လူ့စိတ်ဆိုတာ ခန့်မှန်းရခက်
Vol. 120 Ch. 1566
နတ်ဘုရားမထိုက်စု လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟောင်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာအမူအရာက ၀မ်းသာနေသည်လား ၀မ်းနည်းနေသည်လား ခန့်မှန်း၍ မရနိုင်ချေ။
သူမ၏နှလုံးသားမှာ ရေခဲရိုက်လိုက်သကဲ့သို့ အေးခဲလာသော်လည်း သူမက လက်မလျှော့ပေ။ အားတင်းပြုံးလိုက်ရင်း မေးလိုက်သည်။ “ဟောင်အာ၊ ဘယ်တုန်းက ရောက်လာတာလဲ”
“ကျွန်တော် အမြဲ ရှိနေခဲ့တာပါ”
ကောင်းကင်နတ်အရှင်ဟောင်၏ စကားများက သူမတစ်ကိုယ်လုံးကို အေးစက်တောင့်တင်းသွားစေသည်။ “ကျွန်တော် ဒေါ်လေးနောက်မှာ အမြဲ ရှိနေခဲ့တာ…ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်ပုံရိပ်ယောင်က တာအို၀င်ရောက်ပြီးပြီလေ… သူ ပုံရိပ်ယောင် အသက်သွင်းလိုက်တဲ့အချိန်ကို ဒေါ်လေး သတိမထားမိဘူးမလား…. အသိစိတ်အလျဉ်လမ်းစဉ်က ထိုက်ချူတာအိုလေ… ဒေါ်လေးက ရိုးအလွန်းတော့ ထိုက်ချူတာအိုအကြောင်း သိပ်မသိဘူးမလား”
ထိုက်စု၏နှလုံးထဲတွင် အကြောက်တရားများ ကြီးစိုးလာတော့သည်။ ထိုကြောက်စိတ်သည် ယခင်ကတည်းက ကိန်း၀ပ်နေခဲ့ခြင်းလော။
ကောင်းကင်နတ်အရှင်ဟောင်က သူတို့ ကောင်းကင်နတ်ဘုံမှ ထွက်ခွာလာခဲ့ချိန်မှစ၍ အနောက်မှ လိုက်လာခဲ့သည့်အဓိပ္ပာယ်လော။
သို့ဆိုလျှင် သူမပြောလိုက်သည့် စကားအားလုံး ကြားသွားခဲ့ပြီလား။
“ကောင်းကင်နတ်အရှင်မူ၊ ကုန်းယွင်ရဲ့ အသိစိတ်အလျဉ်ပုံရိပ်ယောင်က နင့်ကို လုံးဝ မထိခိုက်နိုင်ဘူး… နင် လမ်းမှာ ဘာမှ သတိမထားမိခဲ့ဘူးလား”
သူမက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ရှိနေသည့် ချင်မူ့ကို အလောတကြီး လှမ်းကြည့်လိုက်သည်။ သူမ၏အသံက ယခင်ကလောက် နူးညံ့သိမ်မွေ့မနေတော့ဘဲ ခက်ထန်မာကြောနေ၏။ “နင်က သူ့အသိစိတ်အလျဉ် ပုံရိပ်ယောင်ကို ထွင်းဖောက်မြင်ခဲ့ရဲ့သားနဲ့ တိတ်ဆိတ်နေခဲ့တယ်ပေါ့လေ… ငါ သေသွားတာကို ကြည့်ချင်နေတာမလား… ဟုတ်တယ်မလား”
“ထိုက်စု၊ ခင်ဗျားက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး တစ်ကိုယ်ကောင်းဆန်လွန်းတယ်”
ချင်မူက ပြောသည်။ “ကျွန်တော့်တို့က အစကနေ အဆုံးအထိ ရန်သူတွေဆိုတာလည်း မမေ့နဲ့ဦး…. ခင်ဗျားသေရင် ကျွန်တော် ပျော်ိမှာပဲ”
ထိုက်စုမှာ ဒေါသူပုန်ထသွားတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်၏။ “ဒေါ်လေး၊ ကောင်းကင်နတ်အရှင်မူက ညှာတာတတ်ပါသေးတယ်… သူက ဒီအခွင့်အရေးကို သုံးပြီး ဒေါ်လေးဆီ ရောက်နေတဲ့ ကျွန်တော့်အသတ်အဖြတ်စိတ်ဆန္ဒတွေကို လွင့်ပြယ်အောင် လုပ်နေတာ…. အဓိပ္ပာယ်ကောက်မလွဲလိုက်ပါနဲ့”
ထိုက်စုက ပြန်လှည့်ကြည့်လာသည်။ သူမက ကောင်းကင်နတ်အရှင်ဟောင်အား ချိုသာစွာ ပြုံးပြလေသည်။ “လူသားတွေရဲ့ နှလုံးသားက တကယ်ကို ရှုပ်ထွေးတာပဲနော်…. ငါ လူသားတွေရဲ့ နှလုံးသားတွေကို ထိန်းချုပ်ပြီး နင်တို့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေကို ကစားနိုင်မယ် ထင်ခဲ့တာ…. ဒါပေမဲ့ နင်တို့လူသားတွေရဲ့ နှလုံးသားနဲ့ စိတ်သဘာ၀တွေက ငါထင်ထားတာထက် ရှုပ်ထွေးနေမယ် ထင်မထားခဲ့ဘူး.. နောက်ဆုံးတော့ ငါက နင်တို့အမြင်မှာ အရိုးဆုံး အ,အဆုံး ဖြစ်နေခဲ့တာပေါ့လေ”
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်၀န်းများတွင် မြင်ရနေသည့် သူမပုံရိပ်မှာ သခင်မယွမ်မု ဖြစ်သည်။ သူမသည် နူးညံ့သိမ်မွေ့၍ ဆွဲဆောင်မှုရှိသည်သာမက ဖြတ်လက်သွက်လက်၍ ဉာဏ်ကောင်း၏။
နှလုံးသားကို ထိန်းချုပ်လိုသည်မှာ သူမ၏ ဗီဇပင်ဖြစ်သည်။
“ဟောင်အာ၊ ဒေါ်လေး မှားသွားခဲ့တယ်”
သူက နူးညံ့ချိုသာသောအသံဖြင့် တောင်းပန်သည်။ “ငါ မှားသွားခဲ့တာ သိပါပြီ… ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးလို့ ရမလား… နင် ဖြစ်ချင်တာမှန်သမျှ ငါ ဖြည့်ဆည်းပေးပါ့မယ် နော်”
သူမအသံက ပို၍ နူးညံ့သထက် နူးညံ့လာ၏။ “နင်လိုချင်တာ ဘာမဆိုပေါ့… ကြိုက်တဲ့ပုံပြောင်းခိုင်းပြီး ဘာမဆို၊ သိလား... အရှက်ရစရာပဲဖြစ်ဖြစ် လုပ်ခိုင်းလို့ ရတယ်… နင့်ခြေထောက်ကို လျက်ဆိုလည်း နေရာမရွေး လျက်ပေးပါ့မယ်”
“ငါ့လိုမိန်းမမျိုးက သိပ်ကိုအသုံးဝင်တယ်လေ ... နင်စဉ်းစားကြည့်... ဧကရာဇ်တွေ တပ်မှူးတွေဆို ငါ့ကို လိုချင်တပ်မက်တဲ့ စိတ် ရှိခဲ့ကြပေမယ့် မရနိုင်ခဲ့ကြဘူး… ငါ သေသွားရင် အသုံးမဝင်ဘဲ နေလိမ့်မယ် … နင် ငါ့လိုမိန်းမမျိုးကို ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် ပြုံးလိုက်သည်။ “မက်လောက်စရာ ကမ်းလှမ်းချက်ပဲ”
ထိုက်စုနှလုံးသားမှာ မျှော်လင့်ချက်ကြီးစွာဖြင့် နောက်တစ်ကြိမ် ခုန်လာပြန်သည်။ သူမ အသက်ရှင်နေသရွေ့ အနာဂတ်တွင် အခွင့်အလမ်းများစွာ ရှိလာနိုင်သေးသည် မဟုတ်လော။
“ဒေါ်လေး၊ ဒေါ်လေးက ကောင်းကင်နတ်အရှင်တွေ နှစ်ထောင်သောင်းပေါင်းများစွာ ကြာတဲ့အထိ သင့်သင့်မြတ်မြတ် ဘာကြောာင့် နေထိုင်နိုင်ခဲ့ကြတာလဲ နားမလည်သေးဘူး”
ကောင်းကင်နတ်အရှင်ဟောင်က အေးအေးလူလူ ပြောသည်။ “ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရည်ရွယ်ချက်တွေ တူလို့… တူညီတဲ့ ရည်ရွယ်ချက်တွေအတွက် ညှိနှိုင်းသည်းခံပြီး တစ်ယောက်နဲ့ တစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်… ကျွန်တော်တို့ကြားမှာလည်း တိုက်ပွဲတွေ ရှိခဲ့တယ်… တိုက်ပွဲမှာ ရှုံးသွားရင် အောင်နိုင်သူဆီ အညံ့ခံကြတယ်”
သူက ပြုံးလိုက်သည်။ “ဘာလို့လဲ ဒေါ်လေး သိလား”
သူက ထိုက်စု၏ အဖြေကို စောင့်မနေဘဲ ဆက်ပြော၏။ “ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ဖက်သူဆီ ရှူံးသွားခဲ့ရင်တောင်မှ အညံ့ခံသရွေ့ တစ်ဖက်သူက ရည်မှန်းချက်တူတဲ့သူကို ရှင်းလင်းပစ်မှာ မဟုတ်ဘူးဆိုတာ သိလို့ပဲ… တစ်ဖက်သူဆီ အညံ့ခံလိုက်ရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ကာကွယ်နိုင်သေးတယ်..”
“အောင်နိုင်သူကတော့ ရည်မှန်းချက်တူတဲ့အတွက် တစ်ဖက်သူက သစ္စာဖောက်မှာ မဟုတ်မှန်း သိလို့ အသက်ချမ်းသာပေးတယ်… တစ်ဖက်သူကို အသက်ရှင်လျက်ထားတာက ပိုအသုံးဝင်တယ်လေ…. ဒါကြောင့် ကျွန်တော် နိုင်သွားပြီးတဲ့နောက် ကောင်းကင်နတ်အရှင်ကုန်း၊ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကျွန်တော့်အစ်ကိုတော် နတ်ဧကရာဇ်လန်ရွှမ်တို့ကို မသတ်ခဲ့တာပဲ”
သူက ပြုံးလိုက်သည်။ “ဒီအကြောင်းအရင်းကြောင့်ပဲ ကောင်းကင်နတ်အရှင်ကုန်းက ကျွန်တော့်ကို သစ္စာမဖောက်တာ… ခင်ဗျားက သူ့ကို အညံ့ခံဖို့ စည်းရုံးခဲ့ပေမယ့် အဲ့ဒါက မဟာအမှားကြီး ဖြစ်သွားတယ်… သူ့ကို စည်းရုံးဖို့ မပြောနဲ့ ... တခြားဘယ်ကောင်းကင်နတ်အရှင်ကိုမှလည်း စည်ရုံးနိုင်မှာ မဟုတ်ဘူး”
နတ်ဘုရားမထိုက်စု၏ မျက်နှာအမူအရာမှာ သွေးလျော့ဖြူဆုတ်နေသည်။
တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ချင်မူက အတွေးနက်နေ၏။
သူလည်း ကောင်းကင်နတ်အရှင်များထဲမှ တစ်ယောက်ခန့် နှစ်ယောက်ခန့်ကို အညံ့ခံ၍ သူနှင့် ပူးပေါင်းရန် ဖြောင်းဖြနိုင်သည်ဟု ထင်ခဲ့မိသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ စကားကို ကြားတော့မှ တုံးအမိခဲ့ကြောင်း သဘောပေါက်သွား၏။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် တူညီသော ရည်မှန်းချက်များကို မျှဝေထားကြသည့် အစုတစ်စုပင်။ သူတို့ကြား မည်မျှပင်တိုက်ခိုက်ပါစေ နောက်ဆုံးတွင်တော့ အဖွဲ့အစည်းတစ်ခု ဖြစ်နေသေးသည်။
“ကံမကောင်းစွာနဲ့ ဒေါ်လေးက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲ ပါမနေဘူး.. ကျွန်တော်တို့နဲ့ ရည်မှန်းချက် မတူဘူး”
ကောင်းကင်နတ်အရှင်ဟောင်က သက်ပြင်းချလိုက်သည်။ “ခင်ဗျားက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းခဲ့တယ်… ခင်ဗျားက ထိုက်ငါးပါးထဲက တစ်ပါးဖြစ်တဲ့အတွက် အားလုံးထက် မြင့်မြတ်တယ် ထင်ခဲ့တယ်…. အမှားတွေကနေ ဘယ်တော့မှ သင်ခန်းစာမယူတော့ ကျွန်တော် ဘယ်လို စိတ်ချနိုင်မှာလဲ”
ထိုက်စု၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားလာသည်။ သူမက ရုတ်တရက် အထွတ်အမြတ်ရတနာကို အသက်သွင်းလိုက်ပြီး ကောင်းကင်နတ်အရှင်ဟောင်အပေါ် ဖိချလိုက်သည့် ဒယ်အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားစေ၏။
ထို့နောက် ချာခနဲ လှည့်၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ ငါ နင့်ကို နောက်ဆုံးကောင်းကင်နန်းဆောင် မပေးသရွေ့ နင် ဘယ်တော့မှ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး… ငါ့ကို သတ်ရင် နင့်ရဲ့ တာအိုလမ်းစဉ် ပြတ်တောက်သွားလိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟောင်က အထွတ်အမြတ်ဒယ်အိုးအား သူ့အပေါ် ဖိချနေစေသည်။ ဒယ်အိုးသည် စုတ်ပြတ်ပိန်ရှံ့နေပြီး ချင်မူချန်ထားခဲ့သည့် တာအိုဒဏ်ရာများ ပွထနေ၏။
အထွတ်အမြတ်ဒယ်အိုးမှာ ကောင်းကင်နတ်အရှင်ဟောင်အတွက် မည်သည့်အန္တရာယ်မှ မရှိချေ။
ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်လိုက်သည့်အခါ အထွတ်အမြတ်ဒယ်အိုးမှာ သေးငယ်သထက် သေးငယ်လာသည်အထိ ပြင်းထန်လှသော ဖိအားဖြင့် ဖိနှိပ်ခံလိုက်ရသည်။ ၎င်းက သူ၏လက်ဖဝါးထဲသို့ ကျဆင်းလာလေသည်။
သူက တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရာ ၎င်းမှာ တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ အလုံးတစ်လုံးအဖြစ် တွန့်လိမ်ကျုံ့၀င်သွားတော့သည်။
ဝုန်း
အထွတ်အမြတ်ဒယ်အိုးက ပေါက်ကွဲ၍ ထိုက်စုချီလုံးအဖြစ် ပြောင်းလဲသွားသည်။ ထိုက်စုချီထဲတွင် မဟာတာအိုတို့ စီးဆင်းနေသည့် စည်းချက်သံများ ကိန်းဝပ်နေပြီး ကောင်းကင်နတ်အရှင်ဟောင်သည် သူ နားလည်သိမြင်ထားသော ထိုက်စုတာအိုကို အသုံးပြု၍ အထွတ်အမြတ်ရတနာအား ပြန်လည်ပြုပြင်နေ၏။
အဝေးတွင် ထိုက်စုမှာ ထွက်ပြေးနေသော်လည်း ဤနတ်ဘုရားမြို့ထဲမှ ဘယ်တော့မှ လွတ်မြောက်နိုင်မည်မဟုတ်မှန်း နားလည်သဘောပေါက်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင် မြို့ထဲတွင် ရပ်နေစဉ် အချိန်နှင့်နေရာတို့သည် သူ့အား ဗဟိုပြုကာ ကျုံ့၀င်လာနေသည့်အလားပင်။
သူမ ပြန်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းနောက်၌ ခမ်းနားတင့်တယ်သော ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်ဟောင်ကား သူမ၏စွမ်းအားကို အသုံးပြုမနေချေ။ သူ၏ကိုယ်ပိုင်သိမြင်နားလည်မှုဖြင့် ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံတစ်ဘုံကို ဖွဲ့တည်ထားနိုင်လေသည်။
ထိုမျှသာမက နောက်ထပ် ကောင်းကင်နတ်ဘုံတစ်ဘုံကို တွေ့လိုက်ရ၏။ ၎င်းသည်လည်း ကောင်းကင်နန်းဆောင် ၃၆ ဆောင်ဖြင့် ဖွဲ့တည်ထားသည်။
ကောင်းကင်နတ်ဘုံတစ်ဘုံက အဖိုသတ္တိရှိပြီး နောက်တစ်ဘုံကတော့ အမသတ္တိရှိ၏။ တစ်ဘုံက အမြဲတစေ တောက်ပထွန်းလင်းနေပြီး နောက်တစ်ဘုံကတော့ အမြဲမည်းမှောင်နေသည်။
သူမ၏နှလုံးသားမှာ ပိုပို၍ လေးလံလာတော့သည်။ သူမကား နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ကိုးပါးထဲမှ တစ်ပါး ဖြစ်သည့် ကောင်းကင်နတ်အရှင်ဟောင်အား လျှော့တွက်ခဲ့မိချေပြီ။
နဂါးဟန်ခေတ် ကောင်းကင်နတ်အရှင်ကိုးပါးတွင် ကောင်းကင်နတ်အရှင်ယွီက ခေါင်းဆောင်ဖြစ်ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟောင်က ဒုတိယ ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွီက ဝိညာဉ်သန္ဓေသား ကောင်းကင်နတ်ရတနာကို ဖွင့်နိုင်ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟောင်ကတော့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ဖွင့်နိုင်ခဲ့၏။ မည်သည့်အခြေခံမှ မရှိသည့် ထိုခေတ်တွင် သိုင်းအဆင့်တစ်ဆင့်ကို ဖွင့်လှစ်ပေပးနိုင်ခဲ့သည့် ဒုတိယမြောက်ပုဂ္ဂိုလ်အနေဖြင့် သူ၏ပါရမီနှင့် နားလည်သိမြင်နိုင်မှုတို့ကား ပြိုင်ဘက်ကင်း၏။
သူမ ကောင်းကင်နတ်အရှင်ဟောင်နှင့် ပူးပေါင်းထားသည့် နှစ်များအတွင်း ကောင်းကင်နတ်အရှင်ဟောင်သည် သူမဆီမှ ထိုက်စုတာအိုကို နားလည်သိမြင်ခဲ့ပြီး ဖြစ်သည်။ အမှန်ပြောရလျှင် ကောင်းကင်နတ်အရှင်ဟောင်၏ သိမြင်နားလည်မှုက သူမထက်ပင် လေးနက်သေးသည်။
ကောင်းကင်နတ်အရှင်ဟောင်သည် သူမကို သူမအပေါ် ကောင်းချင်ယောင်ဆောင်ခဲ့ခြင်းပင်။ သူသည် သူမ၏ စွမ်းအားကို တိတ်တခိုး လေ့လာ၍ဒ သူမ၏ မဟာတာအိုကို သိမြင်နားလည်ကာ သူမ၏ တန်ဖိုးကို ညှစ်ယူခဲ့သည်။
ယခုတွင် ကောင်းကင်နတ်အရှင်ဟောင်အတွက် သူမ၏ နောက်ဆုံးအသုံးဝင်မှုမှာ သူမကိုယ်တိုင်၊ သူမ၏မဟာတာအိုသာ ရှိတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်က သူ့လက်ထဲရှိ ထိုက်စုချီလုံးကို ပြီးပြည့်စုံစေပြီးနောက် ခေါင်းမော့ကာ မြိုချလိုက်သည်။ ထို့နောက် လှည့်လာ၍ နတ်ဘုရားမထိုက်စုအား လှမ်းဆွဲလိုက်၏။
နတ်ဘုရားမထိုက်စုမှာ အော်ဟစ်ရင်း အားကုန် ခုခံနေသော်လည်း သူမ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းအားလုံးသည် ကောင်းကင်နတ်ဘုံနှစ်ခု ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်တစ်ဦးရှေ့တွင် အသုံးမ၀င်တော့ပေ။
ချင်မူက ဤမြင်ကွင်းက ကြည့်နေသည်။ ထိုက်စုက အနည်းအကျဉ်းသာ မြင်ရသော်လည်း သူကတော့ ပိုမိုမြင်နိုင်သည်။
ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်ဘုံနှစ်ခုမှာ ထိုက်ချူတာအိုဖြင့် ဖွဲ့တည်ထားခြင်းဖြစ်၏။ ၎င်းတို့ထဲမှ တစ်ခု၏ စွမ်းအားအလယ်ဗဟိုမှာ နတ်ကောင်းကင်ခန်းမ ဖြစ်သည်။ ကျန်တစ်ခုကတော့ ခရမ်းရောင်ကောင်းကင်ဘုံခန်းမကို ဗဟိုပြုထား၏။
‘တခြားနည်းနဲ့ ပြောရရင် သူက မီလော့နန်းတော်က သခင်လေးသုံးရော၊ သခင်လေး,လေးရောရဲ့ စွမ်းအားကိုပါ ပိုင်ဆိုင်ထားတာပဲ’
'သူက မီလော့နန်းတော်ရဲ့ သခင်လေး, လေးနဲ့ ပူးပေါင်းခဲ့တာ… တကယ်တမ်း ကောင်းကင်နတ်ဘုံတစ်ဘုံလုံးကို ခရမ်းရောင်ကောင်းကင်ဘုံခန်းမအဖြစ် ပြောင်းလဲသင့်ပေမယ့် သူ မလုပ်ခဲ့ဘူး…. တစ်၀က်ပဲ ပြောင်းလဲခဲ့တယ်’
ချင်မူ့အကြည့်က တောက်ပသွားသည်။ ‘သူ ဒီလိုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်ရှောင်ကို ရှင်းလင်းသတ်ဖြတ်တဲ့အချိန်အတွက် ပြင်ဆင်ဖို့ ဖြစ်နိုင်တယ်…. ကောင်းကင်နတ်အရှင်ရှောင်ကို ဖယ်ရှားလိုက်တာနဲ့ သူ မီလော့နန်းတော် သခင်လေးသုံးရဲ့ ထောက်ပံ့မှုကို ရလိမ့်မယ်…. ကောင်းကင်နတ်အရှင်ရှောင် သေသွားတာနဲ့ သခင်လေးသုံးအနေနဲ့ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကောင်းကင်နတ်အရှင်ဟောင်ကို ပံ့ပိုးပေးရုံက လွဲပြီး ရွေးချယ်စရာ မရှိဘူး…. ဒီနည်းနဲ့ဆို ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နေရာက တည်မြဲသွားပြီး သူ့ကို ဘယ်သူမှ ဖယ်ရှားနိုင်တော့မှာ မဟုတ်ဘူး’
ကောင်းကင်နတ်အရှင်ဟောင်၏ နည်းလမ်းများနှင့် ရည်မှန်းချက်များက သူ့ကို ကြက်သီးမွှေးညင်းများ ထမိစေသည်။
ဤကောင်းကင်နတ်အရှင်ကို ရှင်းလင်းဖယ်ရှားရန် သူ ထင်ထားသည်ထက် ခက်ခဲလှချေသည်။
ထိုက်စု၏ကံကြမ္မာမှာ ဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် မည်သူမှ မပြောင်းလဲနိုင်တော့ပေ။ ချင်မူမှာ မည်သို့ပင်ဆိုစေ သနားကရုဏာ သက်နေမိသည်။
သူ့အနေဖြင့် သူမကို ကယ်တင်ရန် တစ်ကြိမ်ထက်မနည်း ကြိုးစားခဲ့ဖူးသည်။ သို့သော် သူမသည် သူ၏စေတနာကို ငြင်းဆန်ခဲ့ပြီး သူ၏ရည်ရွယ်ချက်များကို လုံး၀အထင်လွဲကာ နားမလည်ခဲ့သဖြင့် ချင်မူမှာ မည်သို့လုပ်ပေးရမှန်း မသိခဲ့ပေ။
နတ်ဘုရားမထိုက်စုသည် ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဖဝါးထဲ ရောက်သွားသည့်အချိန်တွင် ဒယ်အိုးကဲ့သို့ ပေါက်ကွဲကာ ထိုက်စုချီလုံးနှင့် ထိုက်စုတာအိုအဖြစ် ပြောင်းလဲသွားတော့၏။
ထိုက်စုချီလုံးနှင့် ထိုက်စုတာအိုကို လေ့လာကြည့်ရှုနေသော ကောင်းကင်နတ်အရှင်ဟောင်၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ပြည့်နှက်နေသည်။ သူ၏ ဂလုခနဲ မြိုချ၍ ထိုက်စု၏ အသိစိတ်အလျဉ်ကို ဖယ်ရှားကာ သန့်စင်ရန် ဝါးမြိုလိုက်တော့၏။
ချင်မူက သက်ပြင်းချလိုက်ပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲ ပြန်၀င်သွားသည်။
ထိုက်ငါးပါး၌ နှစ်ပါးမှာ သေဆုံးသွားခဲ့လေပြီ။
ကောင်းကင်နတ်အရှင်ရှောင်သည် နောက်လိုက်ပံ့ပိုးသူအဖြစ် ရှေးဟောင်းနတ်ဘုရားနှစ်ပါးသာ ရှိတော့ပြီး တစ်ကိုယ်တော်သာ ဖြစ်နေ၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာလည်း မည်သည်ကိုမှ မအောင်မြင်နိုင်သည့်အပြင် ကောင်းကင်နတ်အရှင်ဟောင်နှင့် သူ၏နောက်လိုက်များကို အနိုင်မယူနိုင်ကြချေ။
'ကောင်းကင်နတ်အရှင်ရှောင်က ထိုက်ချူရုပ်ခန္ဓာကို ရသွားပြီ…. အဲ့ဒီရုပ်ခန္ဓာက သိပ်ကို အစွမ်းထက်တယ်… ဒါပေမဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေပြီးတော့ တာအိုဒဏ်ရာတွေလည်း ရထားတာ… ငါသာဆို ကျောက်စိမ်းမြို့တော်ဆီ သွားပြီး သခင်လေးသုံးကို ကုခိုင်းမှာပဲ.. ဒီလိုနည်းနဲ့ပဲ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ရင်ဘောင်တန်းနိုင်လိမ့်မယ်’
ချင်မူ့အကြည့်က ဖျတ်ခနဲ တောက်ပသွားသည်။ ‘ကောင်းကင်နတ်အရှင်ရှောင်လည်း ကျောက်စိမ်းမြို့တော်ဆီ သွားနေပြီထင်တယ်…. ဒါပေမဲ့ သူ့မှာ အောင်မြင်နိုင်မယ့် အခွင့်အရေး မရှိဘူး… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အခြေအနေက လုံး၀ ကျောက်ချပြီး ဖြစ်နေပြီ…. နောက်ထပ်ခြေလှမ်းက သူ့ကိုယ်ပိုင်စွမ်းအားကို အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး တာအိုသစ်ပင် တည်ဆောက်ဖို့ပဲ… အဲ့အချိန်ကျ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလိုက်မလဲ’
ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်ဘုံမှာကတည်းက သူ့စွမ်းအားကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်မည့် နည်းလမ်းအား မဟာခြုံလွှမ်းကောင်းကင်ဘုံတိုက်ပွဲမှ သိရှိပြီးဖြစ်ကြောင်း အားလုံးရှေ့၌ ထုတ်ပြောခဲ့၏။ သူ့အနေဖြင့် အန္တိမဟင်းလင်းပြင်သို့ မသွားရောက်ခင် ခေတ္တကျင့်ကြံရန်သာ လိုအပ်ခဲ့သည်။
ဤသည်က အမှန်ဟုတ်သလို မှားလည်း မှား၏။ သူက အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်မည့် နည်းလမ်းအား အမှန်တကယ်ပင် သိရှိခဲ့သည်။ ခေတ္တကျင့်ကြံရန် လိုအပ်သည်ဟူသော စကားကတော့ အမှန် မဟုတ်ချေ။
သူ့ရုပ်ခန္ဓာသည် အန္တိမဟင်းလင်းပြင်သို့ သွားရောက်နိုင်သော်လည်း ၎င်း၏စွမ်းအားကို ခံနိုင်ရည်မရှိပေ။ သူ့စွမ်းအားကို တံဆိပ်ခတ်နှိပ်ခဲ့လျှင်တောင်မှ ရုပ်ခန္ဓာကတော့ ဖျက်ဆီးခံရပေလိမ့်မည်။
သူ နားလည်ခဲ့သည့်အရာက ထိုက်စုတာအိုကို ဝါးမြိုကာ ထိုက်စုချီဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန်ပင်။
ကျင့်ကြံမည်ဆိုသည်က ဤသည်ကို ဆိုလိုခြင်း ဖြစ်သည်။
ယခုတွင် ဤရည်မှန်းချက် အောင်မြင်သွားခဲ့လေပြီ။
“ဂုဏ်ယူပါတယ် နောင်တော်ဟောင်… တာအိုရတော့မှာပဲ” ချင်မူက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ မှင်သေသေ လှမ်းပြောလိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်က လှည်းဘီးထဲရှိ ချင်မူကို ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။ “ကျေးဇူးတင်ပါတယ်… ဒီလောကမှ ငါ့ကိုနားလည်နိုင်တဲ့သူ များများစားစား မရှိပေမယ့် ညီတော်မူကတော့ နားလည်နိုင်တယ်… ကောင်းကင်နတ်အရှင်ကုန်း၊ သူ့ကို အမှောင်ထုထဲ မြှုပ်နှံလိုက်ပါတော့” ထို့နောက် သူက လှစ်ခနဲ ထွက်ခွာပျောက်ကွယ်သွားတော့သည်။