လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၃
Vol. 15 Ch. 196
“အဲဒီတော့ အခု မင်းဇနီးရဲ့မျိုးရိုးနာမည်က စွင်းပေါ့?”
ဟမ်?
ကျိုးချူသည် ချန်ကျဲ့၏နဖူးကိုထိရန် လက်လှမ်းလိုက်သည်။
“မင်း နေမကောင်းဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။ ဘာလို့ ဒီလောက်တောင် ထူးထူးဆန်းဆန်းကြီး လုပ်နေရတာလဲ”
“အမ် ဘာမှမဖြစ်ပါဘူး။ လောင်ကျိုး ငါဒီလိုမေးတာကို စိတ်မရှိပါနဲ့။ မင်းရဲ့ဇနီးက မင်းအပေါ် ဘယ်လိုဆက်ဆံသလဲ”
ကျိုးချူမှ ပြောသည်။
“သူငါ့ကို ဆိုးဆိုးရွားရွား ဆက်ဆံရဲမလား။ ငါမင်းကို ကြွားတာမဟုတ်ဘူးနော် ကျိုစစ်၊ အိမ်မှာဆိုရင် ငါ့ဇနီးလေးက ငါ့ခြေထောက်ကို သူ့ဒူးပေါ်တင်ပြီး ဆေးပေးတာကွ။ ငါတစ်ကြိမ်လောက်လေးများ ချောင်းဟန့်လိုက်ရင် သူစကားကျယ်ကျယ် မပြောရဲတော့ဘူး။ ငါမင်းကိုပြောပါရစေ ကျိုစစ်၊ ယောက်ျားလေးဆိုတာ ကိုယ့်ရဲ့အမျိုးသမီးရှေ့မှာ ကြမ်းတမ်းရမယ်ကွ”
“မင်းရဲ့မိသားစုအခြေအနေကရော ဘယ်လိုလဲ ကျိုစစ်”
“မဆိုးပါဘူး”
ချန်ကျဲ့ ပြန်ပြောလိုက်သည်။
“မဆိုးဘူးလောက်နဲ့ မလုံလောက်ဘူး ကျိုစစ်ရဲ့။ မင်း ဒီအစ်ကိုကြီးဆီကနေ သင်ယူသင့်တယ်။ အိမ်မှာဆို ငါ့စကားက ဥပဒေပဲ”
ထိုစကားတွင် ချန်ကျဲ့သည် ခေါင်းညိတ်၍ ချီးမွမ်းလိုက်သည်။
“ကောင်းတယ် အရမ်းကောင်းတယ်။ အကယ်၍ မင်းရဲ့ဇနီးသာ မျိုးရိုးနာမည်စွင်းမဟုတ်ဘဲ ဒုတိယသခင်မလို့ မခေါ်ရင်တော့ ငါမင်းကို ယုံကြည်မှာပါ”
ချန်ကျဲ့ ကျိုးချူ၏မိသားစုအခြေအနေအကြောင်းများကို နားထောင်နေစဉ် ဝတ်ရုံဖြူစာပေပညာရှင် တန်းကွမ်းမင်ထွက်လာခဲ့သည်။ ချန်ကျဲ့နှင့် ကျိုးချူတို့ စကားပြောနေသည်ကို မြင်သောအခါ ရယ်မောလျက် ပြောလာသည်။
“ဟားဟား ညီငယ်၆လည်း ရောက်နေပါရောလား။ ဒီနေ့တော့ အတော်လေးလူစည်တာပဲ။ ကောင်းပြီ၊ ဒီအစ်ကို၄က ဒီနေ့မင်းတို့ကို သိမ်မွေ့တဲ့အတွေ့အကြုံလေးတွေ ကြုံတွေ့ခံစားရအောင် လုပ်ပေးမယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အစ်ကို၄ ကျွန်တော်တို့ ညစာစားဖို့သွားမှာ မဟုတ်ဘူးလား”
ကျိုးချူလည်း ပြောသည်။
“အာ အစ်ကို၄၊ ကျွန်တော်တို့ကို ဘယ်ခေါ်သွားမလို့လဲဗျ”
“ဟေ သေချာပေါက် တေးဂီတနဲ့ အစားအသောက်တွေနဲ့ ပျော်မွေ့နိုင်တဲ့နေရာကိုပေါ့။ စိတ်ချပါ ညီလေးတို့ရာ၊ မင်းတို့ စိတ်ကျေနပ်စေရမယ်လို့ ငါအာမခံတယ်”
ထိုအခါ ချန်ကျဲ့တို့နှစ်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကနဦးတွင် ကျိုးချူသည် မိမိမှာ အိမ်မှာ အချိန်ကြာကြာ ထွက်မရပါကြောင်း ပြောချင်သော်ငြား ကျိုစစ်နှင့် အနာဂတ်အစ်ကို၄၏ ရှေ့တွင် ထိုစကားမျိုးကိုပြောလိုက်ပါက မိမိမှာ မည့်သို့ပုံရိပ်မျိုး ဖြစ်သွားလိမ့်မည်နည်း။
ငါအနာဂတ်မှာ ဘယ်လိုများ ခေါင်းမော့ပြီး နေနိုင်ပါတော့မလဲ။
ဘယ်လိုများ ယောက်ျားမာန်ကို ကြွားဝါနိုင်ပါတော့မလဲ။
ထိုသို့ပြန်ပြောင်းတွေးတောပြီးသော် ကျိုးချူမှ ပြောသည်။
“ဒါဆိုလည်း ကျွန်တော်တို့ အစ်ကို၄ ဦးဆောင်ရာကို လိုက်ခဲ့ပါ့မယ်”
“ဟား ဒီလိုမှပေါ့။ ကျိုစစ် မင်းမပြောနဲ့တော့။ ငါ မင်းအိမ်ကို လူလွှတ်ပြောပြီးသွားပြီ”
ထိုအခါ ချန်ကျဲ့မှာ ကူကယ်ရာမဲ့သွားရသည်။
…
ထိုစဉ် အသီးအရွက်ဈေးကြီးရှိ ချန်ကျဲ့မိသားစုနေအိမ်တွင် အလုပ်သမားတစ်ဦးသည် ဆန်တစ်အိတ်ကြီးကို အိမ်ထဲသို့ သယ်လာသည်။ စူးယွင်ကျင်းသည် အလုပ်သမား၏နောက်တွင် တို့ဟူးတစ်ခွက်ကို ကိုင်၍ အမျိုးသမီးတစ်ဦးနှင့် စကားပြောနေသည်။
“သခင်မစူး ကျွန်တော် ဆန်အိတ်ကို ဘယ်မှာထားရမလဲ”
ဆန်အိတ်သယ်ထားသည့် အလုပ်သမားမှ မေးသည်။ ထိုအခါ နောက်ဘက်ရှိ အမျိုးသမီးမှ ပြောသည်။
“အဲဒါက မေးဖို့လိုသေးလို့လား။ မီးဖိုချောင်ထဲ ယူသွားလေ”
“ဟုတ်ကဲ့ပါ သူဌေး”
ထို့နောက် ခြံဝင်းတံခါးကိုဖွင့်လိုက်ပြီး စူးယွင်ကျင်းသည် ထိုအမျိုးသမီးနှင့်အတူ ခြံဝင်းထဲသို့ ဝင်လာသည်။
အမျိုးသမီးသည် ခြံဝင်းတစ်ဝိုက် ကြည့်ရှုနေစဉ် စူးယွင်ကျင်းမှ ပြောသည်။
“အစ်မဟွားကို ကျေးဇူးတင်ပါတယ်။ အစ်မကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်မ ဒီဆန်အိတ်ကြီးကို ဘယ်လိုမှ သယ်သွားနိုင်မှာမဟုတ်ဘူး”
အမျိုးသမီးသည် ရယ်မောလျက် ပြန်ပြောသည်။
“ဘာတွေပြောနေတာလဲ ညီမရယ်။ ငါတို့က အိမ်နီးနားချင်းတွေလေ။ အချင်းချင်းကူညီသင့်တာပေါ့”
“သူဌေး ဆန်အိတ်ထားပြီးပါပြီ”
အလုပ်သမားသည် ဆန်အိတ်ကို နေရာချထားပြီး၍ စူးယွင်ကျင်းလည်း အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။
“ဒီက လူငယ်လေးကို ကျေးဇူးတင်ပါတယ်။ အစ်မ မပြန်ခင် ခဏလောက်ထိုင်ပြီး လက်ဖက်ရည်သုံးဆောင်သွားပါဦး”
အမျိုးသမီးမှ ပြောသည်။
“ညီမလေး အလုပ်ရှုပ်ခံဖို့ မလိုပါဘူး”
“အဲဒီလိုမပြောပါနဲ့ အစ်မ။ အစ်မက ကျွန်မကို ဒီလောက်ထိ ကူညီပေးခဲ့တာကို လက်ဖက်ရည်လေးတစ်ခွက်တောင် မသောက်ဘဲ ပြန်သွားခွင့်မပြုနိုင်ဘူးလေ”
ထိုသို့ပြောရင်း စူးယွင်ကျင်းသည် အမြန် လက်ဖက်ရည်ပြင်ဆင်သည်။
ထိုစဉ် အမျိုးသမီးသည် ခြံဝင်းထဲကို အကဲခတ်ကြည့်နေသည်။ သူမ၏မျက်လုံးများသည် ခြံဝင်းအလယ်ရှိ လှံရှည်ထက်တွင် ရပ်တန့်သွား၏။ အမျိုးသမီးသည် အပေါက်ဖြစ်နေသည့် သစ်ပင်ကြီးကိုမြင်သောအခါ ထိကိုင်ကြည့်ရန် တိုးကပ်သွားလိုက်သည်။
သူမ ဘာမှမပြောပေ။
ထိုစဉ် စူးယွင်ကျင်းသည် လက်ဖက်ရည်တစ်အိုး၊ ခွက်နှစ်ခွက်ကို အမြန်ပြင်ဆင်၍ ယူဆောင်လာသည်။
“ကျွန်မတို့အိမ်မှာက အရမ်းရိုးရှင်းလွန်းနေတယ်။ အစ်မ မရယ်လိုက်ပါနဲ့ဦး”
အမျိုးသမီးမှ ပြောသည်။
“ရပါတယ်၊ အဲဒါတွေ စိတ်ထဲမထားနေပါနဲ့ ညီမလေး”
ယခု၌ စူးယွင်ကျင်းသည် လူနှစ်ယောက်အတွက် လက်ဖက်ရည်ငှဲ့ပေးခြင်းဖြင့် အလုပ်များနေသည်။ အလုပ်သမားသည် လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ခံယူသည်။
“ကျေးဇူးတင်ပါတယ်”
အမျိုးသမီးသည် လက်ဖက်ခွက်ကို ယူလိုက်ပြီးနောက် တစ်ငုံသောက်လိုက်သည်။ ထို့နောက် ခြံဝင်းထဲရှိ လှံရှည်ကိုကြည့်လျက် မှတ်ချက်ပြုသည်။
“ညီမလေးတို့မိသားစုမှာ သိုင်းပညာလေ့ကျင့်ကြတယ်လား”
စူးယွင်ကျင်းသည်လည်း အမျိုးသမီးမှာ လှံကို ကြည့်နေခြင်းဖြစ်ကြောင်း သတိထားမိ၍ ပြန်ပြောသည်။
“အို အဲဒါက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက်ပါပဲ။ ဘာမှ အလေးအနက်မဟုတ်ပါဘူး”
“ဘာမှမဟုတ်တာတော့ မဟုတ်ဘူးပဲ။ အဲဒီလိုလှံရှည်မျိုးက ပေါ့ပေါ့ပါးပါးလေး မဟုတ်ဘူးလေ။ အဲဒါကို ကိုယ်တွယ်သုံးစွဲနိုင်တယ်ဆိုတာ သာမန်ထက်ပိုတယ်”
စူးယွင်ကျင်းသည် ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမျှပြန်မပြောပေ။
“အစ်မလည်း သိုင်းပညာလေ့ကျင့်တယ်လား”
ထို့နောက် စူးယွင်ကျင်းမှ ပြန်မေးလိုက်သည်။ ထိုအခါ အမျိုးသမီးသည် ရယ်မော၏။
“အို မဟုတ်ပါဘူး။ အစ်မတော့ မလေ့ကျင့်ပါဘူး။ ဒါပေမဲ့ အစ်မရဲ့အဖေက သိုင်းပညာလေ့လာတယ်လေ။ အစ်မတို့အိမ်မှာလည်း အဲဒီလိုလှံရှည်ကြီးရှိတယ်။ အဲဒါကြောင့် အဲဒါကိုမြင်ရတာ ရင်းနှီးနေတာ”
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
“အို လူကြီးမင်းရော ကျန်းမာရဲ့လား”
အမျိုးသမီးမှ ပြန်ပြောသည်။
“အင်း သူ ဆုံးသွားတာ နှစ်တော်တော်ကြာပြီ”
“တောင်းပန်ပါတယ်”
စူးယွင်ကျင်း ချက်ချင်းတောင်းပန်လိုက်သည်။ အမျိုးသမီးမှ ရယ်မောလျက် ပြောသည်။
“ဘာတောင်းပန်စရာရှိလို့လဲ။ သေခြင်းရှင်ခြင်းဆိုတာ ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲ။ ဘယ်သူကများ သေခြင်းကို ရှောင်လွှဲနိုင်မှာတဲ့လဲ”
ထိုသို့ပြောပြီးနောက် အမျိုးသမီးမှ ပြောသည်။
“ကောင်းပြီ၊ ဒီလောက်ပဲပြောကြတာပေါ့။ ငါတို့သွားလိုက်ပါဦးမယ်”
“အာ ကျွန်မ လိုက်ပို့ပါ့မယ် အစ်မ”
အမျိုးသမီးမှ ပြောသည်။
“မလိုပါဘူး။ ညီမလေးနဲ့ ဆုံတွေ့ရတာက မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရသလိုပါပဲ။ ဒါနဲ့ ညီမလေး အစ်မတို့အိမ်က တို့ဟူးကိုကြိုက်ရင် ညီမလေးအတွက် နေ့တိုင်း တစ်ခွက်သီးသန့်ချန်ထားပေးနိုင်တယ်”
“အာ ကျေးဇူးအများကြီးတင်ပါတယ် အစ်မ”
“မဟုတ်တာ၊ အသေးအမွှားလေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် အစ်မတို့က အိမ်နီးချင်းတွေပဲလေ။ ညီမလေး ဝယ်စားပေးတော့ အစ်မရဲ့စီးပွားရေးကို ထောက်ပံ့ပေးတာပဲပေါ့”
“ကောင်းပြီ၊ အစ်မတို့သွားပြီ”
အမျိုးသမီး ထွက်ခွာသွား၏။ ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်သမားတစ်ယောက်သည် ရုတ်တရက် အပြေးရောက်လာကာ အမျိုးသမီးဘေးမှ ဖြတ်သွား၏– ငါးဖမ်းကုန်သည်အဖွဲ့သားလား။
အမျိုးသမီးသည် လမ်းလျှောက်သည့်အရှိန်ကို အနည်းငယ် နှေးကွေးလိုက်သည်။ ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့သားသည် စူးယွင်ကျင်းကို အရိုအသေပြု၏။
“သခင်မ”
စူးယွင်ကျင်း မေးလိုက်သည်။
“ရှင် ဘယ်သူ့ကို လာရှာတာလဲ”
“ဟုတ်ကဲ့ သခင်၅က သခင်မကို အကြောင်းကြားပေးဖို့ ကျွန်တော့်ကိုစေလွှတ်လိုက်တာပါ။ ဒီနေ့ သခင်၄က သခင်၅ကို ညစာစားသောက်ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် ဒီနေ့ည အိမ်ပြန်မလာတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ သခင်မကို အထူးတလည် လာအကြောင်းကြားပေးတာပါ”
ထိုအခါ စူးယွင်ကျင်း အံ့ဩသွား၏။ ထို့နောက် ပြန်ပြောသည်။
“အင်း ကျွန်မနားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်”
“ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်”
ငါးဖမ်းကုန်သည်အဖွဲ့သားသည် အလျင်စလိုရောက်လာပြီး အလျင်စလိုပြန်ထွက်သွားသည်။
အမျိုးသမီး၏ခြေလှမ်းများ ရပ်တန့်သွား၏။
ငါးဖမ်းကုန်သည်အဖွဲ့ရဲ့သခင်၅… အဲဒါက ချန်ကျိုစစ် မဟုတ်လား။
“ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ”
အမျိုးသမီးသည် စူးယွင်ကျင်းကို တစ်ချက်ပြန်လှည့်ကြည့်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
သူမ ဒီနေ့ စူးယွင်ကျင်းနှင့် ဆုံတွေ့ခဲ့ခြင်းသည် တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ပါ၏။ စူးယွင်ကျင်းသည် ချန်ကျဲ့ထံမှ ငွေကြေးတချို့ရရှိခဲ့ပြီး လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဆန်ဆိုင်တစ်ဆိုင်တွင် လျှော့ဈေးပေးနေသည်ကို မြင်သောကြောင့် ဝယ်ယူလိုခဲ့သည်။ ထိုဆိုင်တွင် ဝယ်ယူလိုက်ပါက ပေါင်၅၀ဝယ်ယူခြင်းဖြင့် တစ်ပေါင်လျှင် ငွေတစ်ပြားသက်သာနိုင်ပေသည်။