၏ ရင်ခွင်ထဲတွင် ရှိနေပြီး ထိုလူ၏အသက်ရှူသံက မတည်မငြိမ်ဖြစ်လာသည်။ လင်းယောင်သည် အန္တရာယ်ကို သတိပြုမိပြီး စက္ကန့်ပိုင်းအတွင်း သူ့လက်ထဲမှ ခုန်ထွက်လာခဲ့သည်။ သူမလက်ထဲက နာရီကို ငုံ့ကြည့်လိုက်ပြီး ထိုသူအား လေးနက်တဲ့မျက်နှာနဲ့ အလုပ်သွားဖို့ တိုက်တွန်းလိုက်ပါသည်။
လက်ထောက် ဒါရိုက်တာကုသည် အလုပ်သို့ ခပ်သွက်သွက်သွားပြီး လင်းယောင်သည် ယုန်ငယ်များကို အစာကျွေးရန် ခြံထဲသို့ ကုသို့သို့ကိုပါ ခေါ်သွားခဲ့သည်။ လမ်းတစ်ဝက်မှာ ကုသို့သို့ ရဲ့ ခေါင်းလေးဟာ တဖြည်းဖြည်း ငိုက်ကျလာပါတော့သည်။
လင်းယောင်က ဖက်တီးလေးကို အိပ်ဖို့ အိမ်ပြန်ခေါ်သွားသည်။
ကျန်းဆွေ့လန်သည် အိမ်သို့ပြန်သွားပြီး ပြက္ခဒိန်ကိုကြည့်လိုက်သည်။ စပါးဝယ်ဖို့ တစ်လတစ်ခါ ဆန်စပါးရုံးကိုသွားရမည့်နေ့ပင်။ လင်မယားနှစ်ယောက် ဆန်စပါးစာအုပ်နှင့် ပိုက်ဆံကူပွန်ကိုယူကာ စပါးဝယ်ရန် သစ်သားလှည်းကို ဆန်စပါးရုံးသို့ တွန်းသွားကြသည်။ မသွားခင်မှာ ကုရှီတုန်းအား အိမ်မှာကဲမနေပဲ မရီးဖြစ်သူ၏ စကားကို နားထောင်ဖို့ ပြောခဲ့သည်။
ကုရှီတုန်းက သဘောတူလေသည်။
ဇနီးမောင်နှံနှစ်ယောက်က အရှေ့ဆောင်ကို လှည့်ကြည့်ပြန်သည်။ ကျန်းဆွေ့လန် မသွားခင် အိမ်ပတ်ပတ်လည်ကို လှမ်းကြည့်သည်။ သူမရဲ့ သားအကြီးဆုံးက သူလျှိုငါးယောက် ခြောက်ယောက်ကို ဖမ်းမိထားတာကို သူမ သိသည်။ ကောင်တီမှာ ရန်သူအေးဂျင့်တွေများနေသည်၊ သူတို့ထဲက တစ်ယောက်က ဝန်းနဲ့ တစ်လမ်းပဲ ဝေးသည်!
ဒါက အနီးနားက အိမ်နီးနားချင်းတွေကို အရမ်းထိတ်လန့်စေခဲ့ပြီး ကုမန်ဆန်က ပြောသည်။ "ရေတိမ်ထဲမှာ လိပ်တွေ အများကြီးပဲ။ လိပ်ဘယ်လောက်ပဲရှိရှိ ငါတို့သားက သူတို့ကို ဖမ်းလိမ့်မယ်၊ စိတ်မပူပါနဲ့ "
သို့မှသာ ရဲဘော်ကျန်းဆွေ့လန် စိတ်သက်သာရာရပြီး သစ်သားလှည်းကို တွန်းထုတ်လိုက်သည်။
မွန်းတည့်အချိန်၌ လင်မယားနှစ်ယောက် အစားအသောက်ဝယ်ရာမှ ပြန်ရောက်လာသည်။ ပူလွန်းလို့ ချွေးတွေရွှဲနေသည်။ သူတို့ချွေးမ ပေးလာတဲ့ ရေနွေးကို သောက်ပြီး စိုစွတ်တဲ့ မျက်နှာသုတ်ပဝါကိုညှစ်ကာ အသက်ပြန်မရှုနိုင်ခင် မျက်နှာကို သုတ်လိုက်သည်။
ယခုနှစ်တွင် အမျိုးသားရေး အခြေအနေ မကောင်းသေးသော်လည်း ယွင်ရွှေကောင်တီသည် အတော်လေး ငြိမ်သက်နေသေးသည်။
သို့သော်လည်း မြောက်ပိုင်းတရုတ်လွင်ပြင်နှင့် တောင်ပိုင်းပြည်နယ်အများအပြားတွင် သဘာဝနှင့် လူလုပ်ဘေးအန္တရာယ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး စားနပ်ရိက္ခာ အလုံအလောက်မရှိသဖြင့် မိသားစုများ အပြင်ထွက်ကာ အစာကိုတောင်းစားခဲ့ရသည်။
လူမှုပတ်ဝန်းကျင်က ဒီလိုမျိုးပင်။ သာမန်လူတွေ ရှင်သန်ဖို့ ကြိုးစားတာ ဘာမှ မမှားပေ။
မမျှော်လင့်ဘဲ၊ လူမှုရေး မတည်ငြိမ်မှုသည် အမှောင်ထုကို ပေါက်ဖွားလာစေသည်။
ဒုက္ခရောက်နေတဲ့သားကောင်တချို့က အပျင်းထူကာ သူတို့ကလေးတွေရဲ့ ခြေထောက်တစ်ဖက်ကို ရက်စက်စွာ ချိုးပြီး ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းပါသည်။ ပိုဆိုးတာက သူတို့က တခြားသူတွေရဲ့ ကလေးတွေကို ပြန်ပေးဆွဲ၊ မသန်မစွမ်းဖြစ်အောင် ရိုက်နှက်ပြီး တောင်းစားခိုင်းသည်။
ယွင်ရွှေကောင်တီသည် တင်းကျပ်ပြီး ထိုဒုက္ခသည်များသည် ဤနေရာကို ပွင့်ပွင့်လင်းလင်း မလာရဲကြသော်လည်း စီရင်စုမြို့တော်နှင့် မြို့တွင်းရထားဘူတာရုံများနှင့် သင်္ဘောကျင်းများ အပြင်ဘက်တွင်တော့ လူများ၏ အသွားအလာများကို သိပ်ဂရုမစိုက်ပေ။
ကျန်းဆွေ့လန်နဲ့ သူ့ခင်ပွန်းတို့ ခရီးထွက်ပြီး ယွင်ရွှေ ကောင်တီက လမ်းပေါ်မှာ ကလေးလေးတစ်ယောက် သူ့ခြေထောက်တွေကို တရွတ်ဆွဲကာ အစာတောင်းနေတာကို တွေ့လိုက်ရသည်။
သူ့နောက်မှာတော့ စုတ်ပြတ်သတ်နေတဲ့ လူကြီးအနည်းငယ်က ကလေးကို ရိုက်နှက်ကန်ကျောက်ကာ ကလေးမှာ ကွေးနေခဲ့သည်။
ကျန်းဆွေ့လန် မမြင်နိုင်ဘဲ ထိုသူများကို ဆူပူကြိမ်းမောင်းခဲ့သည်။ ထိုလူတွေက သူမကို ကြည့်ပြီး မနိုင်မှန်းသိလို့ ထွက်ပြေးသွားကြသည်။
ကုမန်ဆန်သည် ကလေးငယ်အား မေးမြန်းရန် သွားရောက်ခဲ့ရာ ကလေးသည် ထိုလူများနှင့် တစ်ရွာတည်းမဟုတ်ပဲ လူကုန်ကူးသူများထံမှ ခိုးယူခံခဲ့ရကြောင်း သိရှိခဲ့ရသည်။
ကလေးက ငတ်ပြတ်လွန်းလို့ အရိုးပေါ်အရေတင်နေသည်။ သူ့ခြေထောက်တွေက တကယ်မသန်စွမ်းတာမဟုတ်ပေ။ သူသည် ဘောင်းဘီပွပွတစ်ထည်ကို ၀တ်ဆင်ထားပြီး မြေပြင်ပေါ်သို့ ဟန်ဆောင်ပြီး တရွတ်ဆွဲသွားခြင်းပင်။ ကုမန်ဆန်သည် နိုင်ငံတော်ပိုင်စားသောက်ဆိုင်တစ်ခုသို့ သွားကာ နှမ်းမုန့်နှစ်လုံးကို ဝယ်ခဲ့သည်။ စားပွဲထိုးကို ရေနွေးတစ်ပန်းကန်တောင်းပြီး ကလေးကို ပေးလိုက်သည်။ အစာစားတဲ့အခါ ကလေးက ကျေးဇူးတင်ကြောင်း အရင်ပြောဖို့သိကာ သူ့လက်ထဲမှာ ကိုင်ထားပြီး ဂရုတစိုက် စားလေသည်။
ကလေးဗိုက်ဝသွားသောအခါတွင် ကုမန်ဆန်နှင့် သူ့ဇနီးတို့က ကလေးကို ပြည်သူ့လုံခြုံရေးဌာနသို့ ပို့ပြီး ကလေး၏ မိဘများကို ရှာဖွေရန် သားဖြစ်သူအား တောင်းဆိုခဲ့သည်။ ဒီလို ကလေးကောင်းတစ်ယောက် ဆုံးရှုံးသွားရင် မိဘတွေ အရမ်းစိုးရိမ်ကြလိမ့်မည်။
ကျန်းဆွေ့လန် ယခုမှ သက်ပြင်းချနိုင်သည်။ "ဒီလူတွေရဲ့ နှလုံးသားတွေက ဘာသားနဲ့ထုလုပ်ထားတာလဲ။ ဒီလူတွေ ဒီလိုအကျင့်ပျက်မှုတွေကို ဘယ်လိုတောင်လုပ်နိုင်ကြတာလဲ"
ကုမန်ဆန်က တိတ်ဆိတ်နေခဲ့သည်။ ယခင်တုန်းက လူသားစားတာတွေပင် အများကြီးရှိခဲ့သည်။
"အဲဒီကလေးမှာ မိသားစုမရှိ၊ အလုပ်မရှိ၊ သနားစရာကောင်းလိုက်တာ ယောင်ယောင်ရယ်။ ဒီကလေးက သူ့မိသားစုကို ရှာမတွေ့မချင်း ရဲစခန်းမှာ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် စိတ်ပူနေစရာ မလိုဘူး။ စားဝတ်နေရေးစရိတ်ပဲ ငါတို့မိသားစုက ပေးတာ။ ဟုတ်ပြီလား”
ထိုအချိန်တွင်၊ ကျန်းဆွေ့လန်သည် ဆုံးဖြတ်ချက်ကို ချွေးမဖြစ်သူနှင့် မတိုင်ပင်မိသည့်အတွက် အနည်းငယ် ရှက်သွားသဖြင့် အမြန်ရှင်းပြလိုက်သည်။
လင်းယောင်သည် ကလေးလေး၏ အဖြစ်အပျက်ကို ကြားလိုက်ရသောအခါတွင် သူမ ဘယ်လိုကန့်ကွက်နိုင်မည်နည်း။ သူမက ခေါင်းညိတ်သဘောတူပြီး ချိုသာစွာပြောသည်။
“ အမေကတကယ်ပဲ အားနည်းသူကို စာနာထောက်ထားတတ်တာပဲ”
"ဘယ်လိုအားနည်းသူကို စာနာထောက်ထားရမှာလဲ။ ဒီကလေးကတော့လေ။ တကယ်ပဲ ပြောတတ်တယ်"
ကျန်းဆွေ့လန်က ပါးစပ်နားရွက်တတ်ချိတ်မတတ်ပင် ပြုံးနေတော့သည်။
တစ်ချိန်တည်းမှာပင် လင်းဟုန်နသည် သူမ၏ ဒုတိယမြောက်ကလေးကို ကိုယ်ဝန်ရှိနေပြီဟု မြို့ရှိ စွင်း မိသားစုမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။