← Chapters

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၅

Vol. 15 Ch. 204

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၅

Vol. 15 Ch. 204

ဖုန်းရွှမ်မှ ပြောသည်။

“မင်း ဘာမှမထိခိုက်တာ ကောင်းတယ်။ ဒါပေမဲ့ ညီငယ်၄က မင်းကို အိမ်ပြန်ပို့ပေးခဲ့သင့်တာ”

“ဒီကိစ္စက အစ်ကို၄နဲ့ ဘာမှမဆိုင်ပါဘူး”

ထိုစဉ် ကျန်းချွမ်မှ ပြောလာသည်။

“ညီငယ်၅ မင်းက လူသတ်သမားငှားခဲ့တဲ့သူက ယွီပင်းရဲ့အိမ်တော်ထိန်းလို့ ပြောချင်တာလား”

“ဟုတ်ပါတယ်”

“မင်းသူ့ကိုသတ်ခဲ့လို့လား”

ချန်ကျဲ့ ခေါင်းညိတ်သည်။

“ဟုတ်ပါတယ်”

ကျန်းချွမ်မှ ပြောသည်။

“ဒါဆိုရင်တော့ မွေးစားအဖေ၊ ဒီကိစ္စက ကျွန်တော်တို့အနေနဲ့ အလျင်စလိုလှုပ်ရှားလို့ မကောင်းပါဘူး”

ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။

“အဲဒီတော့ အခုကိုင်တွယ်ရမယ့်ကိစ္စက လက်ရှိလုပ်ကြံသတ်ဖြတ်မှုပေါ့။ မှောင်ခိုဈေးက ဘယ်တုန်းက စပြီးတော့ ကျားဖြူခန်းမရဲ့ ကြီးကြပ်ရေးမှူးအဆင့်တွေကို ကြေးစားစေလွှတ်လုပ်ကြံရဲသွားကြတာလဲ။ ဒါက ငါတို့ကျားဖြူခန်းမကို ပြောင်ပြောင်တင်းတင်း‌ စော်ကားလိုက်တာပဲ!”

ကျန်းချွမ်လည်း မျက်မှောင်ကြုတ်လျက် ပြောသည်။

“မှောင်ခိုဈေးက အရမ်းလွန်လွန်းသွားပြီ”

ဖန်းရှစ်ကျုံးသည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့၏။ ထို့နောက်မှ ချန်ကျဲ့ကို ခေါင်းမော့ကြည့်လာပြီး ပြောသည်။

“အင်း ကျိုစစ်၊ ငါဒီကိစ္စကို သိပြီးသွားပြီဆိုတော့ မင်း ကျန်တာတွေကို စိုးရိမ်ဖို့ မလိုတော့ပါဘူး။ မင်းစိတ်ချထားပါ။ ဒီလိုဖြစ်ရပ်မျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူး”

“အားဖူ!”

“ခန်းမအရှင်သခင်”

ထိုအခါ ဖန်းရှစ်ကျုံး၏ အယုံကြည်ရဆုံးသော အစောင့်အရှောက်ဖြစ်သည့် ဖန့်ဖူဆိုသူ ရှေ့ထွက်လာ၏။

“ငါ့ရထားလုံးကိုယူပြီး ကျိုစစ်ကို အိမ်ပြန်လိုက်ပို့ပေးလိုက်။ ပြီးတော့ ကျိုစစ် ငါမင်းအတွက် ဝတ်စုံတစ်စုံချုပ်ပေးထားတယ်။ အဲဒါကို မနက်ဖြန်စားသောက်ပွဲကို ဝတ်လာခဲ့ပါ”

“ဟုတ်ကဲ့ မွေးစားအဖေ”

ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏စကားအဆုံး၌ မည်သည့်အရာကိုမျှ မေးခွန်းမထုတ်ပေ။ ဖန်းရှစ်ကျုံးမှ ဘာမျှ‌စိုးရိမ်စရာမရှိဟု ပြောသည်ဖြစ်ရာ ထိုသို့ပင်ဖြစ်လိမ့်မည်။

ဖန့်ဖူမှ ပြောသည်။

“သခင်၅ ‌ကြွပါ”

ချန်ကျဲ့မှ ပြောသည်။

“ဦးလေးဖူကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ချန်ကျဲ့သည် ဖန့်ဖူနောက်မှလိုက်သွားခဲ့ပြီး ဖန်းရှစ်ကျုံး၏ အခမ်းနားဆုံးသော ရထားလုံးကိုစီး၍ အိမ်ပြန်ခဲ့သည်။

အိမ်ပြန်လမ်း၌ ချန်ကျဲ့မှ ပြောသည်။

“ဦးလေးဖူ လိမ္မော်သီးတစ်လုံးလောက် စားပါဦး။ ကျွန်တော့်ညီရှောင်ဟူက ဦးလေးနဲ့အတူ လေ့ကျင့်နေတာဆိုတော့ ကျေးဇူးပြုပြီး ဦးလေးဖူ သူ့ကို သေချာလေးဂရုစိုက်ပေးပါဦး”

ဦးလေးဖူမှ ပြောသည်။

“မလိုပါဘူး။ ဒီလိမ္မော်သီးက အရမ်းချဉ်တယ်၊ ကျွန်တော် မစားနိုင်ပါဘူး။ ဒါပေမဲ့ သခင်၅ရဲ့ညီက အလားအလာရှိပါတယ်”

စကားနည်းသည့် ဦးလေးဖူသည် ချန်ကျဲ့ကို အိမ်ပြန်ပို့ပေးခဲ့သည်။

ချန်ကျဲ့ ထွက်ခွာသွားပြီးနောက်တွင် ဖန်းရှစ်ကျုံး၏မျက်နှာသည် ရုတ်ချည်း ပျက်ယွင်းသွား၏။

“သားငယ်၂”

“ဟုတ်ကဲ့”

“လူတချို့ခေါ်သွားပြီး အဲဒီအလောင်းနှစ်လောင်းကို ပြန်သယ်လာခဲ့။ ပြီးရင် ငါနဲ့အတူ မှောင်ခိုဈေးကို လိုက်ခဲ့ရမယ်!”

ဖန်းရှစ်ကျုံးမှ အမိန့်ပေးသည်။

ထိုအခါ ကျန်းချွမ်မှ ပြောသည်။

“မွေးစားအဖေ ဒီလိုကိစ္စအသေးအမွှားလေးကိုတော့ ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“မင်းလား၊ မင်းက အခုထိ လုံလောက်တဲ့စွမ်းရည် မရှိသေးဘူး!”

…

ယုံဖင့်လက်ဖက်ရည်ဆိုင်!

ဤဆိုင်သည် ၂၄နာရီဖွင့်သည့်ဆိုင်ဖြစ်ပြီး ဆိုင်ရှင်သူဌေးသည် စာရင်းတွက်နေသည်။

ထိုစဉ် တံခါးမှာ ဝုန်းခနဲအသံကျယ်ကြီးနှင့်အတူ ကန်ဖွင့်ခံလိုက်ရ၏။

ဆိုင်ရှင်သူဌေး၏မျက်နှာသည် အေးစက်သွားခဲ့ပြီး အလုပ်သမားလေးဦးသည် သူတို့၏ ဖုံးကွယ်ထားသည့် လက်နက်အသီးသီးကို ကိုင်စွဲလိုက်ကြသည်။ သူတို့အားလုံးသည် တည်ကြည်လေးနက်သည့် မျက်နှာအမူအရာများဖြင့် သတ်ဖြတ်ခြင်းအငွေ့အသက်များ ထုတ်လွှတ်နေကြသည်။

မှောင်ခိုဈေးမှာ ဘယ်သူက ပြဿနာလာရှာရဲသလဲ!

သို့သော် လက်ဖက်ရည်ဆိုင်ထဲသို့ ထိုလူဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်

ဆိုင်ရှင်သူ‌ဌေး၏ မျက်နှာအမူအရာသည် ရုတ်ချည်း ပြောင်းလဲသွား၏။ ဆိုင်ရှင်သူဌေးသည် တောက်ပစွာသော အပြုံးမျက်နှာဖြင့် နှုတ်ဆက်သည်။

“လူကြီးမင်းဖန်း!”

ဖန်းရှစ်ကျုံးသည် ဣန္ဒြေမပျက် ဝင်လာသည်။ ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့လည်း နောက်မှ လိုက်ဝင်လာ၏။

ဆိုင်ရှင်သူဌေးသည် ဖုန်းရှစ်ကျုံးအနားသို့ ချဉ်းကပ်ရန် ကြိုးပမ်းလိုက်သော်ငြား ဖုန်းရွှမ်၏ တွန်းဖယ်ခံလိုက်ရသည်။

ဆိုင်ရှင်သူဌေးသည် စိတ်မကျေမနပ်မှုကို စိုးစဉ်းသော်မှ မဖော်ပြဝံ့ပေ။ အပြုံးကိုသာ ထိန်းသိမ်းထားလျက်‌ ပြောသည်။

“လူကြီးမင်းဖန်း ဆိုင်ကိုရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ”

ဖန်းရှစ်ကျုံးသည် ဆိုင်ရှင်သူဌေးကို တစ်ချက်ကြည့်လိုက်သည်။

“ငါ လူတစ်ယောက်သတ်ခိုင်းချင်လို့ မင်းတို့ရဲ့သူဌေးကို လာရှာတာ။ ငါဆင်းသွားရမလား ဒါမှမဟုတ် ဒီအလုပ်ကို လက်ခံဖို့ သူတက်လာမလား”

ထိုအခါ ဆိုင်‌ရှင်သူဌေးသည် ချက်ချင်း မျက်လုံးဖြင့် အချက်ပြ၏။

“လူကြီးမင်းဖန်း ကျွန်တော်အခုပဲ လူတစ်ယောက်လွှတ်ပြီး သူဌေးကို ခေါ်ပေးပါ့မယ်”

မကြာမီ၌ အဖိုးကြီးတစ်ယောက် အပြေးရောက်လာပြီး ဖန်းရှစ်ကျုံးကို မြင်သောအခါ ရုတ်ချည်း အရိုအသေပြု၏။

“ခန်းမအရှင်သခင်ဖန်း”

ဖန်းရှစ်ကျူံးသည် အဖိုးကြီးကို မလွှဲတမ်းစိုက်ကြည့်နေရင်း ပြောသည်။

“ဆီကုန်သည်”

အဖိုးကြီးမှ ပြောသည်။

“လူကြီးမင်းဖန်း ဆိုင်ကိုရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော်တို့ဘက်က ကြိုဆိုမှုမှာ ဧည့်ဝတ်မကျေပွန်တာရှိခဲ့ရင် လူကြီးမင်းဖန်းကပဲ သဘောထားကြီးပေးပါဦး”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“မှောင်ခိုဈေးကို ဆီကုန်သည် ခင်ဗျားက ကာကွယ်ပေးထားတယ်လို့ ကြားတယ်။ ပြီးတော့ ခင်ဗျားရဲ့ လုပ်ကြံသတ်ဖြတ်ရေးလုပ်ငန်းကလည်း အရမ်းကိုမှ ဖြစ်ထွန်းကောင်းမွန်နေတာပဲတဲ့လေ။ အဲ့တော့ ကျုပ်အတွက်လည်း လူတစ်ယောက်လောက် သတ်ပေးရင်ဘယ်လိုလဲ”

ထိုအခါ အဖိုးကြီးမှ ပြောသည်။

“လူကြီးမင်းဖန်းက နောက်နေပါပြီ။ လူကြီးမင်းဖန်း လူသတ်မယ့်အရေးမှာ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ရဲ့အကူအညီကို လိုအပ်ပါ့မလဲ”

“ရွှေဒင်္ဂါးတစ်ထောင်!”

ဖန်းရှစ်ကျုံး၏ ထိုစကားတွင် အဖိုးကြီး၏မျက်လုံးများ တောက်ပသွား၏။

“ဘယ်သူ့ကို သတ်ရမှာပါလဲ”

“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ကျားဖြူခန်းမအရှင်သခင် ဖန်းရှစ်ကျုံး!”

ဖန်းရှစ်ကျုံး၏စကားတွင် အဖိုးကြီးမှာ အံ့ဩထိတ်လန့်မှုနှင့် အမျက်ဒေါသတို့ကို တစ်ပြိုင်နက် ခံစားလိုက်ရ၏။ အဖိုးကြီးမှ အံ့အားသင့်စွာဖြင့် ပြောသည်။

“အဲဒါက ဘာကိုဆိုလိုတာပါလဲ‌!”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကျုပ် ဘာကိုဆိုလိုတာလဲတဲ့လား။ ခင်ဗျားရဲ့မှောင်ခိုဈေးက ကျုပ်ရဲ့မွေးစားသားနဲ့ ကျုပ်အတွက် ကြေးစားစေလွှတ်ရဲတယ် မဟုတ်ဘူးလား။ ဘာကို အရမ်းတွေ အံ့ဩထိတ်လန့်ပြနေတာတုန်း”

“ခင်ဗျားရဲ့လုပ်ငန်းကို ဖျက်ဆီးပစ်မှပဲ!”

ထိုအခါ အဖိုးကြီးသည် ချက်ချင်း နားလည်လိုက်၏။ ထို့နောက် ဖန်းရှစ်ကျုံးမှ ရယ်မောသည်။

“ပြောကြတာတော့ အစောင့်အရှောက်ကြီး၁၃ဦးထဲက ဆီကုန်သည်က အရမ်းအင်အားကြီးမားတယ်တဲ့။ ဘယ်လောက်တောင် အင်အားကြီးမားလဲ‌ဆိုတာ ကြုံတွေ့ခံစားကြည့်ဖို့ ဒါက အချိန်ကောင်းပဲထင်ပါရဲ့!”

ထိုသို့ပြောလျက် ဖန်းရှစ်ကျုံးသည် အဖိုးကြီးကို ရုတ်ချည်းတိုက်ခိုက်သည်။

အဖိုးကြီးလည်း လန့်ဖျပ်သွားရပြီး လက်နှစ်ဖက်စလုံးဖြင့် ဖန်းရှစ်ကျုံး၏ လက်တစ်ဖက်တည်းအသုံးပြုသော လက်ဖဝါးရိုက်ချက်ကို ခုခံလိုက်သည်။ ကျယ်လောင်သည့် ထိခတ်သံကြီးထွက်ပေါ်သွားပြီးနောက် ဖန်းရှစ်ကျုံးမှ လှောင်ရယ်သည်။

“ငါလာမယ်ဆိုတာ သိနေရဲ့နဲ့ ငါနဲ့တွေ့ဖို့အတွက် လက်အောက်ငယ်သားတစ်ယောက်ကို လွှတ်လိုက်တယ်။ တကယ်ကြီး ငါ့ကိုလျှော့တွက်နေတာပဲ!”

ထိုသို့ပြောလျက် ဖန်းရှစ်ကျုံးသည် အဖိုးကြီးကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။

ခုနကမှ လက်ဝါးရိုက်ချက်တစ်ချက်ကို ခုခံထားရသည့် အဖိုးကြီးမှာ လက်မောင်းများထုံကျင်နေခဲ့ပြီး လုံးဝ မလှုပ်ရှား‌နိုင်တော့ပေ။

အဖိုးကြီးသည် သံမဏိအရိုးအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည့်တိုင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်၏ လက်ထဲတွင်မူ အင်အားကင်းမဲ့သွားရကာ သိုင်းကွက်တစ်ကွက် ဖလှယ်ရခြင်းကိုပင် ခံနိုင်ရည်မရှိပါချေ။

ဖန်းရှစ်ကျုံး၏လက်မှ အဖိုးကြီးကို ဖမ်းဆွဲနိုင်လုနီးတွင် ရုတ်တရက် အမဲရောင်ပုံရိပ်တစ်ခု ဖြတ်ပြေးသွား၏။

ရိုက်ချက်တစ်ချက်နှင့် ထိုလူသည် ဖန်းရှစ်ကျုံး၏လက်ကို ခုခံတိုက်ခိုက်သည်။

ထို့နောက် နှစ်ဦး‌စလုံး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားရသည်။

ထို့နောက် တည်ငြိမ်မြဲမြံစွာ ရပ်လိုက်ကြ၏။

“မျိုးနွယ်စုခေါင်းဆောင်!”

အဖိုးကြီးမှ အံ့အားသင့်လျက် ‌ခေါ်လိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်မှ ကြားဝင်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ထို့နောက် ဖန်းရှစ်ကျုံးသည် သူ၏ရှေ့ရှိ အရပ်အမောင်းပုသေးသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ အမျိုးသမီးသည် အနက်ရောင် အပေါ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာမှာ မသဲကွဲပေ။ ဖန်းရှစ်ကျုံးမှ ပြောသည်။

“ဆီကုန်သည်လား”

“မင်းက တကယ်တော့ မိန်းကလေးလား”

ဖန်းရှစ်ကျုံး အနည်းငယ် အံ့အားသင့်သွားဟန်ရ၏။

ထိုအခါ အနက်ရောင်ဝတ်အမျိုးသမီးမှ အေးစက်စွာ ပြောသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ကျားဖြူခန်းမအရှင်သခင်ဖြစ်တဲ့ ရှင်က ကျွန်မကိုရှာဖို့ ဒီနေရာကို ရောက်လာတာ ကျွန်မက ယောက်ျားလား မိန်းမလား သိရဖို့အတွက်ပဲတော့ မဟုတ်လောက်ဘူးထင်တယ်”

ဖန်းရှစ်ကျုံးသည် မျက်လုံးတို့ကို မှေးကျဉ်း၍ သူ၏ရှေ့ရှိ အမျိုးသမီးကို အကဲခတ်နေသည်။ အမျိုးသမီးသည် ဆီးနှင်းတမျှ အေးစက်၏။

တကယ့်ကို မှောင်ခိုဈေးကို ထိန်းချုပ်နေတဲ့သူပါပဲ။

သူမကို ကြည့်နေရသည်မှာ ရေခဲတမျှအေးစက်သည့် လူတစ်ယောက်နှင့် ဆုံတွေ့နေရသည့်အလားပင်။

ဖန်းရှစ်ကျုံးမှ အမျိုးသမီးကို ပြောသည်။

“ကျုပ် အလုပ်တစ်ခုအပ်ချင်လို့ လာခဲ့တာ၊ မင်းက မိန်းမလား ယောက်ျားလားဆိုတာ ကြည့်ဖို့မဟုတ်ရပါဘူး”

“အို ကျွန်မ ကြားခဲ့ပါတယ်။ ရှင့်ရဲ့ ခန်းမအရှင်သခင်ရာထူးအတွက် ကြေးစားငှား ချင်တာကို ရွှေဒင်္ဂါးတစ်ထောင်တဲ့လား။ အဲဒါတော့ အရမ်းနည်းလွန်းပါတယ်”

ဖန်းရှစ်ကျုံးသည် ခပ်ဟဟရယ်မော၏။

“ဒါဆိုရင် ကျုပ်ရဲ့ဦးခေါင်းက ဘယ်လောက်တန်တယ်ထင်သလဲ”

အမျိုးသမီး၏အသံသည် အေးဆေးတည်ငြိမ်နေဆဲပင်။

“ကျွန်မတို့မှောင်ခိုဈေးက ခန်းမအရှင်သခင်ဖန်းအတွက် ကြေးစားမလွှတ်ရဲပါဘူး။ အဲဒီတော့ ရှင့်ရဲ့ဦးခေါင်းက အဖိုးမဖြတ်နိုင်ဘူးပေါ့‌”

All Chapters