← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၆

Vol. 15 Ch. 199

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၆

Vol. 15 Ch. 199

ချောင်ဟုန်ယန်တစ်ယောက်သည် လောကတစ်ခွင်ရှိ မရေမတွက်နိုင်သော အမျိုးသမီးမြောက်များစွာကို သာလွန်နိုင်၏။

လုပ်ကြံသူအမျိုးသား၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ယွီအိမ်တော်ထိန်းသည်လည်း ယီးဟုန်ဂေဟာတွင် လှုပ်ရှားခြင်းမှာ အကြံကောင်းမဟုတ်ကြောင်း နားလည်သွားရသည်။ သူတို့နှစ်ယောက်သည် မည်မျှတော်လွန်းသည်ဖြစ်စေ ဤနေရာတွင် လှုပ်ရှားမိပါက ချက်ချင်းဆွဲထုတ်ခံရလောက်၏။

ဒါဆိုလည်း စောင့်ရတော့မှာပေါ့!

ချန်ကျဲ့သည် တန်းကွမ်းမင်နောက်မှ လိုက်သွားနေသည်။ သူတို့အုပ်စုသည် ယီးဟုန်ဂေဟာ၏ ခမ်းနားထည်ဝါသော ဝင်ပေါက်ထဲသို့ ခြေလှမ်းခဲ့ကြသည်။ သို့တစ်ပြိုင်နက် ရေနွေးအိုးအလား ကြီးမားသည့် တံခါးစောင့်၏အသံကို ကြားလိုက်ရသည်။

“အိုး လူကြီးမင်းတန်းရောက်လာပြီ။ ကောင်မလေးတွေ မြန်မြန်လာပြီး သခင်တန်းကို နှုတ်ဆက်ကြစမ်း!”

ထိုအခါ တန်းကွမ်းမင်မှ လက်ဝှေ့ယမ်းလိုက်ရာ သူ၏နောက်ရှိ နောက်လိုက်တစ်ဦးသည် ငွေတစ်တုံးနှင့် တန်ကြေးညီမျှလောက်မည့် ငွေသားတစ်စကို ထုတ်ပေး၏။

“လူကြီးမင်းတန်းကို ကျေးဇူးတင်ပါတယ်”

ရေနွေးအိုးကြီးမှ အသံကျယ်ကျယ် အော်ပြောသည်။ ထိုစဉ် အသက်ကြီးရင့်ပြီဖြစ်သော်ငြား ဆွဲဆောင်မှုရှိနေဆဲဖြစ်သော စီမံခန့်ခွဲသူအမျိုးသမီးတစ်ဦးမှ အမြန်ရောက်လာပြီး ပြောသည်။

“လူကြီးမင်းတန်း ရောက်လာပြီပဲ”

တန်းကွမ်းမင်မှ မေးသည်။

“ဒီနေ့စားသောက်ပွဲ‌ကို ဘယ်အထက်တန်းပြည့်တန်ဆာက ဦးဆောင်မှာလဲ”

ထိုအခါ စီမံခန့်ခွဲသူအမျိုးသမီးမှ ပြန်ဖြေသည်။

“ဒီနေ့က မိန်းကလေးရှားဟယ်ပါ”

တန်းကွမ်းမင်သည်‌ ငွေ၁၀တုံးနှင့်ညီမျှသည့် ငွေချောင်းတစ်ချောင်းကို ထုတ်ပေးလိုက်ပြီး ပြောသည်။

“လက်ဖက်ရည်စားဝိုင်း ပြင်ဆင်လိုက်ပါ”

“သိပါပြီ”

ထို့နောက် စီမံခန့်ခွဲသူအမျိုးသမီးမှ ပြုံးလိုက်ပြီး ပြောသည်။

“ကောင်းပြီ၊ မိန်းကလေးဟယ် အထက်တန်းစားပွဲကို သွားမယ်!”

“လူကြီးမင်းတန်း ကျေးဇူးပြုပြီး ဒုတိယထပ်ကို သွားနိုင်ပါပြီ”

စီမံခန့်ခွဲသူအမျိုးသမီးသည် မျက်နှာတစ်ပြင်လုံး ရွှင်ပျလျက် ပြောသည်။ တန်းကွမ်းမင်မှ လက်အမူအရာဖြင့် ဖိတ်ခေါ်၏။

“ညီငယ်၅၊ ညီငယ်၆ အပေါ်ထပ်ကိုကြွပါ”

ဒီလိုပဲ ဒုတိယထပ်ကို တက်သွားရတော့မှာလား။

ချန်ကျဲ့သည် အနည်းငယ် စူးစမ်းသိချင်စိတ် ပြင်းပြနေခဲ့သည်။ သို့သော် တန်းကွမ်းမင်သည် ဤနေရာ၏ ပုံမှန်ဖောက်သည်ဖြစ်ကြောင်း သိသိသာသာ မြင်တွေ့နေရလေရာ နောက်မှလိုက်သွားခဲ့သည်။

ဒုတိယထပ်သို့ရောက်သောအခါ အခြားစီမံခန့်ခွဲသူအမျိုးသမီးတစ်ဦးမှ နှုတ်ဆက်လာသည်။ ဒုတိယထပ်တွင် ကြမ်းပြင်တွင်ထိုင်ရန် စားပွဲများစွာ ပြင်ဆင်ထားရှိ၏။

တန်းကွမ်းမင်သည် ပထမတန်းစား စားပွဲကို မှာယူထားခဲ့ရာ ရှေ့ဘက်တွင် နေရာချထား၏။ ထိုစားပွဲတွင် ဝင်ထိုင်‌ပြီးနောက် တန်းကွမ်းမင်မှ အမိန့်ပေးသည်။

“ငါ ဟွားကျစ်ရှန်းက အနှိပ်တော်တဲ့မိန်းကလေး၆ယောက် လိုချင်တယ်”

“ဟုတ်ကဲ့ပါ လူကြီးမင်းတန်း”

ငွေလက်မှတ်တစ်ခု ထုတ်ပေးလိုက်ပြီး မကြာမီတွင် တစ်ဦးချင်းစီတိုင်းမှာ ငယ်ရွယ်မှု၏အထွတ်အထိပ်အရွယ်ဖြစ်သော သာမန်ထက် ထူးကဲသာလွန်သည့် အသွင်အပြင်ရှိသည့် မိန်းကလေး၆ယောက် ရောက်လာသည်။

တန်းကွမ်းမင်သည် မိန်းကလေးသုံး‌ဦး လဲလျောင်းနေသည့် နောက်‌ဘက်တွင် နူးညံ့သည့်ခေါင်းအုံးများ ခံထားသော နူးညံ့သည့်ညောင်စောင်းကို လက်ညှိုးညွှန်ပြသည်။

ချန်ကျဲ့လည်း လဲလျောင်းလိုက်ရာ သူ၏အရင်ဘဝက ဆိုဖာထက် လှဲလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ တန်းကွမ်းမင်မှ လက်ကိုဝှေ့ယမ်းလျက် ပြောသည်။

“ဒီနေ့ ဒီလူကြီးမင်းနှစ်ယောက်ကို သေချာလေး ဂရုစိုက်ပေးလိုက်ပါ။ မင်းတို့ကို ဆုလာဘ်တွေ ရက်ရက်ရောရောပေးမယ်”

ထိုအခါ မိန်းကလေးများသည် သူတို့နှစ်ဦးထံ ဝိုင်းအုံလာကြ၏။

မျက်နှာချေပေါင်ဒါမှုန့်တို့၏ ရနံ့ဖျော့ဖျော့သည် လေထုအတွင်း ပြည့်နှက်သွားသည်။ တစ်ချိန်တည်းတွင် ‌ဆွဲဆောင်မှုရှိသော အသွင်အပြင်ရှိသည့် မိန်းကလေးတစ်ဦးသည် ညောင်စောင်းရှေ့တွင် ဒူးထောက်ထိုင်ချ၍ ချန်ကျဲ့ကို ဖိနပ်ချွတ်ပေးပြီး ခြေထောက်များကို စတင်နှိပ်နယ်သည်။ နောက်ထပ်မိန်းကလေးတစ်ဦးသည် ချန်ကျဲ့‌၏နောက်ဘက်တွင် နေရာယူ၍ ပခုံးများကို နှိပ်နယ်ပေးသည်။

လက်သေးသေးလေးများ၏ နူးညံ့သည့်အထိအတွေ့သည် ချန်ကျဲ့၏ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်တရာ သက်သောင့်သက်သာဖြစ်စေသည်။

တကယ့်ကိုပဲ အထက်တန်းစားတွေက ဘဝကို ‌ဘယ်လိုပျော်မွေ့ခံစားရမယ်ဆိုတာ ကောင်းကောင်းသိကြတယ်။

တစ်ဖက်၌ ကျိုးချူသည် စတင်၍ အလွန်စိုးရိမ်ပူပန်လာခဲ့သည်။ သို့သော် တဖြည်းဖြည်းနှင့် စိတ်ပြေလျော့သွားပြီး သီချင်းတညည်းညည်း ဖြစ်လာတော့သည်။

“အာ ဒါက ယောကျာ်းတစ်ယောက်ရဲ့ ဘဝပဲပေါ့”

“သက်သောင့်သက်သာရှိလိုက်တာ!”

ထိုစဉ် အစေခံတစ်ဦးသည် သူတို့၏ အထက်တန်းစားပွဲများရှေ့တွင် နဂါးအမွှေးနံ့သာတစ်တိုင်ကို ထွန်းညှိလိုက်သည်။ အမွှေးရနံ့သည် လေထုအတွင်း ရုတ်ချည်း ပြည့်နှက်သွား၏။

ထို့နောက် သစ်သီးပန်းကန်များ ဆက်တိုက်ရောက်ရှိလာသည်။

ချန်ကျဲ့၏ပခုံးကို နှိပ်နယ်ပေးနေသည့် မိန်းကလေးသည် စပျစ်သီးတစ်လုံးကောက်ယူလိုက်ပြီး ဖြည်းညင်းညင်သာစွာ အခွံခွာလိုက်ရာ စပျစ်သီး၏ တောက်ပရွှန်း‌လဲ့‌သော အတွင်းသားလေး ထွက်ပေါ်လာသည်။

“လူကြီးမင်း”

သူ၏နှုတ်ခမ်းဝရှေ့သို့ ခွံ့ကျွေးလာသည့် စပျစ်သီးကို ချန်ကျဲ့ ကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ဟ‌ပေးလိုက်၏။ စပျစ်သီးမှာ အတော်လေး ချိုမြိန်ပေသည်။

ဒီလိုရိုးရှင်းတဲ့ သာယာကြည်နူးမှုမျိုးကို ဘယ်သူကများ ခုခံနိုင်ပါ့မလဲ!

လူတိုင်း ဒုတိယထပ်ကို နှစ်ခြိုက်ကြတာ မထူးဆန်းတော့ပါဘူး။ ဒါက ဒုတိယထပ်မှာပဲပေးတဲ့ ဝန်ဆောင်မှုလေ။

သို့သော် ဈေးနှုန်းသည် အလွန်များလွန်းသည်။ တန်းကွမ်းမင်ပေးလိုက်သည့် ငွေလက်မှတ်ကို ချန်ကျဲ့ မြင်လိုက်ပါ၏။ ၎င်းသည် ငွေတုံးတစ်ရာတန်ကြေးရှိသည့် ငွေလက်မှတ်ဖြစ်သည်။

ထို့နောက် ဝူကျုံး၏ ငွေ၅တုံးအကြောင်းကို ပြန်တွေးမိလိုက်သော် အဒေါ်ပိုင်မှာ အမှန်တကယ်ပင် ဦးလေးကျုံးကို မတရားမှားယွင်းစွပ်စွဲခြင်းဖြစ်သည်ဟု ချန်ကျဲ့ ခံစားလိုက်ရသည်။ ငွေ၅တုံးသည် စားသောက်ပွဲတစ်ခု ပြင်ဆင်ရုံမျှသာ လုံလောက်နိုင်လောက်၏။

အခြားအရာများအတွက်မူ ၎င်းပမာဏလေးမှာ အမှန်တကယ်ပင် မလုံလောက်ပါချေ။

ချန်ကျဲ့လည်း မိမိ၏ကမ္ဘာထဲတွင် တစ်ဦးတည်း သက်သောင့်သက်သာ မွေ့လျော်နေလိုက်သည်။ ထိုစဉ် ရုတ်တရက် ကူချင်၏ သာယာနာပျော်ဖွယ်သော တေးသံကို ကြားလိုက်ရသည်။

ချန်ကျဲ့ မျက်လုံးဖွင့်ကြည့်လိုက်ရာ မနီးမဝေးရှိ လိုက်ကာနောက်တွင် အမျိုးသမီးတစ်ဦး ကူချင်တီးခတ်နေသည့် ပုံရိပ်ကို မြင်လိုက်ရသည်။ တေးသံသည် အလွန်တရာ စိတ်ခံစားချက်ပြင်းထန်ပြီး ရင်သပ်ရှုမောဖွယ်ပင်။ လူသူအပေါင်းမှာ အချိန်ခဏမျှ ညှို့ယူဖမ်းစားခံလိုက်ရ၏။ လူတစ်ယောက်မှ အော်ဟစ်လာသည်။

“မိန်းကလေးဟယ်ပဲ!”

လူအပေါင်း၏အကြည့်များသည် ရှားဟယ်ထံသို့ ရုတ်ချည်း ကျရောက်သွားကြသည်။

ထိုလိုက်ကာနောက်၌ အမျိုးသမီးတစ်ဦး တူရိယာတီးခတ်နေသည့်ပုံရိပ်ကို မြင်တွေ့နိုင်ပေသည်။

အမျိုးသားတစ်အုပ်ကြီးသည် တေးဂီတသံတွင် အလွန်တရာ ဝမ်းမြောက်ပီတိဖြစ်နေကြ၏။

စိတ်ခံစားချက်ပြင်းထန်ပြည့်ဝသည့် ‌ဂီတသံသည် အချိန်အတော်ကြာ ဆက်လက်ထွက်ပေါ်နေခဲ့ပြီး ‌ယီးဟုန်ဂေဟာထဲသို့ ဝင်ရောက်လာသည့် လူအရေအတွက်သည်လည်း များသထက် ပိုများလာခဲ့သည်။ ချန်ကျဲ့နှင့် အခြားသူများအားလုံး နစ်မြောပျော်ဝင်နေကြစဉ် လူတစ်ယောက်မှ ရုတ်တရက် ပြောလာသည်။

“အာ လူကြီးမင်းစွင်း အထက်တန်းစားပွဲကို ရောက်ရှိလာပါတယ်!”

ထိုစကားနှင့်အတူ ဖွံ့ထွားသည့်လူကြီးတစ်ဦး အပေါ်ထပ်သို့ တက်လာနေသည်ကို မြင်လိုက်ရသည်။ ထိုလူကြီးသည် တန်းကွမ်းမင်ကို ရုတ်ချည်း သတိထားမိလိုက်သည်။

ထိုလူကြီးသည် ဆက်လျှောက်လာ၏။

ထိုစဉ် တခြားညောင်စောင်းထက်ရှိ ကျိုးချူသည် လူကြီးမင်းစွင်းရောက်လာသည်ဟု ကြားလိုက်သည်နှင့် ရုတ်ချည်း ထိတ်လန့်ချောက်ချားသွား၏။ ကျိုးချူသည် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာကို ခေါင်းအုံးဖြင့် အမြန်ကာလိုက်သည်။

ချန်ကျဲ့ စူးစမ်းလိုသဖြင့် ကြည့်လိုက်ရာ သူတို့ထံ ချဉ်းကပ်လာနေသည့် ဖွံ့ထွားသည့်လူကြီးကို မြင်လိုက်ရသည်။

“ညီနောင်တန်း”

တန်းကွမ်းမင်သည် ထိုအမျိုးသားကို မြင်သောအခါ ရယ်မော၏။

“ဟားဟား ညီနောင်စွင်း မတွေ့တာကြာပြီနော်”

“အင်း ကျုပ် စွင်းမျိုးရိုး ဒီနေရာကို ‌မလာတာလည်း အတော်ကြာခဲ့ပြီမဟုတ်လား”

သခင်လေးစွင်းသည် တန်းကွမ်းမင်နှင့် စကားအနည်းငယ်မျှ ဖလှယ်ပြောဆိုပြီးနောက် တစ်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ မျက်နှာကို ခေါင်းအုံးဖြင့်ကာထားသည့်လူကို မြင်လိုက်ရရာ အတော်လေး ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

“ဒါက ဘယ်သူများလဲ”

သခင်လေးစွင်းသည် ဘာများဖုံးကွယ်စရာရှိသနည်းဟူသည့် အတွေးဖြင့် စူးစမ်းမေးမြန်းလိုက်သည်။

ကျိုးချူ တုန်ယင်နေကြောင်း ချန်ကျဲ့ သိလိုက်၏။ တန်းကွမ်းမင်သည်တော့ အရေးမထားဟန် ပြန်ပြောသည်။

“မင်း သူ့ကို မမှတ်မိဘူးလား”

သခင်လေးစွင်း မျက်မှောင်ကြုတ်သွား၏။

“နည်းနည်းတော့ ရင်းနှီးနေသလိုပဲ။ ညီနောင် မင်းရဲ့လောကသိအမည်က ဘာများလဲ”

ကျိုးချူ: …

“မင်းဘာလို့ စကားမပြောတာလဲ။ ငါမင်းကို စကားပြောနေတယ်လေ။ ဟေး ဒီ‌ဖိနပ်တွေက ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းက မဟုတ်လား။ ငါ့လူတွေထဲကလား။ ငါ့ကို မင်းမျက်နှာပြစမ်း”

သခင်လေးစွင်းသည် ခေါင်းအုံးကို ရုတ်တရက် ဆောင့်ဆွဲဖယ်ပစ်လိုက်ရာ ငိုနေတာထက်ပင် ပိုကြည့်ရဆိုးသည့် မျက်နှာကို မြင်တွေ့လိုက်ရသည်။

“ဟီးဟီး အစ်ကိုကြီး…”

“ယောက်ဖ! မင်း!”

သောက်ကျိုးနဲ!

“အာ အစ်ကိုကြီး!”

သခင်လေးစွင်းသည် ရိုက်နှက်ရန် လက်မြှောက်လိုက်သည်။ ကျိုးချူသည် သူ့ခေါင်းကို လက်ဖြင့်ကာကွယ်ထားသည်။ ထိုစဉ် တန်းကွမ်းမင်မှ ပြောသည်။

“ညီနောင်စွင်း ဒီနေရာက ယီးဟုန်ဂေဟာနော်”

သခင်လေးစွင်းသည် ရပ်တန့်သွား၏။ ထို့နောက် ဒေါသတကြီးဖြင့် ပြောသည်။

“ကောင်းပြီ ကျိုးချူ၊ မင်းစောင့်နေ!”

ထိုသို့ပြောလျက် သခင်လေးစွင်းသည် ထွက်ခွာသွား၏။ ကျိုးချူသည် အလျင်စလို ဖိနပ်ပြန်ဝတ်၍ သခင်လေးစွင်းနောက်သို့ လိုက်သွားသည်။

“အစ်ကိုကြီး အစ်ကိုကြီး… အစ်ကိုကြီးထင်သလို မဟုတ်ပါဘူး!”

ထိုစဉ် တန်းကွမ်းမင်မှ ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“ညီငယ်၆က ဒါက…”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အစ်ကို၄ ကျွန်တော် တစ်ချက်သွားကြည့်လိုက်ဦးမယ် ဘယ်သူမှ မထိခိုက်ရအောင်လို့။ ပြီးတော့ အစ်ကို၄ရဲ့ ဧည့်ခံပြုစုပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

တန်းကွမ်းမင်မှ ပြောသည်။

“ညီ‌ငယ်၅ မင်းလည်း သွားတော့မလို့လား”

ချန်ကျဲ့ ဆင်ခြေပေး၍ ထွက်လာခဲ့သည်။ တန်းကွမ်းမင်မှ ရယ်မောလိုက်ပြီး ပြောသည်။

“ကောင်းပါပြီ။ ကြည့်ရတာ ငါတစ်ယောက်တည်းပဲ ပျော်ပါးရတော့မယ်ထင်တယ်”

တန်းကွမ်းမင် ခေါင်းခါရမ်းလျက် တွေးလိုက်သည်။

ညီငယ်၆တော့ ဒီနေ့ည တော်တော်လေး ဒုက္ခခံစားရတော့မှာပဲ။

ချန်ကျဲ့ လိုက်သွားသော်ငြား ကျိုးချူကို မတွေ့ရပေ။ ကျိုးချူနေထိုင်သည့်နေရာကိုလည်း သူမသိပေ။ သို့ဖြင့် ပြန်စဉ်းစားလိုက်ပြီးနောက် ဒီကိစ္စကို ဒီတိုင်းထားလိုက်ပြီး အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

တောင်ရိုင်းပန်းလေးများမှာ မွှေးပျံ့သော်ငြား သူ၏ဇနီးသည်လေးအား အထီးကျန်ညကို ဖြတ်ကျော်စေ၍ မဖြစ်ပါလေ။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ အိမ်သို့ဦးတည်လိုက်သည်။ ထိုစဉ် မနီးမဝေးရှိ ‌ခြင်္သေ့ကျောက်ရုပ်နောက်မှ လူနှစ်ဦးသည် ခေါင်းပြူထွက်လာ၏။

တစ်ယောက်မှ ပြောသည်။

“နောက်ဆုံးတော့ ထွက်လာပြီ”

တခြားတစ်ယောက်မှ ပြန်ပြောသည်။

“သူ့နောက်လိုက်မယ်။ ရှေ့မှာ လူပြတ်တဲ့လမ်းကြားရှိတယ်။ ကျုပ်တို့လှုပ်ရှားဖို့ ကွက်တိပဲ”

All Chapters