← Chapters

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၂

Vol. 15 Ch. 201

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၂

Vol. 15 Ch. 201

ထို့ပြင် အမှောင်စွမ်းအင်အဆင့်သို့ ဝင်ရောက်ပြီးနောက်၌ ချန်ကျဲ့၏အသွေးအသားနှင့် အရေပြားတို့သည် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိ၍ အရွတ်နှင့်အရိုးများလည်း လေ့ကျင့်ပြီးဖြစ်ကာ အရေးပေါ်အခြေအနေများတွင် သူ၏တုံ့ပြန်မှုသည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသည်။

ဝှစ်!

ဓားတစ်ချောင်းသည် ချန်ကျဲ့ကို အရိပ်ထဲမှ ထိုးသွင်းလာသည်။ ချန်ကျဲ့၏ခန္ဓာကိုယ်သည် မသိစိတ်အလျောက် လျင်မြန်စွာရှောင်တိမ်းလိုက်ရာ ဓားသည် သူ၏‌ဦးခေါင်းဘေးမှ ကျော်သွားပြီး ဆံပင်အနည်းငယ်ကို ဖြတ်တောက်သွားသည်။

ချန်ကျဲ့၏လှုပ်ရှားမှုသည် အလွန်အကျွံဖြစ်သွားသောကြောင့် လက်ထဲတွင်ကိုင်ထားသည့် လိမ္မော်သီးစိမ်းများ မြေပေါ်သို့ ပြုတ်ကျသွားသည်။

လိမ္မော်သီးစိမ်းများ ဘေးသို့လိမ့်သွား၏။

ချန်ကျဲ့ အိတ်ကိုလွှတ်ချလိုက်ပြီး ရေထိန်းချုပ်လက်ဝါးသိုင်းဖြင့် လုပ်ကြံသူရှိရာဘက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

လုပ်ကြံသူသည် အံ့အားသင့်သွား၏။

“ဒီလိုလျင်မြန်တဲ့ တုံ့ပြန်မှုအရှိန်နှုန်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နဲ့ မတူဘူးပဲ။ သတင်းအချက်အလက်က မှားနေတာများလား”

လုပ်ကြံသူသည် ထိုသို့တွေးတောနေသော်ငြား သူ့တွင် တုံ့ပြန်ရန် အချိန်မရှိပါချေ။ ချန်ကျဲ့၏ ရေထိန်းချုပ်လက်ဝါးသိုင်းသည် သူ့ထံ ကျရောက်လာနေပြီဖြစ်၏။

ထိုအခါ လုပ်ကြံသူသည် ‌ဓားကို အမြန် ပြန်ရုတ်သိမ်း၍ ထွက်ပြေးရန်ပြင်သည်။

သူသည် လုပ်ကြံမှု မအောင်မြင်ပါက မိုင်ထောင်ချီထွက်ပြေးနိုင်သည့် စံချိန်မီ လုပ်ကြံရေးသမားတစ်‌ယောက် ဖြစ်သည်။ ထိုလက်ဝါးချက်၏ တန်ပြန်တိုက်ခိုက်မှုတွင် လုပ်ကြံသူသည် ချန်ကျဲ့၏အင်အားမှာ သူ့ထက် မည်သို့မျှ မနိမ့်ပါးနိုင်ကြောင်း နားလည်လိုက်သည်။ ချန်ကျိုစစ်သည်လည်း အမှောင်စွမ်းအင်အဆင့်၊ နွဲ့ပျောင်းအရွတ်အဆင့် ဖြစ်‌လိမ့်ပေမည်။

သူသည် အဆင့်သုံးအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးမျှသာ ဖြစ်၏။ သံမဏိအရိုးအဆင့်သို့ တက်လှမ်းရန် လိုအပ်သည့်ဆေးဝါးအတွက် ငွေကြေးလိုအပ်နေခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် ဤအလုပ်တာဝန်ကို လက်ခံစွန့်စားခဲ့မည် မဟုတ်ပေ။

သူ အလုပ်လက်ခံ‌စဉ်က မှောင်ခိုဈေးကွက်သည် ရှင်းရှင်းလင်းလင်းပြောခဲ့၏။ ဖန်းရှစ်ကျုံးသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာ ရှိသူတစ်ဦးကို မွေးစားသားအဖြစ် အသိအမှတ်ပြုရန် ပြင်ဆင်နေသည်ဟု ပြောခဲ့သည်။

ထို့ကြောင့်သာ သူ စွန့်စားရဲခဲ့ခြင်း ဖြစ်သည်။

သူ၏အစီအစဉ်မှာ အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်၍ ဤအလုပ်တာဝန်ကို ပြီးမြောက်စေပြီးနောက် မိုင်ထောင်ချီအဝေးသို့ ချက်ချင်းထွက်ပြေးသွားရန် ဖြစ်သည်။ ဟွမ်ကျိုးစီရင်စုသို့ ထွက်ပြေးနိုင်ပါက ဖန်းရှစ်ကျုံးသည်လည်း သူ့ကို ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတွင်မူ သတင်းအချက်အလက်မှာ မှားယွင်းနေခဲ့၏။ ဒီကောင်လေးသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မဟုတ်ဘဲ နွဲ့ပျောင်းအရွတ်အဆင့်ဖြစ်ကြောင်း သိသာလှသည်။ မိမိနှင့် အင်အားတူညီသည့် သိုင်းပညာရှင်ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထပ်မံလုပ်ကြံရန် မထိုက်တန်တော့ပေ။

ထို့ကြောင့် ထွက်ပြေးရန်ပြင်သည်။

သို့သော် ချန်ကျဲ့မှာ လုပ်ကြံသူကို အဘယ်သို့များ လွတ်မြောက်ခွင့်ပေးပါအံ့နည်း။

တစ်ယောက်ယောက်က သူ့ကိုသတ်ချင်နေပြီး ထိုလူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ– ထိုသို့အဆိပ်ပြင်းမြွေတစ်ကောင်ရှိနေခြင်းသည် ချန်ကျဲ့ကို အမြဲတစေ စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ခံစားနေစေလိမ့်မည်။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ အမြန်ရှေ့တိုးသွားလိုက်ပြီး ‌လက်ကိုဝှေ့ရမ်းကာ လုပ်ကြံသူ ထွက်ပြေးမည့်လမ်းကြောင်းကို လက်ဖဝါးရိုက်ချက်ဖြင့် ဟန့်တားလိုက်သည်။

ထိုအခါ လုပ်ကြံသူသည် ဓားကိုဝှေ့ရမ်း၍ ချန်ကျဲ့ နောက်ဆုတ်သွားစေရန် ဖိအားပေးသည်။ သို့သော် ချန်ကျဲ့သည် ထိုသို့ဖြစ်ခွင့်မပေးနိုင်ပေ။

လျင်မြန်သည့် ခြေတစ်လှမ်းနှင့်အတူ သိုင်းကွက်တစ်ကွက် ထုတ်သုံးလိုက်၏။

“ရေထိန်းချုပ်လက်ဝါးသိုင်း– သုံးလွှာလှိုင်း!”

ဤလက်ဝါးသိုင်းကွက်သည် အလွန်အင်အားကြီးမား၏။ ယွီပင်းသည်လည်း ဤသိုင်းကွက်အောက်၌ သေဆုံးသွားရခြင်းဖြစ်သည်။

လုပ်ကြံသူသည် လက်ဖဝါးရိုက်ချက်ကို ဓားဖြင့် ဟန့်တားကာကွယ်လိုက်သည်။ သို့သော် လက်ဖဝါးစွမ်းအင် လှိုင်းသုံးလွှာ၏ ရိုက်နှက်ခံလိုက်ရပြီး မြေပြင်သို့လဲကျကာ အတော်လေး လိမ့်သွားရသည်။

ထို့နောက် မြေပြင်ထက်တွင် တစ်ဝက်တစ်ပျက် ထိုင်နေသည့်အနေအထားဖြင့် လုပ်ကြံသူသည် သူ၏ဦးခေါင်းထက်၌ ဓားကို ဝှေ့ရမ်းလိုက်သည်။ ထိုသို့အနေအထားဖြင့် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်၏။

ချန်ကျဲ့မှ ပြောသည်။

“ငါ့ကိုသတ်ဖို့ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ”

လုပ်ကြံသူမှ ပြန်ဖြေသည်။

“သိုင်းလောကမှာ စည်းမျဉ်းစည်းကမ်းရှိတယ်။ ငါဘယ်တော့မှ အလုပ်အပ်သူကို ထုတ်ဖော်ပြောမှာ မဟုတ်ဘူး”

ထိုအခါ ချန်ကျဲ့ မှတ်ချက်ပြုလိုက်သည်။

“မင်းက ‌အတော်လေး သစ္စာရှိတာပဲ”

ထို့နောက် ချန်ကျဲ့သည် ထောင့်စွန်းရှိ ဝါးလုံးတိုင်များစုဝေးတည်ဆောက်ထားသည့် နံရံကို တစ်ချက်ကြည့်လိုက်ပြီး ကန်လိုက်သည်။ ထို့နောက် ဝါးတစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။

ချန်ကျဲ့သည် လက်တွင် ဝါးလုံးတိုင်တစ်ချောင်းကို ကိုင်လျက် ဝါးလုံးတိုင်ကို လျင်မြန်စွာ‌သောအရှိန်ဖြင့် ဝှေ့ရမ်းလိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် ရှေ့တိုးသွား၏။

လက်ထဲရှိ ဝါးလုံးတိုင်ကို လှံရှည်ဟု သဘောထားကာ ကျွမ်းကျင်လိမ္မာစွာဖြင့် ရှေ့သို့ ထိုး‌သွင်းတိုက်ခိုက်သည်။

ဝါးလုံးတိုင်၏ ထိုးသွင်းတိုက်ခိုက်မှုတွင် လုပ်ကြံသူသည် ‘ဦးခေါင်းကာကွယ်ခုခံမှု'သိုင်းကို ချက်ချင်းထုတ်သုံး၍ ချန်ကျဲ့၏ဝါးလုံးတိုင်ကို ဟန့်တားခုခံလိုက်ရသည်။ သို့သော် ချန်ကျဲ့၏ အရှိန်လျင်မြန်လွန်းသည့် တိုက်ခိုက်မှုသည် ရပ်တန့်မသွားဘဲ အဆက်မပြတ် တိုက်ခိုက်နေရာ လုပ်ကြံသူမှာ လည်နေသည့်ဂျင်ကဲ့သို့ မနားတမ်း ခုခံနေရတော့သည်။

တစ်ချက်၊ နှစ်ချက်၊ သုံးချက်…

နောက်ဆုံးတွင်တော့ လုပ်ကြံသူသည် အားကုန်သုံး၍ ‘ကျိုးပျက်ဓားအစီအရင်'ဟူသည့် သိုင်းကွက်တစ်ကွက်ကို ထုတ်သုံးလိုက်ခြင်းဖြင့် ချန်ကျဲ့၏ ဝါးလုံးတိုင်ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်တော့သည်။

လုပ်ကြံသူသည်လည်း မျန့်ရွှေစီရင်စုတွင် အနည်းငယ် ကျော်ကြားသူတစ်ဦးဖြစ်သည်။ သူ၏တစ်ဖက်သွားဓားသိုင်းသည် အင်အားကြီးမားပြီး ‘မက်မန်းပွင့်တစ်ဖက်သွားဓားသိုင်း’ကို အထူးကျွမ်းကျင်သည်။ ယခုတွင် ထိုလုပ်ကြံသူသည် အပြင်းအထန်တိုက်ခိုက်နေရ၏။

သူဒီနေ့ ချန်ကျဲ့နှင့် အသေအကြေ မတိုက်ခိုက်သ၍ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ကြောင်း သူသိသည်။

တစ်ပြိုင်နက်တည်းပင် လုပ်ကြံသူသည် စိတ်ထဲတွင် ဒေါသထွက်လာခဲ့၏။ သူဒီနေ့ လွတ်မြောက်နိုင်ခဲ့ပါက ပထမဆုံးပြုလုပ်မည့်အရာမှာ ထိုသောက်ရူးကောင် အလုပ်အပ်သူကို သတ်ပစ်မည်ဖြစ်၏။ ထိုလူသည် တိကျသေချာသည့် သတင်းအချက်အလက်မရှိပါဘဲနှင့် ရူးရူးမိုက်မိုက်ဖြင့် အလုပ်အပ်ရဲခဲ့ပြီး သူ့ကိုပါ အသက်ဘေးအန္တရာယ် ကျရောက်စေခဲ့သည်။

ဒုတိယအနေဖြင့် ပြုလုပ်မည့်အရာမှာ မှောင်ခိုဈေးထံမှ ဖြေရှင်းချက်တောင်းရန် ဖြစ်သည်။

ထိုအတွေးဖြင့် လုပ်ကြံသူသည် ဓားကို အလျင်အမြန် ဝှေ့ရမ်းတိုက်ခိုက်သည်။

'မက်မန်ပွင့်တစ်ဖက်သွားဓားသိုင်း'ကို ‘တင်းမိသားစု၏ တစ်ဖက်သွားဓားသိုင်း'ဟုလည်း ခေါ်ဆိုနိုင်သည်။ ၎င်းသည် တင်းမိသားစုအိမ်တော်မှ ဆင်းသက်လာသည့် အမှောင်စွမ်းအင်အဆင့် သိုင်းပညာတစ်မျိုးဖြစ်ပြီး ကျင့်ကြံဆင့်မြင့်မားသည့် သိုင်းပညာလည်း ဖြစ်သည်။

၎င်းသိုင်းပညာကို ထုတ်ဖော်အသုံးပြုလိုက်ပါက ၎င်းတွင် ခမ်းနားကြီးကျယ်သည့် အစွမ်းအစတစ်မျိုးကို ပိုင်ဆိုင်ကြောင်း မြင်တွေ့နိုင်လိမ့်မည်။

ထိုအချိန်၌ ချန်ကျဲ့၏ ဝါးလုံးတိုင်သည် ခုတ်ပိုင်းခံလိုက်ရသောကြောင့် တိုသွားသော်ငြား ချန်ကျဲ့ ဂရုမစိုက်ပေ။ ဤလမ်းသည် ကျဉ်းမြောင်းသည်ဖြစ်ရာ တိုတောင်းသည့်လက်နက်သည် ပို၍ကိုင်တွယ်သုံးစွဲရလွယ်ကူသည်။ ထို့ပြင် ချန်ကျဲ့သည် ဤတိုက်ပွဲကို အမြန် အဆုံးသတ်ချင်နေ‌ပြီ ဖြစ်သည်။

ထို့ကြောင့် ချန်ကျဲ့သည် လှံသိုင်းကို စတင်ထုတ်သုံးတော့သည်။

သူ၏လက်ထဲရှိ ဝါးလုံးတိုင်သည် လှံတစ်လက် ဖြစ်လာခဲ့သည်။

ချန်ကျဲ့မှ အရှိန်မြှင့်လာသည်ကို မြင်သောအခါ လုပ်ကြံသူသည် ထိတ်လန့်သွား၏။ အမှန်တကယ်ပင် ဖန်းရှစ်ကျုံး တန်ဖိုးထားရသူ ဖြစ်ထိုက်ပါပေသည်။ ဤလှံသိုင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ ထပ်မံ၍ ချန်ကျဲ့ဘက်မှ အင်အားစုဆောင်းနိုင်မည့် အခွင့်အရေးပေး၍ မဖြစ်တော့ချေ။ သူ့ဘက်မှ ဦးစွာ တိုက်ခိုက်ရမည်။ ထိုသို့တွေးလိုက်ပြီး လုပ်ကြံသူသည် ရှေ့သို့ ချီတက်သွား၏။

လုပ်ကြံသူသည် ရှေ့သို့ တစ်ဟုန်ထိုးချီတက်နေပြီး သူ၏ခါးဆောင်ဓားသည် ‘မက်မန်ခုတ်ပိုင်းသိုင်းကွက်’ဖြင့် ချန်ကျဲ့ကို ဦးတည်နေသည်။

ဓားသွားသည် လေထုကို ဖြိုခွင်းသွားပြီး ဓား၏အလင်းရောင် တောက်ပသွားသည်မှာ မက်မန်ပန်းလေးများ ပွင့်လန်းသွားသည့်အလားပင်– တကယ်ကို ကောင်းလိုက်တဲ့ တစ်ဖက်သွားဓားသိုင်းပဲ။

ချန်ကျဲ့သည် လက်ထဲရှိ ဝါးလုံးတိုင်၏ အောက်ခြေကို ကန်လိုက်ပြီး ဝါးလုံးတိုင်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ရှေ့သို့ထိုးသွင်းတိုက်ခိုက်၏။ လုပ်ကြံသူသည် ထိတ်လန့်အံ့ဩလျက် ဝါးလုံးတိုင်ကို အမြန်ရှောင်တိမ်းလိုက်ရသည်။

သို့သော် ချန်ကျဲ့သည် ထိတ်ပျာသွားခြင်း မရှိပေ။

သူတို့နှစ်ဦးစလုံးသည် လျိုကျင့်အဆင့်သိုင်းပညာရှင်များ ဖြစ်ကြသော်ငြား ချန်ကျဲ့၏အင်အားသည် ထိုလုပ်ကြံသူထက် အနည်းငယ် ပိုသာလွန်ပုံရသည်။ လုပ်ကြံသူ အသုံးပြုသည့် သိုင်းပညာသည် အမှောင်စွမ်းအင်အဆင့်သိုင်းပညာဖြစ်ပြီး ချန်ကျဲ့ အသုံးပြုသည့် သိုင်းပညာသည်တော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက်ရှိသော ‘အတိဒုက္ခဆယ့်သုံးပါးလှံသိုင်း’ဖြစ်၏။

ပထမသိုင်းကွက်!

“အရိုးထိတိုင်သော လိုအင်ဆန္ဒ– လိုအင်ဆန္ဒ!”

အလွန်တရာလျင်မြန်သည့် လှံတစ်ဖြစ်လည်း ဝါးလုံးတိုင်သည် လုပ်ကြံသူကို တိုက်ရိုက် ထိုးသွင်းတိုက်ခိုက်သည်။ ထိုးသွင်းတိုက်ခိုက်မှုသည် လျင်မြန်ဖျတ်လတ်ပြီး အင်အားပြင်းထန်ကာ အလှည့်အပြောင်းလည်း များပြားပိုင်နိုင်၏။ လုပ်ကြံသူမှာ အလွန်သတိကပ်၍ သူ၏ဓားရှည်ကို ကတိုက်ကရိုက် လွဲရမ်းကာကွယ်နေရသည်။

ပုံမှန်အခြေအနေဖြစ်ပါက ချန်ကျဲ့၏ ဤသို့ထိုးသွင်းတိုက်ခိုက်မှုကြောင့် လုပ်ကြံသူမှာ သေဆုံးသွားလောက်ပေပြီ။

သို့သော် လက်ရှိအချိန်တွင် ချန်ကျဲ့ကိုင်ထားသည်မှာ လှံအစစ်မဟုတ်ဘဲ ဝါးလုံးတိုင်ဖြစ်နေခဲ့၏။ ဝါးလုံးတိုင်သည် လှံနှင့် မယှဉ်နိုင်ပေ။ သို့ဖြစ်ရာ လုပ်ကြံသူသည် ချန်ကျဲ့၏ ထိုးသွင်းတိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်လျှင်သော်မှ သူ၏ထက်ရှသည့်ဓားရှည်ဖြင့် ချန်ကျဲ့၏ဝါးလုံးတိုင်ကို ခုတ်ပိုင်းပစ်နိုင်လေသည်။

All Chapters