ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်
Vol. 15 Ch. 200
နွေည၌ လရောင်သည် တောက်ပ၍ ကြယ်များ ပြန့်ကျဲနေသည်။ ကောင်းကင်ထက်တွင် လပြည့်ဝန်းကြီး ထွန်းလင်းနေပြီး မျက်နှာချေနီလမ်းမတစ်လျှောက် လျှောက်လှမ်းနေသည့် ချန်ကျဲ့ကိုယ်ပေါ်သို့ ဖြာကျနေသည်။
ဤလမ်းသည် ပြည့်တန်ဆာလမ်းအဖြစ် လူသိများပြီး အထင်ကြီးလေးစားဖွယ်သော ယီးဟုန်ဂေဟာထက် ပိုမိုများပြားသည့် ကမ်းလှမ်းချက်များရှိသည်။ ယီးဟုန်ဂေဟာသည် ‘သန့်ရှင်းသောရေ'ကဲ့သို့ အရောင်းအဝယ်ကို ထောက်ပံ့ခြင်းဖြစ်လျှင် ဤလမ်းမသည် ‘ရွှံ့ရေ'ကဲ့သို့ အရောင်းအဝယ်များဖြင့် ပိုမိုများပြားစွာ ပြည့်နှက်နေခြင်းဖြစ်လိမ့်မည်။
“သခင်ကြီး လာကစားလှည့်ပါဦး~”
မြောက်များစွာသော စားသောက်ဆိုင်လေးများ၏ ရှေ့တွင် ပြင်ဆင်ခြယ်သထားသော အမျိုးသမီးတစ်အုပ်စုသည် လက်ကိုင်ပဝါများကိုင်ဆောင်ကာ ဧည့်သည်များကို ဆွဲဆောင်နေကြသည်။
သို့သော် သူတို့၏အရည်အသွေးမှာ ယီးဟုန်ဂေဟာထက် များစွာနိမ့်ကျ၏။
သို့သော် ယီးဟုန်ဂေဟာသည် သာယာကြည်နူးမှုအငွေ့အသက်ကို ပေးစွမ်းသော်ငြား လူအများစုသည် ငွေကြေးများကို ထူးထူးခြားခြား တိုးတက်ကောင်းမွန်မှုမရှိသည့်တိုင် သုံးစွဲကြသောကြောင့် လုပ်ငန်းများကောင်းမွန်နေဆဲ ဖြစ်သည်။
ထို့ပြင် စိတ်ဆန္ဒကို မဖြေဖျောက်နိုင်သော ဖောက်သည်လူတစ်စုသည် ငွေအတွက် အဝတ်အစားချွတ်နိုင်သည့် ဤအမျိုးသမီးများကို မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ စိတ်ဆန္ဒကိုဖြေဖျောက်ရန် လိုအပ်လာကြသည်မှာ သဘာဝပင်။
ထို့ကြောင့် ဤလုပ်ငန်းများသည် လုပ်ငန်းတွင်းအရည်အသွေးမှာ သာမန်မျှသာ ဖြစ်သော်ငြား ဈေးနှုန်းသတ်မှတ်ချက်မှာ ဈေးပေါသောကြောင့် စီးပွားရေးကောင်းမွန်ကြသည်။ ယီးဟုန်ဂေဟာ၏ ဈေးအနည်းဆုံးမိန်းကလေးဖြစ်သည့် ဟွားကျစ်ရှန်းသည် ငွေတုံးဒါဇင်ခန့် ကုန်ကျသည်။ သို့ေသာ် အပြင်တွင်တော့ ငွေတုံးအနည်းငယ်မျှဖြင့် တူညီသည့်အတွေ့အကြုံကို ခံစားနိုင်ပေသည်။
ပို၍ဝေးလံခေါင်ဖျားသည် လမ်းများတွင်လည်း ပိုမိုချိုသာသောဈေးနှုန်းများဖြင့် ကမ်းလှမ်းသည့် လျှို့ဝှက်တံခါးများ ရှိကြသည်။ ငွေပြားတစ်ရာ၊နှစ်ရာခန့်မျှဖြင့် တစ်ညတာ သတို့သားဖြစ်နိုင်ပေသည်။
ဖောက်သည်ခွဲခြားမှုကို ကောင်းမွန်စွာလုပ်ဆောင်ထားသည်ဟု ဆိုနိုင်ပြီး လူတန်းစားအလွှာပေါင်းစုံကို မိမိတတ်နိုင်သည့်ပမာဏကို သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော အတွေ့အကြုံခံစားချက်တို့ကို ဖန်တီးပေးနိုင်ပေသည်။ ထို့ပြင် ပို၍အရေးကြီးသည့်အချက်မှာ ထိုအရာများအားလုံးသည် တရားဝင်ဖြစ်နေခြင်းပင်။
ချန်ကျဲ့သည် လမ်းတစ်လျှောက် သွားနေခဲ့ရင်း အမျိုးသမီးများစွာ၏ ဖိတ်ခေါ်မှုများကို ငြင်းပယ်ခဲ့သည်။
ထို့နောက် လမ်းဆုံးတွင် အမျိုးသားတစ်စု စုဝေးနေသည့် နေရာတစ်ခုကို သတိထားမိလိုက်၏။ သူတို့သည် တစ်စုံတစ်ခုကို ဝယ်ယူရန် တန်းစီနေကြခြင်းဖြစ်သည်။ ထိုသို့ အမျိုးသားများကို ဆွဲဆောင်နေသည့်ဆိုင်သည် အသီးဆိုင်တစ်ဆိုင်ဖြစ်နေသောကြောင့် ချန်ကျဲ့ အံ့ဩသွားရ၏။
ချန်ကျဲ့သည် အံ့အားသင့်နေလျက် ဤသို့လူအုပ်ကြီးကို ဆွဲဆောင်နေသည့် အသီးမှာ မည်သို့အသီးမျိုးဖြစ်ကြောင်း သွားကြည့်လိုက်သည်။
ဆိုင်နှင့်နီးကပ်လာပြီး ခြေလှမ်းအနည်းမျှ အကွာအဝေးသို့အရောက်တွင် လိမ္မော်သီးနံ့များကို ခံစားမိလိုက်၏။
“ဘယ်လိုလိမ္မော်သီးမျိုးမလို့ အနံ့က ဒီလောက်အထိ မွှေးရတာလဲ”
ချန်ကျဲ့ စူးစမ်းနေစဉ် ဆိုင်၏အလုပ်သမားတစ်ဦးမှ ပြောသည်။
“လူကြီးမင်း ကျွန်တော်တို့ရဲ့ လိမ္မော်သီးစိမ်းတချို့လောက် ဝယ်သွားဦးမလား”
ဆိုင်အလုပ်သမား၏ လက်ထဲတွင် အခွံခွာထားသည့် လိမ္မော်သီးစိမ်းကို ကိုင်ထား၏။ ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် မြည်းကြည့်လို့ရမလား”
အလုပ်သမားလေးမှ ပြောသည်။
“မြည်းကြည့်မယ်? အိုး ရတာပေါ့ ရတာပေါ့”
ချန်ကျဲ့ တစ်စိတ်စားကြည့်လိုက်ရာ ချက်ချင်းဆိုသလို ပြင်းထန်သည့်အချဉ်ဓာတ်က သူ၏ခံတွင်းထဲတွင် ပျံ့နှံ့သွား၏။
“အရမ်းးး ချဉ်တာပဲ။ ဒါက ရောင်းလို့ရောရ…”
ချန်ကျဲ့သည် အရမ်းချဉ်လို့ ရောင်းမရနိုင်ဟု ပြောချင်သော်ငြား လိမ္မော်သီးဝယ်နေကြသည့် လူတန်းရှည်ကြီးကိုကြည့်၍ သူ၏စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
လူငယ်လေးမှ တီးတိုးပြောသည်။
“လူကြီးမင်းက မျက်နှာချေနီလမ်းမကို ပထမဆုံးအကြိမ် လည်ပတ်တာလားဗျ”
ချန်ကျဲ့ ပြန်ပြောသည်။
“အင်း”
လူငယ်လေးမှ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောသည်။
“ကျွန်တော် လူကြီးမင်းဆီကနေ အထက်တန်းလွှာရနံ့မျိုး ရတယ်။ ယီးဟုန်ဂေဟာကနေ ပြန်လာခဲ့တာလားဗျ”
ချန်ကျဲ့ ခေါင်းညိတ်သည်။
“အနံ့ရတာနဲ့ သိနိုင်တယ်လား”
လူငယ်လေးမှ ရယ်မောသည်။
“လူကြီးမင်းက နောက်နေပြန်ပါပြီ။ မျက်နှာချေနီလမ်းမကြီးမှာ နေတာကြာလာရင် တခြားအရာတွေတော့ မသိပေမဲ့ နှာခေါင်းကတော့ အာရုံခံစားလွယ်လာတယ်ဗျ။ ဒါပေမဲ့ ယီးဟုန်ဂေဟာက လာတဲ့ လူကြီးမင်းတစ်ယောက်အနေနဲ့ လိမ္မော်သီးစိမ်းရဲ့ အံ့ဩဖွယ်ရာတွေကို မသိတာက ပုံမှန်ပါပဲ”
သူပြောတာ မှန်ပါ၏။ ယီးဟုန်ဂေဟာသို့ သွားနိုင်သူများသည် လူချမ်းသာများနှင့် ဂုဏ်သရေရှိသူများဖြစ်ကြသဖြင့် အိမ်ရှိအမျိုးသမီးများသည် အိမ်ထောင်ဦးစီးများ၏ လူမှုဆက်ဆံရေးအား ဝင်ရောက်စီမံချုပ်ကိုင်နိုင်စွမ်း မရှိကြပေ။
သို့ဖြစ်ရာ လိမ္မော်သီးစိမ်းကဲ့သို့ သေးနုပ်သည့်အရာလေးများကို မလိုအပ်ချေ။
အိမ်ရှိအမျိုးသမီးကို မသိစေချင်သူများသာလျှင် ရနံ့များကို ဖုံးကွယ်နိုင်သည့် ဤလိမ္မော်သီးစိမ်းများကို လိုအပ်ကြခြင်းဖြစ်ပေသည်။
အလုပ်သမားလေး၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ချန်ကျဲ့ အဝတ်များကို နမ်းကြည့်လိုက်သည်။ သို့သော် မည်သည့်မျက်နှာချေရနံ့မှ အနံ့မခံမိပေ။
အလုပ်သမားလေးမှ ရယ်မောသည်။
“လူကြီးမင်း ကိုယ့်ဘာကိုယ်နမ်းကြည့်ရင်တော့ အနံ့မရနိုင်ဘူးလေဗျာ”
ချန်ကျဲ့လည်း ၎င်းမှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်သည်။ ဆေးလိပ်သောက်သူများသည် ကိုယ်တိုင်တော့ ဆေးလိပ်နံ့မရဘဲ အခြားသူများမှ အနံ့ရခြင်းနှင့် သဘောတရားတူညီသည်။
“ဒီလိမ္မော်သီးတွေ ဘယ်လိုရောင်းလဲ”
“တစ်လုံးကို ပြားနှစ်ဆယ်ပါ”
အလုပ်သမားလေးမှ ရယ်မောလျက် ဖြေသည်။
“ပြားနှစ်ဆယ်လား။ နည်းနည်းဈေးကြီးမနေဘူးလား”
အလုပ်သမားလေးမှ ပြောသည်။
“ဟားဟား နည်းနည်းဈေးမြင့်ပေမဲ့ အသုံးဝင်တယ်လေ”
ချန်ကျဲ့ ခဏမျှတွေးလိုက်ပြီး ပြောသည်။
“၁၀လုံးပေးပါ”
ထိုအခါ အလုပ်သမားလေးမှ ပြောသည်။
“ကောင်းပါပြီ လူကြီးမင်း။ ကျွန်တော် ဘယ်လိုသုံးရလဲဆိုတာ ပြပေးပါ့မယ်…”
ချန်ကျဲ့သည် စက္ကူအိတ်ထဲသို့ လိမ္မော်သီး၁၀လုံးကို ထည့်ယူ၍ ဆိုင်မှ ပြန်ထွက်လာခဲ့သည်။ ချန်ကျဲ့သည် မိမိ ယီးဟုန်ဂေဟာသို့ သွားခဲ့သည့်အကြောင်းအား စူးယွင်ကျင်းသိသွားမည်ကို မစိုးရိမ်ပါချေ။
ဖုံးကွယ်ရန်လည်း မလိုအပ်ပေ။
သူသည် အရှက်ရစရာ ဘာကိုမျှ မပြုလုပ်ခဲ့ပါဘဲ မျက်နှာချေရနံ့လေးမျှကြောင့်နှင့် ဇနီးဖြစ်သူကို စိတ်မသက်မသာဖြစ်စေရန်လည်း မလိုအပ်ပေ။
အိမ်ထောင်ရေးသာယာမှ ကြီးပွားချမ်းသာမည်!
အိမ်ထောင်ရေးသာယာမှ ကြီးပွားချမ်းသာမည်ဟူသည် အမှန်တကယ်ဖြစ်၏။
မျက်နှာချေနီလမ်းမကြီးမှ ထွက်လာပြီးနောက်၌ ချန်ကျဲ့မှာ အခြားကမ္ဘာသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။ မျက်နှာချေနီလမ်းမကြီးသည် စည်ကားသိုက်မြိုက်၍ တောက်ပနေသော်ငြား ၎င်းလမ်းမကြီး၏ အပြင်ဘက်တွင်မူ ညအချိန်သည် ချောက်ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပေသည်။
စည်ကားသည့် စီးပွားရေးလုပ်ငန်းဇုန်တစ်ခုထဲမှ လူနေရပ်ကွက်တစ်ခုထဲသို့ ခြေချလိုက်သည့်အလားပင်။
လုံးဝ မတူညီသည့် ကမ္ဘာနှစ်ခုဖြစ်နေ၏။
“ဒီအချိန်လောက်ဆို ဘယ်သူမှမရှိတော့ဘူးပဲ”
ယွီအိမ်တော်ထိန်းနှင့် လုပ်ကြံသူတို့သည် ချန်ကျဲ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။ လုပ်ကြံသူမှ ပြောသည်။
“သူ့ကို စိုက်ကြည့်မနေနဲ့။ သူက အာရုံခံစားမှုကောင်းတယ်။ ရှေ့မှာ လူပြတ်တဲ့လမ်းကြား ရှိတယ်။ ကျုပ်တို့ အဲဒီမှာလှုပ်ရှားကြမယ်။ ခင်ဗျား ဒီမှာစောင့်နေ၊ ကျုပ်အရင်သွားမယ်”
ထို့သို့ပြောလျက် လုပ်ကြံသူသည် မျက်နှာကို အနက်ရောင်အဝတ်ဖြင့် ဖုံးအုပ်လိုက်သည်။
ထိုအချိန်၌ အိမ်တော်ထိန်းသည် ခဏမျှစဉ်းစားနေပြီးနောက် လုပ်ကြံသူနောက်သို့ အမြန်ပြေးလိုက်သည်။
သူ ချန်ကျဲ့သေတာကို မြင်လိုသည်။ ဖြစ်နိုင်ပါက သူကိုယ်တိုင် ချန်ကျဲ့ကို သတ်ပစ်ခြင်းဖြင့် သခင်ဖြစ်သူအတွက် လက်တုံ့ပြန်ပေးနိုင်ရန် မျှော်လင့်၏။
“ဟင်?”
ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လူသူကင်းမဲ့နေသည့်လမ်းကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ ယီးဟုန်ဂေဟာမှ ထွက်လာချိန်ကတည်းက သူဘာကြောင့် သူ့နောက်မှ တစ်ယောက်ယောက်လိုက်လာနေသည်ဟု ခံစားနေရသည် မသိပေ။
တစ်ခုခုထူးဆန်းနေတယ်။
မျက်မှောင်ကြုတ်လျက် ချန်ကျဲ့ အရှိန်နှေးလိုက်သည်။
ရှေ့တွင် မှောင်မည်းနေသည့် လမ်းကြားတစ်ခုရှိပြီး လူသွားလူလာ ကင်းရှင်းကာ အမှိုက်များပြန့်ကျဲနေသည်။
ချန်ကျဲ့သည် မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ လမ်းကြားဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားနေသည်။ ထိုစဉ် ကောင်းကင်ရှိ လမင်းကြီးကို တိမ်တိုက်တစ်ခုမှ ဖုံးလွှမ်းသွားရာ နဂိုက မှိန်ဖျော့ဖျော့သာ မြင်ရသည့်လမ်းကြားမှာ ပို၍မှောင်မိုက်သွားတော့သည်။
ချန်ကျဲ့ လမ်းကြားထဲသို့ ဝင်သွားလိုက်သည်။
ချန်ကျဲ့ ရုတ်တရက် ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး ဆံပင်များ ထောင်လာ၏။ ဤသည်မှာ အမှောင်စွမ်းအင်အဆင့်သို့ တက်လှမ်းပြီးနောက် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်သည် ပြင်ပခြိမ်းခြောက်မှုများဖြင့် လှုံ့ဆော်ခံရသောအခါ သတိအနေအထားသို့ ဝင်ရောက်သွား၏။ ၎င်းသည် အမြီးတက်နင်းခံရသည့် ကြောင်တစ်ကောင်မှ အမွေးများ ချက်ချင်းထောင်တက်လာပြီး သတိအနေအထားသို့ ရောက်ရှိသွားခြင်းနှင့် ဆင်တူပေသည်။