← Chapters

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၄

Vol. 15 Ch. 203

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၄

Vol. 15 Ch. 203

အိမ်တော်ထိန်းသည် သိုင်းကွက်၁၂ကွက်ကို ထုတ်သုံးပြီးနောက် ထိုသိုင်းကွက်များကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုသည်။ သိုင်းကွက်အသစ်မရှိတော့ကြောင်း ချန်ကျဲ့ သိလိုက်၏။

ထို့နောက် ရုတ်တရက်ပင် ချန်ကျဲ့သည် အင်အားကြီးမားသည့် ရေထိန်းချုပ်လက်ဝါးသိုင်းတစ်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။

အိမ်တော်ထိန်း၏ လက်ဝါးသိုင်းနှင့် တိုက်ရိုက်ထိခတ်သွားပြီး နောက်တဒင်္ဂ၌ အိမ်တော်ထိန်းမှာ လွင့်ထွက်သွားတော့သည်။ ပါးစပ်မှလည်း သွေးများအန်ထွက်လာ၏။

အသံကျယ်ကြီးနှင့်အတူ အိမ်တော်ထိန်းသည် မြေပြင်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။

“အဟွတ် အဟွတ်…”

အိမ်တော်ထိန်းသည် အပြင်းအထန်ချောင်းဆိုးတော့၏။ ချန်ကျဲ့ အိမ်တော်ထိန်းအနီးသို့ ချဉ်းကပ်သွားပြီး လည်မျိုမှ ဆောင့်ဆွဲလိုက်သည်။

“နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ”

အိမ်တော်ထိန်းသည်‌ ချောင်းဆိုးနေဆဲပင်။

“အဟွတ် အဟွတ် ချန်ကျိုစစ်… အဟွတ် အဟွတ်… အနာဂတ်ကို မင်းကို ဘာတွေစောင့်မျှော်နေမလဲဆိုတာ မင်းသိမှာပါ။ ငါတို့သခင်ကြီးနဲ့ ငါနဲ့ မင်းကို ယမမင်းရဲ့ခန်းမမှာ စောင့်နေမယ်”

ချန်ကျဲ့မှ ပြောသည်။

“အင်း အတော်လေး လိုရင်းတိုရှင်းဖြစ်တဲ့ နောက်ဆုံးစကားပဲ”

ထို့နောက် ဆတ်ခနဲဖြင့် အိမ်တော်ထိန်း၏လည်ပင်းကို ချိုးပစ်လိုက်သည်။

ချန်ကျဲ့သည် မိမိကို တကယ့်အပြစ်သားအဖြစ် မြင်နေဟန်ရှိသော သစ္စာရှိအစေအပါးတစ်ဦးဖြစ်သည့် အိမ်တော်ထိန်းကို မည်သို့ဖော်ပြရမည် မသိတော့ပေ။

ချန်ကျဲ့သည် သူ၏သခင်ကြီးနှင့် သခင်လေးနှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့ရာ အိမ်တော်၏မျိုးဆက်နှစ်ဆက်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သူတို့၏ ရဲစွမ်းသတ္တိရှိသော အစေခံအိုကြီးဖြစ်သည့် အိမ်တော်ထိန်းသည် သခင်ဖြစ်သူအတွက် သူ၏တစ်ဘဝလုံးစာ ပိုင်ဆိုင်မှုများကို အသုံးပြုလိုက်ရန် အသင့်ဖြစ်နေခဲ့သည်။

အဲဒီတော့ ဒီလောကကြီးမှာ ဘယ်သူက မှားပြီး ဘယ်သူက မှန်နေတာလဲ။ ဤအရာအားလုံးသည် လူတစ်ဦးတစ်‌ယောက်၏ အတွေးအမြင်ပေါ်၌သာ မူတည်လိမ့်မည်ဖြစ်သည်။ သို့သော် ချန်ကျဲ့သည်လည်း ဤအိမ်တော်ထိန်း၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုသောကြောင့်နှင့် သက်ညှာပေးလိမ့်မည် မဟုတ်ပေ။

ထိုအတွက် သူကိုယ်တိုင်လည်း ရက်စက်အကြမ်းကြုတ်ဆုံးသူတစ်ယောက် ဖြစ်လာရပေမည်။

မြေပြင်ထက်တွင် အိမ်တော်ထိန်း၏ရုပ်အလောင်း လဲလျောင်းနေသည်။ ချန်ကျဲ့သည် သူ၏ကိုယ်ပေါ်ရှိ အိတ်တစ်အိတ်ကို သတိထားမိသောကြောင့် အမြန်ဆွဲယူ၍ ဖွင့်ကြည့်လိုက်သည်။

နောက်တဒင်္ဂ၌ ချန်ကျဲ့ တွန့်ဆုတ်သွားရသည်။

အထဲတွင်ရှိနေသည်မှာ ငွေလက်မှတ်တစ်အုပ်ကြီးဖြစ်၏။

ချန်ကျဲ့သည် မိမိမှာ ဤကမ္ဘာသို့ စတင်ရောက်ရှိလာချိန်မှ စတင်၍ ဤမျှများပြားသည့် ငွေပမာဏကို မမြင်တွေ့ဖူးကြောင်း ကျိန်ဆိုရဲပါ၏။

တစ်ရွက်၊ နှစ်ရွက်၊ သုံးရွက်…

တစ်ရွက်လျှင် ငွေတုံးတစ်ရာတန်ကြေးရှိသည့် ငွေလက်မှတ်စုစုပေါင်း ၁၅ရွက်ရှိနေသည်။

ငွေတုံးတစ်ထောင့်ငါးရာ!!

လူတစ်ယောက်သည် အဘယ်ကြောင့်များ အပြင်ထွက်ရာတွင် ဤမျှငွေအများကြီး သယ်ယူလာရသည်ကို ချန်ကျဲ့ နားမလည်နိုင်ပါချေ။

သေချာပေါက်ပင် ချန်ကျဲ့သည် ဤငွေများမှာ သူ့ကိုလုပ်ကြံသတ်ဖြတ်ခြင်းအတွက် နောက်‌ဆုံးငွေပေးချေမှုဖြစ်ကြောင်းကို မသိနိုင်ပါချေ။

သို့သော် ယခု၌ ထိုအချက်မှာ အရေးမကြီးတော့ပေ။ ဤငွေများသည် ချန်ကျဲ့လက်ထဲ ရောက်နေပေပြီ။

ချန်ကျဲ့သည် ‌ထိုငွေလက်မှတ်များကို အင်္ကျီရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် အိမ်တော်ထိန်း၏အလောင်းကို စူးစမ်းရှာဖွေသည်။ နောက်ထပ်ရှာတွေ့သည်တို့မှာ ငွေတုံးအလွတ်သုံးတုံး၊ အခြားငွေစများနှင့် အခြားသော အသုံးမဝင်သည့်ပစ္စည်းများဖြစ်သောကြောင့် ချန်ကျဲ့ လျစ်လျူရှုလိုက်သည်။

သို့သော် အိမ်တော်ထိန်း၏အဝတ်များကြားထဲမှ စာမျက်နှာ၁၀မျက်နှာခန့်ရှိသည့် စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့သည်။

ချန်ကျဲ့ ယူဖတ်ကြည့်လိုက်ရာ “အတွေးငယ်သိုင်း”ဟု ရေးသားထားသည့် စာလုံးကြီးများကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာ အိမ်တော်ထိန်း၏ လျှို့ဝှက်သိုင်းကျမ်းဖြစ်သည်။

လူများသည် သူတို့၏လျှို့ဝှက်သိုင်းကျမ်းကို ကိုယ်ပေါ်ဆောင်၍ လျှောက်သွား‌လေ့ရှိကြသည်လောဟု ချန်ကျဲ့ အံ့ဩမိရသည်။

လူအများစုသည် ထိုသို့ သယ်ဆောင်သွားလာလေ့ မရှိကြပါ။ သို့သော် အိမ်တော်ထိန်းသည် ဤတစ်ကြိမ်တွင် သူ၏ပိုင်ဆိုင်မှုအားလုံးကို သယ်ယူလာခဲ့ခြင်း ဖြစ်သည်။ အိမ်တော်တွင် အိမ်တော်ထိန်းအသစ် ရောက်နေပြီဖြစ်သောကြောင့် သူ၏ပစ္စည်းများကို အိမ်တွင်ထားခဲ့ရန် မယုံကြည်တော့ပေ။ အစေခံဟောင်းဖြစ်သည့် သူ့ကိုလည်း အိမ်တော်သည် မယုံကြည်တော့ပေ။ ထို့ကြောင့် သူ ဒီနေရာကိုရောက်လာရသည့် နံပါတ်တစ်အကြောင်းရင်းသည် ချန်ကျဲ့ကို လူငှားသတ်ရန်ဖြစ်သည်။

နံပါတ်နှစ်အကြောင်းရင်းသည် ဘယ်တော့မှ ပြန်မလာတော့မည့် အစီအစဉ်ဖြစ်၏။ ထို့ကြောင့် အိမ်တော်ထိန်းသည် ပိုင်ဆိုင်မှုအားလုံးကို သယ်ယူလာခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတွင်မူ ၎င်းတို့အားလုံးသည် ချန်ကျဲ့လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ငွေတုံး၁၅၀၀တန်ကြေးရှိတဲ့ ငွေလက်မှတ်‌တွေ.. ငါတော့ တကယ်ကြီး ညတွင်းချင်း သူဌေးဖြစ်သွားတာပဲ။

လူသတ်သမားနဲ့ မီးလောင်မှုက ရွှေခါးပတ်ကို သယ်ဆောင်ထားပြီး ‌တံတားတည်ဆောက်ခြင်းနဲ့ လမ်းပြင်ခြင်းတွေဟာ အလောင်းမချန်ရစ်ခဲ့ဘူးလို့ ပြော‌ကြတာ မထူးဆန်းတော့ပါဘူး။

ချမ်းသာကြွယ်ဝဖို့ဆိုရင် သွေးစွန်းခံရမှာပဲ!

ချန်ကျဲ့သည် ပြန်ရပ်လိုက်ချိန်တွင် စိတ်တက်ကြွနေခဲ့သည်။ သူသည် မြေပြင်ထက်ရှိ လုပ်ကြံသူ၏ ခါးဆောင်ဓားကို ကောက်ယူလိုက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

ဓားသည် အတော်လေးကောင်းမွန်၏။ ချန်ကျဲ့သည် လက်ရှိတွင် ဆင်းရဲနွမ်းပါးနေသောကြောင့် အရာအားလုံးကို လိုချင်သည်။

ထို့နောက် ချန်ကျဲ့သည် လမ်းကြားထဲပြန်ဝင်၍ လုပ်ကြံသူ၏အလောင်းကို စစ်ဆေးသည်။

ချန်ကျဲ့ စိတ်ပျက်သွား၏။

လုပ်ကြံသူ၏ကိုယ်ပေါ်တွင် ငွေတစ်ပြားတစ်ချပ်ပင် မရှိချေ။ လုပ်ကြံသူသည် တစ်ခဏတာလှုပ်ရှားမှုအတွက် ညဝတ်စုံကို ဝတ်ဆင်၍ ခါးဆောင်ဓားတစ်ချောင်းကိုသာ ယူဆောင်လာခဲ့သည်။

လုပ်ကြံသူသည် မိမိမည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းနိုင်လောက်မည့် မည်သည့်အရာကိုမျှ ယူမလာခဲ့ပေ။

ချန်ကျဲ့သည် မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည့် လိမ္မော်သီးများကို ပြန်ကောက်ယူသည်။ ဝယ်ယူလာသည့်ပစ္စည်းများကို မဖြုန်းတီးသင့်ပေ။ ကောက်ယူနေရင်း လိမ္မော်သီးနှစ်လုံးမှာ ကြေမွပျက်စီးသွားကြောင်း မြင်တွေ့လိုက်ရသည်။

နှမြောစရာ..

လိမ္မော်သီးများကို ကောက်ယူပြီးနောက် ချန်ကျဲ့ လမ်းကြားထဲမှ ထွက်လာခဲ့သည်။ ကနဦး၌ ချန်ကျဲ့သည် အိမ်ပြန်ဖို့တွေးထားခြင်းဖြစ်သည်။ သို့သော် ယခုတွင် ကျားဖြူခန်းမသို့ ဦးတည်ရတော့သည်။

မိမိမှာ လုပ်ကြံတိုက်ခိုက်မှုကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ၎င်းမှောင်ခိုဈေးကွက်၏ လုပ်ကြံသူဆိုသူကို သတ်ဖြတ်ခဲ့ပြီးသော်ငြား မှောင်ခိုဈေးကွက်မှ လက်တုံ့ပြန်ရန် နောက်ထပ်လူလွှတ်ခဲ့လျှင် ဘယ်လိုလုပ်ပါမည်နည်း။

ဤသို့ကိစ္စရပ်များကို သေချာကိုင်တွယ်ဖြေရှင်းရပေမည်။ အရင်က ချန်ကျဲ့တွင် ကျောထောက်နောက်ခံ မရှိခင်က သူသည် မိမိတစ်ဦးတည်း စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းမှ သူ့ထံ နောက်တစ်ကြိမ်ရောက်လာခြင်းကို စောင့်ဆိုင်းခဲ့လိမ့်မည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်၌ သူသည် ဖန်းရှစ်ကျုံး၏မွေးစားသားတစ်ယောက် ဖြစ်နေခဲ့လေပြီ။

မွေးစားအဖေက သူ့သားတစ်ယောက် တိုက်ခိုက်ခံရတာကို ဘာမှမတုံ့ပြန်လောက်ဘူးလို့ ထင်နေရော့သလား။

သို့ဖြစ်ရာ ယခုတွင် ဤကိစ္စ၏ ဖိစီးမှုမှာ ဖန်းရှစ်ကျုံးကိုယ်ပေါ်သို့ ရောက်သွားခဲ့လေပြီ။

ချန်ကျဲ့ အရှိန်မြှင့်တင်လိုက်ပြီး နောက်တစ်နာရီခန့်အကြာတွင် ကျားဖြူခန်းမသို့ ရောက်ရှိခဲ့သည်။

ကြီးမားသည့် မီးအိမ်ကြီးနှစ်လုံးသည် ကျားဖြူခန်းမ၏ ဝင်ပေါက်ဂိတ်တံခါးကို ထွန်းလင်းနေစေသည်။ ဝင်ပေါက်တွင် အစောင့်နှစ်ယောက် ရပ်နေ၏။

ချန်ကျဲ့ အနီးသို့ ချဉ်းကပ်သွားလိုက်သည်နှင့်တစ်ပြိုင်နက် အစောင့်နှစ်ယောက်သည် ဓားဆွဲထုတ်လိုက်၏။

“အဲဒီက ဘယ်သူလဲ”

“ငါ ချန်ကျိုစစ်ပါ”

“အို သခင်၅၊ ဒီလို‌ညနက်အချိန်ကြီးမှာ ဘာကိစ္စကြောင့်များ ရောက်လာခဲ့တာပါလဲ”

အစောင့်သည် ချန်ကျဲ့ကို သေချာမြင်တွေ့ရပြီး ချန်ကျဲ့၏အသံကို ကြားပြီးနောက် အလျင်အမြန်ပြောလာသည်။

“မွေးစားအဖေ အထဲမှာရှိလား။ ငါ အရေးတကြီး ဆွေးနွေးစရာကိစ္စလေးရှိလို့”

ထိုအခါ အစောင့်မှ ပြန်ပြောသည်။

“ခန်းမအရှင်သခင်က စာဖတ်ခန်းထဲမှာ သခင်၁၊ သခင်၂တို့နဲ့ အရေးကိစ္စတချို့ ဆွေးနွေးနေပါတယ်။ ကျွန်တော် သွားပြီး အကြောင်းကြားပေးမှာမလို့ သခင်၅ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ”

ချန်ကျဲ့မှ ပြောသည်။

“အိုး ဒီက ညီနောင်ကို ကျေးဇူးတင်ပါတယ်”

“မခံယူဝံ့ပါဘူး”

ထိုသို့ပြောပြီးနောက် အစောင့်တစ်ယောက်သည် အကြောင်းကြားရန် အထဲဝင်သွား၏။ နေ့ဘက်တွင် ချန်ကျဲ့အနေဖြင့် ကျားဖြူခန်းမကို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည်။ သို့သော် ညဘက်တွင်မူ ကျားဖြူခန်းမသည် လုံခြုံရေးတင်းကျပ်ပြီး ဝင်ရောက်ရန်အတွက် အကြောင်းကြားရန် လိုအပ်သည်။

ခဏကြာပြီးနောက် အစောင့်ပြန်ရောက်လာပြီး ပြောသည်။

“သခင်၅. ခန်းမအရှင်သခင်က သခင်၅ကို အထဲဝင်ဖို့ ဖိတ်ကြားလိုက်ပါတယ်”

ချန်ကျဲ့ခေါင်းညိတ်လိုက်ပြီး အစောင့်နောက်မှလိုက်၍ စာဖတ်ခန်းသို့ ဝင်ခဲ့သည်။

စာဖတ်ခန်းထဲသို့ ရောက်သောအခါ ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်၊ ကျန်းချွမ်တို့နှင့် အရေးကိစ္စများ ဆွေးနွေးနေကြောင်း မြင်တွေ့လိုက်ရသည်။ ချန်ကျဲ့၏ ဖရိုဖရဲဖြစ်နေသည့်ပုံစံကို မြင်သောအခါ ဖန်းရှစ်ကျုံးမှ မေးမြန်းသည်။

“ကျိုစစ် မင်းဘာဖြစ်လာခဲ့တာလဲ”

ချန်ကျဲ့ ချက်ချင်းအရိုအသေပြုလိုက်ပြီး ပြောလိုက်သည်။

“မွေးစားအဖေ ဒီလိုညနက်အချိန်ကြီးမှာ နှောင့်ယှက်လိုက်ရတာအတွက် ခွင့်လွှတ်ပေးပါ။ ဒီနေ့ အစ်ကို၄က ကျွန်တော်နဲ့ ညီငယ်၆ကို ယီးဟုန်ဂေဟာကို ဖိတ်ခေါ်ခဲ့ပါတယ်…”

ချန်ကျဲ့ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလိုက်သည်။

အကုန်အစင်နားထောင်ပြီးနောက် ဖန်းရှစ်ကျုံးသည် ဒေါသတကြီးဖြင့် စားပွဲကို လက်ဝါးဖြင့် ရိုက်လိုက်သည်။

“ရဲတင်းလိုက်တာ! မှောင်ခိုဈေးက ငါ့သားကို ပစ်မှတ်ထားရဲတယ်ပေါ့လေ!”

ထို့နောက် ဖုန်းရွှမ်မှ ရုတ်ချည်း မတ်တပ်ထရပ်၍ ပြောသည်။

“ညီငယ်၅ ထိုင်ပါဦး၊ မင်း ထိခိုက်သွားသေးလား”

“ကျွန်တော် မထိခိုက်ပါဘူး။ လုပ်ကြံသူရဲ့စွမ်းရည်က သာမန်ပဲဖြစ်တာကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ခုခံရင်း သူ့ကို သတ်ခဲ့လိုက်ပါပြီ။ ဒါပေမဲ့ မွေးစားအဖေကို အသိပေးတာက အကောင်းဆုံးဖြစ်မယ်ထင်လို့ ကျွန်တော် ရောက်လာခဲ့တာပါ”

All Chapters