← Chapters

ဘဝပြန်ဝင်စားခြင်းတာအို

Vol. 120 Ch. 1569

ဘဝပြန်ဝင်စားခြင်းတာအို

Vol. 120 Ch. 1569

ကောင်းကင်နတ်ဧကရီက နူးညံ့ညင်သာစွာ ပြော၏။ “စိတ်မပူပါနဲ့ ချင်…. ငါ့ညီမက သေသွားတဲ့အခါ … နင်လည်း သူရဲကောင်းဆန်ဆန် သေဆုံးရမှာပါ… နင့် သေဆုံးခြင်းက တန်ဖိုး ရှိပါတယ်”

ချင်မူမှာ အစွမ်းကုန် ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ချေ။

အတိတ်တုန်းကသာဆိုလျှင် ချင်မူအနေဖြင့် ကောင်းကင်နတ်ဧကရီ သို့မဟုတ် သခင်မယွမ်မုဆီမှ မည်သည့်ကောင်းကင်နတ်သိုင်းဖြစ်စေ ကြောက်ရွံ့နေမည်မဟုတ်ပေ။ သို့သော် ထိုအမျိုးသမီးနှစ်ယောက် ပေါင်းစည်းသွားပြီးနောက်ပိုင်း သူတို့၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် အလွန်တရာ ထူးဆန်းကာ ကြောက်စရာကောင်းလာခဲ့သည်။ သူပင်လျှင် ၎င်းတို့ကို မချိုးဖျက်နိုင်ပေ။

အရာအားလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားများ အပြင် အရာအားလုံးကို ပျိုးထောင်ပေးနိုင်သည့် စွမ်းအားလည်း ကိန်းဝပ်ပေါင်းစည်းသွားသည့်အခါ ချင်မူ့ကို ဆွဲငင်နေသည့် မဟာတာအို ဖြစ်လာကာ သူ၏မဟာတာအိုကိုပင် အထိန်းအကွပ်မဲ့လာစေသည်။ သူ၏မဟာတာအိုမှာ တာအိုမီးတောက်အဖြ စ်ပြောင်းလဲ၍ လောင်ကျွမ်းနေရတော့သည်။

သူ သိမြင်နားလည်ထားသည့် ထိုက်ငါးပါးမဟာတာအိုတို့ပင်လျှင် ကောင်းကင်နတ်ဧကရီကြောင့် လောင်ကျွမ်းနေကြသည်။

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ၏ တာအိုလမ်းစဉ် တာအိုမီးတောက်အဖြစ် ပြောင်းလဲနေခြင်းအား မရပ်တန့်နိုင်ခြင်းပင်။

“သခင်မယွမ်မု၊ ကျွန်တော် ကောင်းကင်နတ်ဧကရီကို သန့်စင်လို့ရအောင် ကူညီပေးနိုင်တယ်”

ချင်မူ့အကြည့်များက လင်းလက်တောက်ပနေသည်။ “ကျွန်တော်တို့ကို ဒီမီးဖိုအတွက် မီးမြှိုက်လိုက်တာနဲ့ပဲ သူ့ကိုသေတဲ့အထိ သန့်စင်နိုင်မယ်ထင်နေတာလား… ခင်ဗျားက တုံးအလွန်းတယ်… သူ့ကို သန့်စင်နိုင်မယ့် နည်းလမ်း လုံးဝမရှိဘူး… သူ့ရဲ့စိတ်နဲ့ အသိစိတ်အလျဉ်တို့က ခင်ဗျားနဲ့ လုံးဝပေါင်းစည်းနေတာ… ဘယ်ရတနာမှ သူ့ကို ခင်ဗျားဆီကနေ ခွဲမထုတ်နိုင်ဘူး… ခင်ဗျားရဲ့ ဖန်ဆင်းခြင်းလမ်းစဉ် စွမ်းရည်က ကျွန်တော့်အောက် အများကြီးနိမ့်ကျတယ်”

ကောင်းကင်နတ်ဧကရီက မျက်လုံးဝေ့လိုက်ပြီး တခစ်ခစ် ရယ်လိုက်သည်။ “ကောင်လေး၊ နင်က ကြွားလုံးထုတ်တာတောင် ဟိတ်ဟန်နဲ့ပဲနော်… ငါတောင် ရင်ထဲ ထိသွားတယ်… နင် သေသွားရင် နင့်ကို မကြာခဏ ကန်တော့ပွဲ ပေးဦးမှပဲ”

ချင်မူမှာ စိတ်ထဲတွင် ခါးသီးစွာ အော်ဟစ်လိုက်မိသည်။ ဤရူးသွပ်နေသောအမျိုးသမီးကို ဖြောင်းဖျ၍မရသလို အပေးအယူလုပ်၍လည်း စိတ်မပြောင်းနိုင်ပေ။

“ကောင်းကင်နတ်ဧကရီ၊ ရှင် ကျွန်မကို သတ်ရင် ကောင်းကင်နတ်အရှင်ဟောင်ကို စော်ကားလိုက်တာနဲ့ အတူတူပဲ”

ကောင်းကင်နတ်အရှင်ကုန်းမှာလည်း အံတင်းတင်းကြိတ်ကာ နာကျင်ခံစားနေရသည်။ “ကောင်းကင်နတ်အရှင်ဟောင်က ရှင့်ကို လွှတ်ထားပေးမယ် ထင်လို့လား”

“ငါ့ကို လွှတ်ထားမှာတဲ့လား”

ကောင်းကင်နတ်ဧကရီက တခစ်ခစ် ရယ်လိုက်ပြန်၏။ “သူက ငါ့သားလေ… နင့်အတွက်နဲ့ ငါ့ကို သတ်မယ်တဲ့လား”

ကောင်းကင်နတ်အရှင်ကုန်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး မည်သည်မှ မပြောနိုင်တော့ပေ။

ချင်မူမှာ သူ၏ခန္ဓာကိုယ်ထဲရှိ မဟာတာအိုလောင်ကျွမ်းနေသည်ကို ခံစားနေရသဖြင့် စိတ်ရှုပ်ထွေးဒေါသထွက်စွာ ပြောလိုက်သည်။ “သခင်မယွမ်မု၊ ကျွန်တော် ဘဝပြန်ဝင်စားခြင်းတာအိုနဲ့ ဖန်ဆင်းခြင်းတာအိုကို သုံးပြီးတော့ ကောင်းကင်နတ်ဧကရီကို ကူညီသန့်စင်ပေးနိုင်တယ်… ကျွန်တော် သေသွားရင်တော့ လုပ်ပေးနိုင်မှာမဟုတ်ဘူးပေါ့”

ရုတ်တရက် ကောင်းကင်နတ်ဧကရီ၏ မျက်နှာအမူအရာက ပျက်ယွင်းသွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို သတ်နိုင်တယ် ပြောလိုက်တာလား”

ချင်မူက မျက်တောင်ပုတ်ခက်ပုတ်ခတ်ဖြင့် ဂရုတစိုက်မေးလိုက်၏။ “ကောင်းကင်နတ်ဧကရီလား”

“ငါပဲ”

ကောင်းကင်နတ်ဧကရီက အံတင်းတင်းကြိတ်ကာ နှာခေါင်းရှုံ့လိုက်သည်။ “အပျက်မက ငါ သတိမထားမိတာကို အခွင့်ကောင်းယူပြီးတော့ ငါ့ရဲ့ အတွေးတွေနဲ့ အသိစိတ်အလျဉ်ကို ဖိနှိပ်ထားခဲ့တာ… ငါ့ကို လှည့်စားပြီး ရတနာအဖြစ် သန့်စင်ပြီး သတ်နိုင်မယ် ထင်နေတာပေါ့လေ… ငါ့ကို သိပ်အထင်သေးနေတာပဲ… ငါ သူ့အသိစိတ်အလျဥ်ကို ဖိနှိပ်ပြီး အိပ်ပျော်အောင် လုပ်လိုက်ပြီ… မဟုတ်ရင် နင်တို့သစ္စာဖောက်တွေရဲ့ အကြံအစည် အောင်မြင်သွားတော့မှာလေ.. နင် ဘယ်လိုများ အဲ့ဒီအပျက်မနဲ့ ပူးပေါင်းနိုင်ရတာလဲ”

ချင်မူက ချက်ချင်း ပြုံးလိုက်၏။ “ကောင်းကင်နတ်ဧကရီ ကျွန်တော်က သခင်မယွမ်မုနဲ့ ပူးပေါင်းချင်တာမဟုတ်ပါဘူး… ကျွန်တော့်အတွက် ကောင်းကင်နတ်ဧကရီနဲ့ ပူးပေါင်းတာက အကောင်းဆုံးပါပဲ.. အဲ့ဒီမိန်းမပျက်ယွမ်မုက စိတ်ငြိမ်တာမဟုတ်…”

“ချင်… နင် ဘာပြောလိုက်တာလဲ” ကောင်းကင်နတ်ဧကရီ၏ အကြည့်များက ပိုးသားကဲ့သို့ နူးညံ့လာပြီး သူမက ပြုံးလိုက်သည်။

ချင်မူ့မျက်နှာမှာ မီးသွေးတုံးကဲ့သို့ မည်း‌မှောင်သွားတော့သည်။ သူ့မှာ ခွန်အားကင်းမဲ့သွားပြီး မည်သည်မှ မလုပ်နိုင်တော့သည်ကိုသာ ခံစားနေရ၏။

ရူးနေသူတစ်ယောက်နှင့် စကားပြောရခြင်းက သူ၏ ဉာဏ်နီဉာဏ်နက်များကို ထုတ်မသုံးနိုင် ဖြစ်နေစေသည်။

ကောင်းကင်နတ်ဧကရီ၏ မျက်နှာပေါ်ရှိ ညှို့ငင်ချော့မြူနေသော အမူအရာ ပျောက်ကွယ်သွားပြီး အေးစက်မာကြောသော မျက်နှာအမူအရာအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ “အဲ့ဒီအပျက်မက ထွက်လာပြန်ပြီ… ဒါပေမဲ့ နင်လုပ်ချင်တာကို လုပ်ခွင့်ပေးရမှာတဲ့လား… ကောင်းကင်နတ်အရှင်နှစ်ပါးကို မီးရှို့ပြီး ဒီအထွတ်အထိပ်ရတနာကို သန့်စင်နိုင်ရင် အဲ့ဒီအပျက်မကိုလည်း ပြာကျတဲ့အထိ သန့်စင်နိုင်မှာပဲ”

ကောင်းကင်နတ်အရှင်ဟောင်မှာ နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ချားနေမိသည်။ ချင်မူပင်လျှင် ကူကယ်ရာမဲ့စွာဖြင့် ဘာမှမတတ်နိုင်ကြောင်း သူမ မြင်နေရ၏။

ချင်မူသည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သည်။ မည်သည့်အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရပါစေ သေလုဆဲဆဲဖြစ်နေလျှင်တောင်မှ ထင်မထားသော အကြံဉာဏ်များဖြင့် အသက်ဘေးမှ လွတ်မြောက်တတ်ပေသည်။

ယခုတွင်တော့ ကောင်းကင်နတ်ဧကရီမှာ ရူးနေသဖြင့် မည်သို့နည်းနှင့်မှ ဖြောင်းဖျ၍မရနိုင်ပေ။

ကောင်းကင်နတ်အရှင်ကုန်းသည်လည်း သူမ၏ မဟာတာအို စီးဆင်းလောင်ကျွမ်းနေသည်ကို ခံစားနေရ၍ စိတ်ဓာတ်ကျသွား၏။ ‘ကမ္ဘာဦးခေတ်ကနေ အခုအချိန်အထိ မရေမတွက်နိုင်တဲ့ ကပ်ဘေးတွေ အခက်အခဲဒုက္ခတွေ ကြုံပြီးတဲ့နောက် အရူးတစ်ယောက်လက်ထဲမှာ သေရလိမ့်မယ် ထင်မထားခဲ့ဘူး…’

ရုတ်တရက် ချင်မူက ကြည်လင်ပြတ်သားစွာ ထပြော၏။ “တဏှာရမ္မက်နှင့် ကံအကုသိုလ်တို့သည် ဒုဂ္ဂတိအပါယ်သုံးပါး၊ သံသရာခြောက်ဘုံ၌ ကျရောက်လျက်၊ ဆင်းရဲဒုက္ခအဖုံဖုံကို ခံစားကြရ၏။ သတ္တဝါအားလုံးတို့သည် ဤသံသရာဝယ် လည်ပတ်ကုန်ကြရ၏”

ကောင်းကင်နတ်အရှင်ကုန်းမှာ အနည်းငယ် ကြောင်အသွားသည်။ သို့သော် ချင်မူသည် ဘဝပြန်ဝင်စားခြင်းတာအိုအကြောင်း ဖော်ပြထားသည့် ကျမ်းစာအား ရွတ်ဆိုနေမှန်း သတိထားမိလိုက်၏။ ကျမ်းစာ၏ ကျင့်စဉ်များ၊ လမ်းစဉ်များမှာ ကျယ်ပြောနက်နဲပြီး ဘဝပြန်ဝင်စားခြင်းလမ်းစဉ်၏ လျှို့ဝှက်ချက်များကို ရှင်းပြထားလေသည်။

ဤလောကတွင် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ဟူ၍ မရှိခဲ့ပေ။ ၎င်းကို ကောင်းကင်ယင်သားတော်မှ ဖန်တီးခဲ့ခြင်းဖြစ်၏။ သို့သော် သူ၏ပါရမီနှင့် သိမြင်နားလည်မှုတို့၏ အကန့်အသတ်ကြောင့် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သည့်တိုင် ပြီးပြည့်စုံအောင် မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် နာမည်မကြီးခဲ့ချေ။

သို့သော် ချင်မူရွတ်ဆိုနေသည့် ဘဝပြန်ဝင်စားခြင်းတာအိုကျမ်းစာမှာတော့ ကောင်းကင်ယင်သားတော်၏ လမ်းစဉ်ထက် များစွာနက်နဲနေသည်။ သူမပင်လျှင် အံ့ဩငေးမောစွာဖြင့် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်နေမိသည်။

အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဧကရီက အာရုံစိုက်၍ နားထောင်နေသည်။ ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းတို့၏ ခန္ဓာကိုယ်အပေါ်ရှိ မီးတောက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ကောင်းကင်နတ်ဧကရီသည် နားထောင်သင်ယူနေပြီး တစ်ချိန်တည်းမှာပင် ကျင့်ကြံနေသည်မှာ သိသာ၏။ ရုတ်တရက် သူတို့၏ မဟာတာအိုများက တာအိုမီးတောက်အဖြစ် ပြောင်းလဲသွားကြသည်။

ချင်မူ ဆက်လက်ရွတ်ဆိုနေသည်နှင့်အမျှ ကျမ်းစာသည် ပိုပို၍ နက်နဲကျယ်ပြန့်လာကြ၏။ သူက ဘဝပြန်ဝင်စားခြင်းနှင့် ဘဝပြန်ဝင်စားခြင်းကြောင့် ကံကြမ္မာပြောင်းလဲမှုများကို ရှင်းပြနေသည်။ ဘဝပြန်ဝင်စားခြင်းတွင် ကပ်ဆိုးများ ချေဖျက်တတ်ရန်၊ မူလနှလုံးသားကို ထိန်းသိမ်း၍ ဇာတ်မြစ်အား ကာကွယ်နိုင်တတ်ရန်နှင့် စိတ်နှလုံးမိစ္ဆာများ ကျူးကျော်မခံရအောင် ခုခံတတ်ရန် ရှင်းပြနေ၏။

ကောင်းကင်နတ်အရှင်ကုန်းမှာ သူ၏ရွတ်ဆိုသံအကြားတွင် နစ်မြောနေပြီး ချီးကျူးလိုက်မိသည်။ ‘’ကောင်းကင်နတ်အရှင်မူက တကယ်ကို အံ့မခန်းပုဂ္ဂိုလ်ပဲ…. သူ့ရဲ့ဘဝပြန်ဝင်စားခြင်း မဟာတာအိုက ဗုဒ္ဓလမ်းစဉ် မဟာဗုဒ္ဓရဲ့ အနန္တကပ်ဘေးကျမ်းစာနဲ့ ပေါင်းစည်းနေတယ်… ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်ဝင်စားခြင်းတာအိုထက် အများကြီးနက်နဲတယ်… သူ့ ဘဝပြန်ဝင်စားခြင်းတာအိုကြောင့် ကောင်းကင်ယင်သားတော် မေ့လဲသွားတာ အံ့သြစရာမရှိဘူး”

ကောင်းကင်နတ်ဧကရီသည် သူမထက်ပို၍ အာရုံစူးစိုက်နားထောင်နေ၏။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ဆက်လက်လောင်ကျွမ်းနေသေးသော်လည်း တဖြည်းဖြည်း ပြင်းအား‌လျော့ကျလာခဲ့သည်။

ချင်မူ ရွတ်ဆိုနေသည့် ဘဝပြန်ဝင်စားခြင်းတာအိုမှာ ကောင်းကင်နတ်ဧကရီ၏ လက်ရှိအခြေအနေကို ဖြေရှင်းပေးနိုင်ခြင်းကြောင့် အာရုံစိုက်မိနေခြင်းပင်။ ထို့ကြောင့် သူတို့အား တိုက်ခိုက်နေသည်ကို ရပ်တန့်၍ ကျမ်းစာအပေါ်တွင်သာ အာရုံစိုက်နေစေ၏။

သို့သော် ချင်မူက ကျမ်းစာများကို နားလည်ရခက်အောင် တမင်တကာ ရွတ်ဖတ်နေခြင်းဖြင့် သူမအာရုံအား ပိုမိုဆွဲဆောင်ထားသည်။

ချင်မူ ရွတ်ဖတ်၍ ကျမ်းစာက ပိုမိုနက်နဲလာလေလေ သူတို့ကို ဆုပ်ကိုင်ထားသော ကောင်းကင်နတ်ဧကရီ၏ လက်က ပြေလျော့လာလေလေ ဖြစ်သည်။

ချင်မူ့မျက်ဝန်းများက လင်းလက်တောက်ပနေပြီး ကျမ်းစာကို မရပ်မနား ရွတ်ဆိုနေသည်။ သို့သော် တိတ်ဆိတ်စွာ ခြေလှမ်းလှမ်း၍ မီးဖိုထဲမှာ ထွက်ခွာနေလေသည်။

၎င်းကို မြင်လျှင် ကောင်းကင်နတ်အရှင်ကုန်း၏ နှလုံးသားမှာ အနည်းငယ်လှုပ်ရှားသွားသည်။ ‘ကောင်းကင်နတ်အရှင်မူက တကယ်ကို ထွက်ပြေးတဲ့နေရာမှာ ဆရာတစ်ဆူပဲ… သေရမှာ သေချာတဲ့ ဒီအခြေအနေကတောင် လွတ်မြောက်နိုင်မယ့် နည်းလမ်းရှာနိုင်တယ်’

သူမကလည်း ခြေထောက်ကို တိတ်ဆိတ်စွာ လှမ်းလိုက်သည်။

သူမက ခြေထောက်မြှောက်လိုက်သည့်အချိန်တွင် ကောင်းကင်နတ်ဧကရီ၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားချေပြီ။ အရှိန်အဝါနှစ်ခုက ကောင်းကင်ပေါ်သို့ မြင့်တက်ကာ တစ်ခုကိုတစ်ခု ဝင်တိုက်သွားကြသည်။

ကောင်းကင်နတ်အရှင်ကုန်းမှာ အံ့ဩမှင်သက်သွားပြီး တုံ့ခနဲ ရပ်တန့်လိုက်သည်။ ကောင်းကင်နတ်ဧကရီ၏ အရှိန်အဝါနှစ်ခုသည် တစ်ခုကိုတစ်ခုရစ်ပတ်၍ တိုက်ခိုက်နေသည့်အား တွေ့မြင်နေလေသည်။ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့သည် ဘဝပြန်ဝင်စားခြင်းတာအိုအား အသုံးပြု၍ ကျန်တစ်ယောက်ကို သန့်စင်နိုင်ရန် တာအိုအား တစ်ပြိုင်နက် အသက်သွင်းလိုက်ကြခြင်းပင်။

ကောင်းကင်နတ်အရှင်ကုန်းက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သော်လည်း ချင်မူမှာ အဝေးသို့ ရောက်သွားလေပြီ။ သူမက ချင်မူ့နောက်သို့ အမြန်လိုက်သွားကာ အသိစိတ်အလျဉ်အား ဖြန့်ကျက်ရင်း တိုက်ခိုက်လိုက်သည်။

ချင်မူမှာ ဒေါသထွက်လာပြီး ရွတ်ဆိုနေခြင်း ရပ်တန့်လိုက်သည်။ သူက သည်းခံလိုက်ပြီး ခပ်တိုးတိုး ပြော၏။ “ကုန်းယွင်၊ ခင်ဗျား သေချင်နေတာလား.. သူသာ သတိထားမိသွားရင် ကျွန်တော်တို့ နှစ်ယောက်လုံး ဘယ်သူမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ကုန်းက သူ့ကို တရစပ် တိုက်ခိုက်ရင်း အေးစက်စွာ တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်ဟောင်က နင့်ကို ချောက်နက်ထဲ ပစ်ချဖို့ ငါ့ကို တာဝန်ပေးခဲ့တယ်… နင် လွတ်သွားရင် ငါ သေလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ဒီနေ့ နင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ ရောက်ကို ရောက်ရမယ်’’

သူမ၏အသိစိတ်အလျဉ်မှာ အားကောင်းသည့်အလျောက် သူမ၏တိုက်ကွက်များက အလွန်တရာ လျင်မြန်သည်။ ချင်မူ့အသိစိတ်အလျဉ်မှာလည်း မြင့်မားသည်တိုင်အောင် သူမအောက်တော့ နိမ့်ကျနေသေးသဖြင့် သူမ၏အသိစိတ်အလျဉ် သူ့ခန္ဓာကိုယ်ထဲ မဝင်ရောက်အောင် ခုခံနေရ၏။ ၎င်းက သူ့ကို မသေစေနိုင်သော်လည်း အကြီးအကျယ် ဒုက္ခရောက်စေနိုင်သည်။

ချင်မူက သူမ၏တိုက်ကွက်ကို ခုခံရင်း ဓားထုတ်လိုက်သည်။ ကပ်ဘေးဓား ထွက်ပေါ်လာသည်နှင့် ‌ဓားတာအို၏ ဆယ့်သုံးဘုံမြောက် ကောင်းကင်ဘုံ ‌ကပ်ဘေးဖျက်ဓားကလည်း ထွက်ပေါ်လာ၏။

ဓားရောင်က ကောင်းကင်နတ်အရှင်ကုန်း၏ လည်ပင်းကို ဖြတ်သွားပြီး သွေးရောင်အလင်းတန်း ဖြာထွက်သွားသည်။

ကောင်းကင်နတ်အရှင်ကုန်းက ဘေးသို့ ကပ်ကာ ရှောင်တိမ်းလိုက်သည်။ သူမ၏ခန္ဓာကိုယ်က တစ်ပတ်လည်သွားပြီး ကြာပွတ်ရှည်တစ်ချောင်း ထွက်လာသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ကို ဝှစ်ခနဲ ရစ်ပတ်သွားသည်။

ချင်မူက အခြေအနေကို အခွင့်ကောင်းယူ၍ သူမရှေ့သို့ ရောက်လာသည်။ သူက သိုင်းလမ်းစဉ် မဟာကောင်းကင်နတ်သိုင်းကို ထုတ်ဖော်ကာ ချိမင်နတ်ဘုရား၏သေဆုံးခြင်းသိုင်းကွက်အား အသက်သွင်းလျက် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ကောင်းကင်နတ်အရှင်ကုန်းက လက်မြှောက်၍ ကာလိုက်သည့်အခါ ကောင်းကင်နန်းဆောင်များသည် သူမဦးခေါင်းအနောက်တွင် ပေါ်လာကာ သူမ၏ချီစွမ်းအင်ကို မြှင့်တင်ပေးလျက် သိုင်းလမ်းစဉ်ကောင်းကင်နတ်သိုင်းကို ခုခံနိုင်စေသည်။ သူမက ‌မှော်စွမ်းအင်ဖြင့် သူ့အား ဖိနှိပ်တော့သည်။

သူတို့နှစ်ယောက် ထိတွေ့သွားသည်နှင့် သူတို့၏ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ရီသွားပြီး နောက်သို့ ယိုင်ထွက်သွားကြသည်။

ဝုန်း…

အသူရာချောက်နက်ထဲရှိ အလင်းရောင်လှိုင်းတို့က ထောက်တိုင်ကြီးပမာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး အဆုံးသတ်မြို့ပျက်ရေလှိုင်းတို့က ပေါက်ကွဲထွက်လာသည်။ ၎င်းတို့က သူတို့နှစ်ယောက်ကို ဖြတ်သွားရာ သူတို့၏ခန္ဓာကိုယ်များ ချက်ချင်း သွေးတို့ဖြင့် နီရဲသွားကြသည်။

အသူရာချောက်နက်ထဲမှ အမြွှာကြာပန်းပွင့်နှစ်ပွင့်က အင်မတန်လှပစွာဖြင့် အလင်းရောင်လှိုင်းများနှင့်အတူ မြောက်တက်လာကြချေပြီ။

ကောင်းကင်နတ်အရှင်ကုန်း၏ ဦးခေါင်းထက်တွင် ကောင်းကင်နန်းဆောင်က စစ်ခရာအသွင်သဏ္ဍာန် ပြောင်းလဲသွားပြီး သူမ၏ချီနှင့်သွေးတို့က တဟုန်ထိုး မြင့်တက်သွားသည်။ သူမက ကြာပွတ်ကို လှံသဖွယ် သုံးကာ ထိုးစိုက်လိုက်သည်။ ချင်မူက လက်နှစ်ဖက် ယှက်၍ ထိုက်ကျိစက်၀န်းအား ပုံဖော်လိုက်၏။ လှံရှည်က ၎င်းကို ထိုးစိုက်သွားပြီး ကောင်းကင်နတ်အရှင်ကုန်းကား အဆုံးသတ်မြို့ပျက်၏ အလင်းရောင်းလှိုင်းများထဲသို့ သူ့အား တွန်းပို့နေတော့သည်။

ချင်မူက ခပ်သွက်သွက် နောက်ဆုတ်လိုက်ရာ နောက်တခဏတွင် ကြာပန်းပွင့်အပေါ် ရောက်သွား၏။ မည်သည့်လှိုင်းမှ ရှိမနေပေ။

ကောင်းကင်နတ်အရှင်ကုန်းက မျက်မှောင်ကြုတ်ကာ ရပ်လိုက်သည်။

ချင်မူက သူမအား အလင်းရောင်လှိုင်းများကို ဖြတ်၍ ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။ “ကုန်းယွင်၊ ခင်ဗျားအနောက်မှာ ကောင်းကင်နတ်ဧကရီ”

ကောင်းကင်နတ်အရှင်ကုန်းမှာ ကြက်သီးမွှေးညှင်း ထသွားပြီး အမြွှာကြာပန်းပွင့်များအပေါ် ခုန်တက်လိုက်မိသည်။

သူမက အလင်းရောင်လှိုင်းများကို အတင်းအကြပ် ဖြတ်သန်းလာသဖြင့် သူမ၏ခန္ဓာကိုယ်တွင် ချက်ချင်းဆိုသလို ဒဏ်ရာများ ပြည့်နှက်သွားတော့၏။ အလောတကြီး ပြန်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဧကရီသည် မူလနေရာတွင်သာ ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ သူမက ရူးသွပ်နေသောပုံစံဖြင့် တစ်စုံတစ်ခုကို တတွတ်တွတ် ရွတ်နေ၏။ အနောက်တွင် ရှိနေခဲ့ခြင်း မဟုတ်ပေ။

'ငါ ထောင်ချောက်မိသွားတာပဲ’

သူမ ထိုသို့တွေးလိုက်မိသည့်အချိန်တွင် ဓားရောင်က သူမ၏ရင်ဘတ်ကို ထိုးစိုက်၍ ကျောမှ ဖောက်ထွက်သွားကာ သူမအား အရှိန်သေသွားစေသည်။

ချင်မူက ဓားဖြင့် ထိုးစိုက်နိုင်သည်နှင့် ချက်ချင်းပင် တိုက်ကွက်အား ပြောင်းလဲကာ သူမကို ချောက်နက်ထဲ တွန်းချရန် ပြင်လိုက်၏။ ထိုစဉ် ကြာပွတ်ကြီးတစ်လက် ထွက်ပေါ်လာပြီး ချင်မူ့ကို ချုပ်နှောင်လိုက်သည်။ ချင်မူက ခြေထောက်တွင် အားထည့်၍ ဟန်ချက်ထိန်းထား၏။ နောက်တစ်ခဏတွင် ကောင်းကင်နတ်အရှင်ကုန်းမှာ ကြာပန်းအပေါ်သို့ ရောက်လာချေပြီ။

ချင်မူက ခြေထောက်ကို မြှောက်ကာ အားဖြင့် ဆောင့်ချလိုက်၏။ သူ၏ကောင်းကင်ရတနာနယ်ပယ် ပေါ်လွင်လာပြီး ကောင်းကင်နန်းဆောင်များက သူ၏ဦးခေါင်းနောက်တွင် မြောလွင့်လျက် ဧရာမကောင်းကင်နတ်ဘုံတစ်ခုကို ဖွဲ့တည်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပလ္လင်ခန်းမ ၅၈ ဆောင် ပေါ်လာပြီး သူ၏ကောင်းကင်နတ်ဘုံကို အတူတကွ ကာကွယ်လိုက်ကြ၏။

ကောင်းကင်နတ်အရှင်ကုန်း၏ မျက်လုံးထောင့်များ လှုပ်ခတ်သွားပြီး ချင်မူ့ကို ရစ်ပတ်ထားသည့် ကြာပွတ်မှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားကြောင့် တွန်းထုတ်ခြင်း ခံလိုက်ရသည်။ ၎င်းက သူ့ကို ချုပ်မထားနိုင်တော့ပေ။

“ကုန်းယွင်”

ချင်မူက သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လက်ဆန့်တန်းလိုက်သည်။ ကပ်ဘေးဓားက သူ၏လက်ထဲသို့ ပြန်လည်ပျံသန်းလာပြီး သူက မှင်သေသေ မေးလိုက်လေသည်။ “ကျွန်တော်ရဲ့ ပလ္လင်ခန်းမ ၅၈ ဆောင်က ဘယ်လိုနေလဲ”

ကောင်းကင်နတ်အရှင်ကုန်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ “နင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးကို အသေးစိတ် လေ့လာခဲ့တာလား”

“အဲ့ဒါတင် မဟုတ်ဘူး … ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကောင်းကင်နန်းဆောင်အမျိုးမျိုးကိုလည်း လေ့လာခဲ့သေးတယ်”

ချင်မူက ပြုံးလိုက်၏။ “ဒီရက်တွေအတွင်း တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှာ လျှောက်သွားနေခဲ့ပြီးတော့ သူ့တစ်သက်လုံး လေ့လာခဲ့တဲ့အရာတွေနဲ့ သင်္ကေတတွေကို လိုက်ကြည့်နေခဲ့တာ….” သူက မှင်သေသေ ဆက်ပြောသည်။ “အဲဒီနောက်တော့ အကြိမ်ကြိမ် စဉ်းစားပြီး သူ့ရဲ့ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို အဖြေထုတ်ခဲ့တယ်… သူ သိတဲ့အရာမှန်သမျှ ကျွန်တော်လည်း သိနေပြီ”

သူက ကပ်ဘေးဓားကို လှုပ်ခါလိုက်ရင်း အေးအေးလူလူ ပြောသည်။ “အမှန်ပြောရရင် ခင်ဗျား ကောင်းကင်နတ်ဘုံမှာ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တုန်းက ခင်ဗျားရဲ့ကောင်းကင်နတ်သိုင်းတွေနဲ့ တာအိုကျင့်စဉ်တွေကိုလည်း အကြမ်းဖျင်း နားလည်ခဲ့သေးတယ်… ခင်ဗျား လုပ်နိုင်တာကို…”

သူက နှာခေါင်းရှုံ့သည်။ “ကျွန်တော်လည်း လုပ်နိုင်တယ်… အချိန်တစ်ခု ကြာပြီးရင် ကျွန်တော်ကတောင် ပိုထူးချွန်ပြီး ခင်ဗျားထက် တာအိုအဆင့် မြင့်နေလောက်မှာ”

ကောင်းကင်နတ်အရှင်ကုန်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ “ဒါပေမဲ့ နင့်ရဲ့ သိုင်းအဆင့်က မလုံလောက်သေးဘူးလေ… နင့်အတွက် ကောင်းကင်နတ်အရှင်တစ်ပါးကို တိုက်ခိုက်ဖို့ ခက်တယ်”

“ဒါဆို ကြိုးစားကြည့်တာပေါ့” ချင်မူက ပြုံးလိုက်၏။

အပြင်တွင် အဆုံးသတ်မြို့ပျက်ရေလှိုင်းများမှာ ပိုမိုလှိုင်းထန်နေပြီး အလင်းရောင်များကလည်း မျက်စိကျိန်းမတတ် ထွန်းလင်းတောက်ပနေကြလေသည်။

All Chapters