တောင်းဆိုချက်များ သဘောတူသည်
Vol. 51 Ch. 754
နောက် (၃)ရက်အကြာတွင် ဘီလ်ဂိတ် ဖုန်းယွီအား ဖုန်းဆက်လိုက်သည်။ အမှန်တကယ်တွင် အစည်းအဝေး ပြီးဆုံးချိန်တွင်ပင် သူဆုံးဖြတ်ချက် ချပြီး ဖြစ်ပေသည်။ ထိုဆုံးဖြတ်ချက် ချထားခြင်းကို ဖုန်းယွီ စိတ်ဓာတ် ပိုတက်ကြွသွားစေနိုင်သဖြင့် နောက်(၂)ရက် စောင့်ခဲ့ခြင်းပင်။ အမှန်တကယ်တွင် ထို(၃)ရက် ဆိုသည်မှာ ဖုန်းယွီ မျှော်လင့်ထားသည့်ထက် အလွန်စောနေသေးသည်။
“ဘီလ်.. မင်္ဂလာပါ.. ပေါလ်.. မင်္ဂလာပါ…”
ပေါ်လ်အယ်လန်ကိုပါ တွေ့လိုက်ရသဖြင့် ဖုန်းယွီ အံ့ဩသွားမိသည်။
ပေါ်လ် အယ်လန်သည် မိုက္ခရိုဆော့ဖ်၏ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင် ဆော့ဖ်ဝဲ ကုမ္ပဏီကိုသာ အဓိက အာရုံစိုက်ထားပေသည်။ ပေါ်လ်အယ်လန်သည် အားကစားကို နှစ်သက်ပြီး NBA ၏ Portland Trail Blazers ကဲ့သို့သော အားကစား အဖွဲ့များစွာ ဝယ်ယူထားပေသည်။ နောင်တွင် သူသည် Seattle Seahawks အား ဝယ်ပေလိမ့်မည်။ NBA ၏ အချမ်းသားဆုံး ပိုင်ရှင်အဖြစ်လည်း လူသိများပေသည်။
ပေါ်လ်အယ်လန်သည်လည်း ဖုန်းယွီကို မြင်ရသည့်အခါ အံ့ဩသွားသည်။ ဖုန်းယွီမှာ အလွန်ငယ်လွန်းပေသည်။ ဖုန်းယွီ၏ အသက်အရွယ်၌ သူသည် ဘီလ်ဂိတ်နှင့် မိုက္ခရိုဆော့ဖ်ကို စတင်နေဆဲ အချိန်ဖြစ်သည်။ ဖုန်းယွီမှာမူ ငယ်စဉ်ကတည်းက သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေပေပြီ။ သူ့ငွေအားလုံး သူကိုယ်တိုင် ရှာခဲ့သည်လော။ သူကိုယ်တိုင် ရှာထားသည် ဆိုလျှင်ပင် မိမိသည် သူ့ထက် ပိုချမ်းသာနေသေးသည်။
“မိတ်ဆက် ပေးစရာတောင် မလိုတော့ဘူးထင်တယ်…”
ဘီလ်ဂိတ် ရယ်မောရင်း ပြောလိုက်သည်။
“ပေါလ်.. ခင်ဗျားရဲ့ Portland Trail Blazers ချန်ပီယံရှစ်ကို အနိုင်ယူဖို့ ခက်လိမ့်မယ်လို့ ကျုပ်ခံစားနေရတယ်.. ဂျော်ဒန်ကို ပြန်ရောက်နေပြီမို့လား..”
ဖုန်းယွီ ရုတ်တရက် မေးလိုက်သည်။
ရောက်တုန်းရောက်ခိုက် မိမိကို အရှက်ခွဲဖို့ ကြိုးစားနေသည်လော။ ဤကိစ္စ ဒင်းစခဲ့ခြင်းပင်။ အနည်းငယ် ဒုက္ခပေးရ ပေတော့မည်။
“ဘယ်သူပြောလဲ.. ဒီနစ် ဂျော်ဒန် ပြန်လာမှာမဟုတ်ဘူး.. ဗိုလ်လုပွဲအတွက်လဲ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး.. ငါတို့ Blazers တွေ (၅)နှစ်အတွင်း ချန်ပီယံဆု သေချာပေါက် ယူနိုင်လိမ့်မယ်..”
ပေါ်လ်အယ်လန် ဒေါသတကြီး ပြန်ဖြေလိုက်သည်။
“တကယ်လား.. ကျုပ် တစ်ခုလောက် လောင်းချင်လိုက်တာ.. ကျုပ်သာ အသင်းတစ်သင်း ဝယ်နိုင်ရင် ခင်ဗျားအသင်းထက် အရင် ချန်ပီယံ ဖြစ်လာမယ်ထင်တယ်..”
ဖုန်းယွီ ပြုံးရင်း ပြောလိုက်သည်။
“မင်းက နိုင်ငံသားမဟုတ်တော့ ဘယ်အသင်းမှ ဝယ်နိုင်မှာ မဟုတ်ဘူး.. အသင်း တစ်ခုခုရဲ့ အစုရှယ်ယာတွေ ဝယ်ချင်ရင်တောင် Bulls နဲ့ Rockets မဟုတ်ရင် မင်းနိုင်မှာ မဟုတ်ဘူး..”
“ဟေ့.. ဟေ့.. ပေါလ်နဲ့ ဖုန်း.. ငါတို့တွေ မိုက္ခရိုဆော့ဖ် အကြောင်းပြောရမှာလေ.. ဒီနေရာက NBA မဟုတ်ဘူးနော်.. NBA အကြောင်း ပြောချင်ရင် နောက်မှ ပြောကြ..”
ဘီလ်ဂိတ် ကြားဖြတ် ပြောလိုက်သည်။
အားကစား အဖွဲ့တစ်ဖွဲ့၏ ကုန်ကျစရိတ်မှာ မည်မျှရှိသနည်း။ ဘီလ်ဂိတ်သာ လိုချင်ပါက NBA တစ်ခုလုံးကိုပင် ဝယ်၍ ရပေသည်။ အကောင်းဆုံး အသင်းများသည်ပင် သန်း(၁၀၀)ဝန်းကျင်သာ ရှိပေသည်။ ပျမ်းမျှအားဖြင့် အသင်း တစ်သင်းလျှင် သန်း(၁၀၀)ပင် မရှိချေ။
ထိုသို့သော အသေးစား လုပ်ငန်းများအကြောင်း မည်သည့်အတွက် ပြောစရာရှိမည်နည်း။ မိုက္ခရိုဆော့ဖ်သည် ပို၍ အရေးကြီးပေသည်။
ပေါလ်အယ်လန် ခေါင်းလှည့်သွားသည်။ ထို ဖုန်းယွီအား စိတ်တိုနေပေပြီ။
“ဒါဆိုလဲ မိုက္ခရိုဆော့ဖ် အကြောင်း ပြောကြတာပေါ့.. ခင်ဗျားတို့တွေ ကျုပ်တောင်းဆိုချက်တွေကို သဘောတူလား..”
ဖုန်းယွီ ပြုံး၍ ပြောလိုက်သည်။
လူတစ်ယောက် စိတ်ဆိုးနေပါက တစ်ဖက်မှ အလျော့ပေး စကားတစ်ခွန်းမပြောပါက ပို၍သာ ဒေါသထွက် ရပေလိမ့်မည်။
ပေါလ်အယ်လန် ဒေါသထွက်သွားသည်။
“မင်းတောင်းဆိုထားတာတွေ ငါတို့ လက်မခံဘူး..”
ဘီလ်ဂိတ်မှာ သူ့သူငယ်ချင်းအား ချက်ချင်း ဆွဲထုတ်လိုက်ရသည်။ ပေါလ်သည် ဆွေးနွေးပြီးသား ကိစ္စအား ခနလေးဖြင့် မည်သည့်အတါက် စိတ်ပြောင်း သွားရသနည်း။
“ဖုန်း.. သူပြောချင်တာက မင်းတောင်းဆိုတာတဲ့ကိစ္စ ငါတို့ဘက်က အပြည့်အဝ လက်ခံမှာမဟုတ်ဘူး.. မင်းနဲ့ ထပ်ဆွေးနွေးမှ ရမယ်..”
ဘီလ်ဂိတ် ရှင်းပြလိုက်သည်။
ဖုန်းယွီ ပုခုံးတွန့်ပြကာ..
“အဆင်ပြေပါတယ်.. ဘာကို ဆွေးနွေးချင်ကြတာလဲ..”
“ပထမအချက်အနေနဲ့ မင်းကို ဒါရိုက်တာ ဘုတ်အဖွဲ့မှာ လက်ခံနိုင်တယ်.. ဒါပေမယ့် မင်း ဘုတ်အဖွဲ့ထဲ ဝင်ပြီးရင် မိုက္ခရိုဆော့ဖ်အတွက်ပဲ စိတ်နှစ်ထားရမယ်.. မင်းနားလည်တယ် မို့လား..”
မိုက္ခရိုဆော့ဖ်အတွက် စိတ်နှစ်ထားရမည်လော။ ဈေးနှုန်းမြှင့်ချင်နေသည်လော။
“တောင်းပန်ပါတယ်.. မင်းပြောတာ ငါနားမလည်ဘူး.. မိုက္ခရိုဆော့ဖ်ရဲ့ အကျိုးစီးပွားအတွက်ဆို သေချာပေါက် ငါကာကွယ်မှာပါ.. ငါ့ဘက်ကလဲ ဆုံးရှုံးမှု မခံချင်ပါဘူး..”
“မင်း ငွေရှာဖို့အတွက် မိုက္ခရိုဆော့ဖ် ဆုံးရှုံးမှုဖြစ်အောင် မင်းလုပ်လို့မရဘူး..”
ပေါလ်အယ်လန် ဝင်ပြောလိုက်သည်။
ဖုန်းယွီ ပေါ်လ်အယ်လန်ကို ကြည့်ကာ..
“ပေါလ်.. မင်းဘာပြောချင်တာလဲ.. မိုက္ခရိုဆော့ဖ်က ဘာတွေ ဆုံးရှုံးမှု ရှိလို့လဲ.. မိုက္ခရိုဆော့ ဈေးကွက်အသစ်တစ်ခု ရအောင် ကူညီနေတာလေ.. ကမ္ဘာ့အကြီးဆုံးဈေးကွက်လေ.. အမေရိကန်ထက်ကို အဆပေါင်းအများကြီး ကြီးတယ်..”
“မင်း အဲ့လောက် လေမကြွားနဲ့… တရုတ်ပြည်ရဲ့ စီးပွားရေးကို ငါတို့မသိဘူးထင်နေလား.. တရုတ်မှာ ငါတို့ရဲ့ အရောင်းကိုယ်စားလှယ်ရုံး ရှိတယ်ကွ.. (၃)နှစ်တောင် ကျော်ပြီ.. တရုတ်ပြည်က ဆင်းရဲသား နိုင်ငံ ဖြစ်နေတုန်းပဲလေ.. ငမွဲတွေက အများစုပါကွာ..”
ပေါလ်အယ်လန် လှောင်ရယ် ရယ်လိုက်သည်။
လူဦးရေအရ တရုတ်နိုင်ငံသည် ဈေးကွက်ကြီး တစ်ခုဟု ထင်ရပေသည်။ သို့ရာတါင် အာဖရိကရှိ လူဦးရေမှာ ပိုများပေသည်။ အာဖရိကကို ဈေးကွက်ကြီး တစ်ခုအဖြစ် သတ်မှတ်နိုင်မည်လော။ အာဖရိကရှိ နေရာ တော်တော်များများတွင် လျှပ်စစ်မီးပင် မရှိချေ။ ကွန်ပျူတာကို မည်သို့ သုံးကြမည်နည်း။
“မင်းတို့တွေ တရုတ်နိုင်ငံကို ငါ့ထက်ပို နားလည်နိုင်မှာလား.. မိုက္ခရိုဆော့ဖ်ရဲ့ အရောင်းကိုယ်စားလှယ်ရုံးက တရုတ်မှာ (၃)နှစ်ရှိပြီ.. တရုတ်မှာ ကွန်ပျူတာတွေရဲ့ တိုးတက်မှုကို ခွဲခြမ်း စိတ်ဖြာပြီးပြီလား.. တရုတ်စီးပွားရေး ဘယ်လောက် တိုးတက်နေပြီလဲ သိရဲ့လား.. တရုတ် လူချမ်းသာတွေ တိုးတက်မှုကိုရော ဇယားဆွဲပြီးပြီလား.. တရုတ်ပြည်ရဲ့ စီးပွားရေး တိုးတက်မှု ဘယ်လောက်မြန်တယ်ဆိုတာ မင်းတို့ သိသင့်တယ်.. အမေရိကန် ဈေးကွက်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ.. တရုတ်ပြည်ရဲ့ မြို့တစ်မြို့ကတင် အမေရိကန် တစ်နိုင်ငံလုံးထက် ဈေးကွက် ပိုကြီးတယ်..”
တရုတ်နိုင်ငံ စီးပွားရေးသည် ယခုနှစ်အတွင်း စတင်ကြီးထွားလာသည်။ ကနဦးအဆင့်တွင် တိုးတက်မှု နှေးကွေး သော်လည်း (၂၀၀၀)ပြည့်နှစ် နောက်ပိုင်းတွင် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေတော့သည်။ တရုတ်စီးပွားရေးသည် ယခုအချိန်၌ အံ့မခန်း မဟုတ်သော်လည်း ဆင်းရဲနွမ်းပါးသည့် နိုင်ငံအဖြစ် မသတ်မှတ်နိုင်တော့ချေ။
“တရုတ်စီးပွားရေးက အရှိန်အဟုန်နဲ့ တိုးတက်လာတယ်လို့ မင်းကိုယ်တိုင် ပြောလာမှတော့ မိုက္ခရိုဆော့က တရုတ်နိုင်ငံကိုလဲ တခြားနိုင်ငံတွေနဲ့ တန်းတူ ဆက်ဆံရမှာပေါ့.. ထိန်းချုပ် လည်ပတ်မှု စနစ်နဲ့ ဆော့ဖ်ဝဲတွေရဲ့ ဈေးနှုန်းက တခြားနိုင်ငံတွေနဲ့ အတူတူပဲ ဖြစ်သင့်တယ်..”
ပေါလယ်လန် မောက်မာစွာ ပြောလိုက်သည်။
တရုတ်ပြည်သည် ချမ်းသာနေပြီဟု ပြောခဲ့သည် မဟုတ်ပေလော။ သို့ဆိုလျှင် မိမိတို့ ထုတ်ကုန်အား မည်သည့် အတွက် မဖြစ်ညစ်ကျယ်ဈေးဖြင့် ရောင်းချရမည်နည်း။
“အဲ့ဒါ သုံးစွဲသူတွေရဲ့ အမူအကျင့်ကြောင့်ပေါ့.. နှစ်ပေါင်းများစွာ ဆင်းဆင်းရဲရဲနဲ့ နေလာရတဲ့ ဆင်းရဲသား တစ်ယောက် နောက်ဆုံးမှ ငွေတွေ ရလာတယ်.. သူ့ငွေတွေကို တန်ဘိုးမထားဘဲ သုံးပစ်မယ်လို့ မင်းထင်လား.. တစ်ပြားကအစ ချွေတာသုံးရတာ အလေ့အကျင့်ဖြစ်နေပြီ.. မင်းထုတ်ကုန်တွေကို ပုံမှန်ဈေးနဲ့ ရောင်းချင်နေသေးရင် ခိုးကူးတွေကြောင့် မင်းသိပ်ရောင်းရမှာ မဟုတ်ဘူးဆိုတာ ငါအာမခံတယ်..”
ပေါလ်အယ်လန် မျက်နှာ အမူအရာ ပြောင်းသွားသည်။
“မင်း အတုတွေ ထုတ်ရောင်းမလို့လား.. အဲ့ဒါ တရားမဝင်ဘူးလေ..”
“ငါကတော့ အဲ့လို မလုပ်ပါဘူး.. သုံးစွဲသူတွေကတော့ လုပ်မှာပဲ.. ဒါဆို မူရင်းဆော့ဖ်ဝဲကို ဘယ်သူတွေ သုံးကြမှာတုန်း.. ခိုးကူးတွေ ဘယ်သူသုံးနေတယ်ဆိုတာ မင်းတို့ ပြောနိုင်မှာလား.. အိမ်တိုင်းစေ့ လိုက်ရှာလို့လဲ မဖြစ်နိုင်ဘူး.. ဈေးနှုန်းချိုချိုနဲ့ ရောင်းတာကမှ နည်းမှန်လမ်းမှန်းတစ်ခုပဲ.. ဒီနှစ် လီနိုဗို တရုတ်ကွန်ပျူတာ ဈေးကွက် တစ်ခုလုံးကို သိမ်းပိုက်ပစ်တော့မယ်ဆိုတာ ယုံလား..”
ဘီလ်ဂိတ် ပေါအယ်လန်ကို ဆွဲထားလိုက်ရပြန်သည်။ ဖုန်းယွီနှင့် ပေါလ်အယ်လန်တို့ ရန်ဖြစ်ကြပေတော့မည်။ ဘီလ်ဂိတ်အနေဖြင့် ပေါလ်အယ်လန် မည်သည့်နေရာတွင် မှားနေသည်ကို သိချင်နေပေသည်။ သူသည် ဒေါသကြီး တတ်သူ တစ်ယောက် မဟုတ်ချေ။
“ဖုန်း.. ငါမင်းနဲ့ မငြင်းခုံချင်ဘူး.. အခြေအနေတစ်ခု ငါပြောမယ်…. မင်းလက်ခံရင် ငါတို့ ပူးပေါင်းမယ်.. လက်မခံရင် တော့ ငါတို့ လက်လျော့လိုက်တော့မယ်..”
ဘီလ်ဂိတ် ဆက်ပြောရန် ဖုန်းယွီ လက်ပြလိုက်သည်။ ထို့နောက် ကော်ဖီခွက်ကို ကောက်ယူကာ တစ်ငုံသောက် လိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူသည် ပေါ်အယ်လန်အား တစ်ချက်ကြည့်လိုက်သည်။
“ပေါ်လ်နဲ့ ငါ မိုက္ခရိုဆော့ ရှယ်ယာ (၁)ရာခိုင်နှုန်း မင်းနဲ့ ဖလှယ်မယ်.. အဲ့လိုဆို မင်းမှာ မဲပေးပိုင်ခွင့် (၂)ရာခိုင်နှုန်း ပိုင်သွားပြီး ဒါရိုက်တာ ဘုတ်အဖွဲ့ထဲ စာရင်းဝင်သွားမယ်.. မင်း ဘာတွေ ထူးချွန်ပြီး ဘယ်ရာထူးလိုချင်တယ်ဆိုတာ ငါ့ကို ပြောလို့ရမလား..”
“ငါ တရုတ်ဈေးကွက်ရဲ့ အလုံးစုံ တာဝန်ခံတစ်ယောက် ဖြစ်ချင်တယ်.. မိုက္ခရိုဆော့ဖ်က တရုတ်ဈေးကွက်ကို ထိုးဖေါက်ဝင်ရောက်ဖို့ ကတိပေးတယ်.. ကျန်တာတော့ ငါဂရုမစိုက်ဘူး…”
“ရတယ်.. မင်း အာရှပစိဖိတ်ဒေသရဲ့ ဒုတိယ ဥက္ကဋ္ဌရာထူးနဲ့ တရုတ်ဈေးကွက်ကို ကြီးကြပ်ရမယ်.. မင်းရဲ့ ပထမ တောင်းဆိုချက် ပြေလည်သွားပြီ.. နောက်ထပ် မင်းဝယ်ချင်တဲ့ ကိစ္စပြောရအောင်.. ငါတို့ ဆွေးနွေးပြီးပြီ.. (၁၂)ဒေါ်လာနဲ့တော့ သဘောမတူနိုင်ဘူး.. အနိမ့်ဆုံးဈေးက ဒေါ်လာ(၂၀)ပဲ.. အဲ့ဒါ တစ်ကမ္ဘာလုံးမှာ အနိမ့်ဆုံး ဈေးနှုန်း တစ်ခုဖြစ်နေပြီ.. မင်းမှာလဲ ကုန်ကျစရိတ် အများကြီး ထပ်တိုးမှာ မဟုတ်ဘူး.. ဒါကြောင့် လီနိုဗိုရဲ့ ထုတ်ကုန် အားလုံး၊ တရုတ်ကွန်ပျူတာမှာ အခွန်ဆောင်ပြီး မင်းရဲ့ ကုန်ကျစရိတ် အများကြီး ထပ်မတိုးနိုင်ဘူး.. ဈေးနှုူန်း အားသာချက် ရှိသေးတယ်..”
ဖုန်းယွီ ခေတ္တစဉ်းစားလိုက်သည်။ အခြားဒေသများရှိ မိုက္ခရိုဆော့ဖ်၏ လည်ပတ်မျု စနစ် ဈေးနှုန်းသည် ဒေါ်လာ (၂၀) ကျော်ပေသည်။ ယခု မိုက္ခရိုဆော့ဖ်သည် ရုံးလုပ်ငန်းသုံး ဆော့ဖ်ဝဲ အပြည့်အစုံပါဝင်သည့် လည်ပတ်မှုစနစ်ကို ရောင်းချပေးနေခြင်းပင်။ ဤအနေအထားကပင် ဈေးထပ်ဆစ်စရာမလိုအောင်ပင် လက်ခံနိုင်ပေပြီ။
“ကောင်းပြီလေ.. ပေးရမှာတော့ပေါ့.. အဲ့အချက် ကျုပ်လက်ခံတယ်..”
-------*****--------