← Chapters

အခန်း (၁၀၄)

Vol. 9 Ch. 104

အခန်း (၁၀၄)

Vol. 9 Ch. 104

လင်းယောင်က ခေါင်းညိတ်ပြပြီး ဒီလိုဆိုကောင်းသည် ဟု တွေးလိုက်မိသည်။ ဖင်းအန်သည် ငယ်စဉ်ကပင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ကလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကလေးဘဝတွင် အချစ်ကင်းမဲ့မှုအတွက် ဖြည့်ဆည်းပေးနိုင်ရန် ၎င်း၏မိဘအရင်းများကို အမြန်ဆုံးရှာတွေ့ရမည်။

ဖင်းအန်သည် သုန်ဇီ၏ အိမ်တွင်နေထိုင်ပြီး အိပ်သည်။ သုန်ဇီ၏ အခန်းသည် လက်ဖဝါးစာလောက်သာရှိပြီး နှစ်ယောက်အိပ်ကုတင်ကို ထားမရပါ။ ကုရှီအန်းသည် အခန်းတွင်းရှိ အိပ်ယာဘေးမှ စားပွဲကို နေရာလေးတစ်ခုဖြစ်အောင်ရွှေ့ကာ နံရံနှင့် ကပ်ထားသည်။

ကုတင်သေးသေးလေးတစ်လုံးနဲ့ သစ်သားသေတ္တာတစ်လုံးကို ဘေးမှာချထားလိုက်သည်။ ခရစ္စမတ်အကြိုနေ့မှာ ထိုကလေးက ကုတင်သေးသေးလေးမှာ အိပ်သည်။ သစ်သားသေတ္တာကို စားပွဲခုံအဖြစ် ပန်းပုဝါဖြင့် ဖုံးအုပ်ထားပြီး ကလေး၏ စာအုပ်များနှင့် အခြားအရာများကို သပ်သပ်ရပ်ရပ် ခင်းကျင်းထားသည်။ ပြတင်းပေါက်ပေါ်၌ စာအုပ်အချို့လည်း ရှိသည်။ ပန်းအိုးတွေလည်းရှိသည်။

ဖင်းအန်သည် ငယ်စဉ်ကပင် အလွန်ခံစားခဲ့ရသည်။ ညဘက်ဆို အိပ်မက်ဆိုးတွေကနေ ငိုပြီး နိုးလာတတ်သည်။

သုန်ဇီသည် ပေါ့ပေါ့တန်တန် နေတတ်သူဖြစ်ပြီး အားမပေးတတ်ပါ။ တခါတရံ လဲလျောင်းရင်း အိပ်ပျော်သွားကာ အခန်းထဲမှာ သစ်နံကိုင်းဖြင့်မီးမွှေးဖို့တောင် မေ့သွားတတ်သည်။

ကုရှီအန်းသည် ကလေးနှစ်ယောက်အတွက် သစ်နံကိုင်းသွားမွှေးပေးရန်ပြင်ကာ လင်းယောင်သည် ချည်လုံးကိုချပြီး သူ့နောက်သို့ လိုက်သွားခဲ့သည်။

အိမ်ထဲသို့ ဝင်လိုက်သောအခါ ဖင်းအန်၏ အေးချမ်းစွာအိပ်စက်နေသောပုံကို မြင်လိုက်ရသောအခါ သူမ စိတ်သက်သာရာ ရသွားသည်။ လင်းယောင်သည် အိပ်ခန်းထဲသို့ ပြန်ရောက်သည်နှင့် သူမ၏သား ဖက်တီးလေးက စောင်ကို ကန်ထုတ်ပြီး ကျောဆန့်ကာ ကုတင်သေးသေးလေးပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမ မထိန်းနိုင်ဘဲ ပြုံးမိကာ ကုသို့သို့ကို စောင်ခြုံပေးလိုက်သည်။

လင်မယားနှစ်ယောက် အကြာကြီး စကားစမြည်ပြောရင်း အခန်းထဲမှာ ဖယောင်းတိုင်မီးတွေ တဖျပ်ဖျပ်ဖျပ်ခတ်လာကာ အခန်းတွင်းက လေထုက တဖြေးဖြေး ချစ်စရာကောင်းလာသည်။

လက်ထောက်ဒါရိုက်တာကုက ဒီည သူ့မိန်းမနဲ့ ပွေ့ဖက်ချင်ပေမယ့် လင်းယောင် ကတော့ မပျော်ပေ။ သူက မီးဖိုကြီးတစ်လုံးလိုပင်။ သူ့ကိုဖက်ထားရင် ဆောင်းရာသီမှာ နွေးထွေးစေပေမယ့် နွေရာသီမှာတော့ ပူလောင်အိုက်စပ်သွားပေမည်။

ကုရှီအန်းက ဘာမှမပြောဘဲ မီးအိမ်ကိုဖွင့်ပြီး သူ့ဘေးမှာ ငြိမ်သက်စွာ အိပ်လိုက်သည်။

လင်းယောင်သည် အိပ်ငိုက်လာပြီး မျက်လုံးမှိတ်ကာ မကြာမီ အိပ်ပျော်သွားသည်။ သူမ အိပ်ပျော်သွားပေမယ့် သူမခြေထောက်တွေက မရိုးသားပေ။ သူမ၏ သွယ်လျသော ခြေသလုံးဖြူဖြူက လက်ထောက်ဒါရိုက်တာကုကို မသိမသာ ကန်ထုတ်လိုက်သည်။ ချောမောသော မျက်နှာကိုလည်း ကန်မိသည်။

လင်းယောင်က ညည်းညူရင်း လှည့်ကာ အိပ်ပျော်သွားသည်။

ကုရှီအန်းသည် ထကာ တစ်စုံတစ်ယောက်၏ ဖြူဖွေးနူးညံ့သော ခြေဖဝါးများကို သူ့မျက်နှာမှ ခွာနိုင်ခဲ့သည်။

သူ့လက်ကြီးကို ဆန့်လိုက်သည်နှင့် လင်းယောင်သည် အမည်မသိ အကြောင်းပြချက်တစ်ခုခုကြောင့် မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။ သူမထံသို့ လက်ကြီးတစ်ခု ဆန့်လာနေသည်ကို မြင်လိုက်သောအခါတွင် သူမ၏ ချစ်စဖွယ် ဗာဒံစေ့သဏ္ဍာန် မျက်လုံးများ ပြူးကျယ်သွားသည်။

"ရှင့်လက်နဲ့ ဘာလုပ်ချင်နေတာလဲ"

"ယောင်ယောင် မဟုတ်ဘူး..."

"ဘာမဟုတ်ဘူးလဲ။ အစ်မချွင်‌မေ ပြောတာမှန်တယ်။ ယောက်ျားတွေက အကျင့်မကောင်းဘူး။ ကျွန်မ တစ်ယောက်တည်း အိပ်ချင်ပေမယ့် ရှင်က လက်ကိုဆန့်ပြီး မဟုတ်တာတွေကြံနေတယ်!"

လင်းယောင် ဒေါသအရမ်းထွက်ပြီး တစ်စုံတစ်ယောက်နဲ့ စာရင်းရှင်းရန်ပြင်လိုက်သည်။

လက်ထောက်ဒါရိုက်တာကုက လုံးဝအငြင်းမပွားနိုင်ပေမယ့် လင်းယောင်က အမြန်ပြေးပြီး သူ့ကို နှစ်ကြိမ် ကုတ်လိုက်သည်။ ကုရှီအန်း၏ နက်မှောင်သော မျက်လုံးများက ပူလာပြီး ရုတ်တရက် လူကို မြှောက်လိုက်ပြီး သူမကို အနိုင်ကျင့်ခဲ့သည်။

"...."

*

၁၉၆၀ ခုနှစ် နွေရာသီတွင် ပိုမိုပြင်းထန်သော နိုင်ငံတကာ အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ပါတီဗဟိုကော်မတီသည် "လူတိုင်း စစ်သည်များအဖြစ် လေ့ကျင့်သင်ကြားပြီး အမိမြေကို ကာကွယ်စောင့်ရှောက်ရမည်" ဟူသော ဆောင်ပုဒ်ကို တင်သွင်းခဲ့သည်။ နိုင်ငံတစ်ဝှမ်းလုံးက တက်ကြွစွာ တုံ့ပြန်ခဲ့ကြပြီး ကိုယ်ပိုင်ပြည်သူ့စစ်တွေ ဖွဲ့စည်းခဲ့ပါသည်။ ယွင်ရွှေကောင်တီ၏ ကျယ်ပြောလှသော မြေပြန့်ကြီးတစ်ခုလုံးတွင် မြည်းလှည်းများမောင်းနှင်လာကာ ကျယ်ပြန့်သော ပြည်သူ့စစ်သင်တန်းများ စတင်ခဲ့သည်။

ကောင်တီအထည်အလိပ်စက်ရုံသည်လည်း အမျိုးသမီးပြည်သူ့စစ်ကို ထူထောင်ထားသည်။ စက်ရုံရှိ အလုပ်သမား အမျိုးသမီးတိုင်းတွင် သေနတ်တစ်လက် ရှိသည်။ စေ့စပ်သေချာစွာ လေ့ကျင့်ထားပြီး သူရဲကောင်းပီသကာ ယောက်ျားများထက်မလျော့သော အစွမ်းအစများရှိကြသည်။

လင်းယောင်လည်း ပါဝင်ခဲ့ပြီး စက်ရုံမှ ပြည်သူ့စစ်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ မဝင်လို့မရပေ။ အထက်က စည်းကမ်းတွေရှိသည်။ ကောင်တီအတွင်းရှိ 18 နှစ်အောက်နှင့် 40 နှစ်အထက်များမှလွဲ၍ ကျန်သည့်ကျန်းမာသော အမျိုးသမီး အလုပ်သမားများအားလုံးပြည်သူ့စစ်တွင် ပါဝင်ရန်လိုအပ်သည်။ နေ့ခင်းတိုင်း သူမ ရဲဘော်တွေနောက်ကို လိုက်သွားရသည်။ သေနတ်ပစ်ခြင်း၊ တောင်တက်ခြင်းနှင့် ကင်းထောက်ခြင်းစသည့် လေ့ကျင့်ခန်းများကို ဆက်တိုက်လေ့ကျင့်ပြီး နေ့စဉ် ရွှံ့တလူးလူးနှင့် အိမ်သို့ ပြန်လာရသည်။

ကုသို့သို့ ငယ်စဉ်က အိမ်တွင် ကြောင်များနှင့် ယုန်များကို မွေးထားခဲ့ပြီး ညအချိန်တွင် သူသည် ကြောင်ကလေးကဲ့သို့ ညစ်ပတ်နေတော့သည်။ လင်းယောင်သည် ဖက်တီးလေးကို သင်ခန်းစာမပေးနိုင်ခဲ့ပေ။ သူမသည် သူမသားထက်ပင် ညစ်ပတ်နေလေသည်။

ထိုညတွင် လင်းယောင်သည် အလုပ်ပင်ပန်းပြီးနောက် လေ့ကျင့်ရေးကွင်းမှ ပြန်လာသည်။ လက်ထောက်ဒါရိုက်တာကုသည် သူမအတွက် ရေချိုးရန်ရေကို ကျိုပေးသည်။ သူမသည် ရေနွေးပူပူဖြင့် ရေချိုးပြီး ဆံပင်ခြောက်အောင် သုတ်ပြီးနောက် ဆံပင်ကို ကျစ်ဆံမြီး ၂ ခုကျစ်လိုက်သည်။ ထို့နောက် ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။

ကုသို့သို့သည် အဘိုးအိုလေးတစ်ယောက်လိုပင် နှေးကွေးသော ခြေလှမ်းများဖြင့် လက်ကိုနောက်ပစ်ကာ သူ့မိခင်အတိုင်း လိုက်လုပ်ခဲ့သည်။

ကုချွင်မေသည် ရေပန်းအစားဆုံး ဘန်ကောက်စတိုင်ဆံပင်ပုံစံကို လုပ်ထားပြီး၊ ဘေးဖက်ကို အနက်ရောင် ကလစ်များဖြင့်ထိုးထားကာ စစ်အစိမ်းရောင် လက်ပတ်များကို ဝတ်ဆင်ထားသည်။ သူမသည် ရွှီထန်းယွမ်ကို ခြံဝင်းဆီသို့ ခေါ်သွားခဲ့သည်။ တံခါးဝသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပုံစံတူအနေအထားဖြင့် သားအမိကို တွေ့လိုက်ရသည်။ ခြံထဲမှာ လက်နောက်ပစ်ကာ လှည့်ပတ်နေကြတာကို မြင်ပြီး သူမ မရယ်ပဲမနေနိုင်တော့‌ပေ။ “နင်တို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ”

လင်းယောင် သူမ၏ ပုခုံးများကို ထုကာ ခြေထောက်များကို ပွတ်သပ်ရင်း "အစ်မချွင်မေ ဒီမှာ ဘာလုပ်နေတာလဲ"

ကုသို့သို့သည် သူ၏ ဆူဖြိုးသော လက်မောင်းများကို ထုပြီး ခြေသလုံးများကို ပွတ်သပ်ကာ သူ့အမေ၏ လေသံကို တုပလိုက်သည်။ "အစ်ကိုထန်းယွမ် ဒီမှာ ဘာလုပ်နေတာလဲ"

ဤအမေနှင့်သားသည် ကုချွင်မေနှင့် သူ့သားကို ရယ်မောစေခဲ့သည်။

ကုချွင်မေ၏ ပစ္စည်းတင်သွင်းခြင်းနှင့် စျေးကွက်ဖြန့်ချိရေးသမဝါယမတွင်လည်းအမျိုးသမီးတပ်ဖွဲ့တစ်ခုရှိသည်။ ပါဖို့ကိုသာအာရုံစိုက်သော လင်းယောင်နှင့်မတူဘဲ ကုချွင်မေသည် အခက်အခဲများကို ကြံ့ကြံ့ခံကာ ခံနိုင်ရည်ရှိပြီး အရည်အချင်းရှိသူဖြစ်သည်။ ယခုအခါ သူမအား ပစ္စည်းတင်သွင်းခြင်းနှင့် စျေးကွက်ဖြန့်ချိရေးသမဝါယမ၏ အမျိုးသမီးတပ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။

ကုချွင်မေက သူမလက်ထဲမှာ ဝါးတောင်းကို ကိုင်ထားသည်။ "အိမ်မှာ စိုက်ထားတဲ့ စပျစ်သီးတွေ မှည့်နေလို့ နင်တို့စားဖို့ ယူလာတာ"

ရွှီမိသားစု၏ ခြံဝင်းထဲတွင် စပျစ်သီးပင်များကို စိုက်ထားသည်။ ရွှီအဖေသည် ၎င်း၏မွေးရပ်မြေရှိ ဆွေမျိုးများထံမှ စပျစ်သီးပျိုးပင်အနည်းငယ်ကို ပြောင်းရွှေ့ယူလာခဲ့သည်။ စပျစ်သီးအနီတွေက လေထဲမှာ တွဲလောင်းကျနေသည်။ သူတို့က ချိုချဉ်အရသာရှိပြီး အရည်ရွှမ်းသည်။ လင်းယောင် ရောက်သွားတိုင်း သူမ လောဘတကြီး စားလေသည်။

ကုသို့သို့သည် သူ့အမေနောက်သို့ လိုက်သွားကာ အရသာရှိသော အစားအစာကို မြင်သောအခါ မလှုပ်တော့ပေ။

သားအမိနှစ်ယောက်က အရမ်းသိတတ်ကြသည်။ သူတို့သည် ကုချွင်မေနှင့် ရွှီထန်းယွမ်ကို တံခါးဝတွင် အလျင်အမြန် ကြိုဆိုကြပြီး လက်ဖက်ရည်နှင့် အဆာပြေမုန့်များဖြင့်ဧည့်ခံကာ ထိုင်ခုံငယ်များ ချပေးကြသည်။

ကုချွင်မေက ပြုံးလေသည်။

" အလုပ်တွေ အရမ်းလုပ်မနေပါနဲ့။ သို့သို့ သားအစ်ကို ထန်းယွမ်နဲ့ သွားဆော့နေနော်။ အဒေါ်က သားအတွက် စပျစ်သီးတွေ သွားဆေးပေးမယ် ဟုတ်ပြီလား?"

ကုသို့သို့က ဝမ်းသာအားရ သဘောတူလိုက်ပြီး လက်ထဲကကြောင်ကို ချက်ချင်းချလိုက်ကာ ရွှီထန်းယွမ်ရဲ့ လက်လေးကို လှုပ်ပြီးပြောလိုက်သည်။ "အစ်ကိုထန်းယွမ်"

"ညီလေးသို့သို့"

ကောင်လေးနှစ်ယောက်က ပြုံးပြီး ပွေ့ဖက်ကာ အိမ်ဆောက်သည့်အတုံးများဖြင့်ကစားရန် အိမ်ထဲသို့ လက်ချင်းချိတ်ကာ ပြေးဝင်သွားကြသည်။

ကုချွင်မေသည် စပျစ်သီးကို ကြိုက်သည်။ သူမရောက်လာသောအခါ လင်းယောင်သည် ယဉ်ကျေးခြင်းမနေတော့။ သူမလက်ကိုဆေးကြောကာ ထိုင်ချလိုက်ပြီး အခွံခွာကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ "အရမ်းချိုတာပဲ။ အစ်မချွင်မေ အစ်မအိမ်မှာ စိုက်ပျိုးထားတဲ့ စပျစ်သီးတွေက အရသာရှိနေတာပဲ"

" အရသာရှိတယ်။ အိမ်မှာကျန်သေးတယ်။ မနက်ဖြန် နင့်အတွက် ယူလာပေးမယ်"

လင်းယောင်က "ဟုတ်" လို့ ပြန်ဖြေပြီး ညီအစ်မနှစ်ယောက်က လတ်တလော အခြေအနေအကြောင်းပြောကြသည်။

လွန်ခဲ့သည့်ခြောက်လအတွင်း၊ ယွင်ရွှေကောင်တီတွင် စစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ စစ်ဆေးရေးအဖွဲ့ဝင်များသည် စက်ဘီးစီးပြီး ကောင်တီပတ်ပတ်လည်တွင် နေ့စဉ် လက်ပတ်နီများဖြင့် ပြေးလွှားနေကြသည်။

ကောင်တီစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်မှာ ရက်အနည်းသာရှိသေးသော်လည်း ယွင်ရွှေကောင်တီမှလူများအကြား‌ စောဒကတက်မှုများဖြစ်ပေါ်နေပြီဖြစ်သည်။

ခြံရှေ့မှ ကျန်းတာ့ချန်၏ မိသားစုကို ပစ်မှတ်ထားကြသည်။ ကျန်းတာ့ချန်သည် စတီးစက်ရုံ၏ စားဖိုမှူးကြီးဖြစ်ခဲ့ဖူးသည်။ အခုတော့ သူမလုပ်တော့ပေမယ့် တစ်ချိန်က ကြီးပွားချမ်းသာပြီး ကောင်းတဲ့အရာတွေ သူ့လက်ထဲမှာ အများကြီးရှိသည်။

လူငယ်လေးတစ်ဦးသည် ကျန်းတာ့ချန်၏ အိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး သူတို့မိသားစုသည် ဈေးကစားသူဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နံ့သာဖြူသေတ္တာထဲက အသစ်စက်စက် တောက်ပြောင်နေသည့် ဇီးသီးပွင့်အမျိုးသမီးနာရီကို ရှာတွေ့ခဲ့သည်။ ထိုဟာက ယွမ်နှစ်ရာမှ သုံးရာကြားရှိသည်။

ကောင်လေးနှစ်ယောက်၏ မျက်လုံးများသည် တောက်ပလာကာ ချက်ချင်းပင်ယူပြီး လက်ထဲတွင် ထည့်ထားလိုက်သည်။ ကျန်းတာ့ချန်ရဲ့ဇနီး လျို့အာ့ဆွေ့က အော်ပြီးပြန်လုဖို့ ရောက်လာသည်။

ဒီဇီးသီးပွင့်နာရီကို သူတို့ရဲ့သမီးဖြစ်သူ မင်္ဂလာဆောင်အတွက် ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့ပါသည်။ ကျန်းတာ့ချန်နှင့် လျို့အာ့ဆွေ့တို့သည် အလွန်ကြင်နာတတ်သူများမဟုတ်သော်လည်း သားသမီးများအပေါ်တွင်တော့ ကြင်နာတတ်ကြသည်။

ကျန်းတာ့ချန်သည် အိမ်မှ မီးဖိုချောင်သုံးဓားကို ကောက်ယူပြီး ကောင်လေးနှစ်ယောက်နှင့် ရန်ဖြစ်ခဲ့သည်။

တစ်စုံတစ်ခု မှားယွင်းနေသည်ကို လူနှစ်ယောက်မြင်သောအခါ၊ တစ်ယောက်က စစ်ကူခေါ်ရန် ပြန်ပြေးလာသည်။

ခြံရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးလုနီးပါးဖြစ်ခဲ့သည်။ အချိန်မီရောက်လာသော စတီးစက်ရုံ ပြည်သူ့စစ်၏ ကျေးဇူးကြောင့်သာပင်။ ကျန်းတာ့ချန်အား စတီးစက်ရုံ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သောကြောင့် အပြင်လူများက သူ့ကိုအနိုင်ကျင့်ခွင့်မပြုနိုင်ပေ။

အုပ်စုနှစ်စုက အလျှော့မပေးဘဲ ငြင်းဆိုခဲ့ကြပြီး နောက်ဆုံးမှာတော့ မီးငြိမ်းသတ်ဖို့အတွက် ကောင်တီပြည်သူ့လုံခြုံရေးဌာနက ရောက်ရှိလာခဲ့တာ ဖြစ်ပါသည်။

ဒီဖြစ်ရပ်ပြီးတော့ ကောင်တီခေါင်းဆောင်တွေက စစ်ဆေးရေးအဖွဲ့ကို အပြင်းအထန် ပြင်ဖို့ စတင်ခဲ့ပြီး အဆက်အသွယ်နဲ့ ဝင်လာသူတွေကို ထုတ်ပစ်ပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ သူတွေကိုပါ ထုတ်ပစ်ခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့သည် လက်ထောက်ဒါရိုက်တာကုကို ခဏလောက် စုံစမ်းခိုင်းပြီး အားလုံး ပင်ပန်းသွားကြသည်။ လမ်းမှာ ကုရှီအန်းကို တွေ့တော့ လူတိုင်းရဲ့ ခြေထောက်တွေ အားနည်းပြီး တုန်ယင်လာကြသည်။

ညီအစ်မနှစ်ယောက် စကားစမြည်ပြောပြီး အချိန်တွေက လျင်မြန်စွာကုန်သွားသည်။ ညနေ ခုနစ်နာရီတွင် အစ်ကိုကြီးထို့ထို့သည် သူ၏ဇနီးနှင့် သားဖြစ်သူကို ကွေ့ဟွားဟူးထုန်သို့ ပြန်လည်ခေါ်ဆောင်ရန် စက်ဘီးဖြင့် ခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။

ဇူလိုင်လလယ်ပိုင်းဖြစ်၍ နေဝင်သော်လည်း အလွန်ပူနေသေးသည်။ ရွှီရှန်းချန်၏ မျက်နှာသည် အပူကြောင့်နီမြန်းနေပြီး လည်ပင်းမှာ ချွေးများ ရွှဲနစ်နေသည်။ ခြံထဲသို့ဝင်သောအခါတွင် မျက်နှာကို ကောင်းစွာဆေးကြောပြီး အမောပြေရေနွေးတစ်ခွက်ကို သောက်လိုက်သည်။

" ကျွန်မ အစ်ကိုကြီး ဘယ်မှာလဲ။ ဘာလို့ ရှင်တစ်ယောက်ထဲ ပြန်လာတာလဲ"

"လောင်ကုက ဖုန်းစောင့်နေရတာ။ နန်ရှန်းကောင်တီက ဖုန်းလာမှာမလို့"

ကုချွင်မေက "အော်" လို့ပြောပြီး မိသားစု ၃ ယောက် အိမ်ပြန်သွားကြသည်။

မထွက်ခင်မှာ လင်းယောင်က ဓာတ်မီးလက်မှတ်တစ်စောင်ကို သူမကို ပေးလိုက်သည်။ "အစ်မဓာတ်မီး သုံးလို့မရ‌တော့ဘူးဆိုတာကို သိတယ်။ အစ်မအစ်ကိုကြီးက ပေးခိုင်းလိုက်တာ"

ကုချွင်မေသည် သူမ၏ နှလုံးသားထဲတွင် နွေးထွေးသွားကာ လင်းယောင်ကို ချစ်စဖွယ် ကြည့်လိုက်သည်။ "ကောင်းပြီ ကျေးဇူးပါ ယောင်းမလေး"

လင်းယောင်သည် တုန်လှုပ်ဟန်ဆောင်လိုက်ကာ ကုချွင်မေက ရယ်ပြီးထွက်သွားလေသည်။

ခဏအကြာတွင် သုန်ဇီနှင့် ဖင်းအန်တို့သည် ကျောင်းလွယ်အိတ်များကိုသယ်ကာ အိမ်သို့ပြန်လာကြပြီး တစ်ဦးစီသည် သစ်သားဓားငယ်တစ်ချောင်းနှင့် ခွေးနက်ကြီး ၂ ကောင်ကို ကိုင်လာကြသည်။

ဤခွေးနက် ၂ ကောင်ကို ကောင်တီပြည်သူ့လုံခြုံရေးဌာနမှ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ၎င်းတို့အား နေ့ဘက်တွင် ပြည်သူ့လုံခြုံရေးဌာနတွင် လေ့ကျင့်သင်ကြားခဲ့ပြီး ညအချိန်တွင် ကြီးပြင်းရန်အတွက် ခြံဝင်းသို့ ပြန်လည်ခေါ်ဆောင်လာသည်။

ကောင်တီစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးကတည်းက အထက်လူကြီးများက ကြက်နှင့် ဘဲများကို မွေးမြူခွင့်မပြုတော့ပေ။ ကျေးလက်ရှိလူတိုင်း အိမ်တစ်အိမ်တွင် ကြက်သုံးကောင်သာ မွေးမြူနိုင်သည်။ အရင်းရှင်စနစ်ကို ဖြတ်တောက်ပစ်ရန်ပင်။

လောင်ကု၏ မိသားစုသည် ယုန်များ၏ အသိုက်ကို မကယ်တင်နိုင်ခဲ့ပေ။ မိသားစုသည် တုန်နေသောလက်ဖြင့် ယုန်လေး ၅ ကောင်ကို သတ်ဖြတ်ခဲ့သည်။ ညကျတော့ ပန်းကန်လုံးတွေကို လက်ထဲမှာ ကိုင်ပြီး မျက်ရည်တွေနဲ့ ယုန်သားကို ဗိုက်ပြည့်တဲ့အထိ စားခဲ့ကြသည်။

ခွေးနက်ကြီး ၂ ကောင်သည်လူလိုပင်။ ပြည်သူ့လုံခြုံရေးဌာနရှိ ရဲဘော်များက သူတို့ကို တာ့ဟေးနှင့်ရှောင်ဟေးဟုခေါ်သည်။ တာ့ဟေးနှင့် ရှောင်ဟေးတို့သည် ညဘက်တွင် ခြံဝတွင် အိပ်ကြပြီး ဘယ်သူ့ကိုမှ မဟောင်ဘဲ ကျွေးတာကိုစားကြသည်။

ကုသို့သို့သည် ခွေး ၂ ကောင်ကို မြင်သောအခါ ချက်ချင်း ပြေးလာပြီး တာ့ဟေး၏ ခေါင်းကို ဖက်ထားကာ မရပ်မနား တခစ်ခစ်ရယ်သည်။

တာ့ဟေးသည် ဖက်တီးလေးက ဆွဲလိုက်သောကြောင့် နားရွက်များ နာကျင်လာသဖြင့် ကုသို့သို့၏ လက်ကလေးကိုသာ လျှာနှင့်ယက်လိုက်သည်။

အစ်ကိုကြီးနှစ်ယောက်သည် ကျောင်းလွယ်အိတ်များကို ချလိုက်ပြီး ရှောင်ဟေးကို သွားရှုပ်ရန် ထွက်လာခဲ့သည်။

ဖင်းအန်သည် လောင်ကု၏ အိမ်တွင် ကောင်းမွန်စွာ ကျွေးမွေးခံရပြီး ကောင်းစွာ ကြီးပြင်းလာကာ သူ၏ ပင်ကိုယ်စရိုက်သည် ပို၍ ရွှင်လန်းလာသည်။ ကျန်းဆွေ့လန်တို့ ဇနီးမောင်နှံသည် အလုပ်အပြီးတွင် အေးမြသောလေကို ခံစားရန် လမ်းကြားသို့သွားကြသည်။ လင်းယောင်က ခေါက်ဆွဲလုပ်ပြီး သခွားသီးနဲ့ ပဲအချို့ကို ကြက်သွန်ဖြူနဲ့ ရောပြီး နှမ်းဆီနှစ်စက် ထည့်လိုက်သည်။သူမ ခေါက်ဆွဲအေး ချက်ဖို့ စီစဉ်ထားပါသည်။

ကုသို့သို့သည် ဖင်ကိုပစ်ကာ တာ့ဟေး၏ ကျောပေါ်တက်သွားသည်။ သူက ရုတ်တရက် တံခါးကို ညွှန်ပြပြီး အော်လိုက်သည်။ "ပါပါး!"

လင်းယောင်က မီးဖိုချောင်ထဲက ခေါင်းပြူကြည့်လိုက်တော့ လက်ထောက်ဒါရိုက်တာကုက အိမ်တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမ ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းလျှောက်သွားခါနီးမှာ တခြားလူတစ်‌ယောက်က လမ်းကြားထဲကနေ ထွက်လာသည်။ ထိုလူသည် အသက်သုံးဆယ်ခန့်ရှိပြီး အဝတ်အစားသစ်ကို ဝတ်ထားသည်။ နွေရာသီ စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး ခြံထဲမှာ ဆော့နေတဲ့ ဖင်းအန်လေးကို ကြည့်ရင်း ထိုသန်မာပြီး အရပ်ရှည်တဲ့သူရဲ့မျက်လုံးထဲမှာ မျက်ရည်တွေဝဲနေသည်။

All Chapters