← Chapters

အခြေချခြင်း

Vol. 017 Ch. 1659

အခြေချခြင်း

Vol. 017 Ch. 1659

အရာအားလုံး ဖြေရှင်းပြီးနောက် ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။ “အရှင်ထိုက်ရွှမ် ကျွန်တော် အခု ထျန်းရှန်ကျောင်းတော်ကို တိုက်ရိုက်သွားလိုက်တော့မယ်။”

ရီဖူရှင်းက မည်သည့် ကျေးဇူးတင်စကားမှ မဆိုခဲ့ပေ။ အရှင်ထိုက်ရွှမ် သူ့အတွက် လုပ်ပေးခဲ့သည့် အရာများက ကျေးဇူးတင်စကားနှင့် ဖော်ပြရုံဖြင့် လုံလောက်မည် မဟုတ်ပေ။

အရှင်ထိုက်ရွှမ် အဆင့်တက်စဥ်အခါက သူသည် သူ၏ ကောင်းကင်လမ်းစဥ်က ချို့ယွင်းချက် ရှိသည်ကို ပြောဖူးသည်။ ရီဖူရှင်း ထိုနေ့က မျှော်လင့်မိသည်မှာ သူက အရှင်ထိုက်ရွှမ် နောက်လာမည့် အဆင့်တက်ခြင်းကို ကူညီထောက်ပံ့ပေးနိုင်စွမ်း ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။

“အင်း၊ ထျန်းရှန်ကျောင်းတော်က စီနီယာတွေ မင်းကို ခေါ်သွားပေးမှာမို့ ငါ လိုက်မပို့တော့ဘူး။” အရှင်ထိုက်ရွှမ်က အပြုံးနှင့် ပြောလိုက်သည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည် သိုလှောင်လက်စွပ်ကို ထုတ်ကာ အရှင်ထိုက်ရွှမ်ထံ ကမ်းပေးရင်း ပြောလိုက်၏။ “ကျွန်တော် ဒီဟာကို ထိုက်ရွှမ်တောင်အတွက် ပြင်ဆင်ထားတယ်။ တေးသံသာအင်ပါယာနဲ့ အိမ်တော်သခင်အတွက် အကျိုးအမြတ်လည်း ပါပါတယ်။”

“ဒီကောင်စုတ်လေး တကယ်ရိုးသားသားပဲ။” သူ့ဘေးမှ ဧကရီယန်က အပြုံးနှင့် ပြောလိုက်သည်။ “မင်းကို ထိုက်ရွှမ်တောင်ဆီ ခေါ်ခဲ့တာ အချည်းနှီးမဖြစ်ခဲ့ဘူး။”

“ကောင်းပါပြီ။ ဒါကို ယူထားလိုက်မယ်။” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းသည် ရတနာသိုက်မှ အဖိုးတန် ဝိညာဥ်လက်နက်များ ရရှိခဲ့သည်ဟု ပြောသည့်အတွက် အရှင်ထိုက်ရွှမ်သည် ရီဖူရှင်းဆီမှ လက်ဆောင်ကို လက်ခံရသည့်အခါ ယဥ်ကျေးနေရန် မလိုအပ်တော့ပေ။ အရှင်ထိုက်ရွှမ်၏ တပည့်လေးယောက်သည် ထိုဝိညာဥ်လက်နက်များမှ အမှန်တကယ် အကျိုးဖြစ်ထွန်းနိုင်သည်။ ရီဖူရှင်းက အရှင်ထိုက်ရွှမ်အား ရိုးသားစွာဖြင့် သိုလှောင်လက်စွပ်ကို ပေးလေရာ လက်ဆောင်ကို ငြင်းပယ်မတန်ကောင်းရာပေ။

“ဆရာဘိုးဘိုး၊ ဘယ်လို ဝိညာဥ်လက်နက်မျိုး လိုချင်ပါသလဲ။” ရီဖူရှင်းက သူ့ဘေးမှ ထျန်းဟယ်မဟာအကြီးအကဲကို အသံပို့လွှတ်၍ မေးလိုက်သည်။ ရီဖူရှင်းသည် ဆရာဘိုးဘိုးနှင့် မည်သည့် ဝိညာဥ်လက်နက်မျိုးက သင့်တော်သည်ကို မသိခဲ့သောကြောင့် မေးလိုက်ခြင်း ဖြစ်သည်။

“ဘာမှမလိုပါဘူး။” ထျန်းဟယ်မဟာအကြီးအကဲက စိတ်ချင်းဆက်သွယ်၍ ပြန်ဖြေလိုက်၏။ သူက ပြောလိုက်သည်။ “ထျန်းရှန်ကျောင်းတော်မှာ ကြိုးကြိုးစားစား လေ့ကျင့်။”

ရီဖူရှင်း၏ ချဥ်းကပ်မှုက အလွန် ပါးနပ်သည်။ သူက ထျန်းရှန်ကျောင်းတော်သို့ ဝင်ရောက်သွားပြီးသည့်အခါ အချိန်တစ်ခုထိ လုံခြုံသွားမည် ဖြစ်သည်။ ထျန်းဟယ်ဘုံ၌ နေခြင်းထက် ပို၍ လုံခြုံနိုင်သည်။

ရှန်းကလန်က တစ်ခုခု ရှာတွေ့လျှင်ပင် သူတို့သည် ရီဖူရှင်း ထျန်းရှန်ကျောင်းတော်၌ ရှိနေစဥ် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

“ဆရာဘိုးဘိုး..” ရီဖူရှင်းက တစ်ခုခု ပြောချင်နေသေးပုံရသည်။

“အချိန်ကြာကြာကျင့်ကြံပြီး အဆင့်ကို ခိုင်မာအောင် လုပ်” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို မှာကြားလိုက်သည်။ ထို့နောက် သူက အရှင်ထိုက်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။ “သွားကြစို့။”

“ကောင်းပြီ” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည်။ သူက ထိုက်ရွှမ်တောင်မှ တန်ခိုးရှင်များကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ပြန်ကြရအောင်။”

တေးသံသာအင်ပါယာ၊ ဧကရီယန်နှင့် ထိုက်ရွှမ်တောင်မှ တပည့်များက ရီဖူရှင်းကို တစ်ချက်လှမ်းကြည့်လိုက်ကြသည်။ ဧကရီယန်က ပြုံး၍ ပြောလိုက်၏။ “မင်း ထိုက်ရွှမ်တောင် ပြန်လာမှာကို စောင့်နေမယ်။”

သူမက ထိုသို့ပြောပြီးနောက် လက်ပြနှုတ်ဆက်၍ ထွက်ခွာသွားကြတော့သည်။

ဤသည်မှာ ဗဟိုအင်ပါယာဘုံဖြစ်သည်။ သူတို့သည် အထက်ကောင်းကင်ဘုံသို့ ပြန်ကြရပေမည်။

ပျက်စီးခြင်းမြို့တော်တွင် လူများသည် အဆက်မပြတ် ကောင်းကင်သို့ ပျံတက်ကာ ထွက်ခွာသွားကြသည်။

သို့သော် အခြားဘုံများမှ ထိပ်သီးအင်အားစုများမှ သူတို့၏ ထူးချွန်သော ဂျူနီယာလေးများကို ချန်ထားရစ်ခဲ့ကာ ရန်ဟောင်အချို့ကိုလည်း အစောင့်အကြပ်အနေနှင့် ထားခဲ့ပေသည်။ သူတို့သည် ဂျူနီယာလေးများကို ထျန်းရှန်ကျောင်းတော်၌ ကျင့်ကြံကြစေရန် ရည်ရွယ်ပေသည်။

အင်ပါယာနန်နှင့် ဧကရီလော့တို့သည်လည်း ကောင်းကင်ရှိ သူတို့၏ ရထားလုံးပေါ် တက်လိုက်ကြသည်။

“စီနီယာ၊ ဝိညာဥ်လက်နက်ကို ဘယ်လိုလုပ်မှာလဲ။” ရီဖူရှင်းက အင်ပါယာနန်ကို စိတ်ချင်းဆက်သွယ်ကာ အော်မေးလိုက်သည်။

“လော့ရှန်းက မကြာခင် ထျန်းရှန်ကျောင်းတော်ကို လာလိမ့်မယ်။ အဲဒီကျမှ မင်း သူမကို ပေးလိုက်” အင်ပါယာနန်က ပြန်ဖြေလိုက်၏။ သူ၏ ရထားလုံးက လေဟာနယ်ကို ဖြတ်ကာ ထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

ရီဖူရှင်းက ကျန်နေသည့် လူများကို ကြည့်လိုက်ပြီး တစ်ယောက်ချင်းစီကို သူ၏ စကားသံ ပို့ဆောင်လိုက်သည်။ လူတိုင်းက ထျန်းရှန်ကျောင်းတော်ကို သွားမည်ဖြစ်ရာ သူတို့ ထျန်းရှန်ကျောင်းတော် ရောက်မှ ဝိညာဥ်လက်နက်များအား လက်လွှဲပေးခြင်းက သူ့အတွက် ပိုလွယ်ကူပေသည်။

သူသည် အခြားသူများအား ဝိညာဥ်လက်နက်ပေးလိုက်ရသည့်အတွက် နှမြောတွန့်တိုခြင်း နောင်တရခြင်း မရှိပေ။ ယခုအချိန်၌ သူ့တွင် အပေါများဆုံးမှာ ဝိညာဥ်လက်နက်များ ဖြစ်ကာ အနည်းငယ် ထုတ်ပေးလိုက်ရခြင်းကို စနိုးစနောင့်ဖြစ်နေမည် မဟုတ်ပေ။ ဤအင်အားစုများ ပို၍ သန်မာလာခြင်းက ရီဖူရှင်းအတွက် အကျိုးကျေးဇူး ရလာနိုင်ပေသည်။ ဆန့်ကျင်ဘက်အနေနှင့် အစောပိုင်းက သူ၏ ဝိညာဥ်လက်နက်များကို လုယူရန် ရည်ရွယ်နေသော လူများသည် သူ၏ သဘောထားကြီးမှုကို သိသွားသည့်အခါ ခံရခက်စွာ ခံစားကြရမည် ဖြစ်သည်။

“သွားကြရအောင်။” ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။

“စီနီယာ့ သဘောအတိုင်းပါပဲ။” ရီဖူရှင်းက ဦးညွှတ်ကာ ပြောလိုက်သည်။ ထို့နောက် လူစုက ခြေလှမ်းလိုက်ကြပြီး လေထဲသို့ ဦးတည်လိုက်ကြသည်။

ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုအမျိုးမျိုးသည် ထျန်းရှန်ကျောင်းတော်သို့ ထွက်ခွာသွားကြသည်။ အနာဂတ်၌ သူတို့က မည်သည်တို့ ရရှိတိုးတက်လာမည်ကို မည်သူက သိရှိမည်နည်း။

“ပြန်သွားကြရအောင်” အမျိုးမျိုးသော အင်အားစုများမှ တန်ခိုးရှင်များသည်လည်း သူတို့၏ ကိုယ်ပိုင်ဘုံများသို့ ပြန်သွားကြလေသည်။ သိပ်မကြာခင်မှာပင် ပျက်စီးခြင်းမြို့တော်မှ တန်ခိုးရှင်အားလုံး ထွက်ခွာသွားကြ၏။ သူတို့ ပျက်စီးခြင်းနယ်မြေမှ ပြန်သွားပြီးနောက်၌ ယခင်က ဖြစ်ပျက်ခဲ့သမျှအားလုံးက အိပ်မက်ပမာ ဖြစ်သွားခဲ့ပေသည်။

...

ထျန်းရှန်ကျောင်းတော်သည် ဗဟိုအင်ပါယာဘုံ တုန်းရှန်းပြည်နယ် အရှေ့ဘက်ဒေသတွင် အခမ်းနားဆုံး တည်ရှိနေသည်။

တုန်းရှန်းပြည်နယ်တွင် ထည်ဝါသည့် မြို့အများအ​ပြားနှင့် သန်းချီသည့် မြို့သူမြို့သားများ ရှိသည်။ ရေတွက်မနိုင်အောင် များပြားသည့် တန်ခိုးရှင်များနှင့် အလွန် ကျော်ကြားသည့် ရှေးဟောင်းကလန်များ လွှမ်းမိုးနိုင်သော အင်အားစုများ ရှိသည်။ ယင်းတို့သည် ဗဟိုအင်ပါယာဘုံ၏ အထင်ရှားဆုံး ဒေသများထဲမှ တစ်ခု ဖြစ်စေရန် လုပ်ဆောင်နေသည်။

ပြောကြသည်မှာ ဤနေရာသည် ဗဟိုအင်ပါယာဘုံမှ အထင်ရှားအကျော်ကြားဆုံး နေရာတစ်ခု ဖြစ်ရုံမျှမကပေ။ မဟာလမ်းစဥ်ဘုံထောင်၌လည်း အစွမ်းထက်ဆုံး ဒေသတစ်ခုအဖြစ် ဆုံးဖြတ်နိုင်သည်။

ဤနေရာ၌ မဟာလမ်းစဥ် ဘုံသုံးထောင်တွင် အထွတ်အထိပ်နေရာထိ ရောက်အောင် ကျင့်ကြံနိုင်သော တန်ခိုးရှင် အကျော်အမော်များလည်း စုစည်းနေကြသည်။

မဟာလမ်းစဥ်ဘုံထောင်မှ အထင်ရှားဆုံး ကျောင်းတော်သည် ဗဟိုအင်ပါယာဘုံ တုန်းရှန်းပြည်နယ်၌ တည်ရှိသည့် ထျန်းရှန်ကျောင်းတော်ပင် ဖြစ်သည်။ ထျန်းရှန်ကျောင်းတော်သည် ခမ်းနားလှသည့် မြို့များဖြင့် ဝန်းရံခံထားရသည်။

ထျန်းရှန်ကျောင်းတော်သည် အလွန် ကြီးမားပြီး မြို့တစ်မြို့ဟုပင် သတ်မှတ်၍ ရနိုင်သည်။ ၎င်းသည် မိုင်ပေါင်းများစွာ ကျယ်ဝန်း၍ အဆုံးကို မမြင်နိုင်ချေ။

ယခုတွင် ရီဖူရှင်း၏ အဖွဲ့က မြို့ပေါ်သို့ ဖြတ်သန်းသွားနေသည်။ သူက အောက်ဘက်သို့ တစ်ချက်ကြည့်လိုက်သည အောက်ဘက်ရှိ မြို့တွင် ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်။

'ဒါက ထျန်းရှန်ကျောင်းတော် ​အပြင်စည်းတပည့်တွေ ကျင့်ကြံတဲ့နေရာပဲ။ တခြားအင်အားစုတွေက တန်ခိုးရှင်တွေလည်း ရှိတယ်။ ဒီနေရာက အပြင်လူတွေအတွက် ကန့်သတ်ထားတာမျိုး မရှိဘူး။ ဘယ်သူမဆို ဝင်လာလို့ရတယ်။” ရီဖူရှင်း၏ ဘေးမှ ကျန်ချင်းကျူက ရှင်းပြလိုက်သည်။ သူတို့လူစုသည် ဤနေရာသို့ အတူတကွ လာခဲ့ကြသည့်အတွက် လမ်းတလျှောက်တွင် အချင်းချင်း သိကျွမ်းသွားကြပြီ ဖြစ်သည်။

ကျန်ချင်းကျူသည် သူကဲ့သို့ပင် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖန်တီးနိုင်ပြီး အမွေအနှစ် တံခါးကို ဖွင့်လှစ်နိုင်ခဲ့သည့် ဤတန်ခိုးရှင်အကြောင်း အတော်လေး သိချင်နေသည်။ သူသည် ရီဖူရှင်းကို မလိုမုန်းထားပြုရန် အလွန် ပျင်းရိပေသည်။ ကျန်ချင်းကျူက မိမိကိုယ်ကိုယ် ယုံကြည်ချက် အလွန် မြင့်မားသည့်သူ ဖြစ်သည်။ သူက ရီဖူရှင်းနှင့် အခြားထူးချွန်သည့် သူများက ထျန်းရှန်ကျောင်းတော်သို့ ကျင့်ကြံရန် လာခဲ့ခြင်းအတွက် အလွန် ပျော်ရွှင်နေသည်။

ထိပ်သီးပုဂ္ဂိုလ်အများအပြားနှင့် အတူ ကျင့်ကြံရသည်မှာ ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည် မဟုတ်ပါလား။

“ထျန်းရှန်ကျောင်းတော်မှာ အပြင်စည်းတပည့်တွေ အများကြီး ရှိတာလား။” ရီဖူရှင်းက မေးလိုက်သည်။

“အများကြီးပဲ။” ကျန်ချင်းကျူက ခေါင်းညိတ်လိုက်သည်။ သူက ဆက်ပြောလိုက်၏။ “ဒီလောကကြီးထဲ နေရာအနှံ့က လူတွေ ထျန်းရှန်ကျောင်းတော်ကို လာပြီး လမ်းစဥ် လာရှာဖွေကြတယ်လေ။

အရမ်း ထူးချွန်တဲ့သူတွေကလွဲရင် အများစုက အပြင်စည်းတပည့်တွေအနေနဲ့ စတင် ကျင့်ကြံရတယ်။ သူတို့က တစ်ဆင့်ချင်း ကျင့်ကြံကြရပြီး တကယ့်ကို အရည်အချင်း ရှိတဲ့သူတွေကသာ  နောက်ဆုံးရွေးချယ်မှုကို ကျော်ဖြတ်ပြီး ကျောင်းတော်ကို ဝင်ရောက်နိုင်ကြတယ်။”

“ပြီးတော့ လမ်းစဥ်ရှာဖွေဖို့ လာတဲ့လူတိုင်းက မတူတဲ့ အဆင့်တွေမှာ ရှိကြတယ်။ သူတို့ထဲက တချို့ဆို အရမ်းငယ်လွန်းပြီး ကျင့်ကြံဆင့်က အတော်နိမ့်တယ်။ ဒါပေမယ့် ထူးချွန်တဲ့ အရည်အချင်းရှိသူတွေက အပြင်စည်းတပည့်အဖြစ် ခေါ်ဆောင်ခံရတယ်။ သူတို့ ကြီးလာတဲ့အခါ နောက်ဆုံး ထျန်းရှန်ကျောင်းတော်သားတွေ ဖြစ်လာနိုင်တယ်။ လမ်းစဥ် ဆရာတွေကလည်း တကယ်တော့ ထျန်းရှန်ကျောင်းတော်က တန်ခိုးရှင်တွေပါပဲ။ ဥပမာအနေနဲ့ ကျုပ်က အခု ရန်ဟောင်ဖြစ်လာပြီဆိုတော့ ဒီမှာ သင်ကြားပေးလို့ရပြီလေ။”

“နားလည်ပြီ” ရီဖူရှင်းက သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ ကျန်ချင်းကျူ၏ အပြောအရ အပြင်စည်းတပည့်များက ထျန်းရှန်ကျောင်းတော်သားများဟု ထည့်တွက်၍ မရနိုင်ပေ။ အပြင်စည်းတပည့်များ၏ တည်ရှိမှုမှာ လမ်းစဥ်ပညာရပ်များကို သင်ယူလိုသူတို့အား ထျန်းရှန်ကျောင်းတော်က အသိပညာ ဖြန့်ဝေပေးလိုသည့်အတွက် ထိုသို့ အမည်တပ်ပေးထားခြင်း ဖြစ်သည်။  ထျန်းရှန်ကျောင်းတော်သည် နောက်ပိုင်းရောက်သည့်အခါ ထိုအပြင်စည်းတပည့်များမှ သူတို့၏ တရားဝင်တပည့်များကို ရွေးချယ်လိမ့်မည် ဖြစ်သည်။

လူအများသည် ဤသို့ဖြင့် ကျင့်ကြံရေးကို လုပ်ဆောင်ကြသည်။ နတ်ဘုရားနန်းတော်သာ်လည်း ထိုနည်းလမ်းမျိုး ကျင့်သုံးပေမယ့် အသေးစိတ်အချက်များက ကွဲပြားမှုရှိပေသည်။

“ကျုပ်တို့ ရောက်ပြီ” ကျန်ချင်းကျူက သူတို့၏ အရှေ့ကို ကြည့်ကာ ပြောလိုက်သည်။

ရီဖူရှင်းက အရှေ့ကို ကြည့်လိုက်သည်။ သူက မြေပြင်မှ ကောင်းကင်သို့ ဆက်သွယ်တည်ရှိနေသည့် ပေ ထောင်သောင်းချီ မြင့်မားသော ကောင်းကင်လှေကားကို မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ၎င်းက ကောင်းကင်ထက် တိမ်တိုက်များကြားသို့ ရောက်ရှိနေပုံရသည်။ သူသည် ကောင်းကင်၌ တံခါးတစ်ခုကို ခပ်ရေးရေး မြင်နိုင်ပေသည်။

အောက်ဘက်၌ လူအများက ကောင်းကင်သို့ မော့ကြည့်နေကြသည်။

“အစ်ကိုကျန် နတ်ဘုရားအမွေအနှစ်နယ်မြေက ပြန်လာပြီ။ သူ ဘာတွေ ကြုံခဲ့ရလဲ သိချင်မိတယ်။ သူက လမ်းစဥ်ကို ဖော်ဆောင်ပြီး ရန်ဟောင်အဆင့် ရောက်သွားပြီလို့ ထင်တယ်။” တစ်ယောက်က ပြောလိုက်သည်။ လူအများက အားကျစွာ ကြည့်လိုက်ကြသည်။ သူတို့သည် လေထဲမှ ဖြတ်သန်းလာသည့် ကျန်ချင်းကျူနှင့် အခြားသူများကို ကြည့်နေကြသည်။ ကျန်ချင်းကျူတို့အဖွဲ့က ကောင်းကင်လှေကားထက်သို့ တိုက်ရိုက်ဆင်းသက်လိုက်သည်။ သူတို့သည် ကောင်းကင်တံခါးရှေ့၌ ရပ်နေကြသည်။

ထျန်းရှန်ကျောင်းတော်။ ရီဖူရှင်းသည် ပေတစ်သောင်းမြင့်မားသော လှေကားတွင် ရပ်နေခဲ့သည်။ တံခါးတွင် အလွန် အားကောင်းသည့် လေဟာနယ်လမ်းစဥ်စွမ်းအားတို့ ပါဝင်နေသည်။ တံခါးပေါ်တွင် မဟာလမ်းစဥ် စွမ်းအင်လမ်းကြောင်းလေးများ ရှိနေပြီး ဝင်္ကပါအစီအရင်တစ်ခု ဖြစ်ပေါ်နေသည်။ ထျန်းရှန်ကျောင်းတော် တန်ခိုးရှင်များ ရောက်ရှိလာသည့်အခါ တံခါးမှ စွမ်းအင်လမ်းကြောင်းများက အဆက်မပြတ် ပြောင်းလဲလာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်များက တံခါးမှ တိုက်ရိုက်ဝင်ရောက်သွားတော့သည်။

ရီဖူရှင်းသည်လည်း သူတို့နောက်မှ လိုက်ပါလာပြီး သူသည် ဝင်ပေါက်၏ အခြားတစ်ဖက်မှ လောကကို ချက်ချင်း ခံစားမိလိုက်သည်။

တံခါး၏ အထဲနှင့် အပြင်မှာ လုံးဝကွဲပြားသည့် လေထု ရှိနေသည်။ ဝင်ပေါက်အတွင်းတွင် အလွန် ပေါများကြွယ်ဝသည့် ဝိညာဥ်ချီများ ရှိနေသည်။ အသက် တစ်ချက်ရှုလိုက်ရုံဖြင့် မဟာလမ်းစဥ် အရှိန်အဝါနှင့် အဆုံးမဲ့ ဝိညာဥ်ချီများကို ခံစားမိပေသည်။

မြူများလည်း ဆိုင်းနေကာ ယင်းတို့အလယ်တွင် မြင့်မားသည့် တောင်တို့က မားမတ်စွာ တည်ရှိနေပြီး ဒဏ္ဍာရီနတ်ဘုံတစ်ခုအလား ထင်မှတ်ရသည်။

လူစုက ရှေ့သို့ ဆက်လက်သွားနေသည်။ ရီဖူရှင်းသည် ထျန်းရှန်ကျောင်းတော်က ကိုယ်ပိုင်နိုင်ငံတစ်ခုနှင့်တူကြောင်း တွေ့ရှိခဲ့ရသည်။ ဤနေရာ၌ ကျောင်းဆောင် အများအပြားရှိသည်။ ၎င်းတို့အားလုံးတွင် ထျန်းရှန်ကျောင်းတော်သားများ လေ့ကျင့်နိုင်ရန် နေရာများ ရှိ၏။ ကျင့်ကြံရန် သင့်တော်သည့် နေရာမှာ များပြားလှသည်။

“မင်းတို့ ကျင့်ကြံဖို့ နေရာရွေးလို့ရအောင် တစ်ယောက်ကို လိုက်ပြပေးဖို့ တာဝန်ပေးလိုက်မယ်။ မင်းတို့အားလုံး အဲဒီမှာ အာရုံစိုက်ကျင့်ကြံနိုင်တယ်။ ထျန်းရှန်ကျောင်းတော်မှ အကြီးအကဲက ရီဖူရှင်းနှင့် အခြားသူများကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စီနီယာရဲ့ ဖိတ်ကြားချက်ကို ငြင်းပယ်ရပါလိမ့်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။ “ကျွန်တော်က ထျန်းရှန်ကျောင်းတော်က တပည့်တစ်ဦးမဟုတ်ပါဘူး။ အဲဒါကြောင့် ထျန်းရှန်ကျောင်းတော်မှာ ကျွန်တော့အတွက် ကျင့်ကြံမြေတစ်ခု ပိုင်ဆိုင်ရတာ သိပ်ပြီး မသင့်တော်ဘူး။ ကျွန်တော် အပြင်မှာပဲ ကျင့်ကြံပါ့မယ်။ ကျွန်တော့အတွက် ထျန်းရှန်ကျောင်းတော်ရဲ့ ပညာရပ် စာပေတွေကို လေ့လာခွင့်နဲ့ ကျောင်းတော်ထဲကို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မယ့် ခွင့်ပြုချက်လေးပဲ စီနီယာ့ဆီက လိုအပ်ပါတယ်။”

သူက ပြဿနာတချို့ ရှိလိမ့်မည်ဟု ခံစားရသည့်အတွက် ဤနေရာ၌ မကျင့်ကြံလိုပေ။ ဤနေရာမှ လူများသည် ကျောင်းတော်၏ အဓိကပုဂ္ဂိုလ်များ ဖြစ်ကြသည်။ နေရာအနှံ့တွင် အားကောင်းလှသော တန်ခိုးရှင်များ ရှိသည်။ ထို့ကြောင့် သူ မည်သည့်အရာကို လုပ်ဆောင်ပါစေ အဆင်မပြေ ဖြစ်စေပေလိမ့်မည်။ သူက ထျန်းရှန်ကျောင်းတော်သို့ မဝင်ရောက်ရသေးသည့် အတွက်ကြောင့် အတွင်းထဲ၌ ကျင့်ကြံခြင်းက မဆီလျော်လှပေ။

“ကျွန်တော်တို့လည်း အဲဒီလိုပဲ လုပ်မှာပါ။” အခြားသော အင်အားစုများမှ တန်ခိုးရှင်များကလည်း ပြောလိုက်သည်။

“ကောင်းပါပြီ။ မင်းတို့ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ မင်းတို့အားလုံး ထျန်းရှန်ကျောင်းတော်ကို အချိန်မရွေးဝင်ထွက်သွားလာနိုင်ပါတယ်။” ထျန်းရှန်ကျောင်းတော် အကြီးအကဲက ပြန်ပြောလိုက်သည်။ သူက သူတို့ကို ခေါ်ဆောင်ကာ ရှေ့သို့ ဆက်လက် လျှောက်သွားခဲ့သည်။ ရှေးဟောင်းနန်းတော်အောက်ဘက်တွင် တန်ခိုးရှင်များ၏ စွမ်းအားများက သူတို့ကို လွှမ်းခြုံလာသည်။ တချို့က ပြုံးကာ ပြောလိုက်ကြပြီး သူတို့၏ အသံက လေဟာနယ်ကို ဖြတ်ခွင်းထွက်ပေါ်လာသည်။ “ဂုဏ်ပြုပါတယ် ညီလေးကျန်”

“ညီငယ်လေးကျန်က လမ်းစဥ်ကို ဖော်ဆောင်နိုင်သွားပြီပဲ။” ထို့နောက် အချို့က ပြောလိုက်ကြသည်။ သူတို့ထံ ပျံသန်းလာနေသည့် အချို့ပင် ရှိနေသည်။

သိပ်မကြာခင်မှာပင် ရှေးဟောင်းနန်းတော်များမှ တစ်နေရာသို့ သူတို့အဖွဲ့ ရောက်ရှိလာသည်။ လူအများက သူတို့ကို ဖြတ်လျှောက်သွားကြသည်။ ဤနေရာရှိ လူများအားလုံးတွင် ထူးခြားဆန်းကြယ်သည့် အရှိန်အဝါများ ​ရှိကြသည်။

လူအုပ်ကြီးသည်လည်း ရီဖူရှင်းနှင့် အခြားသူများကို သတိပြုမိကြ၍ စူးစမ်းနေကြသည်။ ကျန်ချင်းကျူက မည်သည့်အတွက် ဤတစ်ကြိမ်၌ နတ်ဘုရားအမွေအနှစ် နယ်မြေမှ လူစိမ်းအများအပြား ခေါ်ဆောင်လာရသနည်း။

သူတို့သည်လည်း ထျန်းရှန်ကျောင်းတော်သို့ ဝင်ရောက် ​ကျင့်ကြံလိုကြခြင်း ဖြစ်နိုင်သလား။

“ရီဖူရှင်း ကျုပ်နဲ့ လိုက်နဲ့။” ထျန်းရှန်ကျောင်းတော် အကြီးအကဲက ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အကြီးအကဲနှင့် နန်းတော်ခန်းမသို့ ဦးတည်လိုက်၏။ အပြင်ဘက်မှ အခြားသော အင်အားစု အဖွဲ့ဝင်များကလည်း ၎င်းကို မြင်သည့်အခါ ချက်ချင်း နားလည်သွားကြသည်။ ရီဖူရှင်းသည် ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်တို့နှင့် သဘောတူညီမှု အချို့ ပြုလုပ်ခဲ့ပုံရလေသည်။

ကျန်ချင်းကျူနှင့် ထျန်းရှန်ကျောင်းတော်မှ အခြားတန်ခိုးရှင်များလည်း စတင်၍ စကားပြောဆိုနေကြသည်။ အလွန် လျင်မြန်စွာပင် ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်များသည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်း သိရှိသွားကြသည်။ သူတို့၏ အကြည့်များကို မရင်းနှီးသည့် မျက်နှာများဆီသို့ ပြောင်းရွှေ့လိုက်ကြပြီး စိတ်ဝင်စားမှုအပြည့်နှင့် ဖြစ်နေကြသည်။

သူတို့က အမှန်တကယ်ပင် အခြားဘုံများမှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်လား။

ကြည့်ရသည်မှာ ယခုအချိန်မှစပြီး ထျန်းရှန်ကျောင်းတော်က ပို၍ အသက်ဝင်လာတော့မည် ထင်သည်။

“နန်လော့ရှန်းရော ဒီကိုလာမှာလား” တစ်ယောက်က မေးလိုက်သည်။

“အင်း” နတ်ဘုရားအမွေအနှစ် နယ်မြေမှ ပြန်လာသည့် တန်ခိုးရှင်တစ်ဦးက ပြန်ဖြေလိုက်သည်။ “နန်လော့ရှန်းအပြင် တခြားဘုံတွေက ထိပ်သီးပုဂ္ဂိုလ်တွေလည်း ထျန်းရှန်ကျောင်းတော်မှာ ကျင့်ကြံဖို့ မကြာခင်လာကြလိမ့်မယ်။”

“ဒါက စိတ်ဝင်စားစရာပဲ။” လူအုပ်ကြီးက ပို၍ တက်ကြွလာကြသည်။

ခဏအကြာတွင် ရီဖူရှင်းက နန်းတော်အတွင်းမှ ထွက်လာခဲ့သည်။ သူ့ဘေး၌ အကြီးအကဲက ပေါ်လာကာ ပြောလိုက်သည်။ “အခုကစပြီး မင်းတို့အားလုံး ထျန်းရှန်ကျောင်းတော်ကို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်တယ်။ မင်းတို့တွေက ကျင့်ကြံဖို့ ဘယ်သူမှ အသုံးမပြုနေတဲ့ နေရာမဆို သွားလာခွင့်ရှိတယ်။ မင်းတို့က အပြင်မှာပဲ ကျင့်ကြံချင်တယ်ဆိုရင် မင်းတို့အားလုံးအတွက် နေရာထိုင်ခင်းစီစဥ်ဖို့ တစ်ယေယာက်​ယောက် လွှတ်ပေးမယ်။”

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။” လူတိုင်းက အကြီးအကဲကို အရိုအသေပြုကာ ပြောလိုက်ကြသည်။

“ကောင်းပြီ။ အဲဒါဆို မင်းတို့ သွားလို့ရပြီ။” အကြီးအကဲက အပြုံးနှင့် ပြောလိုက်သည်။ သူတို့အားလုံးသည် အမျိုးမျိုးသော ဘုံများမှ ထိပ်သီးများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အတွက် အသေးစိတ် စီစဥ်ပေးနေရန် မလိုဘဲ မည်သို့ လုပ်ရမည်ကို သူတို့ကိုယ်တိုင် သိရှိပေသည်။

“ဒါဆို ခွင့်ပြုပါဦး” တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ ပျံသန်းတက်ကာ ထွက်ခွာလာကြသည်။ သူတို့အားလုံးက မတူညီသည့်နေရာများသို့ ဦးတည်လိုက်ကြသည်။

“ငါတို့ တကယ်ပဲ အပြင်မှာ ကျင့်ကြံကြမှာလား။” သောကျောက်က ရီဖူရှင်းကို မေးလိုက်သည်။ “ဒီနေရာ ပတ်ဝန်းကျင်က ကျင့်ကြံဖို့အတွက် ပိုပြီး သင့်တော်တယ်။ မင်းက ဒီနေရာမှာ ကျင့်ကြံဖို့ ရှက်နေတာလား။”

“မဟုတ်ဘူး။ ကျုပ်မှာ ကိုယ်ပိုင်တွေးဆချက်ရှိတယ်။ မင်းက ဒီမှာ ကျင့်ကြံချင်တယ်ဆိုရင် ကျင့်ကြံနိုင်တယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ကျုပ်တော့ ကျောင်းတော်ထဲမှာ နည်းနည်းပါးပါး လိုက်ကြည့်လိုက်ဦးမယ်။” လုံချန်က သူ၏ အစီအစဥ်ကို ရီဖူရှင်းနှင့် အခြားသူများအား ပြောလိုက်သည်။

“ကောင်းပြီ။ လူတိုင်း ကိုယ့်ကျင့်ကြံရေးကိုယ် အာရုံစိုက်ကြတာပေါ့။” ရီဖူရှင်းက ပြုံးလိုက်သည်။ သူတို့ လူစုက တစ်ဖန်လူစုခွဲလိုက်ပြန်ကာ မတူညီသည့် နေရာများသို့ သွားခဲ့ကြသည်။ သူတို့အားလုံးက ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များ ဖြစ်နေကြလျှင်ပင် အချိန်တိုင်း တပူးပူးတတွဲတွဲ လုပ်နေရန် မလိုအပ်ပေ။

လူတိုင်းက သူတို့၏ ကိုယ်ပိုင်လမ်းစဥ်ကို လိုက်စားနိုင်ကြပေသည်။

“ငါ မင်းနဲ့နေမယ်။” သောကျောက်က ရီဖူရှင်း နောက်မှ လိုက်ပါနေဆဲ ဖြစ်သည်။ သူသည် မည်သို့ဖြစ်စေ ရီဖူရှင်းနောက်မှ ထပ်ကြပ်မကွာ လိုက်နေမည်ဟု ဆုံးဖြတ်ပြီးသားဖြစ်သည်။

“ကောင်းပြီ။ ဘာမှကွာခြားသွားမှာမှ မဟုတ်တာ။” ရီဖူရှင်းက သောကျောက်၏ ဆုံးဖြတ်ချက်ကို အပြုံးနှင့် လက်ခံလိုက်သည်။ သူတို့က ထျန်းရှန်ကျောင်းတော်တွင်  ကြိုက်သလို သွားလာနိုင်ပေသည်။

ရီဖူရှင်းသည် သောကျောက်၊ ယူချင်း၊ ရာရာ၊ ရှားရှင်းယွန်၊ ခွန်ရွှမ်၊ သိမ်းငှက်လေး၊ လီဟန်ဓားသမားတို့နှင့်အတူ ထျန်းရှန်ကျောင်းတော်မှ ထွက်ခွာလာပြီး ကျောင်းတော်အပြင်၌ အခြေချရန် ပြင်ဆင်ခဲ့သည်။

လီဟန်ဓားသမားက လီဟန်ကောင်းကင်မှ ပညာရပ်များကို အခြားသူများထံ ပို့ချပေးခဲ့ရသည်။ ထို့ကြောင့် ယခုသည် သူ၏ လမ်းစဥ်ကို နားလည်သဘောပေါက်ရန် အာရုံစိုက်ရမည့် အချိန်ဖြစ်သည်။ ထိုသည်မှာ သူက ရီဖူရှင်းနှင့် မည်သည့်အတွက် ထျန်းရှန်ကျောင်းတော်သို့ လိုက်ပါလာရသလဲဟူသည့် အကြောင်းရင်း ဖြစ်သည်။

အရာအားလုံး အခြေကျပြီးနောက် ရီဖူရှင်းက အချိန်တစ်ခုထိ တိတ်ဆိတ်စွာ ကျင့်ကြံရန် စီစဥ်ခဲ့သည်။ သူက လမ်းစဥ်ကို ဖော်ဆောင်၍ ရန်ဟောင်အဖြစ်သို့ အလွန် လျင်မြန်စွာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် မသေချာမရေရာ ဖြစ်နေသည့် တချို့အရာများ ရှိနေသည်။ သူသည် သူ၏ ဒုတိယ တတိယ နတ်ဝင်ရိုးတို့ကို ဆက်လက်ဖွဲ့စည်းရန် ရည်ရွယ်ထားသည်။

သူ၏ သက်စောင့်ဝိညာဥ် နှစ်ခုက အနည်းငယ် ပြောင်းလဲနေသည်ဟု ခံစားရသည်။

ထျန်းရှန်ကျောင်းတော် အတွင်းအပြင်၌ ရီဖူရှင်းနှင့် အခြားသောဘုံများမှ တန်ခိုးရှင်များ ရောက်ရှိလာခြင်းက ဆွေးနွေးမှုအများအပြား ဖြစ်ပေါ်စေခဲ့သည်။ ကြည့်ရသည်မှာ နောက်ပိုင်းတွင် ထျန်းရှန်ကျောင်းတော်က အတော်လေး သက်ဝင်လှုပ်ရှားလာတော့မည် ဖြစ်၏။

***

All Chapters