ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၃
Vol. 15 Ch. 202
ဤတစ်ကြိမ် လှံသိုင်းကွက်မှာ ကျရှုံးသွားခဲ့၏။
ကျရှုံးသွားသော်ငြား လုပ်ကြံသူကို ချွေးအေးများထွက်သည်အထိ ကြောက်ရွံ့ထိတ်လန့်စေပြီး ထပ်ခါထပ်ခါ နောက်ဆုတ်စေနိုင်ခဲ့သည်။
“ဒါက ဘယ်လိုလှံသိုင်းမျိုးလဲ!”
လုပ်ကြံသူမှ အံ့အားသင့်လျက် ပြောသည်။ ထိုအခါ ချန်ကျဲ့ ခပ်ဖျော့ဖျော့ ရယ်မောလိုက်၏။
“မင်းအသက်ကို နုတ်ယူမယ့် လှံသိုင်းလေ!”
ထိုသို့ပြောပြီးသည်နှင့် ချန်ကျဲ့သည် နောက်ထပ်စကားလုံး မဖြုန်းတီးတော့ဘဲ ဒုတိယမြောက်သိုင်းကွက်ဖြင့် ဆက်လက်ရှေ့တိုးတိုက်ခိုက်သည်။
[အိပ်မက်တွေဟာ အရုဏ်တက်၅ချက်မျာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ်၊ ဒုတိယမြောက် လှံဟာ လေလွင့်ဝိဉာဉ်ဖြစ်တယ်!]
ချန်ကျဲ့၏လှုပ်ရှားမှုသည် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေသည်။ မိမိ၏လက်နက်သည် လိုအပ်ချက်ရှိနေကြောင်း သိနားလည်ရာ ရန်သူနှင့် တိုက်ရိုက်မခုတ်ပိုင်းသည့် နည်းဗျူဟာကို ရွေးချယ်လိုက်သည်။
ချန်ကျဲ့ အသုံးပြုသည်မှာ ချင်းမင်ကျင့်စဉ်မှ ဆင့်ကဲဖြစ်ပေါ်လာသည့် လှံသိုင်းကျင့်စဉ်ဖြစ်သည်။
တစ်ပြိုင်နက်တည်းပင် ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစည်းလိုက်ရာ ရန်သူကို အတွင်းအား၊ အပြင်အားနှစ်မျိုးစလုံးဖြင့် ရန်သူကိုတိုက်ခိုက်သည်။
လုပ်ကြံသူမှာ အပြင်းအထန် သတိကပ်ထားရတော့သည်။ သူ၏ရှေ့တွင် ချန်ကျဲ့၏ဝါးလုံးတိုင် လှည့်ပတ်နေခြင်းအား မြင်နေရ၏။ သို့ဖြင့် သူ၏ဦးခေါင်းမှာ ချင်းမင်ကျင့်စဉ်၏ မြူခိုးထုကို ထိုးဖောက်မြင်တွေ့နိုင်အောင် ကြိုးစားနေသကဲ့သို့ ဖြစ်သွားခဲ့ပြီး ခေါင်းချာချာလည်၍ ဝေဝါးလာတော့သည်။
လုပ်ကြံသူသည် အသည်းအသန် သတိကပ်ထားလျက် သူ၏ဓားရှည်ကို ခပ်ဝေးဝေးအထိ ဝှေ့ရမ်းနေသည်။ ထိုအချိန်၌ သူ၏သိုင်းကွက်မှာ လုံးဝ ပြိုကွဲပျက်စီးသွားလေပြီ။
“အား!”
လုပ်ကြံသူသည် စိတ်ကယောင်ချောက်ချားဖြင့် အော်ဟစ်မိတော့သည်။ သူ၏ခုခံကာကွယ်သည့် သိုင်းကွက်များမှာ စတင်၍ ပြိုကွဲပျက်စီးလာနေပြီး ချန်ကျဲ့၏ ဝါးလုံးတိုင်ကို တစ်ကြိမ်သော်မျှ မထိနိုင်တော့ပေ။
ထို့နောက် သူအရမ်းစိတ်တုန်လှုပ်နေချိန်တွင် ဝါးလုံးတိုင်သည် မြူခိုးထုထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၍ သူ၏ခန္ဓာကိုယ်တည့်တည့်သို့ ဦးတည်လာ၏။
ဆုတ်ပြဲသွားသည့်အသံ ထွက်ပေါ်လာ၏။
ချန်ကျဲ့၏ဝါးလုံးတိုင်သည် လုပ်ကြံသူ၏ ညာလက်မောင်းပခုံးအဆစ်ကို ထိုးဖောက်သွား၏။ သွေးများ စီးကျလာပြီး လုပ်ကြံသူမှာ ညာဘက်လက်မောင်းကို မလှုပ်ရှားနိုင်တော့ပေ။
ထိုအခါ လုပ်ကြံသူသည် အံတင်းတင်းကြိတ်လိုက်ပြီး ဓားရှည်ကို ပစ်လိုက်ပြီး ဘယ်လက်ဖြင့် ပြန်ဖမ်းယူရန် ကြိုးပမ်းသည်။
သို့သော် ချန်ကျဲ့သည် အဘယ်သို့များ လုပ်ကြံသူကို ထိုသို့အခွင့်အရေးမျိုး ပေးနိုင်ပါအံ့နည်း။ ချန်ကျဲ့သည် ဝါးလုံးတိုင်ကို အမြန်ပြန်ဆွဲထုတ်လိုက်ပြီး ဓားရှည်ကို အဝေးသို့ရိုက်ထုတ်လိုက်ကာ ဝါးလုံးတိုင်ဖြင့် လုပ်ကြံသူ၏ ဘယ်လက်မောင်း ပခုံးအဆစ်သို့ ထပ်မံ ထိုးစိုက်လိုက်သည်။
တစ်ပြိုင်နက်တည်းပင် ချန်ကျဲ့သည် ဝါးလုံးတိုင်ကို လက်လွှတ်လိုက်ပြီး ရှေ့တိုးသွားလိုက်၏။ မြေပြင်သို့ တစ်ချက်ဆွဲလိုက်ရာ လုပ်ကြံသူ၏ဓားသည် ချန်ကျဲ့လက်ထဲသို့ ရောက်လာတော့သည်။
လုပ်ကြံသူမှ လှုပ်ရှားရန် တွေးတောလိုက်စဉ်၌ပင် ချန်ကျဲ့သည် လုပ်ကြံသူ၏လည်တိုင်သို့ ဓားထောက်ထားပြီးနှင့်လေပြီ။
“မလှုပ်နဲ့”
ချန်ကျဲ့၏အသံမှာ အေးစက်နေသည်။
ထိုအခါ လုပ်ကြံသူသည် မျက်မှောင်ကြုတ်လိုက်သော်ငြား ငြိမ်နေသည်။
ချန်ကျဲ့ လုပ်ကြံသူ၏မျက်နှာထက်ရှိ အဝတ်ကို ဖယ်လိုက်သည်။ လုပ်ကြံသူမှာ သူနှင့် မသိကျွမ်းပေ။
“မင်းငါ့ကို ဘာလို့သတ်ချင်တာလဲ”
လုပ်ကြံသူသည် တစ်ဖက်သို့လှည့်သွားပြီး ဘာမှပြန်မပြောပေ။
ထိုအခါ ချန်ကျဲ့သည် လုပ်ကြံသူ၏ပခုံးတွင် စိုက်ဝင်နေသည့် ဝါးလုံးတိုင်ကို ဖိနှိပ်လိုက်ရာ လုပ်ကြံသူ၏တစ်ကိုယ်လုံးသို့ နာကျင်မှုများ ပျံ့နှံ့သွားရသည်။
“အား~ မှောင်ခိုဈေး!”
“မှောင်ခိုဈေးလား”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“ပိုပြီး တိတိကျကျပြောစမ်းပါ!”
“မှောင်ခိုဈေးက အလုပ်လက်ခံတာ”
“ဘယ်သူခိုင်းတာလဲ”
“အမ်…”
ထိုမေးခွန်းတွင် လုပ်ကြံသူသည် ချန်ကျဲ့နောက်သို့ ရုတ်တရက် ကြည့်လိုက်သည်။ ချန်ကျဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ လူတစ်ေယာက် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်။
ချန်ကျဲ့ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏
“မင်းကိုယ်မင်း ဘယ်ကိုပြေးနိုင်မယ်ထင်နေလဲ!”
ထိုသို့ပြောပြီးနောက် လုပ်ကြံသူ၏ပခုံးတွင် စိုက်ဝင်နေသည့် ဝါးလုံးတိုင်ကို ဆွဲထုတ်ယူပြီး ထွက်ပြေးနေသူအား ပစ်လိုက်သည်။ ထိုလူသည် အလန့်တကြားဖြင့် ရှောင်တိမ်းနိုင်ခဲ့ပြီးနောက် ထပ်မံ ထွက်ပြေးရန် ဟန်ပြင်သည်။
ယခု၌ ချန်ကျဲ့တွင် ရွေးချယ်မှုနှစ်ခုရှိသည်: လိုက်ဖမ်းခြင်းနှင့် လိုက်မဖမ်းခြင်း။
ချန်ကျဲ့ ချက်ချင်းလိုက်ဖမ်းရန် ရွေးချယ်လိုက်သည်။ ဒါပေမဲ့ လုပ်ကြံသူကရော? သူ့ကို အတူခေါ်သွားဖို့ကလည်း မဖြစ်နိုင်ဘူး အဲဒီတော့…
ဓားရောင်လက်သွားခြင်းနှင့်အတူ လုပ်ကြံသူသည် သူ၏လည်ပင်းတွင် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ သူ၏ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ ညင်သာစွာ လဲကျသွားတော့သည်။
“နှမြောစရာပဲ၊ သူ့ဆီက အချက်အလက်နည်းနည်းလောက် ပိုမရနိုင်လိုက်ဘူး”
ထိုအတွေးဖြင့် ချန်ကျဲ့သည် လမ်းကြားထဲမှ ထွက်သွားလုနီးဖြစ်သည့် ထွက်ပြေးသူနောက်သို့ လိုက်သွားသည်။ ချန်ကျဲ့ အရှိန်မြှင့်ပြေးလိုက်ရင်း ဝါးလုံးတိုင်တစ်ခုကို ကန်လိုက်သည်။ ၎င်းပြင်းထန်သည့်ကန်ချက်တွင် ယန်ချွမ်ကျင့်စဉ်ကိုပါ ပေါင်းထည့်လိုက်သောကြောင့် ဝါးလုံးသည် အရှိန်ပြင်းစွာ လွင့်ထွက်သွားတော့သည်။
ထက်ရှသည့်တွန်းတိုက်မှုတွင် ၎င်းဝါးတိုင်သည် ထွက်ပြေးနေသူ၏ရှေ့မြေပြင်ထက်တွင် ထိုးစိုက်သွား၏။
ထွက်ပြေးနေသူသည် ကသုတ်ကရက် ရပ်နားလိုက်ရပြီး နောက်တဒင်္ဂ၌ ချန်ကျဲ့သည် သူ့ကိုယ်အား ဖိထားနှင့်လေပြီ။
သူတို့နှစ်ဦး မျက်နှာချင်းဆိုင်လိုက်သောအခါ ချန်ကျဲ့ အရာအားလုံးကို နားလည်သွားခဲ့သည်။
“ခင်ဗျား ခင်ဗျားက ယွီပင်းရဲ့အိမ်တော်ထိန်းပဲ!”
အိမ်တော်ထိန်းလည်း ချန်ကျဲ့ကို ပြန်လှည့်ကြည့်သည်။ သူ မလွတ်မြောက်နိုင်တော့ကြောင်း သိနားလည်ထားရာ သူ၏မျက်နှာမှာ သန္နိဌာန်ချထားပြီးဖြစ်ကြောင်း ပေါ်လွင်နေလျက် ပြောသည်။
“မင်းက တကယ့်ကို သတ်ဖို့ခဲယဉ်းတာပဲ။ ဒါတောင် အလုပ်မဖြစ်ဘူး”
ချန်ကျဲ့မှ ပြောသည်။
“ငါတို့ကြားထဲမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးမရှိဘူး။ ဘာလို့ ငါ့ကိုသတ်ဖို့ကြိုးစားရတာလဲ။ ယွီပင်းအတွက် လက်စားချေဖို့လား”
“အမှန်ပဲ!”
အိမ်တော်ထိန်းမှ ဖြေသည်။ ချန်ကျဲ့ ဆက်ပြော၏။
“တကယ့်ကို သစ္စာရှိလိုက်တဲ့အစေအပါးပဲ။ ဒါပေမဲ့ ခင်ဗျား အခုကြည့်ပါဦး၊ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးစားနေတာလား ဒါမှမဟုတ် ငါကူညီပေးရမလား”
ထိုအခါ အိမ်တော်ထိန်းသည် ရုတ်ချည်း တိုက်ခိုက်သည့် ကိုယ်နေဟန်ထားသို့ ပြောင်းလိုက်သည်။
“ယွီမိသားစုမှာ ကြောက်တတ်တဲ့ကောင်မရှိဘူး။ တိုက်ပွဲမှာ အသက်စွန့်တဲ့ စစ်သည်တော်တွေပဲရှိတယ်။ ဒီနေ့ မင်းဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိလဲ ကြည့်ကြတာပေါ့ ချန်ကျိုစစ်!”
ထိုအခါ ချန်ကျိုစစ်သည် သူ၏ဓားကို မြေပြင်သို့ထိုးစိုက်၍ တိုက်ခိုက်မည့်အနေအထားသို့ ပြောင်းလိုက်သည်။
“ကောင်းပြီ!”
ထိုအခါ အိမ်တော်ထိန်းမှ ဒေါသတကြီးဖြင့် ချေပပြောဆိုသည်။
“မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ”
ထိုသို့ပြောရင်း ချန်ကျဲ့သို့ တစ်ဟုန်ထိုးဦးတည်သွားသည်။ ချန်ကျဲ့သည် တိုက်ခိုက်သည့်အနေအထား ပြင်ထားသော်ငြား အရင်မတိုက်ခိုက်ပေ။ အိမ်တော်ထိန်းမှ ‘အတွေးငယ်သိုင်း’ကို အသုံးပြုကြောင်းမြင်တွေ့လိုက်သောအခါ ချန်ကျဲ့သည် ထိုသိုင်းပညာကို အတော်လေး စိတ်ဝင်စားလာခဲ့သည်။
ယခုတွင် အနီးကပ်စူးစမ်းလေ့လာရင်း တိုက်ခိုက်နိုင်မည့်အခွင့်အရေး ရရှိလာရာ ချန်ကျဲ့သည် အိမ်တော်ထိန်းကို အားကုန်သုံး၍ ဦးစွာတိုက်ခိုက်စေသည်။
ထိုအခါ အိမ်တော်ထိန်းသည် လက်ဖဝါးရိုက်ချက်ဖြင့် တိုက်ခိုက်သည်။ ချန်ကျဲ့သည် မတိုက်ခိုက်ဘဲ တိုက်ခိုက်မှုကို လက်ခံရန် အသင့်ပြင်ထား၏။
ဖြန်းခနဲအသံနှင့်အတူ ချန်ကျဲ့၏ကိုယ်ပေါ်သို့ လက်ဖဝါးရိုက်ချက် ကျရောက်သွားသည်။ ပထမအကြိမ်ထိခတ်မှုသည် ညင်သာနူးညံ့၏။ ထို့နောက်တွင်မှ စွမ်းအင်များလိမ့်တက်လာသည်။
ချန်ကျဲ့သည် ထိုစွမ်းအင်ကို ခံစားကြည့်ပြီးနောက် စိတ်ထဲတွင် အံ့အားသင့်သွား၏။
‘'အတွေးငယ်သိုင်း'သည် အင်အားကြီးမားသည့် အမှောင်စွမ်းအင်အဆင့်သိုင်းပညာ မဟုတ်သည့်တိုင် သူ၏စွမ်းအင်ထုတ်လွှတ်သည့် သိုင်းကွက်သည် အလွန်အင်အားကြီးမားပြီး အချိန်နှောင့်နှေး၍ စွမ်းအင်ထုတ်လွှတ်ခြင်းဖြစ်သည်။
တိုက်ခိုက်နေစဉ် တစ်စုံတစ်ယောက်မှ သင့်ကိုတိုက်ခိုက်သော် ပုံမှန်အားဖြင့် အရင်ဆုံးခုခံလိမ့်မည်။ ထိုအချိန်၌ ခုခံသူ၏ ခုခံနိုင်စွမ်းအားသည် အမြင့်ဆုံးအခြေအနေတွင် ရောက်ရှိနေမည်ဖြစ်ပြီး မထိခိုက်နိုင်ဘဲ ဖြစ်စေသည်။ သို့သော် သူ၏စွမ်းအင်သည် စွဲထင်ကျန်ရစ်နေခဲ့ပြီး ရန်သူ၏တိုက်ခိုက်မှု ပြီးဆုံးပြီဟု အထင်ရောက်၍ ကြွက်သားများပြေလျော့စေလိုက်ချိန်တွင် ရုတ်တရက် သတ်ဖြတ်လိုခြင်းအရှိန်အဝါအပြည့်ဖြင့် စွမ်းအင်များ တစ်ဟုန်ထိုးလိမ့်တက်တိုက်ခိုက်လိမ့်မည် ဖြစ်သည်။
ထိုသို့စွမ်းအင်ထုတ်လွှတ်တိုက်ခိုက်သည့် နည်းလမ်းမှာ အလွန်ထက်မြက်သည်ဟု ချန်ကျဲ့တွေးမိသည်။ အဆက်မပြတ် တိုက်ခိုက်မှုမှတစ်ဆင့် ၎င်း'အတွေးငယ်သိုင်း’,၏ သိုင်းကွက်များသည် အဝေးထိသက်ရောက်မှုမရှိဘဲ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းလည်း မရှိပေ။ ထိုအစား လှုပ်ရှားမှုအသေးလေးများကို ပိုအာရုံစိုက်ကာ အကြီးမားဆုံး ထိခိုက်ပျက်စီးစေသည်။
ဒီလက်ဝါးသိုင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။
သူ၏အရင်ဘဝက ယုံချွင်းသိုင်းနှင့် အတော်လေး ဆင်တူသည်။
ထိုသို့တွေးတောလျက် ချန်ကျဲ့သည် အိမ်တော်ထိန်း၏ လက်ဝါးရိုက်ချက်များကို ဆက်တိုက်ခံယူနေလိုက်သည်။ သို့ဖြင့် အိမ်တော်ထိန်းသည် လေကို အသည်းအသန်ရှူနေရတော့သည်။ အိမ်တော်ထိန်းသည် အားနည်း၏။ အရေပြားသန့်စင်ခြင်းအဆင့်နှင့် နွဲ့ပျောင်းအရွတ်အဆင့်၏တိုက်ပွဲသည် မည်သို့မျှ မမျှတပေ။
ချန်ကျဲ့သည် ၎င်း'အတွေးငယ်သိုင်း”၏ သိုင်းကွက်များကို မြင်တွေ့ချင်သောကြောင့် မဟုတ်ခဲ့လျှင် လက်ဝါးတစ်ချက်တည်းဖြင့် သတ်ပြီးလောက်ပြီ ဖြစ်ပေသည်။