ထိုက်စု ကြွေလွင့်သွားခြင်း
Vol. 120 Ch. 1565
ထာဝရငြိမ်းချမ်းရေးအင်ပါယာမြောက်ပိုင်း၊ ဆီးနှင်းတောင်တန်း နှင်းကုန်းမြေဒေသတွင် မိန်းမငယ်လေးတစ်ဦးသည် ပေါ့ပါးသွက်လက်သော ခြေလှမ်းတို့ဖြင့် လမ်းလျှောက်ရင်း သီချင်းသည်းနေ၏။ သူမ၏ အသားရေမှာ ပတ်ဝန်းကျင်၌ ကျဆင်းနေသော ဆီးနှင်းပွင့်ချပ်များထက်ပင် ဖွေးဆွတ်နေပြီး အဖြူရောင် ဖျံသားမွှေးဝတ်ရုံကို ကိုင်ထား၏။ မြောက်ပိုင်းဒေသကား ဆီးနှင်းများစွာ ကျဆင်းတတ်သော ဒေသဖြစ်သည့်အတွက် အေးစက်သော လေတို့ တိုက်ခတ်နေသည်။
မိန်းမငယ်လေးသည် လမ်းလျှောက်ရင်း ရှော်ဖန်းမြို့သို့ ရောက်လာခဲ့လေ၏။
ရှော်ဖန်းမြို့မှာ အရိုးခိုက်သည်အထိ အေးစိမ့်ခဲ့သော မြို့တစ်မြို့ပင်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပိုင်နက်သည် အစက ဤနေရာအထိ မကျယ်ပြန်ခဲ့သော်လည်း နောက်ပိုင်း နယ်နိမိတ် တိုးချဲ့ပြီးသည့်အခါ ဤအေးစက်ကြမ်းတမ်းသော ဒေသ၌ ရှော်ဖန်းမြို့အား တည်ဆောက်ခဲ့လေသည်။
ဤဒေသတွင် ရေခဲများ၊ ဆီးနှင်းများသည် တစ်နှစ်ပတ်လုံး အရည်မပျော်သဖြင့် ကောင်းကင်နတ်သိုင်းပညာရှင်များပင်လျှင် ကြာကြာနေလိုစိတ် မရှိကြပေ။ ပတ်ဝန်းကျင်အား ကြည့်ပါက အဖြူရောင်နှင်းများ၊ ရေခဲစွယ်များသာ မြင်ရတတ်ပြီး ရေခဲပြင်များတစ်လျှောက် သွားလာနေတတ်သည့် ဆန်းကြယ်သားရဲကြီးတချို့လည်း တွေ့ရတတ်သည်။ မြို့ပျက်များဟူ၍ သိပ်မရှိပေ။
ယခုအခါ မြောက်ပိုင်းဒေသ၏ အရေးပါသော နတ်ဘုရားမြို့တစ်မြို့ဖြစ်လာသည့်အလျောက် ရှော်ဖန်းမြို့သည် နတ်ဘုရားတို့၏ ကာကွယ်မှုနှင့်အတူ ထိုမျှမအေးတော့ပေ။
အဝေးမှကြည့်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများသည် ရေခဲများ၊ နှင်းစက်များအကြားတွင် ကျောက်ရုပ်တုများသဖွယ် ရပ်နေကြသည်ကို တွေ့ရပေလိမ့်မည်။ သူတို့က အပူလှိုင်းများ ထုတ်လွှတ်နေသဖြင့် ရှော်ဖန်းမြို့၏ ရာသီဥတုမှာ မဆိုးရွားတော့ခြင်း ဖြစ်သည်။
မိန်းမငယ်လေးက ရှော်ဖန်းမြို့ထဲသို့ ခပ်သွက်သွက် ဝင်လိုက်သည့်အခါ မြို့မှာ စည်ကားသိုက်မြိုက်နေကြောင်း တွေ့လိုက်ရသည်။ နတ်ဘုရားများ၏ ကာကွယ်ပေးမှု ရရှိထားသောကြောင့် ဤနေရာတွင် နေထိုင်ကြသူများစွာ ရှိသည့်အတွက် ကုန်သွယ်ရေးမှာလည်း တိုးတက်ကောင်းမွန်လှသည်။
လူသားမျိုးနွယ်ဖြစ်စေ၊ မျိုးနွယ်ခြားများဖြစ်သော အဝတ်ထူထူကြီးများကို ဝတ်ဆင်ထားကြလေရာ အားလုံး၏ ပုံစံများက ဖောင်းကားကားကြီး ဖြစ်နေကြသည်။ သို့သော် သူတို့သည် မတူညီသော သူရဲကောင်းစိတ်ဝိညာဉ်တို့ကို ကိန်းဝပ်နေ၏။
ရှော်ဖန်းမြို့၏ မြို့သူမြို့သားများက ဝိုင်ကောင်းကောင်း သောက်ရသည်ကို ကြိုက်နှစ်သက်ကြသည်။ ဝိုင်က ပြင်းလေလေ ပိုကောင်းလေလေပင်။
မိန်းမငယ်လေးလည်း ဆိုင်တစ်ဆိုင်တွင် ဝိုင်စမ်းသောက်ကြည့်သည့်အခါ လည်ချောင်းထဲ ပူဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူမက လျှာထုတ်လိုက်ပြီး စားသောက်ဆိုင်ထဲမှ ပြေးထွက်သွားတော့၏။ ရယ်သံများက ဆိုင်ထဲမှ ပျံ့လွင့်လာကြလေသည်။
မိန်းမငယ်လေးသည် စူးစမ်းလိုစိတ် အပြည့်ဖြစ်နေ၏။ သူမက မြို့ထဲ တောင်စဉ်ရေမရ လျှောက်သွားရင်း မတူညီသောမြင်ကွင်းများကို ကြည့်ရှုနေသညိ။ ရုတ်တရက် ရေခဲများဖြင့် သွန်းလုပ်ထားသည့် လျှောဆင်းတစ်ခုကို မြင်လိုက်ရသည့်အခါ အားရဝမ်းသာ အော်ဟစ်လိုက်မိ၏။ သူမက အလျင်အမြန် ပြေးသွား၍ လျှောပေါ်မှ ဆင်းလာကာ တခစ်ခစ် ရယ်နေသည်။
သူမ၏ပုံပန်းသွင်ပြင်မှာ ချစ်စဖွယ်ကောင်းပြီး အသားအရေကလည်း ဖြူဥနေသည့်အပြင် အပြုအမူလေးတို့ကလည်း သွက်လက်ဖြတ်လတ်နေသည်။ လူငယ်အများစုသည် သူမထံမှ အကြည့်မလွှဲနိုင်ကြပေ။
မိန်းကလေးငယ်က တစ်ခဏမျှ ဆော့ကစားနေပြီးနောက် ရွှေရောင်စာလိပ်တစ်လိပ် ထုတ်လိုက်သည်။ ဝှစ်ခနဲ စာလိပ်ကို ဖြန့၍ ကြည့်ပြီးနောက် ပြန်ပိတ်လိုက်၏။ သူမက လူငယ်တစ်ယောက်ကို စိတ်လှုပ်တရှား လက်ရမ်းပြလိုက်ရင်း မေးသည်။ “ဝေ့ရှစ်ကျဲ၊ နင်က ဝေ့ရှစ်ကျဲမလား”
လူငယ်မှာ ဗလတောင့်တောင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ရုပ်ရည်သွင်ပြင်ကတော့ နူးညံ့ပြေပြစ်သည်။ သူက သူမ၏စကားကို ကြားလျှင် ချိုသာစွာ ပြုံးလိုက်လေသည်။ “မိန်းကလေး၊ မင်း ငါ့ကို သိလို့လား”
“မသိဘူးလေ… ဒါပေမဲ့ သေခြင်းရှင်ခြင်းစာအုပ်ကတော့ မှတ်မိတယ်”
မိန်းမငယ်လေးက မျက်ဝန်းလေးများ လခြမ်းသဖွယ် ကွေးညွတ်သွားသည့်တိုင်အောင် ပြုံးနေသည်။ “ဝေ့ရှစ်ကျဲ... မဟာဧကရာဇ်က ဒီခန္ဓာကိုယ်ကို ငှားယူပြီးတော့ ရှော်ဖန်းမြို့မှာ ပုန်းနေတာတဲ့…. အခု အဖြစ်မှန်ပေါ်သွားပြီဆိုတော့ ဧကရာဇ်အမိန့်နဲ့ နင့်ကို လာသတ်တာ ... ခဏလေးစောင့်… ဧကရာဇ်အမိန့်စာရွက် ရှာလိုက်ဦးမယ်”
သူမက ရှာဖွေနေပြီးနောက် ဧကရာဇ်ယန်ရှို့၏ အမိန့်စာအား တွေ့ရှိသွားသည်။ ထို့နေနာက် ဝှစ်ခနဲ ဖြန့်ပြလိုက်ရင်း တောက်ပစွာ ပြုံးနေသည်။ “တွေ့ပြီ… အားလုံးပဲ အပြစ်မရှိတဲ့သူတွေ ဒဏ်ရာမရအောင်လို့ ဝေးဝေးမှာ ရှောင်ပေးကြပါနော်”
ပတ်ဝန်းကျင်ရှိ လူငယ်များက အသီးသီး ထွက်ခွာသွားကြပြီး အဝေးတွင် ပုန်းနေကြသည်။
ဝေ့ရှစ်ကျဲက ပတ်ဝန်းကျင်အား အကဲခတ်ပြီးနောက် သူ၏ဝတ်ရုံကို ရှေ့သို့ စေ့လိုက်သည်။ ထို့နောက် နှာခေါင်းရှုံ့လေသည်။ “ဧကရာဇ်ယန်ရှို့ လွှတ်လိုက်တာတဲ့လား… ငါတော့ အမှန်လို့ မထင်ဘူး…. ဧကရာဇ်ယန်ရှို့က ငါ့ကိုတိုက်ခိုက်ဖို့ သတ္တိရှိတယ်တဲ့လား… ကောင်းကင်နတ်အရှင်မူ ဘယ်မှာလဲ… ထွက်လာခိုင်းလိုက်”
မိန်းမငယ်လေးသည် ဧကရာဇ်အမိန့်စာကို သိမ်းပြီးနောက် ပြောလိုက်ပြန်သည်။ “လေးလေးချင်က ဒီကိစ္စကို သိတောင် မသိဘူးပါရှင်… ကျွန်မကို လွှတ်လိုက်တာ ဧကရာဇ်ပါပဲ…. လေးလေးချင်က သိပ်ကို အလုပ်များတဲ့သူလေ… ရှင့်အကြောင်း မေးဖို့ အချိန်တောင် ရှိပါ့မလား … ဧကရာဇ်က ကောင်းကင်နတ်ဘုံက သတင်းရခဲ့တာ”
သူမ၏လေယူလေသိမ်းသည် အနောက်ကမ္ဘာမြေ၏ အငွေ့အသက်များ ပါဝင်နေ၏။ ၎င်းက နူးညံ့ပျော့ပြောင်းနေလေရာ နားထောင်နေသူများအဖို့ ဆက်လက်နားထောင်ချင်စရာ ဖြစ်နေတော့သည်။
“ကျွန်မနာမည်က ရှန်းချီအာ…. မဟာဧကရာဇ် ကျေးဇူးပြုပြီး သင်ကြားပြသပေးပါဦးနော်” မိန်းမငယ်လေး ဦးညွှတ်အရိုအသေပေးလိုက်သည့် အချိန်တွင် သူမကျော၌ ဓားအိမ်ကို မြင်လိုက်ရသည်။
ဝေ့ရှစ်ကျဲက အေးစက်စက် နှာမှုတ်သည့်အခါ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည့် နတ်အင်အားတို့ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
သူသည် မဟာဧကရာဇ်၏ လူဝင်စား ဖြစ်သော်လည်း သိုင်းအခြေခံက အားနည်းမနေပေ။ ဤလှုပ်ရှားမှုတစ်ချက်လေးဖြင့် ကောင်းကင်နန်းဆောင် ၃၀ ကျော်က သူ့အနောက်တွင်ပေါ်လာပြီး ပလ္လင်ခန်းမများသည်လည်း ဖြန့်ကျက်နေရာယူထား၏။
သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ပေါ်ပေါ်ထင်ထင် ကြွားဝါမနေသဖြင့် နာမည်မကြီးပေ။
ကောင်းကင်နတ်အရှင်ရှောင်၏ လူဝင်စားများကဲ့သို့ ကြွားဝါတတ်သူများကို ချင်မူက သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ လူဝင်စားများက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဂရုတစိုက် သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ကြသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို လေ့လာသင်ယူခြင်းက ကိစ္စမရှိသော်လည်း ချင်မူ့ကိုတော့ စော်ကား၍ မရပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အလယ်ဗဟိုသို့ ၀င်ရောက်ကာ အာဏာသိမ်းပိုက်ရန် ကြိုးစားသူမှန်သမျှကို ချင်မူက သတ်ဖြတ်ပေလိမ့်မည်။
မဟာဧကရာဇ်လည်း ဤအချက်ကို ကောင်းကောင်းနားလည်သဖြင့် ပို၍သတိထားသည်။ သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို လေ့လာရန်သာ စိတ်ဝင်စားသဖြင့် သူ့ကိုယ်သူ မထုတ်ဖော်ခဲ့ပေ။ ရှော်ဖန်းမြို့ကဲ့သို့ ဝေးလံသောနေရာဒေသ၌ ပင်လျှင် သူ့အား သိသူ များများစားစားမရှိ။
သို့သော် သူ၏ ခွန်အား ထွက်ပေါ်လာပြီး ကောင်းကင်နန်းဆောင်များက ကောင်းကင်နတ်ဘုံတစ်ခုကို ဖွဲ့တည်လိုက်သည့် အခိုက်အတန့်တွင်တော့ ရှော်ဖန်းမြို့ကို စောင့်ကြပ်နေကြသည့် နတ်ဘုရားများပင်လျှင် အံ့အားသင့်သွားကြပြီး အဆုံးမရှိသည့် ဖိအားကို ခံစားလိုက်ကြရသည်။
သူ၏သိုင်းအဆင့်မှာ နဂါးသွဲ့ရေကန်အဆင့်သာ ဖြစ်သော်လည်း သူ၏အတိုက်အခိုက်စွမ်းအားကတော့ ကျောက်စိမ်းမြို့တော်အထိ ရောက်ရှိနေချေပြီ။
အသတ်အဖြတ်စိတ်ဆန္ဒတို့က မဟာဧကရာဇ် ဝေ့ရှစ်ကျဲ၏ မျက်ဝန်းထဲတွင် ပေါ်ပေါက်လာပြီး ခြေလှမ်းတစ်ချက်ဖြင့် ရှန်းချီအာအရှေ့ ရောက်သွားသည်။
သူ့အနေဖြင့် ဤတိုက်ပွဲအား အလျင်အမြန် အဆုံးသတ်ရလိမ့်မည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နောက်ထပ်သိုင်းပညာရှင်များ ရောက်မလာခင် အနောက်ကမ္ဘာမြေမှ ဤမိန်းကလေးငယ်အား သတ်ဖြတ်ရလိမ့်မည်။
သူ ရှန်းချီအာအရှေ့သို့ ရောက်သွားသည်နှင့် သူမကျောပေါ်ရှိ ဓားအိမ်က ပွင့်လာပြီး ဓားနယ်ပယ်က ဒီရေလှိုင်းများကဲ့သို့ တဟုန်ထိုး ပေါ်ထွက်လာ၏။
ရှန်းချီအာ၏ အနောက်တွင်လည်း ကောင်းကင်နန်းဆောင်များက ကောင်းကင်နတ်ဘုံတစ်ခုကို ဖွဲ့တည်ထားကာ သိုင်းအဆင့်ကလည်း အလွန်တရာ မြင့်မားနေသည်။
အနောက်ကမ္ဘာမြေ အစစ်အမှန်ကောင်းကင်နန်းတော် အမျိုးသမီးများသည် သဘာဝတရားနှင့် မဟာတာအိုဖြင့် နီးကပ်ခြင်းတို့ကြောင့် နာမည်ကျော်ကြားလေသည်။
သူမ၏ သိုင်းအဆင့်ကလည်း မဟာဧကရာဇ်၏ ဝေ့ရှစ်ကျဲထက် မြင့်မား၏။ ထိုမျှသာမက သူမ၏ သိုင်းအဆင့်က ပိုမိုရှုပ်ထွေးပြီး ပြီးပြည့်စုံနေသည်။ သူမသည် ကောင်းကင်မုခ်၀အဆင့်လေးဆင့်၊ ပြီးပြည့်စုံသော နဂါးသွဲ့ရေကန်အဆင့်နှင့် ကောင်းကင်ပင်လယ်အဆင့်တို့ကို ပိုင်ဆိုင်ထားသည်။
သူ၏မှော်စွမ်းအင်က ဝေ့ရှစ်ကျဲထက် သိပ်သည်းအားကောင်းသည်။
လူရိပ်နှစ်ခုက တစ်ယောက်ကိုတစ်ယော,က် ဖြတ်သန်းသွားကြပြီး ဓားနယ်ပယ်နှင့် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်တို့ ၀င်တိုက်သွားသည်။ ထို့နောက် လူချင်းခွဲကာ နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ကြ၏။
ဝေ့ရှစ်ကျဲက လှည့်ကြည့်၍ အေးစက်စွာ ပြောသည်။ “ကလေးမ၊ မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်မှာ ကျင့်ကြံခဲ့တာလား”
ရှန်းချီအာ လှည့်ကြည့်လိုက်သည့်အခါ သူမ၏နှုတ်ခမ်းထောင့်မှ သွေးတို့ စီးကျနေသည်။ သူမက ပိုးသားလက်ကိုင်ပဝါတစ်ထည် ထုတ်၍ သုတ်ရင်း ခေါင်းညိတ်ပြသည်။ “အဲဒီနေရာကို အရင်က ရောက်ဖူးပါတယ်…. ဓားနတ်ဘုရားစုဆီကလည်း ပညာသင်ဖို့ပေါ့လေ… တာအိုဒဿနတက္ကသိုလ်ရဲ့ တန်ခိုးရှင်သစ်ခုတ်သမားနောက်လည်း လိုက်ခဲ့ပြီး ဧကရာဇ်အအတိုင်ပင်ခံကျန်းလက်အောက်မှာလည်း အချိန်တစ်ခုအထိ သင်ကြားခဲ့ဖူးတယ်.. သိပ်မကြာသေးခင်က ဘိုးဘေးနန်းတော်ဆီ သွားပြီး ရှန်းဟွာနဲ့ လန်ယွီတျန်းနောက်လည်း လိုက်ခဲ့သေးတယ်”
“အဲ့ဒါကြောင့်ကိုး…”
ဓားရာများက ဝေ့ရှစ်ကျဲ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာကြပြီး ဝေ့ရှစ်ကျဲ၏ ရုပ်ခန္ဓာမှာ နှစ်ခြမ်းကွဲသွားတော့သည်။ ၎င်းက ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုပင်။
“ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ရှောင်ရဲ့ လူဝင်စားကို သတ်ခဲ့ပြီးတဲ့နောက် ငါ တာအိုဒဿနတက္ကသိုလ်ဆီ မသွားရဲခဲ့ဘူး …. ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပိုပြီး အဆင့်မြင့်တဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း မထိတွေ့ခဲ့ရဲဘူး… ရလဒ်အနေနဲ့ မျိုးဆက်သစ်တွေရဲ့ သိုင်းအဆင့်က င့ါကို ကျော်တက်သွားကြတာပဲ”
သူ့ရုပ်ခန္ဓာ၏ အသက်စွမ်းအင်က တဖြည်းဖြည်း ကုန်ခမ်းလာပြီး သူက ရေရွတ်လိုက်သည်။ “အဟက်…. ငါသာ အခု မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ သေသွားတာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ… အနည်းဆုံးတော့ ကောင်းကင်နတ်အရှင်ငါးပါးလက်ထဲ သေဆုံးသွားခဲ့တာ ဆိုပြီး ပြိုင်ဘက်ကင်းတဲ့ ဂုဏ်သတင်းကို ပိုင်ဆိုင်နိုင်လိမ့်မယ်… အခုကတော့ လူမသိ သူမသိတဲ့ ကလေးမလေးတစ်ယောက်ကြောင့် သေရပြီ… လက်မခံနိုင်ဘူး… လုံး၀လက်မခံနိုင်ဘူး..”
သူ့အသိစိတ်အလျဉ်မှာ ပေါက်ကွဲသွားပြီး အသက်မရှိတော့သော ခန္ဓာကိုယ်ဆီမှ ထွက်ခွာသွားသည်။ ၎င်းက အဝေးရှိ လူငယ်တစ်ယောက်ဆီသို့ ဦးတည်ကာ ဘဝအသစ် ငှားယူနိုင်ရန် ကြိုးစားလိုက်၏။
သူ့အသိစိတ်အလျဉ် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်နှင့် ရှန်းချီအာ၏ ဓားနယ်ပယ်က ပေါက်ကွဲထွက်လာပြီး ၎င်းကို လွှမ်းခြုံလိုက်သည်။
ရှန်းချီအာသည် ရင်တုန်စိတ်လှုပ်ရှားစွာဖြင့် အခြေအနေကို အကဲခတ်ကာ ရလဒ်များကို အလျင်အမြန် တွက်ချက်လိုက်၏။ ဓားရောင်တို့က ဓားအိမ်ထဲမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဓားနယ်ပယ်ထဲသို့ ထိုးစိုက်သွားသည်။ ၎င်းက ထိုက်ကျိစက်၀န်းတစ်ခုအလားပင်။
သူမက ဓားနယ်ပယ်ကို အသက်သွင်းလိုက်သည့်အခါ ထိုက်ကျိစက်၀န်းက လှည့်ပတ်၍ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အား လုံးဝဖယ်ရှားရှင်းလင်းလိုက်တော့သည်။
ရှန်းချီအာမှာ ထိုအခါမှ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ မရေမတွက်နိုင်သော ဓားရောင်တို့က သူမကျောရှိ ဓားအိမ်ထဲ ပြန်ဝင်ရောက်သွားသည်။ မိန်းမငယ်လေးသည် သားမွှေး၀တ်ရုံကို ပြန်ကောက်ကာ မြောက်ပိုင်းနတ်ဘုရားမြို့မှ ထွက်ခွာသွားပြီး ဆီးနှင်းများအကြား ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ကုန်းသည် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို ယူ၍ ကောင်းကင်နတ်ဘုံထဲမှ ထွက်ခွာလာခဲ့၏။ နတ်ဘုရားမထိုက်စုက သူ့အနောက်မှ မြောလွင့်လိုက်ပါလာသည်။ သူမက ပြော၏။ “မဟာမြို့ပျက်အမှောင်ထုက ယိုတုရဲ့ အောက်မှာ… မြေအောက်ဘုံအရှင်သခင်ရဲ့ ခြေထောက်အောက်က အဆုံးမရှိတဲ့ အမှောင်ထုမှာ ရှိတာ…. ကောင်းကင်နတ်အရှင်ကုန်းက ဘာလို့ ကောင်းကင်နတ်အရှင်ရှုကို ယိုတုဆီ မပို့ခိုင်းတာလဲ…. ကမ္ဘာဦးဘုံကနေ ဘာလို့ဖြတ်သွားရတာလဲ”
ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က လှိုင်းထသွားသည်။ “ကျွန်မက တခြားသူတွေနဲ့ သိပ်အရောမ၀င်ဘဲ ကိုယ့်ဘာသာ သီးသန့်နေတာများတယ်…. ကောင်းကင်နတ်အရှင်ရှုနဲ့လည်း မရင်းနှီးဘူး…. သူ့ကိူ ကူညီပေးဖို့ ပြောလိုက်ရင် သူ့အပေါ် အကြွေးတင်သွားလိမ့်မယ်..”
ချင်မူက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ ခေါင်းပြူထွက်လာကာ ပြောသည်။ “ကျွန်တော်က မြေအောက်ဘုံအရှင်သခင်နဲ့ ရင်းနှီးတယ်… ကောင်းကင်မြေကြီးမုခ်ဝကို ဖွင့်ပြီး ခင်ဗျားတို့ ယိုတုထဲ ဝင်လို့ရအောင် လုပ်ပေးနိုင်တယ်”
နတ်ဘုရားမထိုက်စု၏ ခေါင်းလောင်းသည် မြည်ဟီးသွားပြီး သူ့ကို ကောင်းကင်လှည်းဘီးထဲသို့ ပြန်ပို့လိုက်၏။ “ဒါဆို ယိုတိုကို ဘယ်လို ၀င်ပြီး အဆုံးသတ်မြို့ပျက်ဆီ ဘယ်လိုသွားဖို့ စီစဉ်ထားလဲ”
ကောင်းကင်နတ်အရှင်ကုန်းက စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ရောက်လာသည်။ “ကမ္ဘာဦးဘုံနဲ့ ယိုတုကို ဆက်သွယ်ပေးထားတဲ့ နေရာကို စောင့်ရှောက်တဲ့ လုလီဆိုတဲ့ နတ်ဘုရားတစ်ပါး ရှိတယ်… ကျွန်မ အဲ့ဒီနေရာကိုရောက်ရင် လုလီက ယိုတုဆီ ခေါ်သွားပေလိမ့်မယ်”
နတ်ဘုရားမထိုက်စုမှာ ဆက်လက်မမေးတော့ချေ။
ချင်မူက ပြော၏။ “ဘာလို့ ဒီလောက် ဒုက္ခခံရတာလဲ…. ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်အစ်ကိုကြီး ဝေစွေ့ဖုန်းကို မသိကြဘူးလား… သူက အဆုံးမဲ့တိမ်တိုက်ဧကရာဇ်လေ…. သူက စကြ၀ဠာရဲ့ အဆုံးသတ်မြို့ပျက်ထဲမှာ တည်နေရာအမှတ်အသားတွေ ထားခဲ့တယ်…. ခင်ဗျားတို့ ကျွန်တော့်ကို ထုတ်ပေးတာနဲ့ ကျွန်တော် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို သုံးပြီး အဆုံးသတ်မြို့ပျက်ဆီ ပို့ပေးလို့ရတာပဲဟာ”
အမျိုးသမီးနှစ်ယောက်က သူ့ကို အဖက်ပင် မလုပ်ချေ။
သူတို့ ကမ္ဘာဦးဘုံသို့ ရောက်လာကြသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ကုန်းက ကောင်းကင်နတ်ဘုံ တည်ဆောက်ထားခဲ့သည့် နတ်ဘုရားမြို့တစ်မြို့ထဲ ၀င်ရောက်ကာ မန္တန်တစ်ခု အသက်သွင်းလိုက်သည်။ သူမက လုလီကို ယိုတုမှဆင့်ခေါ်ကာ အမိန့်ပေး၏။ “ယိုတုစွမ်းအင် အကူးအပြောင်းတံတားကို အသက်သွင်းလိုက်…ငါ ယိုတုကို သွားချင်တယ်”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်ကလည်း ကျွန်တော့်အစ်ကိုကြီးပဲ…. ခင်ဗျားတို့ ယိုတုလမ်းကိုသာ ငှားမယ်ဆိုရင် အစ်ကိုကြီးက ခွင့်လွှတ်မှာ မဟုတ်ဘူးနော်”
ကောင်းကင်နတ်အရှင်ကုန်းက မျက်မှောင်ကြုတ်၍ လုလီအား မေးသည်။ “ငါတို့ မြေအောက်ဘုံအရှင်သခင်ကို ရှောင်ပြီး ယိုတုထဲ ၀င်လို့ရမယ့်နည်းလမ်း ရှိလား”
လုလီက ဖြေသည်။ “ကောင်းကင်နတ်အရှင်ရှင့် .. ယိုတုက နေရာတိုင်းမှာ ရှိတဲ့အတွက် မြေအောက်ဘုံအရှင်သခင်ကလည်း နေရာတိုင်းမှာ ရှိပါတယ်…. ယိုတိုကု ဖြတ်သွားပြီဆိုတာနဲ့ မြေအောက်ဘုံအရှင်သခင်ကို ရှောင်တိမ်းလို့ မရနိုင်တော့ဘူး… အဲ့ဒီရှေးဟောင်းနတ်ဘုရားက မဟာကောင်းကင်နတ်သိုင်းတွေနဲ့ အဆုံးမရှိတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားတာကြောင့်ပါ”
ကောင်းကင်နတ်အရှင်ကုန်းက သူ့အား တစ်ချက်ကြည့်လိုက်ရာ လုလီက ချက်ချင်း ပြန်ပြောသည်။ “အကြံတစ်ခုတော့ ရှိတယ်…. စွမ်းအင်အကူးအပြောင်းတံတားကို ကျောက်စိမ်းအကျဉ်းထောင်တံခါးမှာ ထားသင့်တယ်…. တံတားပွင့်ပြီး ကျောက်စိမ်းအကျဉ်းထောင်ထဲ ဝင်တာနဲ့ ထွက်သွားလို့ရပြီ…. မြေအောက်ဘုံအရှင်သခင် အချိန်မီ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး…”
ကောင်းကင်နတ်အရှင်ကုန်းက ခေါင်းညိတ်လိုက်သည်။ “အဆင်သင့် ပြင်တော့”
လုလီက ထွက်ခွာသွားသည်။ သူမသည် ယိုတုသို့ ပြန်သွား၍ ကျောက်စိမ်းအကျဉ်းထောင်၌ အဆင်သင့်ပြင်နေ၏။ ကောင်းကင်နတ်အရှင်ကုန်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
နတ်ဘုရားမထိုက်စုသည် မျက်လုံးများက တဖျတ်ဖျတ် တောက်ပနေပြီး ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်ကုန်း၊ နင်က ရည်မှန်းချက်ကြီးပြီး ထူးခြားတဲ့ မိန်းမပဲ…. ကောင်းကင်နတ်အရှင်ဟောင်ဆီမှာပဲ အညံ့ခံနေတော့မှာလား… ယောက်ျားတစ်ယောက်က ဧကရာဇ်ဖြစ်နိုင်ရင် မိန်းမတစ်ယောက်ကရော ဘာလို့မဖြစ်နိုင်ရမှာလဲ… မိန်းမတစ်ယောက် ဧကရာဇ်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး…. နင် လိုအပ်နေတာက နင့်ကို ထောက်ပံ့ကူညီပေးမယ့်သူ တစ်ယောက်ပဲ”
ကောင်းကင်နတ်အရှင်ကုန်းမှာ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ သူမက ထိုက်စုအား လှည့်ကြည့်လာ၏။ ခပ်ဝါးဝါးပုံရိပ်တစ်ခုကိုသာ မြင်ရသော်လည်း မေးလိုက်သည်။ “ဘာလို့ နတ်ဘုရားမထိုက်စုက ကျွန်မကို ဒါတွေ ပြောပြရတာလဲ”
ထိုက်စုက ပြုံးသည်။ “နင့်မှာ နည်းလမ်းတွေ၊ လှည့်ကွက်တွေ ရှိတယ်… လိုအပ်နေတာက ကံကောင်းမှုပဲ…. နင့်ကံကောင်းမှုက အခု ရောက်လာခဲ့ပြီ… နင် ငါရဲ့ကျင့်စဉ်တွေနဲ့ စွမ်းဆောင်ရည်တွေကို သိပြီးသားပဲ…. ထိုက်ငါးပါးထဲက တစ်ပါးအနေနဲ့ ငါက ထိုက်ယီ၊ ထိုကိချူနဲ့ ထိုက်ကျိတို့နဲ့ ယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ”
သူမက စကားလမ်းကြောင်းလွှဲ၍ အနိမ့်အမြင့်မရှိသော အသံဖြင့် ပြောသည်။ “ခိုင်ဧကရာဇ်ကြောင့် ရခဲ့တဲ့ နင့်ဓားဒဏ်ရာတွေအားလုံးကို ငါ ကုပေးခဲ့တာနော် … ငါ နင့်ကို ကုပေးနိုင်သလို … ဓားဒဏ်ရာတွေ ပြန်ပေါ်လာပြီး နင့်တစ်ဘ၀လုံး သေရတာထက် ပိုဆိုးအောင်လည်း လုပ်နိုင်တယ်..”
ချင်မူက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ ထရယ်သည်။
ထိုက်စုက သူ့ကို လျစ်လျူရှုထားသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ရှောင်၊ လန်ရွှမ်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်တို့အားလုံး ဒဏ်ရာရခဲ့ပေမယ့် သူတို့ကို ငါ ကုပေးခဲ့တယ်… ငါ့ထိန်းချုပ်မှုအောက်ကနေ သူတို့ မလွတ်မြောက်နိုင်ဘူး….ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဘုံမှာ ထိန်းချုပ်နေတဲ့သူလို့ ထင်ရပေမယ့် တကယ်တော့ ကောင်းကင်နတ်ဘုံမှာ အာဏာအပြည့်အ၀ ချုပ်ကိုင်ထားတဲ့သူက ငါပဲ”
ကောင်းကင်နတ်အရှင်ကုန်းမှာ ရင်ထဲ လှုပ်ရှားနေပုံပေါ်သော်လည်း ချင်မူကတော့ တဟားဟား ရယ်နေသည်။
ထိုက်စုက မျက်မှောင်ကြုတ်၍ သူ့ကို လျစ်လျှူရှုထားဆဲပင်။ “ကုန်းယွင်၊ နင် ငါ့လက်အောက်မှာ အညံ့ခံသရွေ့ ကောင်းကင်နတ်ဧကရာဇ်ရာထူးက ကောင်းကင်နတ်အရှင်ဟောင်ရော ကောင်းကင်နတ်အရှင်ရှောင်အတွက်ပါ မဟုတ်ဘဲ နင့်အတွက် ဖြစ်လာမှာပဲ… ဘယ်လိုလဲ”
ချင်မူက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် လူးလိမ့်လျက် အသည်းအသန် ရယ်နေတော့သည်။
နောက်ဆုံးတော့ ထိုက်စုမှာ ဒေါသမထိန်းနိုင်တော့သဖြင့် အေးစက်စွာ ပြောသည်။ “ချင်မူ၊ ဘာကို ရယ်နေတာလဲ…. နင်က မကြာမီရက်ပိုင်းအတွင်း အဆုံးသတ်မြို့ပျက်အမှောင်ထုထဲ မြှုပ်နှံခံရတော့မှာ… ငါ့ဆီမှာ အညံ့ခံမှ နင် အသက်ရှင်နိုင်မှာပဲ”
ချင်မူက အေးအေးလူလူ တုံ့ပြန်သည်။ “ထိုက်စု၊ ခင်ဗျား အချိန်မတိုင်ဘဲ မွေးဖွားလာတာ ကျွန်တော့်ကြောင့်ပါ…. ကျွန်တော် ခင်ဗျားကို စိတ်ပျက်စေခဲ့ပေမယ့် ခင်ဗျား အခုလို သေရမှာတော့ မတွေ့ချင်ပါဘူး… ဒါပေမဲ့ ခင်ဗျားက တုံးလွန်းတယ်… ကျွန်တော့်ရယ်သံကို ကြားတည်းက သတိ၀င်ပြီး စကားပြောတာ ရပ်လိုက်သင့်တာ… ကျန်တာတွေ ထားလိုက်ပါဦး… ကုန်းယွင်က ဘယ်သူလဲဆိုတာ ခင်ဗျား သိရဲ့လား”
ထိုက်စုက နှာခေါင်းရှုံ့လိုက်သည်။ “ဘယ်သူလဲ”
“ယောက်ျားတစ်ယောက်ကို မှီခိုတဲ့ မိန်းမတစ်ယောက်လေ”
ချင်မူက အဓိပ္ပာယ်ပါပါ ပြော၏။ “သူက အရာအားလုံးထက် အကျိုးအမြတ်ကို ဦးစားပေးတဲ့ သူတစ်ယောက်… သိပ်ကို တစ်ကိုယ်ကောင်းဆန်တဲ့သူလည်း ဟုတ်တယ်…. အကျိုးအမြတ်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး အသန်မာဆုံး ယောက်ျားတစ်ယောက်ကိုပဲ မှီခိုနိုင်တယ်…. ခင်ဗျားက ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနိုင်ပြီး စိတ်နှလုံးမိစ္ဆာအပြင် အမြင်ချင်ဆုံးပုဂ္ဂိုလ်တစ်ယောက်ကိုလည်း ပြပေးနိုင်တယ်မလား.. သူ ဘယ်သူ့ကို မြင်ရလဲ ကောင်းကင်နတ်အရှင်ကုန်းကို မေးကြည့်ပါလား”
ထိုက်စုက ကောင်းကင်နတ်အရှင်ကုန်းကို ကြည့်လိုက်သည်။ “ကုန်းယွင်၊ ငါ့ကို ကြည့်… ဘာမြင်ရလဲ”
ကောင်းကင်နတ်အရှင်ကုန်းက မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ ဖြေ၏။ “ချီလုံးတစ်လုံးနဲ့ ဝိုးတဝါးပုံရိပ်တစ်ခုပဲ မြင်ရတယ်… အမျိုးသမီးတစ်ယောက်နဲ့ တူသလိုပဲ”
ထိုက်စုက မျက်မှောင်ကြုတ်သွားသည်။
“ခင်ဗျား ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရအောင် ကျွန်တော် ကူညီပေးမယ် ကောင်းကင်နတ်အရှင်ကုန်း”
ချင်မူ့ခန္ဓာကိုယ်အပေါ်ပိုင်းက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ ထွက်လာသည်။ သူက လက်မြှောက်ကာ ကောင်းကင်နတ်အရှင်ကုန်း၏ အရှေ့တွင် ဝှေ့ရမ်းလိုက်သည်။ ထွင်းဖောက်မြင်ရနိုင်သော မှန်သားတစ်ချပ်က သူမအရှေ့တွင် ပေါ်လာ၏။
ကောင်းကင်နတ်အရှင်ကုန်းက မှန်သားပြင်မှတဆင့် ထိုက်စုကို ကြည့်လိုက်သည့်အခါ ဝိုးတဝါးပုံရိပ်က မည်သူဖြစ်မှန်း မြင်လိုက်ရသည်။ ယင်းက သူမကိုယ်တိုင်ပင်၏။
ထိုက်စု၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“ထိုက်စု ခင်ဗျားက တခြားသူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ အကြောက်တရားတွေကို ထိန်းချုပ်နိုင်တယ်လို့ ပြောပေမယ့် ဒါကိုတော့ မတွေးခဲ့မိဘူးမလား… ဒီလောကမှာ ကောင်းကင်နတ်အရှင်ကုန်းလို ပုဂ္ဂိုလ်တစ်ယောက် ရှိနေလိမ့်မယ် ဆိုတာကိုလေ”
ချင်မူက သက်ပြင်းချလိုက်သည်။ “ခင်ဗျားအနေနဲ့ အစကတည်းက ကောင်းကင်နတ်အရှင်ဟောင်ကို ကူညီဖို့ မကမ်းလှမ်းခဲ့သင့်ဘူး… ခင်ဗျားမှ သူတို့ကို အနိုင်မယူနိုင်တာ…. အဲ့ဒါက ခင်ဗျားရဲ့ အတွေးမရှိတဲ့ အကွက်တစ်ကွက် ဖြစ်ခဲ့တယ်… ခင်ဗျား သိတဲ့အချိန်မှာ နောက်ကျနေပြီဆိုပေမယ့် အရမ်းတော့ နောက်ကျသေးတာ မဟုတ်ဘူး… ခင်ဗျားက ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ မသိဘဲနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ပြီ … ခင်ဗျားဟာ ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းတယ်…. ကျွန်တော် ခင်ဗျားကို မကယ်နိုင်တော့ဘူး”
ထိုက်စုမှာ ကြက်သီးမွှေးညှင်းများ ထသွားတော့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်၏အသံက သူမအနောက်မှ ထွက်ပေါ်လာ၏။ ၎င်းက အလွန်တရာ နူးညံ့ညင်သာနေသော်လည်း သူမကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ “ဒေါ်လေး၊ ဟောင်အာ စိတ်ပျက်မိပါတယ်”