← Chapters

ဝန်ထမ်းများ ရွေးချယ်ခြင်း

Vol. 51 Ch. 764

ဝန်ထမ်းများ ရွေးချယ်ခြင်း

Vol. 51 Ch. 764

မိုက္ခရိုဆော့ဖ်၏ ထိပ်တန်း အမှုဆောင် အရာရှိ ရာထူးသည် အလွန်အသုံးဝင်ပေသည်။ ထိုနေ့ ညနေပိုင်းတွင် တိုနီသည် စာချုပ်များကို ဖုန်းယွီနေထိုင်ရာ ဟိုတယ်သို့ ယူလာနိုင်ခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် တိုနီ အံ့ဩသွားမိသည်။ အရပ်ရှည်ရှည်နှင့် သက်တော်စောင့် (၆)ယောက် ထွက်လာသည်။ ဖုန်းယွီ သူ့ကို ဘာလုပ်ရန် ကြံနေသနည်း။

ဖုန်းယွီ တိုနီအား ဘာမှ မလုပ်ခဲ့ချေ။ ဝီလ်စင်သည် စာချုပ်များကို စစ်ဆေးပြီးနောက် ဖုန်းယွီလက်မှတ် ထိုးပေးကာ တိုနီအား ချက်လက်မှတ်၌ ကန်ဒေါ်လာ(၁)သန်း ရေးပေးလိုက်သည်။ အပိုငွေ (၁၀၀၀၀)မှာ ဉာဏ်ပူဇော်ခ၊ စာရွက် စာတမ်းများအားလုံး တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းခအဖြစ် တိုနီအား ပြောလိုက်သည်။

တိုနီလည်း ခေါင်းညိတ်လိုက်သည်။ ဖုန်းယွီသည် ရက်ရောလွန်းလှသည်။ ကန်ဒေါ်လာ (၁၀၀၀၀) ဉာဏ်ပူဇော်ခလော။

သက်တော်စောင့်များပင်လျှင် တိုနီအား မနာလိုစိတ်ဖြင့် ကြည့်မိကြသည်။ ထိုသို့သော ရိုးရှင်းသည့် အလုပ်တစ်ခုအတွက် ကန်ဒေါ်လာ (၁၀၀၀၀)ပေးစရာလော။

ဖုန်းယွီသည်လည်း သက်တော်စောင့်များကို တိတ်တဆိတ် စောင့်ကြည့်နေပေသည်။ တိုနီအား မနာလို ဖြစ်နေကြ သည်ကို ဖုန်းယွီ ကျေနပ်နေပေသည်။

ဖုန်းယွီသည် ထိုအိမ်သို့ ချက်ချင်း မပြောင်းချေ။ အိမ်အတွင်းရှိ ပရိဘောဂ ပစ္စည်းအများစု လဲလှယ်ရန် မလိုသောလည်း အသုံးအဆောင် ပစ္စည်းအများစု လဲလှယ်ရပေလိမ့်မည်။

ဖြစ်နိုင်ပါက လေနှင့်မိုး အမှတ်တံဆိပ် ပစ္စည်းများ သုံးမည်ဖြစ်သည်။ လေနှင့်မိုးတွင် သူလိုအပ်သည့် အသုံးအဆောင် ပစ္စည်းမရှိပါက ဖိလစ် အမှတ်တံဆိပ် သုံးမည်ဖြစ်သည်။ အခြားအမှတ်တံဆိပ်များကိုမူ ယာယီပင် စဉ်းစားမည် မဟုတ်ချေ။ ဖုန်းယွီသည် သူစိတ်မဝင်စားသည့် စာအုပ်များကိုပင် သိမ်းမထားချင်ချေ။ ဖုန်းယွီသည် ကုလုံနှင့် ကျင်းယုံတို့၏ ဝတ္ထုတစ်စုံလုံးကို ဝယ်ချင်ပေသည်။

ဖုန်းယွီသည် စီးပွားရေး မဂ္ဂဇင်များကဲ့သို့သော မဂ္ဂဇင်းများကို စိတ်မဝင်စားချေ။ ဖုန်းယွီ၏ ယခင်ဘဝတွင် လူများစွာသည် Dale Carnegie ၏ စာအုပ်များကို ဖတ်ကြသော်လည်း သူ၏ အောင်မြင်မှုကို မည်သူ အတုယူနိုင်မည်နည်း။ ထိုစာအုပ်များသည် လူတိုင်း သိထားသည့် အကြောင်းအရာများကိုသာ ပြောထားပေသည်။

ဖုန်းယွီမှာ ထိုစာအုပ်အားလုံး မိုက်မဲသည်ဟု ခံစားရပေသည်။ သူ၏ စုဆောင်းမှုက ပိုကောင်းပေသည်။ အနည်းဆုံး လူသိနည်းသည့် အချက်အလက် အများကြီး ရခဲ့ပေသည်။

ကျိမ်စာသင့် အိမ်နှင့် ပတ်သက်၍ ပြန်လည် တည်ဆောက်ရန် စာရွက်စာတမ်းများ ပြင်ဆင်ပေးရေးအတွက် ဝီလ်စင်အား ပြောလိုက်သည်။ အိမ်အသစ်ဆောက်ပြီးနောက် ခြံဝန်း(၂)ခုစလုံးအတွင်း မြက်ခင်းပြင် စိုက်ထားချင်သည်။

ဖုန်းယွီသည် မြက်ခင်းပြင်တွင် ခွေးများ မွေးထားနိုင်ပြီး သူ၏ လုံခြုံရေး တိုးမြှင့်ပေးနိုင်ပေသည်။ အိမ်နောက်ဖေး၌ ရဟတ်ယာဉ်ကွင်း တစ်ခု ဆောက်လုပ်ထားနိုင်ပေသည်။

တရုတ်သို့ ပြန်လည်ရောက်လာသည့် လေကြောင်းပျံသန်းမှုများမှာ ပွင့်လင်းမြင်သာမှု မရှိသေးချေ။ ကိုယ်ပိုင် ရဟတ်ယာဉ်များကို မည်သူမှ မပိုင်ဆိုင်သေးချေ။ သို့ရာတွင် အမေရိကန် စဉ်းများမှာမူ များစွာ ဖြေလျော့ထားပေသည်။ ဖုန်းယွီအနေဖြင့် အခွန်ဆောင်ရန်သာ လိုပေသည်။

ဤသည်မှာ ဆီးယက်တဲလ် ဖြစ်သည်။ ဘိုးရိမ်းဌာနချုပ်ပင်။ ဘိုးရိမ်းသည် လေယာဉ်များနျင့် ကုန်တင် ရဟတ်ယာဉ်များ ထုတ်လုပ်ပေသည်။ မြို့ပြ ရဟတ်ယာဉ်များလည်း ထုတ်လုပ်ပေသည်။ ဘိုးရင်း ရဟတ်ယာဉ်များသည် လေယာဉ်များလောက် မကျော်ကြားချေ။ ဖုန်းယွီသည် ဘိုးရင်း ရဟတ်ယာဉ် ဝယ်နိုင်ပြိး စာရွက်စာတမ်းများကို ဂရုစိုက်ရန်သာ လိုပေသည်။

ဖုန်းယွီသည် နောက်ဆုံး၌ အမေရိကန်တွင် အဆင်မပြေမှုကို ခံစားခဲ့ရသည်။ အိမ်ဆောက်ရန် အိမ်နီးနားချင်းများထံမှ ခွင့်ပြုချက် ရယူရပေလိမ့်မည်။ အဆောက်အုံ၏ အမြင့်ကို ကန့်သတ်ချက်များရှိပြိး အိမ်နီးနားချင်း၏ နေရောင်ကို ပိတ်ဆို့၍ မရချေ။ သူ့အိမ်ပုံစံမှ အိမ်နီးနားချင်းများနှင့် မတူ၍ရသော်လည်း အရောင်မှာမူ ဆင်တူနေရပေလိမ့်မည်။

ကန့်သတ်ချက် အလွန်များလွန်းလှပေသည်။

ကံကောင်းသည်က ဖုန်းယွီတွင် ဝီလ်စင်နှင့် ရီလ်ဖာတို့ အကူအညီ ရှိနေခြင်းပင်။ သို့မဟုတ်ပါက စိတ်ပျက်ရတော့မည်။ ကြမ်းခင်းကြွေပြား ပြောင်းလိုလျှင်ပင် အိမ်နီးနားချင်းများကို အကြောင်းကြားရပေသည်။ သို့မဟုတ်ပါက ရဲများ ရောက်လာပေလိမ့်မည်။

ဖုန်းယွီ၏ အိမ်အသစ်သည် ကြီးမားကာ အိမ်ထိန်းများ၊ ထမင်းချက်များနှင့် ဥယျာဉ်မှူးများ လိုအပ်ပေသည်။

ဖုန်းယွီသည် ထိုအလုပ်များ လုပ်ကိုင်ရန်အတွက် အချိန်ပိုင်း အလုပ်သမားများ ငှားရမ်းနိုင်သော်လည်း အမြဲတမ်း ဝန်ထမ်းအနည်းငယ် ခေါ်ယူခြင်းက ပိုကောင်းမည်ဟု ခံစားရပေသည်။ သူ့ပတ်ဝန်းကျင်တွင် မရင်းနှီးသည့် မျက်နှာများ မမြင်လိုချေ။ ထိုလူများသည် မကောင်းကြံစည်မှုများ ဖုံးကွယ်ထားမည်ကို မည်သူ သိနိုင်မည်နည်း။

**********

အိမ်တစ်လုံးကို ပြုပြင်မွမ်းမံကာ နောက်တစ်လုံးကို ဆောက်လုပ်နေဆဲ ဖြစ်သည်။ ယနေ့ လူတွေ့စစ်ဆေးမေးမြန်းရန် အိမ်စောင့် အနည်းငယ် ဝင်လာကာ ဖုန်းယွီသည် ၎င်းတို့ကို ပုဂ္ဂလ်ရေးအရ လူတွေ့ မေးမြန်းရန်သာ ဆုံးဖြတ်လိုက်သည်။

“သူဌေး ဒီလင်မယားနှစ်ယောက်က ဘိုးရင်းရဲ့ တရုတ်အင်ဂျင်နီယာတွေအတွက် အိမ်စောင့် လုပ်ဖူးတယ်.. အင်ဂျင်နီယာတွေ တခြားပြည်နယ်ကို ပြောင်းရွှေ့သွားတော့ အလုပ်ထွက်လိုက်တာ.. အရင်က စားသောက်ဆိုင် ဖွင့်သေးတယ်.. အချက်အပြုပ် တော်တော် ကောင်းတယ်လို့ ပြောကြတယ်.. တရုတ်ဟင်းလျာတွေနဲ့ မရင်းနှီးတော့ အဲ့ဒါတော့ ဆုံးဖြတ်မပေးနိုင်ဘူး..”

ရီလ်ဖာ ဖိုင်တွဲကို ကိုင်ကာ ဖုန်းယွီအား ရှင်းပြပေးနေပေသည်။

“သူတို့က အမေရိကန်တွေလား..”

“မဟုတ်ဘူး.. သူတို့နှစ်ယောက်စလုံး တရုတ်တွေ.. လက်ရှိ လုပ်ငန်း ပါမစ်ကိုင်ထားကြတယ်.. အခုလမှ အလုပ်မရရင် ပြန်ပို့ခံရမှာပါ.. သားဖြစ်တဲ့သူက ဝါရှင်တန်တက္ကသိုလ်မှာ ပညာသင်နေလို့ သူ့တို့သား ကျူရှင်စရိတ်အတွက် ငွေရှာချင်ကြတာပါ.. သူ့သားလဲ နောက်နှစ်ဆို ဘွဲ့ရတော့မှာပါ..”

ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ အမှန်တကယ် ထိုလင်မယား(၂)ယောက်၏ သားသည် ဤနိုင်ငံတွင် ကျောင်းတက် နေပါက သူ့ဝမ်းစာသူ ရှာနိုင်ပေသည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် တက္ကသိုလ်တက်နေစဉ်အတွင်း အချိန်ပိုင်း အလုပ် လုပ်ခဲ့သည်။ ထိုကျောင်းသား၏ မိဘများ အမေရိကန်တွင် ငွေပိုရှာနိုင်မည်ဟု ထင်မြင်ယူဆထားကြပေသည်။ အမှန်တကယ်တွင် တရုတ် တော်တော်များများသည် အမေရိကန်တွင် ငွေမြန်မြန်ရှာနိုင်လိမ့်မည်ဟု ခံစားကြရသည်။

အကယ်၍ လူတစ်ယောက်သည် အလုပ်တစ်ခု ရှာကာ အမေရိကန်တွင် ကြိုးကြိုးစားစား လုပ်ကိုင်ပါက တရုတ်နိုင်ငံ တွင်ထက် ငွေပိုရနိုင်ပေသည်။

“မင်္ဂလာနံနက်ခင်းပါ မစ္စတာဖုန်း..”

လူလတ်ပိုင်း စုံတွဲတစ်တွဲ ဝင်လာပေသည်။ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကာ စိတ်လှုပ်ရျားနေပုံပေါ်ပေသည်။ ဖုန်းယွီအား ဦးစွာ ဦးညွှတ်ခဲ့ကြသည်။ ဖုန်းယွီအား အင်္ဂလိပ်လိုပင် နှုတ်ဆက်ခဲ့သေးသည်။

“ကျုပ်လဲ တရုတ်နိုင်ငံသားပါ.. ခင်ဗျား တရုတ်လို ပြောလို့ရပါတယ်..”

လင်မယား(၂)ယောက် အနည်းငယ် စိတ်သက်သာသွားပုံပင်။ ထိုသူသည် ရှေ့သို့ အနည်းငယ် ငုံ့ကာ..

“မစ္စတာဖုန်း.. ကျုပ် တရုတ်မှာတုန်းက ဥယျာဉ်မှူးလုပ်ဖူးပါတယ်.. ကျုပ် ကျွမ်းကျင်မှုကို ကျုပ်ယုံကြည်ပါတယ်.. ရေကူးကန်တွေ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းမှုအကြောင်း သိတဲ့အပြင် လျှပ်စစ်အကြောင်းလဲ နည်းနည်းပါးပါး တတ်ထားပါသေးတယ်.. တော်တော်များများ ပြင်ပေးလို့ရပါတယ်.. ကျုပ်တို့ကို အလုပ်ခန့်မယ်ဆိုရင် လစာ နည်းနည်းပါးပါး နည်းမယ်ဆိုရင်တောင် စိတ်ထဲမထားပါဘူး.. ကျုပ်မိန်းမ ထမင်းချက်ကောင်းပါတယ်.. လစာလဲ သက်သာပါတယ်.. တရုတ်မှာ ထမင်းဆိုင် မဖွင့်ချင်လို့ပါပဲ..”

“လစာက ပြဿနာမဟုတ်ဘူး.. ကျုပ်သိချင်တာက ခင်ဗျား အင်္ဂလိပ်လို သိတယ်လား.. ခင်ဗျားတို့တွေ လုပ်ငန်းပါမစ် ဘယ်လိုရလာလဲ..”

လင်မယား(၂)ယောက်၏ သားမှာ ဘိုးရိမ်း၏ တရုတ်အင်ဂျင်နီယာ ဆိုသည်ကို သိထားပေသည်။ တရုတ် အင်ဂျင်နီယာသည် သူတို့လင်မယား နှစ်ယောက်ကို သနားကာ အမေရိကန်တွင် အလုပ်လုပ်ခွင့်ရရန် ကူညီရန် အတွက် လူသစ်စုဆောင်းရေး ဌာနတစ်ခု ရခဲ့ပေသည်။

သို့ရာတွင် အင်ဂျင်နီယာသည် ၎င်းတို့ကို အလုပ်ပါမစ်ရရန် ကူညီကာ တခြားပြည်နယ်သို့ ပြောင်းရွှေ့သွားလိုက် ရသည်။ သူတို့ လင်မယား(၂)ယောက်ကို အတူခေါ်မသွားနိုင်သဖြင့် ဤလင်မယား အလုပ်ထွက်လိုက်ရသည်။

“အခုသွားပြီး မြက်ခင်းနဲ့ ပန်းခင်းတွေ ရှင်းလင်းရေးလုပ်လိုက်.. ဟင်းပွဲ (၄)ပွဲ ပြင်ပေး.. အားလုံး စိတ်ကျေနပ်ရင် လစာကိစ္စပြောကြမယ်.. မဟုတ်ရင်တော့ စိတ်မကောင်းပါဘူးပဲ ပြောရမှာပဲ.. ကျုပ်တို့တွေ တရုတ်လူမျိုး အချင်းချင်း ဆိုတာ လာမပြောနဲ့.. အဆင်ပြေရင် အလုပ်ခိုင်းမှာပဲ..”

ဖုန်းယွီအနေဖြင့် ထိုနှစ်ယောက်ကို အသိမိတ်ဆွေများ မဟုတ်သဖြင့် သနားနေမည် မဟုတ်ချေ။ ၎င်းတို့ ပြန်ရမည် မပြန်ရမည်ကို ဂရုစိုက်မည် မဟုတ်ချေ။

“ကျေးဇူးတင်ပါတယ် မစ္စတာဖုန်း.. ကျုပ်တို့ အကောင်းဆုံး လုပ်မှာပါ..”

လင်မယား(၂)ယောက် ဦးညွှတ်ကာ အခန်းတွင်းမှ ထွက်သွားကြသည်။ ဇနီးသည်မှာ မီးဖိုချောင်ဝင်ကာ ခင်ပွန်း ဖြစ်သူသည် လိုအပ်သည့် ဥယျာဉ်ခြံ ကိရိယာများ ယူရန် ကားဂိုဒေါင်သို့ သွားလိုက်သည်။ နှစ်ယောက်စလုံး မိမိတို့၏ အစွမ်းအစများ သက်သေပြနိုင်ရေးအတွက် စိတ်အားထက်သန်နေကြပေသည်။

“နောက်လူတွေ ရှိသေးလား.. ခေါ်လိုက်လေ.. ဆက်ပြီး လူတွေ့စစ်ဆေးကြတာပေါ့..”

--------**$$^$$**--------

All Chapters