← Chapters

အခန်း (၁၂၂)

Vol. 11 Ch. 122

အခန်း (၁၂၂)

Vol. 11 Ch. 122

စွင်းကျားလျန်က ပိုက်ဆံကို လွယ်လွယ်ထားလို့မရတာသိသည်။ ဒီလယ်ယာမြေတွင် ရိုးသားသည့်သူများရှိသလို မရိုးသားသည့်သူများလည်းရှိသည်။

သူပိုက်ဆံကို သူ့ကိုယ်ပေါ်တွင် မထားရဲသောကြောင့် သူအိပ်သည့်မြေသားနံရံ၏ အောက်တွင် ကျင်းသေးသေးလေးတူးပြီး ပိုက်ဆံကိုထိုတွင်ဝှက်ထားခဲ့သည်။

ထို့နောက် သူက အပေါက်ကို အုတ်ခဲများနှင့်ပြန်ပိတ်ထားခဲ့သည်။ မှိုတက်နေသော ထိုထောင့်စွန်းကို ဘယ်သူကမှ ဂရုမထားကြပေ။ စွင်းကျားလျန်မှာ ညတိုင်းအခန်းထဲမှ တစ်ခြားသူများအိပ်သည်အထိ စောင့်ကာ သွားကြည့်ရသည်။

ကျင်းလေးထဲမှ ယွမ် ၅၀ ကို ဟင်းချက်သည့်အဒေါ်ကြီးအားပေးလိုက်တော့ အကျိုးကျေးဇူးများစွာရှိပါသည်။စွင်းကျားလျန်မှာ ဝက်ဆီနှင့်ကြော်ထားသော အချဥ်စိမ်များအပိုတစ်ဇွန်း၊ ပေါက်စီတစ်လုံးနှင့် တစ်နပ်စီတိုင်းအတွက် ကြက်ဥတစ်လုံးစီရသည်။ ထိုသည်က သူ့ဘဝကို အလွန်ပင် ပိုမိုလွယ်ကူစေခဲ့သည်။

စွင်းကျားလျန်နဲ့တွဲခုတ်ခဲ့သော ကောင်မလေးကတော့ အောက်‌ခြေအဆင့်သို့ အပို့ခံလိုက်ရကာ ကံမကောင်းပေ။

အရင်က လူတစ်ကာအားကျခဲ့ရသော နူးညံ့သည့်မိန်းကလေးမှာ လယ်ယာမြေတွင်နေ့တိုင်း ကျောက်တုံးများကောက်ရသည်။

ချီရှန်းဟောင်မှာ လက်ထဲတွင်ပိုက်ဆံမရှိပေ။ စွင်းကျားလျန်မှာ ကောင်းကောင်းစားသောက်ပြီး ပူပြင်းသောနေ့လည်ပိုင်းတွင် သစ်ပင်ရိပ်တွင် အနားယူနိုင်သော်လည်း သူမကတော့ ‌ကျောပေါ်တွင် ကျောက်ခြင်းများကိုသယ်ရသည်။ လမ်းလျှောက်ရင် သူမ အကြိမ်ပေါင်းများစွာလဲကျမလိုဖြစ်သည်။

သူမဘေးတွင်ရှိသော အမျိုးသမီးအစောင့်မှာ သူမကို မမြင်သလိုပင် ဟန်ဆောင်ပေးသည်။ ဒီအမျိုးသမီးက မုန်းစရာကောင်းသော်လည်း သနားစရာလည်းကောင်းသည်ပင်။ ထို့ကြောင့် သူတို့က မမြင်သလို ဟန်ဆောင်ပေးကြသည်။

အမျိုးသမီးအစောင့်များကပင် သူမအပေါ်ကြင်နာကြသော်လည်း ကောင်စုတ် စွင်းကျားလျန်ကတော့ သေသည်အထိ သူမကိုကယ်ဆယ်ဖို့ ငြင်းဆန်လေသည်။

သူမစိတ်ထဲတွင် မုန်းတီးမိကာ စွင်းကျားလျန်ကိုလက်စားချေရန် စိတ်ဆုံးဖြတ်ထားလေသည်။

မွန်းလွဲပိုင်း အလုပ်နားဝီစီသံကို ကြားသောအခါ ပြုပြင်ပြောင်းလဲရေး အလုပ်သမား အကျဥ်းသားများသည် ၂ ယောက် ၃ ယောက်စီ လမ်းလျှောက်ပြန်လာကြသည်။

စွင်းကျားလျန်က နောက်ဆုံးတွင် တစ်ယောက်တည်းဖြစ်သည်။ သူကလူအုပ်ကြီးနောက်မှ အဆောင်သို့ပြန်မလိုက်ပဲ သစ်ပင်ရိပ်တွင်ထိုင်ကာ အေးမြသောရေတစ်ခွက်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ အဆုံးတွင် သူက လူတိုင်းပြန်သွားသည်ကိုစောင့်ကာ အိတ်ကပ်ထဲမှ ကျောက်သကြားလုံးကိုထုတ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဒီသကြားလုံးမှာ လယ်ယာမြေသို့ သူ့အမေလာတုန်းက ဝယ်လာပေးခဲ့ခြင်းဖြစ်သည်။ ကျောက်သကြားလုံးစုစုပေါင်း ကက်တီဝက်ရှိသည်။

စွင်းကျားလျန်က အလွန်ပင်ဉာဏ်ကောင်းကာ နေ့တိုင်းအိတ်ထဲကို သကြားလုံးအနည်းငယ်ထည့်ထားတတ်သည်။ အလုပ်ပြီးသောအခါ သူက တမင်ပင်လမ်းကိုနှေးနှေးလျှောက်သည်။ အနားတွင် ဘယ်သူမှမရှိတော့သောအခါ ကာယအင်အား ပြန်လည်ဖြည့်တင်းရန် ပါးစပ်ထဲသို့ထည့်လေသည်။

ကျောက်သကြားလုံးကို စားပြီးသောအခါ စွင်းကျားလျန်က အိုးထဲမှကျန်သည့်ရေကို သောက်ကာ ‌ကျောတွင်ခြင်းတောင်းနှင့် ပြန်လာခဲ့သည်။ လယ်ယာမှညစာမှာ အသီးအရွက်ရောထားသော 'ဝူးထို့ ' ဖြစ်သည်။ ညပိုင်းတွင် အလုပ်မလုပ်ရသောကြောင့် ညစာတွင်အချဥ်စိမ်ထားသည်များ မပါပေ။ အလုပ်သမားစခန်းမှ အကျဥ်းသားများမှာ အနည်းငယ် စောဒကတက်ကြသည်။

စွင်းမိသားစုက သိတတ်ကာ သူ့အတွက် ကြက်သားကိတ်များပင် ထားခဲ့ပေးသည်။ လတ်တလောက မိန်းမငယ်လေးတစ်ယောက် လယ်ယာမြေသို့ ရောက်လာသည်။ သူမက ဆွဲဆောင်မှုရှိကာ ချစ်စရာကောင်းသည်။ကြားတာတော့ အရင်းရှင်တစ်ယောက်၏ သမီးဟုပင်။

စွင်းကျားလျန်က ထပ်ပြီးသဘောကျသွားပြန်ကာ ကြက်သားကိတ်ထည့်ထားသော အိတ်ကိုယူ၍ လှပသော အမျိုးသမီးလေးနှင့် ညပိုင်းတွင်တွေ့ချင်ခဲ့သည်။

ညနက်နေပြီဖြစ်ကာ တဲထဲမှပြုပြင်ပြောင်းလဲရေးအလုပ်သမား အကျဥ်းသားများအားလုံးမှာ အိပ်မောကျနေကာ သွားကြိတ်ပြီး အိပ်ရင်းယောင်နေကြလေသည်။

ကျင်းလေးထဲမှ အုတ်ခဲများကို ထုတ်ပြီးနောက် စွင်းကျားလျန်မှာ သူသည်မိန်းမလှလေးကို လက်ထပ်ရတော့မည်ဆိုသည့်အတွေးနှင့် ပျော်လွန်းလို့ တုန်ပင်တုန်ယင်နေခဲ့သည်။

မကြာမီပင် စွင်းကျားလျန်တစ်ယောက် သူတို့တိတ်တဆိတ် တွေ့ဆုံရန် သဘောတူထားကြသော သစ်ပင်အုပ်သို့ ရောက်လာခဲ့သည်။ သူလှည့်ပတ်ကြည့်ပြီး ခဏလောက် စောင့်နေခဲ့ကာ တစ်ခုခုက မှားနေမှန်းသ‌ဘောပေါက်သွားသည်။ ရုတ်တရက်ပင် ကျီးကန်းများက တိတ်ဆိတ်သော တောအုပ်ထဲတွင် ကျယ်လောင်စွာ အော်လာကြသည်။ သူကြောက်လန့်ကာ ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ ရုတ်တရက် အနက်ရောင်အရိပ်တစ်ခုက နောက်တွင်ပေါ်လာကာ သူ့ကိုထိတ်လန့်သွားစေပြီး အော်ဟစ်ကာ တောင်စောင်းမှပြုတ်ကျသွားသည်။

ပြုတ်ကျတာက ဘာမှမဖြစ်သော်လည်း ခေါင်းကို ကျောက်တုံးနှင့် ဆောင့်မိသွားခဲ့သည်။

စွင်းကျားလျန်မှာ လုံးဝကိုထိခိုက်သွားသည်။ စွင်းအမေနှင့် စွင်းကျားယွီတို့က အိမ်တွင် အကြီးအကျယ်ရန်ဖြစ်ခဲ့သော်လည်း သူစကားတစ်ခွန်းမှ မပြောခဲ့ပေ။

စွင်းအဖေကတော့ သူ့သားဘာတွေးနေမှန်းမသိပေ။သူက အပြင်ထွက်ပြီး ချွေးမဖြစ်သူအား ကယ်လ်ဆီယမ်ဓါတ်ပြည့်ဝစေရန်အတွက် ကုန်စုံဆိုင်သို့သွားကာ အရိုးများဝယ်ပြီးပြန်လာခဲ့သည်။

စွင်းအမေမှာ အသားများ နာကျင်လွန်းလို့ "အား" ဟူ၍ပင် အော်မိသည်။

"အိမ်မှာ ဘယ်လိုအခြေအနေတွေများ ဖြစ်နေလို့လဲ? ရှင့်မှာအသားတွေ အရိုးတွေဝယ်ဖို့ ပိုက်ဆံရှိသေးတယ်လား? ပိုက်ဆံသုံးစရာလိုလို့လား?"

စွင်းအဖေက ပြောသည်။ "ဟုန်နက‌ခြေထောက်ကိုထိခိုက်ထားတာ။ သူ အဲ့ဒါကို သောက်ပြီး အလုပ်ပြန်လုပ်နိုင်အောင်လေ"

စွင်းအမေမှာ ယခင်တုန်းကလို စင်ပေါ်က လူမဟုတ်တော့ပေ။ သူမနှင့် စွင်းအဖေအလုပ်နားပြီးတည်းက မိသားစု၏ ဝင်ငွေမှာ လင်းဟုန်နအပေါ်တွင် မူတည်နေခဲ့သည်။

လင်းဟုန်နမှာ အိမ်တွင်ဖြစ်သည်။ သူမ လဲရာမှ ညာဖက်ခြေထောက်ထိခိုက်သွားကာ မလှုပ်ရှားနိုင်ပေ။

သားလေး ၂ ယောက်မှာ အမေ နားကပ်နေကြသည်။ တစ်ယောက်မှာ ရေထည့်ပေးနေကာ နောက်တစ်ယောက်ကနှိပ်ပေးနေသည်။

လင်းဟုန်န ရှားရှားပါးပါး မျက်လုံးများနီလာသည်။ နှစ်ပေါင်းများစွာကြာအောင် သူမ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာတောင် သူမယောက္ခထီးနှင့် သားလေး ၂ ယောက်က သူမကို ဂရုစိုက်ကြသေးသည်။

စွင်းကျားယွီ နှုတ်ခမ်းများကို တွန့်လိုက်ကာ မျက်လုံးလှန်လိုက်သည်။

"အဖေ ဘာလို့အရမ်းဘက်လိုက်တာလဲ?"

စွင်းအဖေက ဆိုသည်။ "ဘာကိုဘက်လိုက်တာလဲ? နင်က အိမ်မှာတစ်နေကုန် ဘာမှလုပ်တာမဟုတ်ဘူး။ ပြီးတော့ ငါရှာပေးထားတဲ့ လက်မှတ်ရောင်းတဲ့အလုပ်က မနက်ဖြန်စမှာ။ ကြာကြာမခံလို့ကတော့ ဒီကနေထွက်သွား!"

စွင်းအဖေ အကြီးဆုံးသမီးကို တွေ့သောအခါ ဒေါသထွက်လွန်းလို့ ပေါက်ကွဲသွားသည်။ သူ့ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ သူက စွင်းကျားယွီကိုလက်ညှိုးထိုးပြီး ဆဲဆိုခဲ့သည်။

"တစ်နေကုန် ဘာမှမလုပ်ဘူး။ သူတို့တွေ အကုန်ကိုယ့်ဘာသာ ရှာဖွေစားသောက်နေရတာ။ သူတို့က နင့်ထက်သာတယ်။ နင်က ဒီမိသားစုရဲ့ အဖျက်ကောင်ပဲ"

စွင်းကျားယွီမှာ သူ့အဖေဆူသည်ကို မခံနိုင်တော့သောကြောင့် လှည့်ကာပြေးထွက်သွားလေသည်။

"ဒီလူကြီးကတော့ ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ? ဒါကငါ့သမီး။ အပြင်လူတွေ သူ့ကိုလှောင်မှာမစိုးပါဘူး"

"ဟာသလုပ်နေတာလား? သူက မျက်နှာဆယ်ဖို့တော့သိသေးတယ်လား? အဲ့ဒါကို ဘာလို့အိမ်ကိုပြန်ပြီး ပိုက်ဆံတောင်းနိုင်ရတာလဲ?"

"..."

*

နှစ်သစ်ကူးမှာ နီးကပ်လာကာ ကျေးလက်ထုတ်လုပ်ရေးအသင်းတွင် ဝက်သားများရှိသော အချိန်ဖြစ်သည်။

ဒီနှစ်တွင် အပြင်ဖက်မှ အခြေအနေမှာ မကောင်းသော်လည်း ဦးလေးကျန်းနှင့် သူ့ထုတ်လုပ်ရေးအသင်းမှ မွေးမြူသောဝက်များမှာတော့ အတော်လေးကောင်းသည်။

ထုတ်လုပ်ရေးအသင်းတွင် မွေးထားသော ဝက် ၇ ကောင် ၈ ကောင်မှာ ဝက်ပေါက်လေးများမှစ၍ အနပ်တိုင်းကိုငတ်ပြတ်မှုမရှိပဲ စားရလေသည်။ သူတို့က စားပြီးအိပ်ကာ သူတို့ဘဝမှာအလွန်ပင် ချောမွေ့နေတော့သည်။

ကျန်းဆွေ့လန်မှာ နိုင်ငံပိုင်ဝက်မွေးမြူရေးလုပ်ငန်းတွင်ဝက်မွေးသည်မှာ သူမသက်တမ်း၏ ထက်ဝက်မျှပင်ရှိပြီဖြစ်သည်။ သူမက ကျေးလက်ဒေသသို့ပြန်ကာ မိခင်ဖြစ်သူကို ပြန်ကြည့်လေသည်။

သူမ ပြန်ချင်စိတ်မရှိသေးခင် မရီးများနှင့် ဝက်များကိုလည်း သွားကိုင်ကြည့်လိုက်သေးသည်။

ကျန်းမိသားစု၏ ဦးလေး ၂ ယောက်မှာ တရုတ်နှစ်သစ်ကူးကာလအတွင်း ဝက်သား ၂၀ ကီလိုဂရမ်ခန့်ရလေသည်။

ကျန်းဆွေ့လန်က ၎င်းကို အခွင့်အရေးယူကာ ၅ ကီလိုဂရမ် ပြန်ယူလာခဲ့သည်။

ကုမိသားစုသည် ဝက်သားကိုညတွင်ကြာဇံနှင့်ကြော်စားကြပြီး မိသားစုတစ်ခုလုံး၏ ပါးစပ်များမှာ ဆီများဝင်းနေတော့သည်။

လင်းယောင်မှာ ပန်းကန်သေးသေးတစ်ပန်းကန် စားပြီးနောက် ထပ်မစားနိုင်တော့။

ကျန်းဆွေ့လန်မှာ ဆေးဘဲဥတစ်လုံးကိုခွာပြီး မပြောပဲမနေနိုင်တော့ "ဒါမကောင်းဘူးနော် ယောင်ယောင်။ သမီးပိုပြီး များများစားရမယ်။ ကောင်းကောင်းမစားရင်ဘယ်လိုအာဟာရရှိမှာလဲ? လာပါ ဘဲဥလေးတစ်ဝက်လောက်ထပ်စားလိုက်ဦး။ အဲ့ကောင်လေး အန်းဇီကိုစိတ်ပူမနေပါနဲ့။ သူ့မှာလည်း လက်တွေခြေတွေပါတာပဲ။သူသွားရင်လာရင် ဘယ်လိုစားရမလဲဆိုတာ သိပါတယ်။လာ ဘဲဥလေးစားလိုက်"

ကျန်းဆွေ့လန်က လင်းယောင်ကို ဘဲဥတစ်ဝက်ကျွေးလေသည်။

ထို့ကြောင့် ထိုညတွင် လင်းယောင် နေ့လည်စာအတွက်ဘဲဥအလုံးဝက်၊ ဖရုံသီးစွပ်ပြုတ်တစ်ပန်းကန်သောက်ကာ ခြံဝန်းကို အကြိမ်ပေါင်းများစွာ ပတ်လျှောက်နေခဲ့သည်။

နေ့လည်စာစားပြီးနောက် ယွမ်ယွမ်နှင့်သို့သို့တို့မှာ အိမ်ထဲသွားပြီး မအိပ်ကြပေ။ ကလေး ၂ ယောက်မှာ သူတို့အဘွားပြောသည့်ပိုင်မုန့်ကို လောဘတက်နေကြသည်။ထို့ပြင် မာမားကလည်း သူတို့အတွက် သစ်အယ်သီးကိတ်မုန့်ချိုချိုလေး လုပ်ပေးမည်ဟုပြောလေသည်။

ဒီနေ့ ဝက်သားကိတ်နှင့် သစ်အယ်သီးကိတ်များရှိနေသည်။ ကလေး ၂ ယောက်မှာ နှစ်သစ်ကူးကိုဆင်နွှဲနေသကဲ့သို့ ပျော်ရွှင်နေကြသည်။ ဒီအရသာရှိ‌သော အရာများကို စားရရန်အတွက် အစ်ကိုနှင့် ညီမဖြစ်သူတို့သည် လင်းယောင်နောက်သို့ အမြီးလေးလို လိုက်နေကြသည်။

ကုအိမ်၏ မီးဖိုချောင်မှာ လက်ဖဝါးအရွယ်မျှသာရှိလေသည်။ ကျန်းဆွေ့လန်မှာ ဆီဘူးကိုယူလာကာ ကလေးများကိုတွေ့သွားတော့ စိတ်ပျက်စွာ ပြောလေတော့သည်။ " ဘာလုပ်နေကြတာလဲ?သွားဆော့ကြလေ"

ထိုသို့ပြောပြီးနောက် သူမက ကလေး ၂ ယောက်ကို ကန်ထုတ်လိုက်သည်။

ယွမ်ယွမ်နှင့် သို့သို့တို့ မောင်နှမ - "....."

ကလေး ၂ ယောက်မှာ အမေဖြစ်သူက အရသာရှိသည့်သစ်အယ်သီးကိတ် လုပ်ပေးတာကို မတွေ့ရတော့ စိတ်ပျက်သွားကြသည်။

အပြင်ဖက်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေကာ ကလေး ၂ ယောက်မှာ ခြံထဲတွင်နှင်းလူရုပ်လုပ်ချင်လေသည်။

လင်းယောင်က ပျော်ရွှင်စွာ သဘောတူလိုက်သည်။ "ဟုတ်ပြီ။ ဘာမှတော့ မထိခိုက်ကြစေနဲ့နော်"

ယောင်ယောင်နှင့် သို့သို့တို့မှာ ခြံထဲတွင် ပြေးနေကြကာ လမ်းကြားထဲမှ ကလေးများအားလုံးကို ထွက်လာကြည့်စေလေသည်။

ယွမ်ယွမ်မှာ နှင်းထဲတွင် ပျော်ရွှင်စွာ လူးလိမ့်နေပြီးထလိုက်တော့ သူငယ်ချင်းများက သူမအား အံ့အားသင့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။

"ဘာကြည့်နေကြတာလဲ?"

"ယွမ်ယွမ် နင်ညစ်ပတ်သွားပြီ။ ဒါပေမယ့် နင့်အမေ နင့်ကို မဆူဘူးလား?"

"ဟုတ်သား နင် ဒီအဝတ်တွေကို ခုမနက်မှ ဝတ်လာတာမလား?"

“ ဟုတ်တယ်လေ”

"နင် ဒီလောက် မြန်မြန်ညစ်ပတ်သွားတာကို နင့်အမေ မဆူဘူးလား?"

သူငယ်ချင်းများမှာ သူတို့ညစ်ပတ်လာတိုင်း အိမ်ပြန်ရောက်ရင် အဆူခံရတာကို သိနေတော့ သူတို့မှာ အံ့အားသင့်နေကြသည်။

"ဘယ်လို? မာမားက ငါ့ကိုတစ်ခါမှမဆူပါဘူး"

"ဒါဆိုပျော်စရာကြီး"

သူငယ်ချင်းများမှာ အားကျနေကြသည်။ မမျှော်လင့်ထားစွာပင် ကုသို့သို့က ထပ်ပြောလေသည်။ "ဘာလို့လဲဆို‌တော့ အဝတ်ကို ကိုယ့်ဘာသာလျှော်တာလေ။ဂွမ်းကပ်အနွေးထည်တွေနဲ့ လျှော်ရခက်တဲ့ဟာတွေကလွဲရင် ယွမ်ယွမ်က သူ့အဝတ်တွေကို သူ့ဘာသာလျှော်တာ။ဘာလို့မာမားက ဆူရမလဲ?"

ကိုယ့်အဝတ်ကိုလျှော်တော့ အဝတ်တွေညစ်ပတ်လာရင် အဆူမခံရပါဘူး။

လမ်းကြားထဲမှ သူငယ်ချင်းများမှာ အတွေးအမြင်အသစ်များ ရရှိသွားလေသည်။

လွန်ခဲ့သည့်ရက်များအတွင်း ဘေးအိမ်မှ ဝူဖန်းတိမှာ တာ့ဟေးနှင့် အာ့ဟေးတို့ကို ကြောက်သွားသောကြောင့် ကုမိသားစုခြံထဲသို့ ကြည့်ရန် နံရံပေါ်မတက်ရဲတော့ပေ။

သို့သော်လည်း လင်းယောင် ဝူဖန်းတိကို လမ်းကြားထဲတွင် ရံဖန်ရံခါတွေ့သည်။ ဝူဖန်းတိတွင် အရင်လိုနူးညံ့သည့်အပြုံးလေး မရှိတော့ပေ။ သူမက လူတွေကို ဆောင်းတွင်းတွင် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ အကြည့်စူးစူးနှင့် ကြည့်လေရာ လူများမှာ သတိထားနေရတော့သည်။

လင်းယောင် အိမ်ပြန်လာပြီး ထိုအကြောင်းပြောတော့ ကျန်းဆွေ့လန်နှင့် သူ့ခင်ပွန်းတို့လည်း ထိုဟာကိုသတိထားမိကာ မာမိသားစု၏ ချွေးမသည် စိတ်ဓါတ်မကောင်းကာ သူတို့၏ အိမ်နီးချင်းများကို ကလေးများအား သူမနှင့်ဝေးဝေးနေစေရန် ပြောလိုက်လေသည်။

တစ်ချိန်တည်းတွင်ပင် ကျေးလက်ဒေသသို့ သွားသောစစ်တပ်ဖွဲ့၌ ကိစ္စကြီးကြီးတစ်ခုဖြစ်ပျက်ခဲ့လေသည်။

ဤရက်များတွင် ကောင်တီရှိတပ်ဖွဲ့၌ လေ့ကျင့်ရသည်များမှာ ပုံမှန်စစ်တပ်နှင့် အတူတူပင်။ သူတို့က စစ်သားများကို တောထဲတောင်ထဲသို့ သင်တန်းပေးရန် ခေါ်သွားကြသည်။ တပ်သားများမှာ လေးလံသော အထုပ်အပိုးများကို ကီလိုမီတာများစွာသယ်ခြင်း၊ တောင်တက်ခြင်း၊လေ့ကျင့်ရေးမျိုးစုံနှင့် ပြိုင်ပွဲမျိုးစုံကို တစ်ချိန်တည်းတွင်လုပ်ကြရသည်။

အနီးအနား တောင်တန်းများမှ ရွာသားများမှာ တစ်နေကုန် သေနတ်သံများ၊ အမြောက်ပစ်သံများကိုကြားရသည်။ စစ်သားပေါင်း‌ ထောင်ပေါင်းများစွာလေ့ကျင့်ရေး လုပ်နေကြတာကို သိကြတော့ လေ့ကျင့်ကွင်းသို့ သူတို့တော်ရုံမလာကြပေ။

ထို့ကြောင့် တပ်သား ထောင်ပေါင်းများစွာကို သူတို့အရာရှိများက ဦးဆောင်ကာ အမိန့်ကိုနာခံကြရသည်။

ပြည်သူ့လုံခြုံရေးဌာနမှ လူငယ်များမှာ အားဖြည့်သည့်အနေနှင့် တပ်ဖွဲ့နောက်မှလိုက်လာကြသည်။ သူတို့က ၁ နာရီကျော်ကြာအောင် အမြန်ချီတက်လာကြပြီး မမောမပန်းနိုင်ပေ။

တပ်သားများ လေ့ကျင့်မည့်ကွင်းသို့ ရောက်တော့ လူတိုင်းမှာ လာမည့်ယာယီတဲများဆောက်ခြင်း၊ သေနတ်များကို သန့်ရှင်းခြင်းတို့လုပ်ကာ လာမည့်ပြိုင်ပွဲတွင် ပထမရရန်ပြင်ဆင်နေကြသည်။

ထိုညတွင် ကုရှီအန်းက ဓါတ်မီးကိုကိုင်ကာ ပြိုင်ပွဲမစခင်တွင် ရန်သူများမှ 'လျှပ်တပြက် တိုက်ခိုက်ခြင်း'ရှိလာမှာစိုး၍ ရွှီရှန်းချန်နှင့်အတူ ယာယီစခန်းကိုလိုက်လံစစ်‌‌ဆေးနေလေသည်။

ညီအစ်ကို ၂ ယောက် စစ်ဆေးပြီးသွားတော့ အစ်ကိုကြီးထို့ထို့မှာ ရေအိမ်သွားလေသည်။

ကုရှီအန်းက ယာယီတဲသို့ ဓါတ်မီးနှင့်ပြန်လာပြီး ခြုံပုတ်နိမ့်နိမ့်တစ်ခုကို ဖြတ်လျှောက်လာလေသည်။ပတ်ဝန်းကျင်မှာ မြက်ပင်များကို ဖြတ်လျှောက်လာသည့် ခြေသံများမှလွဲလျှင် လုံးဝကိုတိတ်ဆိတ်နေလေသည်။

ဤတိတ်ဆိတ်မှုကြားတွင် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်။

ပေါ့ပါးဖျတ်လတ်နေသော လူရိပ်တစ်ခုက ထူထဲသည့်သစ်တောထဲမှ ထွက်လာကာ လက်နေသည့် ဓါးမြှောင်တစ်ခုကို အကာအကွယ် ကင်းမဲ့နေဟန်ရှိသော ကုရှီအန်းဆီသို့ ဦးတည်လာခဲ့သည်။

All Chapters