ထင်းတုတ်
Vol. 120 Ch. 1568
‘ကောင်းကင်နတ်ဧကရီ ကြည့်ရတာ အရင်တစ်ခါတုန်းကထက် ပိုရူးသွားသလိုပဲ’
ချင်မူမှာ အတော်လေး အံ့သြနေမိသည်။ ကောင်းကင်နတ်ဧကရီ၏ အခြေအနေမှာ သက်သာမလာသည့်အပြင် ပို၍ပင် ဆိုးလာသည်။ ယခင်တစ်ကြိမ်တုန်းကထက် ပိုမိုသွေးရူးသွေးတန်း ဖြစ်နေသည်။
အမှန်ပြောရလျှင် ကောင်းကင်နတ်ဧကရီကို ကောင်းကင်နတ်ဧကရီဟု ခေါ်မရနိုင်တော့သလို, ယွမ်မုဟုလည်း ခေါ်၍မရနိုင်တော့ပေ။ ထိုအစား အဆုံးသတ်မြို့ပျက်နတ်ဘုရားမဟုသာ ခေါ်သင့်၏။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကား ဖြတ်လမ်းနည်းဖြင့် အချိန်တိုအတွင်း အောင်မြင်နိုင်လိုခဲ့သည်။ သူတို့က ကောင်းကင်နတ်ဧကရီနှင့် ယွမ်မုကို အတင်းအကြပ် ပေါင်းစည်းခဲ့ကြသောကြောင့် သူတို့၏အသိစိတ်အလျဉ်များက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြပြီး အချင်းချင်း မဖျက်ဆီးနိုင်ခဲ့ကြပေ။ ဤသို့ဖြင့် တစ်ကိုယ်တည်း ဖြစ်သွားပြီး ပြိုင်တူတည်ရှိနေရသော ဆန်းကြယ်အခြေအနေသို့ အကြောင်းမလှစွာ ရောက်ခဲ့ကြရသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးအနေဖြင့် သူတို့မောင်နှမနှစ်ယောက် အောင်အောင်မြင်မြင် ပေါင်းစည်း၍ တာအိုရနိုင်မည့် နည်းလမ်းကို ရှာဖွေလိုခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင်တော့ တာအိုရထားသည့် နတ်ဘုရားမ တဖြစ်လဲ ထူးဆန်းသော ဖြစ်တည်မှုတစ်ခုကို ဖန်တီးခဲ့မိ၏။
အဆုံးသတ်မြို့ပျက်နတ်ဘုရားမတွင် အကျင့်စရိုက်နှစ်ခု ရှိနေသည်။ တစ်ခုက သူ့ကိုယ်သူ ကောင်းကင်နတ်ဧကရီဟု ထင်နေပြီး ကျန်တစ်ခုကတော့ ယွမ်မုဟု ထင်နေသည်။ အမှန်တကယ်တွင် သူတို့နှစ်ယောက်လုံးမှာ အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြသည်။ သူမသည် ရူးသွပ်သည့်အထိ နှိပ်စက်ခံခဲ့ရ၍သာ ဤအချက်ကို သဘောမပေါက်ခြင်း ဖြစ်လေသည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်တို့ကား အမြွှာဟု ဆိုသော်ငြား တစ်ဘဝလုံး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေခဲ့ကြသည်။ အမြွှာကြာပန်းပွင့်အဖြစ် တည်ရှိခဲ့ခြင်းက အဆင်ပြေခဲ့သော်လည်း တူညီသော ခန္ဓာကိုယ်တစ်ခုထဲတွင် တစ်ပြိုင်နက်တည်း တည်ရှိနေရခြင်းက လွယ်ကူသည့်အရာတော့ မဟုတ်ပေ။
ဗွမ်း… ရေသံက နားစည်ပင် ကြိမ်းသွားစေသည်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းတို့မှာ ယိုတုမြစ်ရေလှိုင်းတို့၏ ပုတ်ခတ်မှုကြောင့် အသူရာချောက်နက် အက်ကွဲကြောင်းကြီးမှတစ်ဆင့် အဆုံးသတ်မြို့ပျက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြတော့သည်။
အဆုံးသတ်မြို့ပျက်၏ ကောင်းကင်ထက်တွင် သေဆုံးနေသော ကြယ်တာရာများနှင့် ကြယ်အစုအဝေးများက နေရာယူထားကြသည်။ ဧရာမဂြိုဟ်ကြီးများက အပိုင်းပိုင်း ကွဲထွက်နေပြီး သူတို့၏ဦးခေါင်းထက်တွင် မြောလွင့်နေကြ၏။ ကြယ်တာရာများ အမှောင်ထုထဲ ကျရောက်သွားကြသည့်အခါ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းတန်းများ မကြာခဏ ထွက်ပေါ်လာတတ်သည်။
ဤနေရာသို့ မြောလွင့်လာပြီး အသူရာချောက်နက် အမှောင်ထု၏ ဖမ်းယူဝါးမြိုခြင်း ခံရသောကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည့် ကောင်းကင်ဘုံများပင် ရှိကြ၏။
ယိုတုမြစ်သည်လည်း အမှောင်ထု၏ ဆွဲငင်မှုကြောင့် ဤစကြ၀ဠာ၏ နားလည်မရနိုင်သော အက်ကွဲကြောင်းကြီးထဲ စီးဆင်းနေတော့သည်။
ချင်မူက တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲမှ ခေါင်းပြူထွက်လာပြီး မျက်ဝန်းများ တောက်ပသွားသည်။ အဆုံးသတ်မြို့ပျက်သည် သူ ယခင် ရောက်လာခဲ့တုန်းကအချိန်ထက် ပြီးပြည့်စုံနေပြီး မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိနေသယောင်ပင်။
သူ ယခင်တစ်ခေါက် ရောက်ရှိလာခဲ့တုန်းက ကောင်းကင်နတ်မြစ်က ကမ္ဘာဦးဘုံ၏ အရှေ့ပင်လယ်ထဲသို့ စီးဆင်းနေခဲ့၏။ ထိုအစား အရှေ့ပင်လယ်ရေတို့ကသာ အမှောင်ထုထဲ စီးဆင်းနေခဲ့ကြသည်။
ယခုတွင် ကောင်းကင်နတ်မြစ်မှာ မူလလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိသွားပြီး ယိုတုကို ဖြတ်သန်းကာ ယိုတုမြစ်ထဲသို့ စီးဆင်းနေ၏။ ထို့ကြောင့် စကြဝဠာကြီးမှာ ယခင်မူလအသွင်အပြင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က ကြယ်တာရာများနှင့် ကောင်းကင်ဘုံအစိတ်အပိုင်းများကို ဝါးမြိုကာ အလင်းတန်းများ ထုတ်လွှတ်လိုက်၏။
ဤသည်ကား အဆုံးသတ်မြို့ပျက်ရေလှိုင်း ဖြစ်သည်။ ယခင်တစ်ကြိမ် လာရောက်ခဲ့တုန်းက ချင်မူတွေ့ကြုံခဲ့ရသော အရာဖြစ်၏။
သို့သော် ယိုတုမြစ်ပါ ဝင်ရောက်စီးဆင်းနေသည့်အတွက် အဆုံးသတ်မြို့ပျက်ရေလှိုင်းက ပို၍ပင် ပြင်းထန်ခမ်းနားစွာ ထွက်ပေါ်နေလေသည်။ အလင်းတန်းများက ကျယ်ပြန့်ခမ်းနားပြီး အလင်းတန်းနှင့် အရိပ်တို့ဖြင့် ဖွဲ့တည်ထားသော နောက်ထပ်ကောင်းကင်နတ်မြစ်တစ်စင်းက ဟင်းလင်းပြင်ထဲသို့ စီးဆင်းနေသယောင်ပင်။ ၎င်း မည်သည့်နေရာသို့ စီးဆင်းနေသည်ကိုတော့ မည်သူမှ မသိကြပေ။
သို့သော် ယိုတုမြစ်သည် အမှောင်ထုထဲ ဆက်လက်စီးဆင်းနေပြီး အဆုံးသတ်မြို့ပျက်ရေလှိုင်းနှင့်အတူ ထွက်ပေါ်မလာချေ။
ဧရာမပန်းပွင့်ကြီးနှစ်ပွင့်က တစ်ပွင့်ကိုတစ်ပွင့် လိမ်ပတ်လျက် ချောက်နက်ထဲမှ ထွက်ပေါ်လာသည်။ ယိုတုမြစ်က အမြွှာကြာပန်းပွင့်နှစ်ပွင့်အား ရစ်ပတ်ကာ အသူရာချောက်နက် အမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာအထိ စီးဆင်းနေ၏။
အမြွှာကြာပန်းပွင့်ကား နူးညံ့လှပသည်။ ဤသို့ ခက်ထန်ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင်ပင်လျှင် ၎င်းတို့သည် လှပနေသေး၏။
“ကောင်းကင်နတ်အရှင်ကုန်း၊ ထူးဆန်းတယ် မထင်ဘူးလား”
ချင်မူက ဧရာမပန်းပွင့်ကြီးနှစ်ပွင့်ကို ငေးကြည့်နေရင်း ရုတ်တရက် ထပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေမှာ ဥက မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရား၊ တာအိုက မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရား၊ ယဇ်ပူဇော်မှုက မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရား၊ ကောင်းကင်နဲ့ မြေကြီးက မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေ ဆိုပြီး ရှိတယ်… တာအိုက မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေမှာတော့ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်ယင်နတ်ဘုရားမနဲ့ ကောင်းကင်နတ်ဧကရီတို့ညီအစ်မ ပါတယ်”
ကောင်းကင်နတ်အရှင်ကုန်းမှာ သူ ဆိုလိုသည်ကို နားမလည်သဖြင့် တိတ်ဆိတ်စွာသာ နားထောင်နေ၏။
“ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်ယင်နတ်ဘုရားမမှာ အထွတ်အမြတ်ရတနာတွေ မရှိကြဘူး… ကောင်းကင်နတ်ဧကရီတို့ ညီအစ်မမှာပဲ အထွတ်အမြတ်ရတနာ ရှိတယ်…”
ချင်မူက တာအိုတစ်သောင်းလှည်းဘီးထဲမှ ခန္ဓာကိုယ်အပေါ်ပိုင်း ထွက်လာပြီး အမြွှာကြာပန်းပွင့်နှစ်ပွင့်ဆီသို့ လက်ညှိုးထိုးလိုက်သည်။ “အဲ့ဒီ အမြွှာကြာပန်းပွင့်နှစ်ပွင့်က သူတို့ရဲ့အထွတ်အမြတ်ရတနာပဲ…. ထိုက်ငါးပါးဖြစ်တဲ့ ထိုက်ယီကနေ ထိုက်ကျိအထိလည်း အထွတ်အမြတ်ရတနာတွေ ပိုင်ဆိုင်ထားကြတယ်”
ကောင်းကင်နတ်အရှင်ကုန်း၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး မေးလိုက်သည်။ “နင် ပြောချင်တာ ဘာအဓိပ္ပာယ်လဲ”
“ကောင်းကင်နတ်ဧကရီတို့ ညီအစ်မက တာအိုကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေ မဟုတ်ဘဲ ထိုက်ငါးပါးလို ရှေးဟောင်းနတ်ဘုရားတွေများ ဖြစ်နေတာလားလို့ပါ”
ချင်မူ့စိတ်ထဲတွင် မယုံသင်္ကာဖြစ်လာမိသည်။ “အဆုံးသတ်မြို့ပျက်ရဲ့ ပထဝီအနေအထားက တကယ်ထူးခြားတယ်… တာအိုကနေ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်ယင်နတ်ဘုရားတို့လို ရှေးဟောင်းနတ်ဘုရားတွေကို မွေးထုတ်ပေးခဲ့တယ်… အဲဒီရှေးဟောင်းနတ်ဘုရားသုံးပါးက သတ္တဝါတွေနဲ့ ဆက်နွယ်နေကြတယ်…. သူတို့ ရှိရင် သတ္တဝါတွေရှိသလို၊ သူတို့ကလည်း အဲဒါကြောင့်ပဲ မွေးဖွားလာခဲ့ကြတာ… ဒါပေမဲ့ အဆုံးသတ်မြို့ပျက်ကတော့ အဲဒီလို မဟုတ်ဘူး… ဒါဆိုရင် ဘာလို့ အဆုံးသတ်မြို့ပျက်က မွေးဖွားလာတာလဲ…ဘယ်ခေတ်မှာ မွေးဖွားလာတာလဲ”
ကောင်းကင်နတ်အရှင်ကုန်းက တာအိုတစ်သောင်း ကောင်းကငိလှည်းဘီးကို မြှောက်၍ အဆုံးသတ်မြို့ပျက်ရေလှိုင်းကို အကဲခတ်ကြည့်လိုက်သည်။ သူမက အသူရာချောက်နက်ထဲ သူ့အား ပစ်မချခင် ရေလှိုင်း ပြန်လာသည်ကို စောင့်နေခြင်း ဖြစ်၏။ “ကောင်းကင်နတ်အရှင်မူ၊ နင် သေရတော့မှာနော်… ဒီလို ထူးဆန်းတဲ့အရာတွေကို လိုက်လေ့လာချင်တဲ့စိတ်က ရှိသေးတာလား”
“မျက်လုံးနှစ်လုံး ဖွင့်ကတည်းက တာအိုကို လေ့လာပြီး သေသွားရတာ မြတ်တာပဲလေ…. ကောင်းကင်နတ်အရှင်ကုန်း ခင်ဗျားက သိချင်လိုစိတ် မပြင်းပြတဲ့အတွက် မဟာဧကရာဇ်၊ ထိုက်ချူနဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့ကို မယှဥ်နိုင်တာပဲ”
ချင်မူက ပြုံးလိုက်၏။ “ကျုပ်ကိုလည်း အဲဒါကြောင့် မယှဉ်နိုင်တာ”
ကောင်းကင်နတ်အရှင်ကုန်းက နှာခေါင်းရှုံ့လိုက်သည်။ “အရင်တုန်းက ငါတို့နှစ်ယောက် လိုက်ဖက်ညီခဲ့ကြတယ်… ငါ ဘိုးဘေးနန်းတော်ဆီက လွတ်မြောက်နိုင်ဖို့ နင့်ရဲ့ အစွမ်းကို ငှားယူခဲ့ရတဲ့အတွက် ငါ နင့်အပေါ်မှာ အကြွေးတင်ခဲ့တယ်…နောက်ပိုင်းတော့ ပြန်ဆပ်ခဲ့တယ်… နဂါးဟန်ခေတ် နှစ်ခြမ်းကွဲသွားတဲ့အချိန်မှာလည်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကိုယူဖို့ကြိုးစားနေတုန်း ငါ သေဆုံးခဲ့ရတယ်… နင်က ငါ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ငါ ပြန်ပြီး ကျေးဇူးဆပ်ခဲ့တယ်.. ကောင်းကင်နတ်အရှင်မူ၊ နင်သာ ခေါင်းမမာခဲ့ရင် ကိစ္စတွေက ဒီလိုဖြစ်လာခဲ့မှာ မဟုတ်ဘူး”
ချင်မူမှာ အတိတ်ကို ပြန်တွေးတောရင်း သက်ပြင်းချလိုက်၏။ သူက မေးသည်။ “ကုန်းယွင်၊ ကျွန်တော်သာ ခင်ဗျားရဲ့ လုပ်ရပ်တွေကို သိခဲ့ရင် ကယ်တင်ပေးခဲ့မယ် ထင်လား”
“မထင်ဘူး”
ကောင်းကင်နတ်အရှင်ကုန်းက တိကျပြတ်သားစွာ ဖြေသည်။ “ငါ အားနည်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သေအောင် ထားခဲ့မှာပဲ”
ချင်မူက မှင်သေသေ တုံ့ပြန်လိုက်၏။ “ဒါဆို ခင်ဗျားအနောက်မှာ ကောင်းကင်နတ်ဧကရီရောက်နေတယ် ဆိုတာ သတိပေးစရာ မလိုတော့ဘူးပေါ့”
ကောင်းကင်နတ်အရှင်ကုန်းမှာ ကြက်သီးမွေးညှင်း တဖြန်းဖြန်း ထသွားသည်။ သူမ ဆတ်ခနဲလှည့်ကြည့်လိုက်ရာ ကောင်းကင်နတ်ဧကရီသည် အမှန်တကယ်ပင် သူမအနောက်၌ ရပ်နေလေ၏။
ကောင်းကင်နတ်ဧကရီက နတ်အရှင်မယန်အဖြစ် လူပြန်ဝင်စားခဲ့သည်။ အမျိုးသမီးနှစ်ယောက်၏ ပုံပန်းသွင်ပြင်မှာ မတူညီခဲ့သည့်အပြင် နတ်အရှင်မယန်သည်လည်း အစကတည်းက ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် ပါဝင်ခဲ့လေရာ သူမအား သံသယဝင်သူ မရှိခဲ့ကြပေ။
ယခုတွင် သူမသည် ကောင်းကင်နတ်ဧကရီ၏ ရုပ်ရည်သွင်ပြင်အဖြစ် ပြန်လည်ပြောင်းလဲထားချေပြီ။
ဤအမျိုးသမီးက ခံစားချက်ကင်းမဲ့နေသော မျက်နှာအမူအရာဖြင့် မလှုပ်မယှက် ရပ်ကာ ကောင်းကင်နတ်အရှင်ကုန်းအား စိုက်ကြည့်နေလေသည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြော၏။ “နတ်အရှင်မယန်၊ ကျွန်မက ကောင်းကင်နတ်အရှင်ဟောင်နဲ့ ပူးပေါင်းတယ်... ရှင်က ကောင်းကင်နတ်အရှင်ရှောင်နဲ့ ပူးပေါင်းခဲ့တယ် ဆိုပေမယ့် ကျွန်မတို့အကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး… ပြောရရင် ရည်မှန်းချက်တောင် တူသေးတယ်… အသေအကြေ တိုက်ခိုက်နေကြစေရာ မလိုပါဘူးလေ … အနာဂတ်မှာ ကောင်းကင်နတ်အရှင်ဟောင်နိုင်နိုင်၊ ကောင်းကင်နတ်အရှင်ရှောင်နိုင်နိုင် ကျွန်မတို့က ကောင်းကင်နတ်အရှင်တွေ ဖြစ်နေဦးမှာပဲ မဟုတ်လား”
ကောင်းကင်နတ်ဧကရီက မည်သည့်စကားမှ ပြန်မပြောဘဲ သူမအား စိုက်ကြည့်နေဆဲပင်။
ကောင်းကင်နတ်အရှင်ကုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမသည် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသော်လည်း ဆက်ပြောလိုက်၏။ “ကမ္ဘာဦးခေတ်မှာ အငြိုးအတေ အနည်းငယ် ရှိခဲ့ပေမယ့် အဲဒါ့တွေက အတိတ်မှာ ကျန်ခဲ့ပြီမဟုတ်လား.. ပြီးခဲ့တာတွေ ပြီးပါစေတော့လေ”
ကောင်းကင်နတ်ဧကရီသည် သူမဆီမှ အကြည့်မခွာပေ။ ထိုစဉ် ကောင်းကင်နတ်ဧကရီက ရုတ်တရက် လက်မြှောက်လိုက်၏။ ကောင်းကင်နတ်အရှင်ကုန်းမှာ ကာရန် ပြင်လိုက်သော်လည်း နောက်ကျသွားလေသည်။ ကောင်းကင်နတ်ဧကရီ၏ လက်က သူမ၏ မျက်နှာအား ထိတွေ့ကြည့်နေ၏။
ကောင်းကင်နတ်အရှင်ကုန်း၏ အရေပြားများ တဆတ်ဆတ် တုန်လာပြီး သူမမှာ မလှုပ်ရှားရဲတော့ပေ။
ကောင်းကင်နတ်ဧကရီက သူမ၏ မျက်နှာကို အသာအယာ ပွတ်သပ်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ညီမတော်၊ နင် မပင်ပန်းသေးဘူးလား… ဒီမှာ ခန္ဓာကိုယ်ကောင်းကောင်းတစ်ခု ရှိနေတယ်… ဒီခန္ဓာကိုယ်ကို နင် ပြောင်းယူလိုက်လို့ရတယ်… ငါနဲ့ တိုက်ခိုက်နေစရာ မလိုဘူး”
ကောင်းကင်နတ်အရှင်ကုန်းမှာ ခေါင်းနပန်းကြီးသွာားတော့သည်။ “ခန္ဓာကိုယ်ကောင်းတစ်ခုတဲ့လား… ကျွန်မအကြောင်း ပြောနေတာလား”
အမျိုးသမီးနောက်တစ်ယောက်၏အသံက ကောင်းကင်နတ်ဧကရီ၏ ဦးခေါင်းအနောက်မှ ပျံ့လွင့်လာသည်။ ၎င်းက သခင်မယွမ်မု၏ အသံနှင့် တူပြီး တခစ်ခစ် ရယ်လိုက်သည်။ “အစ်မတော်ကို ငါက ဘယ်လိုလုပ် တိုက်ခိုက်ရဲမှာလဲ.. နင်ကသာ ငါ့ကို လိုက်ပြီး တိုက်ခိုက်နေတာလေ … တကယ်ပဲ ငါနဲ့ ခွဲချင်တာဆိုရင် ကောင်းကင်နတ်အရှင်ကုန်းကို သတ်လိုက်ပေါ့.. သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နင် နေလို့ရတာပဲဟာ”
“ပါးစပ်ပိတ်ထားစမ်း… အပျက်မ” ကောင်းကင်နတ်ဧကရီမှာ ဒေါသထွက်သွားသဖြင့် သူမ၏ နက်မှောင်နေသော ဆံနွယ်များက လေနှင့်အတူ တိုက်ခတ်မြောလွင့်နေကြသည်။
သူမ၏ ဦးခေါင်းအနောက်မှ သခင်မယွမ်မုက ခနဲ့သလို ရယ်လိုက်ရင်း တုံ့ပြန်သည်။ “ငါက အပျက်မဆိုရင် နင်ကရော ဘယ်လောက်များ သာနေလို့လဲ… နင်လည်း အပျက်မပဲ… ငါက ခဲအိုတစ်ယောက်တည်းနဲ့ပဲ အိပ်ခဲ့တာ… ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တစ်သန်းအတွင်း နင် အိပ်ခဲ့တဲ့သူတွေကို ရေတွက်လို့တောင် ရလို့လား”
သူမက ခပ်ရွဲ့ရွဲ့ ပြော၏။ “အဲဒီသူတွေကိုသာ တန်းစီခိုင်းလိုက်ရင် တောင်ကောင်းကင်မုခ်၀ကနေ မြောက်ကောင်းကင်မုခ်၀အထိ ရောက်လောက်တယ်… ဟုတ်တယ်မလား”
“ခွေးမ”
“နင်ကသာ ခွေးမ”
ကောင်းကင်နတ်အရှင်ကုန်း၏ နှလုံးသားမှာ အေးခဲသွားတော့သည်။ သူမက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သော်လည်း အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က စောင့်ကြိုနေ၏။
ကောင်းကင်နတ်ဧကရီ မည်သို့ဖြစ်သွားခဲ့မှန်း သူမ မသိသော်လည်း အတော်လေး အခြေအနေဆိုးနေသည်။ သူမကိုယ်တိုင်၏ အခြေအနေကတော့ ပို၍ပင် ဆိုးရွားသေးသည်။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့က တစ်ခဏကြာ ငြင်းခုန်နေကြပြီးနောက် ပြန်လည်ငြိမ်ကျသွားပြန်သည်။ ကောင်းကင်နတ်ဧကရီက ခေါင်းငုံ့လိုက်ရာ ဆံနွယ်တို့က သူမ၏မျက်နှာကို ဖုံးအုပ်သွား၏။ မည်သူမှ သူမ၏မျက်နှာကို မမြင်ရတော့ပေ။
အမျိုးသမီးနှစ်ယောက်၏ အသံက သူမ၏ပါးစပ်မှ ထွက်ပေါ်လာနေ၏။ သူတို့ထဲမှာ တစ်ယောက်က ခပ်ဟဟ ရယ်လိုက်ရင်း ပြောသည်။ “ငါတို့ညီအစ်မနှစ်ယောက် နှစ်တွေအကြာကြီး တိုက်ခိုက်လာခဲ့ကြတာ… မပင်ပန်းသေးဘူးလား… အဲလိုဆိုမှ အကျင့်မကောင်းတဲ့ ယောကျာ်းတစ်ယောက်အတွက် ဒီလောက်အကြာကြီး တိုက်ခိုက်နေရတာ ရှက်ဖို့ကောင်းတယ်နော်”
“ဟုတ်တယ်”
နောက်ထပ်အသံတစ်သံက ပြောသည်။ “အဲဒီယောက်ျားက အသက်ရှင်နေသေးတယ်… ငါတို့ကတော့ သိက္ခာကျ အရှက်ကွဲခဲ့ရတဲ့အပြင် ညီအစ်မသံယောဇဉ်လည်း ပျက်ခဲ့ရတယ်”
ကောင်းကင်နတ်ဧကရီက တဖြည်းဖြည်း မော့ကြည့်လာ၏။ ၎င်းက တူညီသောမျက်နှာ ဖြစ်သော်လည်း သူမနဖူးပေါ်ရှိ မှဲ့သည် အနက်ရောင်နှင့် အနီရောင်တို့အဖြစ် နှစ်ခြမ်းကွဲသွားချေပြီ။
ချင်မူမှာ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ ထွက်လာရင်း ဤမြင်ကွင်းကို မြင်လျှင် တုန်လှုပ်သွားတော့သည်။ သူက တိတ်ဆိတ်စွာ နောက်ဆုတ်သွားသော်လည်း လွတ်လမ်း မရှိပေ။ အနောက်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က ဆောင့်ကြိုနေသည်။
“ငါတို့က သိပ်ကို သန်မာတာပဲလေ…. တခြားလူတွေကို အားကိုးနေစရာ လိုလို့လား… ငါတို့ကိုယ်တိုင် ကောင်းကင်နတ်ဧကရာဇ်ဖြစ်လာတာ ပိုမကောင်းဘူးလား… ဘယ်ယောက်ျားကိုပဲ သဘောကျကျ ကောက်ယူလိုက်ရုံပဲ”
ကောင်းကင်နတ်ဧကရီက ပြော၏။ “နင်ပြောတာ အဓိပ္ပာယ်ရှိတယ်…မြေအောက်ဘုံအရှင်သခင်တောင် ငါတို့ကို အနိုင်မယူနိုင်တာ ... အမှိုက်ကောင် ခွေးမျိုးအတွက် တိုက်ခိုက်နေစရာ မလိုဘူး”
သူမသည် သူမကိုယ်သူမ စကားပြန်ပြောနေသည့်အလား ဖြစ်နေသဖြင့် မြင်ရသူတိုင်းအား ရူးသွပ်နေသလို ခံစားနေရစေသည်။ “ငါတို့ ကောင်းကင်နတ်အရှင်ဆယ်ပါးကို အရင်သတ်သင့်တယ်… ငါတို့အရှေ့မှာ တစ်ယောက်တောင် ရောက်နေပြီလေ”
၎င်းကို ကြားလျှင် ကောင်းကင်နတ်အရှင်ကုန်းက ချက်ချင်း လှုပ်ရှား၍ တိုက်ခိုက်လိုက်သည်။ သူမက ခက်ထန်စွာ ကြိမ်းဝါးလိုက်၏။ “နတ်အရှင်မယန်၊ နင် ရူးသွားပြီပဲ”
ဝုန်း…
ကောင်းကင်နတ်ဧကရီက လက်မြှောက်လိုက်ရာ အဆုံးသတ်မြို့ပျက်တစ်ခုလုံး တုန်လှုပ်သွား၏။ နောက်ထပ်တစ်ခဏတွင် ကောင်းကင်နတ်အရှင်ကုန်းမှာ မြေပေါ်တွင် လဲကျကာ သတိလစ်သွားတော့သည်။
သူမ၏ အရိုးအားလုံးနီးပါး ကျိုးသွားကြပြီး ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်နတ်ဘုံမှာလည်း အပြင်းအထန် ပျက်စီးသွား၏။
သို့သော် ကောင်းကင်နတ်ဧကရီဟူသည့် ထူးဆန်းသည့်အရာက သူမကို ဆက်လက်မတိုက်ခိုက်ပေ။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ကုန်းသည် ဒဏ်ရာများကို ချုပ်ကာ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းဖြင့် ကျိုးနေသောအရိုးများအား ပြန်လည်ပြုပြင်နေ၏။ သူမက သွေးအန်နေရင်းဖြင့် ကုန်းရုန်းထရပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရီသည် အဆုံးသတ်မြို့ပျက်ထဲတွင် ဧရာမမီးဖိုကြီး တည်ဆောက်နေသည်ကို တွေ့လိုက်ရ၏။ သူမက တာအိုမီးတောက်ကို တိတ်တဆိတ် အသုံးပြုလျက် မီးဖိုအား နီရဲလောင်ကျွမ်းနေစေသည်။
“ရှူးး...”
ကောင်းကင်နတ်ဧကရီက လှည့်ကြည့်လာ၍ သူမအား တိုးတိုးနေရန် လက်ဟန်ပြသည်။ ထို့နောက် ရယ်မောမောဖြင့် ပြောသည်။ “ငါ့အစ်မ အိပ်နေပြီ… အဲဒီခွေးမ နောက်ဆုံးတော့ အိပ်နေပြီ… သူ့ကို ဆေးလုံးအဖြစ် သန့်စင်မလို့ ငါ လုပ်နေတာ”
သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေပြီး ပါးစပ်မှ တတွတ်တွတ် ရေရွတ်ကာ မကောင်းမှုကျူးလွန်တော့မည့် လူဆိုးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်နတ်အရှင်ကုန်းက မီးဖိုကို ဖွဲ့တည်ထားသည့် ပစ္စည်းဆီ ကြည့်လိုက်သည်။ ၎င်းက ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းကောင်းကင်လှည်းဘီး မဟုတ်လော။
ကောင်းကင်နတ်အရှင်ဟောင်၏ အထွတ်အထိပ်ရတနာတွင် ထူးကဲသာလွန်သော စွမ်းအားများ ကိန်းဝပ်နေသည်။ ၎င်းသည် ကောင်းကင်နန်းဆောင် ၇၂ ဆောင်နှင့် ရတနာနန်းဆောင် ၁၆၀ တို့ကို ပိုင်ဆိုင်ထားလေသည်။ သို့သော် ဤအထွတ်အထိပ်ရတနာမှာ ရူးသွပ်နေသော အမျိုးသမီး၏ တစ်စစီ ဆွဲဖြဲခြင်းခံရကာ မီးဖိုအဖြစ် တည်ဆောက်ခံထားရလေသည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ ရင်တဒိန်းဒိန်းခုန်သွားပြီး ကောင်းကင်လှည်းဘီးထဲရှိ ချင်မူ့ကို ရှာလိုက်၏။ ချင်မူမှာ ဤရူးသွပ်နေသော အမျိုးသမီး၏ လက်ထဲတွင် ဆုပ်ကိုင်ခံထားရလေသည်။
သူမက သူ့ကို ထင်းသဖွယ် သုံးကာ မီးဖိုအား မီးညှိနေသည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ အံ့ဩမှင်သက်သွားသည်။ ကောင်းကင်နတ်အရှင်မူသည် အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်လော။ နှစ်ယောာက် ရင်ဆိုင်တိုက်ခိုက်လျှင်တောင်မှ ကောင်းကင်နတ်အရှင်ကုန်းအနေဖြင့် သူ့အပေါ် အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်ရှိရှိ မပြောနိုင်ပေ။
ယခုတွင် ချင်မူကား ကောင်းကင်နတ်ဧကရီ၏ ဖမ်းဆီးခြင်း ခံထားရပြီး ကျင့်စဉ်စွမ်းအင်တို့အား တာအိုမီးတောက်သဖွယ် တောက်လောင်ခံနေရသည်။
ကောင်းကင်နတ်အရှင်ကုန်း၏ နှလုံးသားထဲတွင် ဝမ်းသာမှုနှင့် အကြောက်တရားတို့က တစ်ပြိုင်နက် နေရာယူသွား၏။ “သူခိုးမူတော့ သေချာပေါက် သေပြီပဲ… ငါ သူ့ကို ချောက်နက်ထဲ ပစ်မချရင်တောင်မှ သေမှာ… ကောင်းကင်နတ်ဧကရီကလည်း ရူးသွားပြီဆိုတော့ ငါ ဒီနေရာမှာ နေလို့မဖြစ်ဘူး”
သူမ ထွက်ခွာတော့မည်အချိန်တွင် ကောင်းကင်နတ်ဧကရီကား ရုတ်တရက် မြေပေါ်လဲကျကာ အိပ်ပျော်သွားတော့သည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ ကြောင်အသွား၏။ သူမ ထွက်ခွာရန်ပြင်လိုက်သည့်အချိန် ကောင်းကင်နတ်ဧကရီက ရုတ်တရက် ထရပ်လာပြီး မျက်စိတစ်မှိတ်အတွင်း သူမအနောက်သို့ ရောက်လာသည်။ အေးစက်သော အပြုံးတစ်ခုက သူမ၏မျက်နှာထက်တွင် နေရာယူထား၏။ “အဲဒီအပျက်မ ငါ့ကို အကောက်ကြံမယ်ဆိုတာ သိသားပဲ… သူ့ကို သေတဲ့အထိ သန့်စင်ဖို့ ခက်ပေမယ့် အဲ့ဒီအပျက်မက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သခင်ဆိုတော့ ဖန်ဆင်းခြင်းတာအိုနဲ့ ပန်းပဲတာအိုမှာ ကျွမ်းကျင်တယ်…. ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကိုလည်း ထိန်းချုပ်ထားသေးတာ….သူ ဖန်ဆင်းခဲ့တဲ့ ရတနာက ငါ့ကို သန့်စင်နိုင်မယ်ဆိုရင် သူ့ကိုလည်း သန့်စင်လို့ရမှာပဲ… ဒါကြောင့် ငါ သူ့ကို အဲဒီမီးဖို တည်ဆောက်နိုင်အောင် အခွင့်အရေး တမင်ပေးလိုက်တာ… ငါ့အစီအစဉ်က တော်တယ်မလား ကောင်းကင်နတ်အရှင်ကုန်း”
ကောင်းကင်နတ်အရှင်ကုန်းက အားတင်းကာ ပြုံးပြလိုက်သည်။ “ကောင်းကင်နတ်ဧကရီက တကယ်ကို အမျှော်အမြင်ကြီးပါပေတယ်”
ကောင်းကင်နတ်ဧကရီက သူမကို ဆွဲကာ လက်ဖဝါးထဲတွင် ကိုင်လိုက်၏။ သူမက မီးဖိုဆီ သွားကာ ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ လမ်းစဉ်က မြင့်မားပေမယ့် မှော်စွမ်းအင်က အားနည်းတယ်… ငါ ဒီရတနာကို တည်ဆောက်ဖို့ နောက်ထပ်ကောင်းကင်နတ်အရှင်တစ်ယောက်ကို မီးမြှိုက်ရဦးမယ်”
အချိန်တခဏကြာပြီးနောက် ကောင်းကင်နတ်အရှင်ကုန်းနှင့် ချင်မူတို့မှာ လူသားထင်းတုတ်များသဖွယ် တဟုန်းဟုန်း တောက်လောင်နေသော တာအိုမီးတောက်များဖြင့် ၀န်းရံခံထားရ၏။ သူတို့နှစ်ယောက်မှာ မီးဖိုအောက်သို့ ရောက်နေကြလေသည်။
သူတို့နှစ်ယောက်က ကူကယ်ရာမဲ့နေသော မျက်နှာအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။
“နင်တို့ ငါ့အစ်မအပျက်မကို တွေ့မိကြသေးလား”
ရုတ်တရက် ကောင်းကင်နတ်ဧကရီ၏အသံက သခင်မယွမ်မုအသံအဖြစ် ပြောင်းလဲသွားပြီး စိတ်လှုပ်တရှား ပြောသည်။ “အဲဒီအပျက်မက ငါ့ကို ဘယ်လိုအကောက်ကြံရမလဲ တွေးနေတာပဲ ဖြစ်ရမယ်”
ချင်မူမှာ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်တော့သည်။ “သခင်မယွမ်မု၊ တော်ပါတော့ဗျာ…”