အခန်း (၁၁၇)
Vol. 11 Ch. 117
ဒီတစ်ကြိမ်မှာ လင်းရိက ဆွေမျိုးတွေဆီကို သွားလည်ဖို့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားခဲ့ပြီး လောင်ကုတို့မိသားစုအတွက် လက်ဆောင်ထုတ်ကြီးတွေ ထုတ်လာခဲ့သည်။
ကုမန်ဆန်အတွက် ရှင်းကျန်းဝိုင်ကောင်း နှစ်ပုလင်း၊ ကျန်းဆွေ့လန်အတွက် သားရေဖိနပ်တွေ၊ ကုသို့သို့အတွက် ပတ္တမြားစီဓါးမြှောင်လေး၊ စင်ယော်လက်ပတ်နာရီ အဝိုင်းလေးတစ်လုံး၊ လင်းယောင်နဲ့ ကုချွင်မေတို့အတွက် အသားအရေထိန်းသိမ်းမှုထုတ်ကုန်တွေ တစ်ပုံကြီးဝယ်လာခဲ့ပြီး ဦးလေးကျန်းနဲ့ ဒုတိယဦးလေးကျန်းတောင် မသယ်နိုင်ခဲ့ကြပေ။
ကုမိသားစုရဲ့ ခြံဝင်းလေးထဲမှာ၊ ယွမ်ယွမ်နဲ့ ကျန်းဆွေ့လန်တို့က ဟင်းရွက်စိုက်ခင်းလေးကို ရေလောင်းပေါင်းသင်နေခဲ့ကြသည်။ ညစ်ပေနေတဲ့ မီးခိုးရောင်ကြောင်လေးလိုပဲ မျက်နှာမှာ မြက်မှုန်လေးတွေနဲ့ ရွှံ့တွေ ပေးနေခဲ့သည်။ ဘုံပိုင်ခေါင်းကိုဖွင့်ပြီး စိုက်ခင်းလေးကို ပျော်ရွှင်စွာ ရေလောင်းခဲ့ပါသည်။
လင်းရိက တူမလေးရဲ့လက်ဖောင်းဖောင်းလေးထဲကို အေးတဲ့အရာတစ်ခု ထည့်ပေးခဲ့သည်။
လင်းယောင်က နာရီဟာ အရမ်ဈေးကြီးတယ်လို့ ခံစားခဲ့ရပြီး ကုရှီအန်းကို ကြည့်လိုက်သည်။ ဇနီးမောင်နှံနှစ်ယောက် စကားမပြောနိုင်သေးခင်မှာ၊ လင်းရိက ယွမ်ယွမ်ကို ကျောပိုးပြီး ခြံထဲမှာ မြင်းစီးစေခဲ့သည်။ " ယွမ်ယွမ်၊ ဦးဦးပေးတဲ့ နာရီကို ကြိုက်လား? "
" ကြိုက်တယ်! "
ယွမ်ယွမ်က နာခံစွာနဲ့ နောက်ကလိုက်ပြီး အော်ခဲ့သည်။
" ဒါက ယွမ်ယွမ်ကို ဦးဦးက ပေးတဲ့ လက်ဆောင်နော်၊ ပြန်ပေးလို့ မရဘူး။ ပြန်ပေးရင်၊ ဦးဦးက စိတ်ဆိုးမှာ! "
" ဟုတ်၊ ကျေးဇူးပါ၊ ဦးဦး။ "
ယွမ်ယွမ်က အရမ်းပျော်နေခဲ့ပြီး လင်းရိရဲ့ ခေါင်းကို သူမရဲ့လက်ဖောင်းဖောင်းလေးတွေနဲ့ ဖက်ထားခဲ့ပြီး မလွှတ်ပေးတော့ပေ။
ဟုတ်သည်၊ လင်းရိရဲ့စကားလုံးတွေက လင်းယောင်တို့ ဇနီးမောင်နှံ နှစ်ယောက်အတွက် ရှင်းရှင်းလင်းလင်းကို ရည်ရွယ်ခဲ့ပါသည်။
လက်ထောက်ဒါရိုက်တာကုတောင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်ခဲ့ပေ။
ကျန်းဆွေ့လန်နဲ့ သူမအမျိုးသားတို့ အချိန်ဖြုန်းလို့ရအောင် စောစောက အိမ်အတွက် ရေဒီယိုလေးတစ်လုံး ဝယ်လာခဲ့သည်။ မမျှော်လင့်စွာပဲ၊ ရဲဘော် ဆွေ့လန်နဲ့ ကုမန်ဆန်တို့က ဒီလေးလံတဲ့ သံထည်ကြီးကို စိတ်မဝင်စားခဲ့ကြပေ။ လူကြီးနှစ်ယောက်က လွတ်လွတ်လပ်လပ်နေရတာကို အသားကျနေပြီဖြစ်သည်။ လောင်ရှစ်ဇီရဲ့ အော်ပရာကို နားထောင်ပြီး အခန်းထဲက ကျောက်သင်ပုန်းပေါ်မှာ စာရေးရတာက လုံးဝသက်တောင့်သက်သာမရှိဘူးလို့ ခံစားခဲ့ရသည်။
အိမ်မှာ ရေဒီယိုကို ထားပေးခဲ့ပြီး ဘယ်သူမှ နားမထောင်ခဲ့ကြပေ။ ဒါကြောင့် ကုသို့သို့က အိမ်မှာ အကြံအဖန်လုပ်ပြီး ရေဒီယိုဌာနတွေ အများအပြားကို ဖွင့်ကြည့်ခဲ့သည်။ သူက နေ့တိုင်း အိမ်မှာ တော်လှန်ရေးသီချင်းတွေကို သင်ယူခဲ့ပြီး အဆိုတော်လေးတစ်ယောက် ဖြစ်လာခဲ့သည်။
တေးသွားမမှန်ပဲ ငြီးငွေ့လောက်အောင် ဆိုနေခဲ့တဲ့ ဒီကောင်စုတ်လေးက ဘဲတစ်ကောင် အော်နေသလိုပင်။
အခုလေးတင်ပဲ၊ ကုသို့သို့က တာ့ဟေးနဲ့အာ့ဟေးကို ခြံထဲမှာ ပတ်ပြေးဖို့ ဦးဆောင်ခဲ့သည်။ အခု သူက ချွေးစိုနေတဲ့ သူရဲ့ကုတ်အင်္ကျီလေးကို ဖြဲပြီး ပန်းသီးစားနေတဲ့ ယွမ်ယွမ်အတွက် ထိုင်ဖို့ အခံလုပ်ပေးခဲ့သည်။ " ယွမ်ယွမ်၊ ကိုကိုက ညီမလေးကို သီချင်းတစ်ပုဒ်လောက် ဆိုပြရမလား? "
ဒီအချိန်မှာ၊ အားအင်အပြည့်ဖြစ်နေသည်။
သူ့ညီမလေးက လက်ခံပြီး ခေါင်းညိမ့်လိမ့်မယ်လို့ သူ ထင်နေခဲ့သည်။
မမျှော်လင့်စွာနဲ့၊ ဒါကို ယွမ်ယွမ်ကြားတဲ့အခါ၊ သူမက ချက်ချင်း ဖင်ကြွပြီး ခြေထောက်လေးနဲ့ အခံပေါ်ကနေ လျှောချခဲ့သည်။ သူမက ကျန်းဆွေ့လန်ဆီကို အမြန်ပြေးသွားခဲ့ပြီး လမ်းလျှောက်ထွက်သွားဖို့ သူမရဲ့ ဘောင်းဘီစကို ဆွဲခဲ့သည်။ " ရုပ်ဆိုးလိုက်တာ။ ကြောက်စရာကြီး။ ဖွားဖွား၊ မြန်မြန်သွားရအောင်။ "
ကုသို့သို့ - " ...... "
ကျန်းဆွေ့လန်က သူမရဲ့သက်ရှိရတနာလေးနှစ်ပါးကို အရမ်းစနောက်နေခဲ့ပြီး ပြုံးရယ်နေခဲ့သည်။
" ကလေးနှစ်ယောက်၊ ပြဿနာမရှာကြနဲ့တော့။ နောက်ဆုံးတော့ ဦးလေးက အိမ်ကို ရောက်လာပြီလေ။ ဦးဦးနဲ့ အချိန်ဖြုန်းကြဦး ပြီးတော့ စကားနားထောင်ကြနော်။ မဆိုးရဘူး။ "
" ဟုတ်! "
ကလေးနှစ်ယောက်က အရမ်းလိမ္မာကြပါသည်။
ကလေးနှစ်ယောက်က ကျုံးပေါ်မှာ ဆော့ဖို့ သူတို့ရဲ့ဦးလေးကို ပူဆာခဲ့ကြသည်။
ဒီရက်ပိုင်း၊ အပြင်မှာ ရုတ်ရုတ်သဲသဲတွေ သိပ်မဖြစ်တော့ပေ၊ ပြီးတော့ ကောင်တီက ပြည်သူတွေလဲ လမ်းလျှောက်ထွက်လို့ရပြီ ဖြစ်ပါသည်။
သို့သို့တို့ မောင်နှမနှစ်ယောက်က စိတ်အားထက်သန်စွာနဲ့ စောင့်ကြည့်နေခဲ့ကြပြီး အပြင်ထွက်ကာ ဆော့ကစားချင်ခဲ့ကြသည်။
" ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဦးဦးက မင်းတို့နဲ့ လိုက်ဆော့ပေးမယ်။ "
လင်းရိကို ကလေးနှစ်ယောက်က ပူဆာနေခဲ့ကြပြီး သူကမျက်လုံးလေးတွေပင် မှိတ်ကျသွားအောင် ရယ်နေခဲ့သည်။
လင်းရိက သူ့ရဲ့မွေးရပ်မြေကို နှစ်ပေါင်းများစွာမပြန်ဖြစ်ခဲ့တော့ ကောင်တီနဲ့ စိမ်းနေခဲ့သည်။ ကလေးနှစ်ယောက်ကို ခေါ်လာတာ မပြောနဲ့ဦး။ လက်ထောက်ဒါရိုက်တာကုက ဒီကိစ္စကို ဦးဆောင်ပေးသည်။ သူက အကြီးလေး၊ အငယ်လေးနှစ်ယောက်နဲ့၊ လူကြီးတစ်ယောက်ကို ခေါ်သွားခဲ့ပြီး အုပ်စုလိုက် တံခါးအပြင်ကို ထွက်လာခဲ့ကြသည်။
အုပ်စုကြီး ထွက်သွားတာနဲ့၊ ကုချွင်မေတို့ မိသားစုသုံးယောက်က ကြက်ဥတွေ သယ်သွားကြပြီး မုန့်တွေ၊ အသီးတွေနဲ့ လောင်ကုတို့အိမ်ကို ညစာစားဖို့ သွားခဲ့ကြသည်။
*
မြို့ထဲက စွင်းမိသားစု။
လင်းဟုန်နက ဝါးဦးထုပ်ကို ဆောင်းပြီး ပဲသီးတွေခူးဖို့ ခြံထဲကို ဟင်းသီးဟင်းရွက်ခြင်းကို သယ်သွားခဲ့သည်။ လက်တလောမှာ၊ သူမက လင်းဟုန်ဝူရဲ့ ရာထူးအတွက် ရှုပ်ရှက်ခတ်နေခဲ့ပြီး သူမ ပင်ပန်းနေရင်တောင်၊ မစားနိုင်ခဲ့ပေ။ ကံမကောင်းစွာပဲ၊ သူမရဲ့အစ်ကိုက အသုံးမဝင်တဲ့ စစ်တုရင်အပိုင်းအစတစ်ခုပဲဖြစ်ပြီး ထိန်းသိမ်းမထားနိုင်ခဲ့ပေ. .
စွင်းကျားလျန်ကို အနောက်မြောက်လယ်တွေထဲကို ပို့ပြီးကတည်းက၊ စွင်းအမေက ပြန်မကောင်းလာနိုင်ခဲ့ပေ။ ပြီးတော့ လမ်းဒါရိုက်တာ ရာထူးကနေ ဆင်းပေးခဲ့ရသည်။ လင်းဟုန်နက ဝင်ယူခဲ့ပြီး သူမရဲ့အစီအစဉ်တွေပ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ အတော်တိုးတက်လာခဲ့သည်။ သူမက လမ်းပေါ်ကလူတွေနဲ့ တစ်သားတည်းဖြစ်လာခဲ့ပြီး သင်ယူနေခဲ့သည်။ ပြည်သူတွေက အိမ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးကြသည်။ စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေက အပင်သန်ကြသည်။ အထူးသဖြင့် ခြံစည်းရိုးပေါ်က ပဲသီးတောင့်ရှည်တွေပေါ့။ မြေဆွေးထဲမှာ ငိုက်စိုက်ကျနေတဲ့ ပဲတောင့်ရှည်တွေက များပြားလှသည်၊ လင်းဟုန်နက ပဲသီးတွေကို ခူးဖို့ သွားခဲ့သည်။
သူ့မြေးလေးကို အိမ်စာတွေကူညီပေးပြီးတဲ့နောက်မှာ၊ စွင်းအဖေက ကောင်းကင်ကြီးကို ကြည့်ဖို့ ခြံဝင်းထဲကို သွားခဲ့သည်။ အပြင်မှာ မိုးရွာနေပြီး သူ့ချွေးမလေးက အခုထိအလုပ်တွေ ရှုပ်နေသေးတာကို မြင်တဲ့အခါ၊ သူက မျက်မှောင်ကြုပ်ခဲ့သည်။
" ဟုန်န၊ မင်းအမေရော? "
" အဖေ၊ အမေက ထျန်းပေါင်အတွက် ဆေးသွားဝယ်တယ်။ "
" ကျားယွီရော ဘယ်မှာလဲ? "
" အစ်မကျားယွီက ဒီနေ့ စကတ်ဝယ်ဖို့ သမဝါယမအသင်းကို သွားတာ။ မိုးမိလာတော့ ခေါင်းကိုက်လာလို့ အိမ်ထဲမှာ အိပ်ပျော်နေတယ်။ "
" ကွာရှင်းထားတဲ့ အမျိုးသမီး ကျားယွီက အိမ်မှာ မနေပဲ သမဝါယမအသင်းကို သွားပြီး စကတ်တွေသွားဝယ်တယ်၊ ပြီးတော့ အချိန်မှန်လဲ မချက်ပြုတ်ဘူး။ ဒါက တစ်ကယ်ကို တရားလွန်တာပဲ! "
စွင်းအဖေ အနားယူပြီးနောက်၊ စွင်းမိသားစုမှာ မှီခိုစရာမရှိခဲ့ပေ။ စွင်းကျားယွီက သူမရဲ့ယောင်္ကျားကို ကွာရှင်းပြီး သူမရဲ့ကလေးတွေကိုလဲ သူမရဲ့အရင်ယောင်္ကျားဆီကို ပို့ထားခဲ့သည်။ သူမရဲ့မိဘအိမ်မှာ နေဖို့ပဲ ပြန်သွားနိုင်ခဲ့သည်။ သူမ အဲ့ဒီမှာပဲ နေနိုင်ပါသည်။ သူမက အိမ်မှာ ကောင်းကောင်းအိပ်မယ်၊ ပျင်းပြီး ဘာမှမလုပ်နိုင်ပေ။ လုပ်လဲ မလုပ်ပေ။ လင်းဟုန်နမှာ ဒေါသကြီးပြီး ပေါင်းသင်းရခက်တဲ့ ယောင်းမနဲ့ ပတ်သက်ပြီး မကျေနပ်စရာတွေ အများကြီးရှိသည်။ စွင်းအဖေကလဲ ဒီသမီးအရင်းကို အထင်အမြင်သေးသည်။ လင်းဟုန်နရဲ့စကားတစ်ချို့ကို နားထောင်ပြီးတဲ့နောက်မှာ၊ ဒေါသကို မထိန်းနိုင်တော့ပေ. .
" တရားလွန်ချက်ပဲ၊ သိပ်ကိုတရားလွန်တာပဲ! "
စွင်းအဖေက အရမ်းဒေါသထွက်ပြီး တံခါးဘောင်ကို ဒေါသတကြီး ထိုးခဲ့သည်။ သူ့အိမ်ရဲ့ တံခါးဘောင်က ကွဲအက်သွားပြီး ဖုန်တစ်လုံးလုံးနဲ့ ပြုတ်ကျလာခဲ့သည်။
ဒေါသကြီးတဲ့ စွင်းအဖေက စွင်းကျားယွီရဲ့ အခန်းကို စိတ်ဆိုးစွာနဲ့ သွားခဲ့သည်။
စွင်းအဖေ ထွက်သွားတဲ့ ပုံစံကို ကြည့်ပြီး၊ လင်းဟုန်နရဲ့နှုတ်ခမ်းထောင့်က ကော့တက်သွားခဲ့သည်။
အနောက်ဘက်က အိမ်အသေးလေးထဲမှာ၊ စွင်းကျားယွီက အိပ်မက်ကောင်း မက်နေဆဲသာရှိသေးသည်။ ရုတ်တစ်ရက်၊ "ဘန်း"ကနဲ တံခါးကို ကန်ဖွင့်ခဲ့ပြီး အော်သံကြီး ပေါက်ကွဲထွက်လာခဲ့သည်။
" စွင်းကျားယွီ ဒီကိုထွက်လာခဲ့စမ်း! "
စွင်းကျားယွီက ရုတ်တစ်ရက် လန့်နိုးလာခဲ့သည် - ? ? ?
ဘာလဲ? ငလျင်လှုပ်တာလား?
စွင်းကျားယွီက ကြက်ခြံပေါ်မှာ ခဏထိုင်နေရင်း လှည့်ပတ်ကြည့်နေခဲ့ပြီး သူမ နားမှာ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ သိသွားခဲ့သည်။ သူမက အိပ်ရေးမဝတာကြောင့် ဒေါသထွက်ပြီး ထလာခဲ့သည်။ သူမက စွင်းအဖေကို အော်ခဲ့သည် - " အဖေ၊ နေ့ခင်းကြောင်တောင်ကြီးကို ဘာလို့ အရူးထနေရတာလဲ? "
စွင်းကျားယွီက အမြဲတမ်း အိမ်မှာ ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ စွင်းအဖေနဲ့ စကားပြောတဲ့အခါမှာတောင်၊ သူမက ယဉ်ကျေးမှုမရှိခဲ့ပေ။
ပုံမှန်သာဆို၊ စွင်းအဖေက လက်ခံကောင်း လက်ခံနိုင်ပါလိမ့်မည်။ ဒါပေမယ့် ဒီအချိန်မှာတော့၊ စွင်းအဖေက သူ့စိတ်ထဲမှာ မီးတောက်နေပြီဖြစ်သည်။ စွင်းကျားယွီပြောတာကို သူကြားခဲ့တဲ့အခါ၊ ပိုလို့တောင် ဒေါသထွက်လာခဲ့ပါသည်။ သူက နောင်တရတဲ့မျက်နှာနဲ့ ကုတင်ဘေးမှာ ချိတ်ထားတဲ့ နှင်းဆီနီရောင် Braji ဝတ်စုံကို လက်ညှိုးထိုးပြခဲ့ပြီး ပြောခဲ့သည်။
" ဒီဝတ်စုံဝယ်ဖို့ နင့်ကို ဘယ်သူပိုက်ဆံပေးတာလဲ? "
စွင်းအဖေ စကားပြောတာနဲ့၊ စွင်းကျားယွီကို မိသွားခဲ့သည်။ သူမက ကုတင်ဘေးမှာတင်ထားတဲ့ Braji သားရေဖိနပ်အသစ်ကို လှမ်းကြည့်ခဲ့သည်။ သူမက ရုတ်တစ်ရက် အပြစ်ရှိသလို ခံစားခဲ့ရပြီး သူမရဲ့မျက်လုံးတွေက ရှောင်တိမ်းဖို့ ကြိုးစားနေခဲ့သည်။
စွင်းအဖေက စားပွဲခုံကို ရိုက်ခဲ့သည်။
စွင်းကျားယွီက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောခဲ့သည်။ " အမေ့ ပိုက်ဆံအိတ်ထဲက တွေ့တာ။ "
စွင်းအဖေက ရင်ကွဲနာကျခဲ့ပြီး စွင်းကျားယွီကို လက်တစ်ဖက်နဲ့ဆွဲပြီး နောက်တစ်ဖက်နဲ့ သူမရဲ့မျက်နှာကို အသံအကျယ်ကြီး မြည်အောင် ရိုက်ခဲ့သည်။
စွင်းကျားယွီရဲ့ မျက်နှာကြီးကို တိုက်ရိုက် ရိုက်နှက်လိုက်တဲ့ "ဖြန်း" ဆိုတဲ့အသံတစ်ခု ထွက်လာခဲ့သည်။ သူမရဲ့ မျက်နှာက နာကျင်မှုနဲ့ ထူပူနေခဲ့ပြီး နားတွေလဲ အူနေခဲ့သည်၊ ပြီးတော့ သူမက အော်ဟစ်ခဲ့သည် - " အဖေ၊ သမီးကို ရိုက်တယ်?!! "
" အဖိုးကြီး၊ ရူးနေလား! "
စွင်းအမေက အိမ်ကို ပြန်လာခဲ့သည်။ ဒီအဖြစ်အပျက်ကို မြင်သွားပြီး၊ သူမက ပြေးသွားကာ စွင်းကျားယွီကိုဖက်ထားပြီး စွင်းအဖေကို မေးမြန်းခဲ့သည်။
လင်းဟုန်နက သူမရဲ့လက်တွေကို ကိုင်ထားခဲ့ပြီး သားအမိနှစ်ယောက်ကို မျက်ခုံးပင့်ကာ ကြည့်ခဲ့သည်။ သူမက စိတ်ထဲမှာ အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။ ဒီသားအမိကို သူမ ဘယ်လောက်ကြာအောင် သည်းခံနေခဲ့ရတယ်၊ သူမကို ဆန့်ကျင်ဖို့ ဘယ်လိုလှည့်ကွက်တွေ သုံးနေခဲ့တယ်ဆိုတာ ဘုရားပဲ သိလိမ့်မည်။ နောက်ဆုံးတော့ ဒီနေ့မှာ အနံ့ဆိုးကြီးကို ရှင်းထုတ်ပစ်နိုင်ခဲ့ပြီဖြစ်သည်။
" မေးပါဦးမယ်၊ အရင်လက မင်းတို့မိသားစုမှာ ပိုက်ဆံဘယ်လောက်ကျန်လဲ? "
အဖွားကြီးရဲ့မျက်လုံးတွေကလဲ ယောက်ယက်ခတ်နေခဲ့သည်။
မိသားစုရဲ့ လစဉ်အိမ်သုံးဝင်ငွေက ယွမ် ၆၀ ဖြစ်သည်။ အစားအသောက်ဝယ်တာ၊ ချက်တာပြုတ်တာနဲ့ သူမရဲ့မြေးအတွက် ဆေးတွေဝယ်ရတာ အပါအဝင်၊ အဖွားကြက သူမသမီးဆီက လက်ကျန်တစ်ချို့ကို ခိုးယူပြီး ကျန်တာကို "ဖျော်ဖြေရေး" အတွက် အသုံးပြုသည်။
သူတို့ သားအမိရဲ့ အပြစ်ရှိတဲ့အကြည့်တွေကို မြင်တော့၊ စွင်းအဖေက သူ့ရင်ထဲမှာ မီးတွေတောက်နေသလို ခံစားခဲ့ရပြီး စွင်းအမေကို ပြောခဲ့သည် - " သူတို့အားလုံးက မင်းသင်ပေးခဲ့သလို သမီးလိမ္မာလေးတွေပဲ! "
အဖွားက ချက်ချင်း အရှုံးပေးလိုက်ပြီး သူမသမီးကို ဖက်ထားရင်း စတင်ငိုခဲ့တော့သည်။
*
ဆောင်းဦးလယ်ပွဲတော်ပြီးတဲ့နောက်မှာ၊ လင်းရိရဲ့ အပန်းဖြေခရီးက ပြီးဆုံးသွားခဲ့ပြီး လောင်ကုတို့ မိသားစုက စိတ်မပါစွာနဲ့ သူ့ကို နှုတ်ဆက်ခဲ့ကြကာ ရှင်းကျန်းကို ပြန်မယ့် ရထားပေါ်ကို လိုက်ပို့ပေးခဲ့ကြသည်။
ဆောင်းဦးနှောင်းပိုင်းမှာ အဆက်မပြတ် မိုးဖွဲဖွဲရွာနေခဲ့သည်။ နှစ်ပေါင်းများစွာ အပြင်မှာ မိုးရွာသွန်းခဲ့ပြီး ကောင်တီရဲ့ အပူချိန်ကလဲ ပိုအေးလာခဲ့သည်။
ကုရှီအန်းက ခါတိုင်းလိုပဲ အိမ်ကို နေ့လည်စာ ပြန်မစားခဲ့ပေ။ ပြီးတော့ လင်းယောင်က အခန်းထဲမှာ သို့သို့နဲ့ ယွမ်ယွမ်တို့ လက်ရေးလှရေးတာကို စောင့်ကြည့်ပေးနေခဲ့သည်။
ကျန်းဆွေ့လန်က လက်ဆေးခဲ့ပြီး ခါးစည်းဝတ်ကာ မီးမွှေးခဲ့ပြီး ရေနွေးတည်ဖို့ ထင်းတွေ ထပ်ယူလာခဲ့သည်။ သူမက ကောက်နှံတွေကို ရေဆေးလိုက်ပြီး အိုးထဲကိုထည့်ကာ ပေါင်းအိုးထဲမှာ ပေါက်စီတွေ ပေါင်းခဲ့သည်။ ဈေးကဝယ်လာတဲ့ အာလူးတွေကို ရှာဖို့ ခေါင်မိုးထပ်ကို သွားခဲ့ပြီး အခွံခွာကာ နုပ်နုပ်စဉ်းခဲ့သည်၊ အသားတွေကို တုန်းခဲ့ပြီး ကြော်ခဲ့သည်။ အာလူးနုပ်နုပ်စဉ်းနဲ့ အသားကြော်တစ်ပန်းကန်၊ ပဲသီးစိမ်းကြော်တစ်ပန်းကန်နဲ့ ထမင်းရဲ့ ရနံ့လေးက လေထဲမှာ ပျံ့နှံ့နေခဲ့သည်။
ကုသို့သို့က ရေလောင်းဖို့ သွားခဲ့ပြီး ဆင်ဝင်ပေါ်မှာ ခရုလေးတစ်ကောင်ကို တွေ့ခဲ့သည်။ သူက ဒူးထောက်လိုက်ပြီး အနီးကပ်ကြည့်ခဲ့သည်။ လေအေးတစ်ဝှေ့က မိုးရေစက်တွေနဲ့အတူ တိုက်ခတ်ခဲ့သည်။
ကောင်လေးကို ဖြတ်တိုက်ခဲ့ပြီး ခိုက်ခိုက်တုန်အောင် အေးသွားကာ အကျယ်ကြီး နှာချေခဲ့သည်။ " ဟား! "
"သို့သို့၊ အပြင်မှာ မိုးရွာနေပြီ၊ အမြန် အထဲဝင်ခဲ့။ " လင်းယောင်က ကောင်လေးကို အိမ်ထဲဝင်ဖို့ ခေါ်ခဲ့သည်၊ ကလေးရဲ့ အေးစက်နေတဲ့မျက်နှာကို ကိုင်ခဲ့သည်။ ချင်းနဲ့ ကြက်သွန်မြိတ်ကို လှီးပြီး ကလေးသောက်ဖို့ ချင်းသကြားရေနွေးကြမ်းပူပူလေး တစ်ပန်းကန် ကြိုပေးခဲ့သည်။
" ဟေး၊ ဒါက စပ်ပြီး ချိုတယ်။ အရသာရှိပါတယ်။ " ကုသို့သို့က ချင်းသကြား ရေနွေးကြမ်းကို သောက်ခဲ့ပြီး သူ့ရဲ့ လျှာလေးကို ထုတ်ထားခဲ့သည်။
" မာမား၊ ကိုကိုက ဘာတွေသောက်နေတာလဲ? " ယွမ်ယွမ်က စပ်ပြီး ချိုတဲ့အနံ့ကို ရခဲ့ပြီး အိမ်ထဲကနေ ခြေထောက်တိုတိုလေးတွေနဲ့ ထွက်လာကာ ဆင်ဝင်ပေါ်မှာ ရပ်ပြီး မီးဖိုချောင်ထဲကို ကြည့်နေခဲ့သည်။
" ချင်းသကြားရေနွေးကြမ်း၊ မာမားလုပ်ပေးတဲ့ ချင်းပြုတ်ရည်လေ။ "
ကုသို့သို့က ပန်းကန်ကို ကိုင်ပြီး ရယ်နေခဲ့သည်။
" မာမား၊ ယွမ်ယွမ်လဲ သောက်မယ်။ "
" ဟုတ်ပြီ၊ မီးဖိုချောင်ထဲမှာ နည်းနည်းကျန်သေးတယ်။ မာမားက ယွမ်ယွမ်အတွက် ယူပေးမယ်နော်။ " လင်းယောင်က လာပြီး ကလေးမလေးရဲ့လက်ကို ကိုင်ကာ အိမ်ထဲကို ဝင်သွားခဲ့ပြီး တစ်မိသားစုလုံး အတွက် တစ်ပန်းကန်စီ ပေးခဲ့သည်။ အခု ကောင်တီကလမ်းတွေပေါ်မှာ မိုးရွာနေခဲ့ပြီး အေးစက်နေခဲ့သည်။ စိုထိုင်းထိုင်းလဲ ဖြစ်နေခဲ့တာကြောင့် ကလေးတွေကို အအေးမမိအောင် ချင်းပြုတ်ရည်တစ်ပန်းကန်စီ တိုက်ခဲ့သည်။
" မာမား၊ အရသာရှိတယ်။ "
ယွမ်ယွမ်ရဲ့ ပါးစပ်လေးက သောက်ပြီးတဲ့နောက်မှာ နီရဲနေခဲ့ပြီး သူမ ဆက်သောက်ဖို့ ကိုင်ထားရန်လဲ မမေ့ခဲ့ပေ။
ကုသို့သို့ကလဲ မီးဖိုချောင်ထဲကို ပြေးသွားခဲ့သည်။ တစ်ပန်းကန်စာထည့်ခဲ့ပြီး ယူလာပေးခဲ့သည်။ " မာမား၊ အေးနေရင် သောက်ဦးလေ။ "
ဒါက... လင်းယောင်က သူမရှေ့က ချင်းသကြားရေနွေးကြမ်းကြီးတစ်ပန်းနဲ့ ကလေးတွေရဲ့ တောက်ပနေတဲ့မျက်လုံးလေးတွေကို ကြည့်ခဲ့ပြီး ဘာပြောရမလဲမသိခဲ့ပေ။
ကြီးလိုက်တဲ့ ပန်းကန်! သူမ မသောက်နိုင်ခဲ့ပေ။
လင်းယောင် စိုးရိမ်စိတ်ဖြစ်နေတဲ့အချိန်မှာ၊ ကုရှီအန်းက အေးစက်ပြီး စိုထိုင်းထိုင်းအသွင်အပြင်နဲ့ အိမ်ထဲကို ဝင်လာခဲ့သည်။
" ပါပါး! "
" ပါပါး! "
ကုရှီအန်းက မမှောင်ခင်အထိ အိမ်ကိုပြန်လာလေ့မရှိပေ။ ဒီနေ့ သူက အိမ်ကို စောစောပြန်လာခဲ့ပြီး ကလေးတွေက အရမ်းစိတ်လှုပ်ရှားနေခဲ့ကြသည်။
" ပါပါး၊ ဒီနေ့ ဘာလို့ အစောကြီး ပြန်လာတာလဲ? "
ကုသို့သို့က သူ့ညီမလေးနဲ့ ပြေးသွားခဲ့ပြီး လက်ထောက်ဒါရိုက်တာကုနားမှာ ပတ်ပြေးနေခဲ့ကြသည်။
ကုရှီအန်းက သမဝါယမအသင်းကနေ သူဝယ်လာတဲ့ ဘီစကစ်သံဘူးကို အိတ်ကပ်ထဲကနေ ထုတ်ခဲ့ပြီး ကောင်လေးကို ပုတ်ကာ ပြောခဲ့သည်။ " ဒီနေ့ အလုပ်စောစောပြီးတယ်လေ၊ ဒီမှာ စားကြ။ "
" အာ့! "
ကုသို့သို့က အားတက်သွားခဲ့ပြီး သံဘူးကို ယူခဲ့သည်။ မောင်နှမနှစ်ယောက်က စာကလေးငှက်လေးတွေလို အတူတူ စားခဲ့ကြသည်။
မိုးရေကြောင့် ပေါ်လွင်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မြင်ရတဲ့အခါ၊ လင်းယောင်ရဲ့မျက်လုံးတွေ လက်သွားခဲ့ပြီး သူမက ရွှင်ပျစွာပြောခဲ့သည် - " လက်ထောက်ဒါရိုက်တာကု၊ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ လာလာ၊ နွေးသွားအောင် ချင်းပြုတ်ရည်လေး တစ်ပန်းကန်သောက်လိုက်။ "
ပြောပြီးတဲ့နောက်မှာ၊ သူမက စားပွဲပေါ်က ပန်းကန်ကို ရှေ့တိုးပေးခဲ့သည်။
ကုရှီအန်းက ပြုံးခဲ့ပြီး စားပွဲပေါ်က အစပ်အရသာမွှေးရနံ့စူးရှနေတဲ့ ချင်းပြုတ်ရည်ပန်းကန်ကြီးကို သူမြင်တဲ့အခါ - အမ်? ဘာလို့ ပန်းကန်က အရမ်းကြီးနေရတာလဲ? ?
" ဟီးဟီး၊ ကိုကိုနဲ့ သမီးက မာမားအတွက် ချင်းပြုတ်ရည် ထည့်လာပေးထားတာ၊ ဒါပေမယ့် မာမားက မသောက်နိုင်လို့ ပါပါးကို ပေးလိုက်တာ။ "
အသံလုံးလုံးလေးက oriole ငှက်လေးလိုပဲ ပြတ်သားပြီး ရှင်းရှင်းလင်းလင်း ထွက်လာခဲ့သည်။
" ... " လက်ထောက်ဒါရိုက်တာကုရဲ့အပြုံးတွေ အေးခဲသွားခဲ့သည်။
" အိုး၊ အိုးထဲက ဆန်ပြုတ်က အသင့်ဖြစ်နေလောက်ပြီ၊ သွားကြည့်လိုက်ဦးမယ်! "
လင်းယောင်က သူမရဲ့ကျောရိုးထဲကနေ အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူမရဲ့ဆံပင်တွေ ထောင်လာသလို ခံစားခဲ့ရသည်။ သူမက အလျင်အမြန် ထွက်ပြေးဖို့ ဆင်ခြေပေးခဲ့သည်။
သူမက အိမ်မှာ ကုရှီအန်းရဲ့ မျက်လုံးကြီးတွေနဲ့ ကလေးနှစ်ယောက်ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ချန်ထားခဲ့သည်။
" .... "
*
မျက်နှာတည်နေတဲ့ လက်ထောက် ဒါရိုက်တာကုက သိက္ခာရှိရှိနဲ့ ချင်းပြုတ်ရည်တစ်ပန်းကန်လုံးကို သောက်ခဲ့ပါသေးသည်။
ထမင်းစားပြီးတဲ့နောက်မှာ၊ မိသားစုက ခါတိုင်းလိုပဲ တစ်ရေးအိပ်ခဲ့ကြသည်။
ကုရှီအန်းက ရေနွေးတည်ပြီး ရေချိုးခဲ့သည်။ စစ်ဝတ်စုံနဲ့ ကိုယ်ရောင်ဖျောက်ဝတ်စုံကို သစ်သားဇလုံထဲကို ပစ်ထည့်ခဲ့ပြီး ကျိုင်းကောင်ဆပ်ပြာဆီကို ထည့်ကာ လျှော်ဖွတ်ခဲ့သည်။
ယနေ့ခေတ်မှာ၊ ကောင်တီက ပြည်သူအများစုက သူတို့ရဲ့အိမ်တွေမှာ ဘုံပိုင်ရေပိုက်တွေကို သွယ်ထားခဲ့ကြပြီး ချက်ပြုတ်ရတာ၊ လျှော်ဖွတ်ရတာအတွက် အလွန်အဆင်ပြေလှပါသည်။
အရင်တုန်းက၊ ကုရှီအန်းက သူ့အဝတ်အစားတွေကို ကိုယ်တိုင်လျှော်ဖွတ်ခဲ့ပေမယ့် လင်းယောင်နဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာလဲ မပြောင်းလဲခဲ့ပေ။
ကျန်းဆွေ့လန်က သူမရဲ့ကလေးတွေကို ငယ်ငယ်ကတည်းက အိမ်မှာကိစ္စတွေကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး လက်ထောက်ဒါရိုက်တာကုက သူ့အဝတ်အစားတွေကို ကိုယ်တိုင်လျှော်ဖွတ်နိုင်ခဲ့ပါသည်။
လင်းယောင် တစ်ရေးအိပ်ပြီးတဲ့နောက်မှာ၊ လျှောက်လမ်းက ဧည့်ကုလားထိုင်ပေါ်မှာ အေးအေးဆေးဆေးထိုင်နေခဲ့ပြီး ဆွယ်တာထိုးနေခဲ့သည်။
နွေရာသီ ကုန်လွန်ပြီး အခု ဆောင်းဦးရာသီကို ရောက်လာခဲ့ပြီဖြစ်သည်။ သူမက ရာသီဥတု မအေးလာခင်မှာ သူမရဲ့ကလေးနှစ်ယောက်အတွက် ဆွယ်တာတစ်ထည်စီ ထိုးပေးချင်ခဲ့သည်။
သူမရှေ့က အဝတ်အစားတွေနဲ့ ပုံနေတဲ့အခါ၊ သူမက လှန်လှောရှာဖွေခဲ့ပြီး ဆောင်းဦးရာသီမှာ ကလေးတွေ ဝတ်ခဲ့တဲ့ ဆွယ်တာလေးတွေက အကုန်လုံး ပြေလျော့နေခဲ့ပြီး ကျုံ့နေကြကာ ဆက်ဝတ်လို့မရတော့တာကို တွေ့ခဲ့ရသည်။
အပြင်မှာ လေထန်ပြီး မိုးအေးအေးတွေ ရွာသွန်းနေခဲ့သည်၊ ပြီးတော့ ဘေးခြံက ချန်းရှုကျွမ်းက စက်ရုံကနေ ဝါးဦးထုပ်နဲ့ ပြန်လာခဲ့ပြီး အလွန်လျင်မြန်စွာ အိမ်ကို အမြန်ပြန်လာခဲ့သည်။ ကုမိသားစုရဲ့ ခြံဝင်းကို ဖြတ်သွားတဲ့အခါ၊ သူမက တံခါးပွင့်နေတာကို တွေ့ခဲ့ပြီး တစ်ချက်လောက် လှမ်းကြည့်ခဲ့သည်။ သူမရဲ့မျက်လုံးတွေက ထွက်ကျလာတော့မလိုပါပဲ။
သူမ ဘာကို မြင်လိုက်တာလဲ? !
လက်ထောက်ဒါရိုက်တာကုက အိမ်မှာ သူ့ဘာသူ လျှော်ဖွတ်နေခဲ့တာဖြစ်သည်! အိမ်က အမျိုးသမီးလေးက ပုံမှန်လူတစ်ယောက်လိုပဲ ခုံပေါ်မှာထိုင်ပြီး ချည်ထိုးနေခဲ့ပါသည်? !
ဘာလို့ အခုထိ ဒီလိုပဲ ဖြစ်နေသေးတာလဲ? !
သူမရဲ့ မကူညီပေးခဲ့တဲ့ အမျိုးသားကို တွေးမိတဲ့အခါ၊ ချန်းရှုကျွမ်းက ခါးသီးခဲ့ပြီး မနာလိုဖြစ်သွားသည်။
ကုမိသားစုရဲ့ ချွေးမလေးက ဒီလိုချောမောပြီး ကောင်းတဲ့ အမျိုးသားနဲ့ တစ်ခါမှမတွေ့ဖူးပဲ အိမ်ထောင်ကျနိုင်ရတာလဲဆိုတာကို ခါးသီးနေမိခဲ့ပါသည်။ လင်းမိသားစုက ချွေးမလေးနဲ့ယှဉ်ရတဲ့ အချက်ရဲ့ မာနနဲ့ ကိုယ့်ကိုယ်ကိုအားရကျေနပ်မှုက၊ သူမကို ဒီလို တော်ပြီး အလုပ်ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်စေခဲ့သည်။ သူမက ရိုးရှင်းပြီး လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဖြစ်သည်။
ချန်းရှုကျွမ်းက ဂုဏ်ယူစွာ ပြုံးနေခဲ့ပြီး သူမအမျိုးသားကို ဒီအကြောင်း ဟာသပြောဖို့ အိမ်ကို ပြန်သွားခဲ့သည်။
" အိမ်မှာ ကလေးမထိန်း၊ အိမ်မှုကိစ္စမလုပ်ရင်၊ အိမ်ရှင်မလို့ ဘယ်လိုခေါ်လို့ရမှာလဲ? ဒီလို အပျင်းကြီးတဲ့အမျိုးသမီးမျိုးက အနာဂတ်မှာ အပြစ်ပေးခံရလိမ့်မယ်။ "
ချန်းရှုကျွမ်းရဲ့ အမျိုးသားနာမည်က တျောင်သာ့ကျွမ်းဖြစ်ပြီး သူက ကောင်တီစစ်တပ်ဌာနရဲ့ ကုမ္ပဏီအရာရှိဖြစ်သည်။ တျောင်သာ့ကျွမ်းက ဒီစကားတွေကို ကြားပြီးတဲ့နောက်မှာ စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ပေ။ သူက ချန်းရှုကျွမ်းရဲ့ ဖောင်းပွနေတဲ့ပုံစံ၊ ပုပြီး တုတ်တဲ့ခြေထောက်တွေကို လှမ်းကြည့်ခဲ့သည်။ သူတွေးတာကတော့ လက်ထောက် ဒါရိုက်တာကုက ကံကောင်းသည်၊ သူက တစ်နေ့လုံး အေးစက်ပြီး ကြောက်စရာ မျက်နှာထားမျိုးရှိတာတောင် နတ်သမီးလေးနဲ့တူတဲ့ အမျိုးသမီးလေးကိုလဲ ရှာတွေ့ခဲ့သည်။ ဒါပေမယ့် ဘာလို့ သူကကျ ဦးဆောင်မယ့်သူကို ရှာထားတာလဲ?
ဟေး၊ ဦးဆောင်သူကြီးရဲ့ အချက်အပြုတ်လက်ရာက ဆိုးဝါးတယ်နော်!
ကုမိသားစုရဲ့ ခြံဝင်းကြီးထဲမှာ၊ မိုးတွေရွာနေခဲ့ပါသည်။ ကုရှီအန်းက လျှောက်လမ်းအောက်က အဝတ်တန်းကို ဆွဲယူပြီး လျှော်ထားတဲ့ စစ်ဝတ်စုံကို ရေညှစ်ကာ အဝတ်လှန်းခဲ့သည်။
လင်းယောင်က ထိုင်ခုံပေါ်မှာ အေးအေးဆေးဆေးနဲ့ ချည်ထိုးနေဆဲဖြစ်သည်။ ခဏလောက် ချည်ထိုးနေခဲ့ပြီးနောက်မှာ၊ သူမက အိပ်ငိုက်စွာနဲ့ သမ်းခဲ့ပြီး သူမရဲ့ သမီးလေးကို ဖက်ပြီး တစ်ရေးအိပ်ဖို့ အိမ်ထဲကို ပြန်ဝင်သွားခဲ့သည်။
သူမက နေ့လည်သုံးနာရီအထိ အိပ်နေခဲ့သည်။
နိုးလာတဲ့အခါ၊ အိမ်က ကလေးနှစ်ယောက်က အားအင်တွေပြည့်ဝနေခဲ့ကြပြီး ခြံထဲမှာ ဆော့နေခဲ့ကြသည်။
မိုးရေစက်တွေက တံစက်မြိတ်အောက်ကို ကျနေခဲ့ကြပြီး အပြင်မှာ ဖားတွေလဲ ဆက်တိုက်အော်နေခဲ့ကြသည်။ ဗိုက်ဖောင်းဖောင်းလေးနဲ့ အစိမ်းရောင်ဖားလေးက အော်နေခဲ့သည် "အုံးအွမ်" ပြီးတော့ ခြံထဲမှာ ခုန်ဆွခုန်ဆွ သွားနေခဲ့သည်။ ကုသို့သို့က အလျင်အမြန် သူ့ရဲ့ဖိနပ်တွေကို ချွတ်ပြီး ခြေဗလာနဲ့ ဖားကို ဖမ်းဖို့ သွားခဲ့သည်။ အပြာရောင်အုတ်ခဲတွေနဲ့ လမ်းခင်းထားခဲ့ပြီး ရေအိုင်အသေးလေးတွေလဲ ရှိနေခဲ့ကြသည်။ အစိမ်းရောင်ဖားလေးက ခြေကန်ပြီး ခုန်ဆွဆွသွားနေခဲ့ပေမယ့် ဖားကို မဖမ်းမိခဲ့ပေ။ ကောင်စုတ်လေးက ရေအိုင်လေးတွေထဲကို ဆင်းရင်း အရမ်းပျော်ရွှင်နေခဲ့ပါသည်။
" ဟင်းးးးး~ "
လျှောက်လမ်းထဲက ယွမ်ယွမ်ရဲ့ မျက်လုံးတွေကျယ်လာခဲ့သည်။ သူမက အမြန် ဆောင့်ကြောင့်ထိုင်ချခဲ့ပြီး သူမရဲ့ဖိနပ်တွေနဲ့ ခြေအိတ်ကိုချွတ်ကာ ခြေတိုလေးတွေနဲ့ မိုးရေထဲကို ခုန်ထွက်ဖို့ လုပ်နေတဲ့အချိန်မှာ သူမကို လက်တစ်စုံက ကောက်ချီလိုက်သည်။
" ပါပါး၊ ဖားတွေ ဖမ်းမလို့၊ ဖားတွေ ဖမ်းမှာ။ "
ကလေးမလေးက ကုရှီအန်းရဲ့ မျက်နှာချောချောကို ပုတ်လိုက်ပြီး ရှေ့ကို ကုန်းခဲ့သည်။
" သို့သို့ပြန်လာခဲ့။ "
ကုရှီအန်းက သူ့ရဲ့သမီးလေးကို ချီထားခဲ့ပြီး ညှင်သာစွာပြောခဲ့သည်။
ပါပါးက သူ့ကိုခေါ်နေတယ်။
မိုးရေထဲက ကုသို့သို့ကလဲ မိုးရွာတဲ့နေ့မှာ မိုးရေထဲကို ထွက်ဆော့တာ မကောင်းဘူးဆိုတာကို သိနေတာကြောင့် သူ့ကိုယ်သူ ထိန်းခဲ့ပြီး လျှောက်လမ်းဆီကို အပြုံးလေးနဲ့ ပြန်လာခဲ့သည်။
" အေးနေလား? "
ကုရှီအန်းက ကလေးနှစ်ယောက်ရဲ့ မျက်နှာလေးတွေကို စမ်းကြည့်ခဲ့သည်။
" ဟီးဟီး၊ မဆိုးပါဘူး " ကုသို့သို့က ပြုံးစိစိလုပ်နေခဲ့ပြီး ယွမ်ယွမ်ကလဲ ရယ်နေခဲ့သည်။
ဒါကို ပြောပြီးတဲ့နောက်မှာ၊ ဒီကလေးနှစ်ယောက်ရဲ့ နှုတ်ခမ်းတွေက ပြာနေခဲ့ပြီဖြစ်သည်။
" ဘာက အဆင်ပြေတာလဲ? မင်းနှုတ်ခမ်းတွေ အေးလွန်းလို့ ပြာနေပြီ၊ ဒါကို မင်းက ဖျားမှာ မကြောက်ဘူးလား? " ကျန်းဆွေ့လန်က အိမ်ထဲက ထွက်လာခဲ့ပြီး ကလေးနှစ်ယောက်ကို ဒီလိုပုံစံနဲ့ မြင်သွားခဲ့သည်။ သူမက ရုတ်တစ်ရက်ကြီး ဒေါသထွက်သွားခဲ့ပြီး ကလေးနှစ်ယောက်ကို တဘတ်နဲ့ ပတ်ပေးထားခဲ့သည်။ ဆံပင်တွေ ခြောက်အောင် သုတ်ပေးပြီး ပြောခဲ့သည်။ " မီးဖိုထဲကို သွားဖို့ ချင်းပြုတ်ရည် တစ်ယောက်တစ်ခွက်သောက်ရအောင်! "
အဲ့လိုပြောပြီးတဲ့နောက်မှာ၊ သူမက ကုရှီအန်းကို မျက်စောင်းထိုးဖို့ မမေ့ခဲ့ပေ။ " ကလေးက ဒီလိုဖြစ်နေတာကို၊ ကောင်စုတ်လေး နင်က ဒီတိုင်း ကြည့်နေတယ်! အရိုက်ခံချင်နေပြီထင်တယ်! "
ဒါက... ကုရှီအန်းကို သူ့အမေက စိုက်ကြည့်တယ်ဆိုတာ ရှားပါးဖြစ်ရပ်ဖြစ်တာကြောင့် သူက သူ့နှာခေါင်းကို စိတ်ဆိုးစွာ ကိုင်ထားခဲ့သည်။
ကုသို့သို့နဲ့ ယွမ်ယွမ်တို့က ပါးစပ်လေးတွေကို ပိတ်ပြီး ခဏလောက် ကျိတ်ရယ်နေခဲ့ကြသည်။ သူတို့အဖွားက မီးဖိုချောင်ထဲကနေ ချင်းပြုတ်ရည် နှစ်ပန်းကန်ကြီး သယ်လာတာကို သူတို့တွေ့တဲ့အခါ၊ မော့သောက်လိုက်ကြပြီး ငိုမဲ့မဲ့ဖြစ်နေခဲ့ကြသည်။
စပ်တယ်။ ဘာလို့ ဖွားဖွားက အရမ်းစပ်အောင် လုပ်ထားတာလဲ?
မာမား လုပ်ပေးတဲ့ ချင်းလက်ဖက်ရည်က အရမ်းချိုတယ်။
ကုသို့သို့က ချင်းလက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ချင်းလက်ဖက်ရည်သောက်နေတဲ့ ယွမ်ယွမ်ကို စိုက်ကြည့်နေခဲ့သည်။ သူ့ညီမလေးက တစ်ကယ်ကို ရိုးသားတဲ့ကလေးလို့ သူ့ဘာသာသူတွေးနေခဲ့ပေမယ့်၊ သူ့ကို စိတ်အားထက်သန်စွာနဲ့ ကြည့်နေခဲ့တဲ့ သူ့အဖွားကို လှမ်းကြည့်ခဲ့သည်။ ထားလိုက်ပါတော့၊ သောက်လိုက်ပါ့မယ်။ သူက ရိုးသားတဲ့ကလေးပါ။
ကလေးနှစ်ယောက်က ချင်းလက်ဖက်ရည်ကို နာခံစွာနဲ့ သောက်ခဲ့ကြသည်။ ကျန်းဆွေ့လန်က သူမဘာသာ ကုတ်အင်္ကျီဝတ်လိုက်ပြီး ကလေးနှစ်ယောက်ကို အိမ်ထဲဝင်ကာ အနွေးထည်ဝတ်ဖို့ ပြောခဲ့သည်။
နောက်တစ်နေ့မနက်၊ မြို့မှာ ပြည်သူတွေ စုဝေးနေခဲ့ကြပြီး လင်းဟုန်ဝူနဲ့ သူ့အဖေ လင်းတာ့ကော်တို့ကို ရွှေ့ပြောင်းပေးဖို့ အော်ဟစ်တောင်းဆိုခဲ့ကြသည်။
တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းရဲ့ အသင်းသားတွေက ဖိနှိပ်ခံခဲ့ရသည်။ လင်းဟုန်ဝူ အဖမ်းခံရတုန်းက၊ အသင်းသားတွေက သူ ဘယ်လောက်ကံမကောင်းလဲ၊ ဘယ်လောက်ဆိုးလဲ ဆိုတာတွေကို ကြည့်ဖို့ မြို့ကို သွားခဲ့ကြသည်!
ဒါကြောင့်၊ မနက်ခင်း နေမထွက်ခင်မှာ၊ လူကြီးတစ်စုကို သူတို့ရဲ့ ယောက္ခမကြီးတွေက ခေါ်ထုတ်လာခဲ့ကြသည်။
" အစောကြီး ဘာထလုပ်နေတာလဲ? "
" ဘာလုပ်ရမလဲ? သေချာပေါက်၊ လင်းတာ့ကော်တို့ သားအဖကို သွားကြည့်မလို့ပဲ! "
" ဒီတစ်ယောက်ကတော့ သွားရမယ်! "
မြို့ထဲမှာ ၇ နာရီထိုးပြီးပြီးချင်း၊ ဒဏ်ရာရနေကြတဲ့ လင်းတာ့ကော်နဲ့ လင်းဟုန်ဝူတို့ကို တက်ကြွတဲ့ စစ်ဆေးရေးအသင်းနဲ့ ကောင်တီပြည်သူ့လုံခြုံရေးဌာနက ရဲဘော်တွေက လက်ထိပ်ခတ်ဖမ်းဆီးခဲ့ပြီး လမ်းပေါ်မှာ အစောင့်အကြပ်နဲ့ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
သူတို့နောက်က လူအုပ်စုက ဆောင်ပုဒ်တွေကို အော်ဟစ်နေခဲ့ကြသည်။ ဒီအခိုက်အတန့်မှာ၊ အိမ်နီးချင်းတွေအများကြီးက လမ်းပေါ်ကို ထွက်ကြည့်ခဲ့ကြသည်။ လက်ညှိုးထိုးကြပြီး တစ်ချို့က လူတွေကို ခဲတွေနဲ့ပေါက်ကြကာ အကျင့်ပျက်တာကြောင့် ဆူဆဲခဲ့ကြသည်။
ဘေးက ဝိုင်းကြည့်နေကြတဲ့ လူအုပ်ထဲက တစ်ယောက်ယောက်က တောက်ခေါက်ခဲ့ပြီး အော်ပြောခဲ့သည်။ " ဟေး၊ အဲ့ကောင်က မြို့ထဲမှာဂန်းစတားတွေကို လိမ်သွားတဲ့ လင်းဟုန်ဝူမလား? "
" တစ်ကယ်ပဲ၊ ဘာလို့ လမ်းပေါ်ကို အစောင့်အကြပ်နဲ့ခေါ်လာရတဲ့လဲ? "
" ဟေး၊ မင်း မသိသေးဘူးထင်တယ်။ ဒီကောင်စုတ်က ငါတို့ပြည်သူတွေကို ညှင်းပန်းနှိပ်စက်တယ်၊ ငါတို့အမျိုးသမီးတွေကို ရိုက်နှက်ပြီး အမျိုးသားနဲ့ အမျိုးသမီးဆက်ဆံရေးတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ ခေါင်းဆောင်ပဲ။ သူ့ကို ဖမ်းလိုက်ပြီ! "
" ဘာ! ဒါက ရွံစရာကောင်းတဲ့ တေလေဂျပိုးပဲ! "
" မှန်တယ်၊ သူ့အဖေကလဲ အတော်ကို အရှက်မရှိတာပဲ! "
" ... "
တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းက အသင်းသားတွေက အရမ်းပျော်ရွှင်နေခဲ့ကြပြီး လင်းဟုန်ဝူနဲ့ သူ့အဖေတို့ကို အနိုင်ကျင့်ခဲ့ကြသည်။ ပြီးတော့ သူတို့စိတ်ထဲမှာ တေးထားတဲ့ ရွံရှာမှုတွေကို ပျောက်ကွယ်သွားစေခဲ့သည်။ မကောင်းမှုကို အပြစ်ပေးလိမ့်မယ်ဆိုတာ မှန်ပါသည်။
ရွာထဲမှာ အရမ်းပျော်လွန်းလို့ လင်းတာ့ကော်တို့ သားအဖကို လုပ်ခဲ့တဲ့ ပျက်စီးမှုတွေကို ကြည့်ဖို့ လူအုပ်ထဲကို သူ့ကိုယ်သူ တိုးဝင်ခဲ့တဲ့ အဖိုးအိုတစ်ယောက်ရှိခဲ့သည်။ သူက သူ့မိန်းမ ဆန်ဝယ်ခိုင်းလိုက်တာကို လုံးဝမေ့လျော့သွားခဲ့သည်။
အဖိုးအိုက လက်ဗလာနဲ့ အိမ်ကိုပြန်လာတဲ့အခါ၊ အဖွားအိုကလဲ ဆူညံသံတွေကို ကြားခဲ့ရပြီး ကြည့်ဖို့ အမြန်ထွက်လာခဲ့သည်။ ဟုတ်ပြီ၊ အဲ့ဒီနံစော်နေတဲ့ အဖိုးအိုက အိမ်မှာ တံတွေးထွေးခဲ့ပြီး အာခြောက်နေခဲ့သည်။ သူက ရေနွေးကရားကို ကိုင်ပြီး ရေဖြည့်ခဲ့သည်။ ဝယ်ဖို့ကိုလဲ မေ့နေခဲ့သည်။
အဖွားအိုက ပထမတော့ နည်းနည်းစိတ်ဆိုးနေခဲ့သေးသည်။ အဖိုးအိုက ဘယ်လို ချင့်ချင့်ချိန်ချိန်လုပ်ရမလဲဆိုတာ မသိတာကြောင့်၊ သူ့စိတ်တွေ ညစ်ပတ်သွားမှာကို မကြောက်ပဲ အကုန်လုံးကို အခွင့်ကောင်းယူခဲ့သည်။
လင်းတာ့ကော်တို့ သားအဖ အဖမ်းခံရပြီး နိုင်ငံရေးအရ စွန်းထင်းသွားခဲ့ကြတယ်လို့ အဖိုးအိုပြောပြတာကို ကြားခဲ့ရသည်။ အခုကစပြီး၊ သူတို့မိသားစုက အကြောက်တရားနဲ့ ရှင်သန်စရာမလိုတော့ပေ။ ပြီးတော့ သူတို့ရဲ့မျက်နှာမှာ အပြုံးလေးတွေ ပေါ်လာခဲ့ကြသည်။
ဒီရက်တွေမှာ၊ သာမန်ပြည်သူတွေကို အနိုင်ကျင့်တဲ့ ဘယ်သူမဆို ကောင်းကောင်းအဆုံးသတ်မှာ မဟုတ်ပေ။ လုပ်ငန်းစဉ်က ဝေးလံတဲ့ လယ်ယာတွေဆီကို အရင်ဆုံး သွားဖို့ဖြစ်ပြီး ပြောင်းလဲဖို့အတွက် ဝေးလံတဲ့ လယ်ယာတွေဆီကို စေလွှတ်မှာဖြစ်သည်။ လယ်ယာတွေဆီကို ပို့ပြီးရင်၊ ပြန်လာချင်ကြပါသည်။ ဒါပေမယ့် ခက်ခဲပါသည်။
သေချာပေါက်ပင်၊ သုံးရက်ကြာပြီးနောက်မှာ၊ လင်းဟုန်ဝူတို့ သားအဖကို ကျေးလက်ဒေသက လယ်ယာတွေဆီကို စေလွှတ်ခဲ့သည်။ မထွက်ခွာခင်မှာ သူတို့ကြားခဲ့ရတာက၊ လီအိုက်ဖုန်းကို ပြဿနာရှာဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ကောင်တီခေါင်းဆောင်က စိတ်ဆိုးသွားပြီး သူမကိုပါ လယ်ထဲကို အတူတကွစေလွှတ်မည်ဟု ပြောခဲ့သည်။ လယ်ယာကို ပြန်လည်ပြုပြင်ရတဲ့အခါ၊ လီအိုက်ဖုန်းကအံ့အားသင့်သွားခဲ့ပြီး အရွဲ့တိုက်ဖို့ မရဲခဲ့ပေ။ သူမက လင်းတာ့ကော်တို့ သားအဖကို နှစ်ကြိမ်လောက် အော်ဟစ်ဟန်ဆောင်ခဲ့ပြီး နောက်ကို လှည့်မကြည့်ပဲ ထွက်ပြေးခဲ့သည်။
အဲ့ဒီအဖွားကြီးရဲ့ ခြေလက်တွေက အရမ်းသပ်သပ်ရပ်ရပ်ရှိနေပြီး အသက်ငါးဆယ်ထဲရောက်နေတဲ့ အဖွားအိုနဲ့ မတူနေခဲ့ပေ။
လင်းတာ့ကော်တို့ မိသားစုသုံးယောက်ရဲ့ ပြုပြင်မှုကို လျစ်လျူရှုထားခဲ့ပြီး ပစ်ထားခဲ့သည်။
လီအိုက်ဖုန်းက မိသားစုထဲမှာ အလုပ်လုပ်နိုင်တဲ့ တစ်ယောက်တည်းသောလူ ဖြစ်ခဲ့သည်။ ဝမ်ဟုန်ဟွားမရှိတော့သောကြောင့် အိမ်မှာ ချက်ပြုတ်ရတာ၊ ဆန်၊ဆီ အပါအဝင် အလုပ်တွေ အများကြီး ရှိခဲ့သည်။ လီအိုက်ဖုန်းက အိမ်မှာ ဆဲဆိုနေခဲ့ပြီး သူမရဲ့ချွေးမကို ရှာဖို့ လောင်ဝမ်ရဲ့ အိမ်ကို သွားဖို့ တာဆူနေခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ သူမရဲ့ အစ်ကိုနဲ့ယောင်းမက လီအိုက်ဖုန်းရဲ့ အဖေအရင်း အဖိုးလီက လဲပြီး အိပ်ယာပေါ်ကတောင် မထနိုင်ခဲ့ဘူးလို့ ပြောထားတဲ့စာတစ်စောင်ကို ပို့ခဲ့သည်။ သူက လီအိုက်ဖုန်းကို ပြန်လာပြီး ပြုစုစောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့သည်။
လီအိုက်ဖုန်းက အစ်ကိုနဲ့ ယောင်းမလိုပဲ ပြန်ပြောခဲ့သည်။ သူမက အိမ်ထောင်ကျပြီးသမီးတစ်ယောက်၊ သူမအဖေကို ဘာလို့ဂရုစိုက်ရမှာလဲ?
မမျှော်လင့်စွာပဲ၊ လီအိုက်ဖုန်းရဲ့အစ်ကိုနဲ့ ယောင်းမက မထနိုင်တဲ့ အဖိုးလီကို လင်းမိသားစုဆီကို ပို့ခဲ့ပြီး တစ်ယောက်တည်း ပစ်ထားခဲ့သည်။ လီအိုက်ဖုန်းက ဘာမှမတတ်နိုင်ခဲ့ပေ။ နေ့တိုင်း အဖိုးလီကို ထမင်းကျွေးရတာ၊ သန့်ရှင်းပေးရတာနဲ့ ထွေးခံသွန်ရတာတွေအားလုံးက လီအိုက်ဖုန်းရဲ့ အလုပ်တွေပါပဲ။ ရက်အနည်းငယ်အတွင်းမှာ၊ လီအိုက်ဖုန်းရဲ့မျက်နှာက အဝါရောင်သန်းလာခဲ့သည်။ သူမရဲ့ မျက်တွင်းတွေ ကျနေခဲ့ပြီး ခြေကုန်လက်ပန်း ကျလုနီးပါးဖြစ်ခဲ့သည်။ သူမ လောင်ဝမ်ရဲ့မိသားစုကိုပြဿနာရှာဖို့ ဘယ်လိုစဉ်းစားနိုင်မှာလဲ?