ယောက်ျား ရှင် ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား_၃
Vol. 15 Ch. 208
[၄၊ သင်ဒီနေ့ ယွီပင်းရဲ့အိမ်တော်ထိန်းကို သတ်ခဲ့တာကြောင့် ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ အိမ်တော်ထိန်းရဲ့သိုင်းပညာက “အတွေးငယ်သိုင်း”ဖြစ်ပြီး အောမေ့ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများ ကျင့်ကြံပါက အကျိုးသက်ရောက်မှု ကောင်းမွန်ကာ တစ်ဝက်ခန့် အားစိုက်ထုတ်ရုံနှင့် အကျိုးအမြတ် နှစ်ဆ ရရှိစေနိုင်သည်]
[၅၊ သင်ဒီနေ့ ကျားဖြူခန်းမအတွင်း ဆက်ဆံရေးများအကြောင်းကို အကြိမ်ပေါင်းများစွာ တွေးတောခဲ့တဲ့အတွက် ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ ကျားဖြူခန်းမကို အဓိကအုပ်စုကြီး လေးစုအဖြစ် ခွဲခြားထားပါတယ်။ ဖုန်းရွှမ်နဲ့ လုရုံတို့နှစ်ဦးက မဟာမိတ်တွေဖြစ်ပြီးတော့ ကျန်းချွမ်ကတော့ သူ့ရဲ့ကိုယ်ပိုင်အုပ်စု ရှိပါတယ်။ ပြီးတော့ ဝတ်ရုံဖြူစာပေပညာရှင် တန်းကွမ်းမင်ကတော့ ကြားနေဝါဒကို ကျင့်သုံးသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အုပ်စုနှစ်စုလုံးဟာ ပေါ်တင်ရော၊ ခိုးကြောင်ခိုးဝှက်ရော ဆန့်ကျင်တိုက်ခိုက်နေကြပါတယ်။ ဖန်းရှစ်ကျုံးကလည်း အုပ်စုနှစ်စုရဲ့ ပဋိပက္ခတွေကို တည်ငြိမ်စေဖို့ရည်ရွယ်ချက်နဲ့ နောက်ထပ်သားတစ်ယောက် မွေးစားဖို့ စီစဉ်နေပါတယ်]
ချန်ကျဲ့သည် အိပ်ရာထက်တွင် လဲလျောင်း၍ ဒီနေ့အတွက် သတင်းအချက်အလက်များကို ကြည့်နေသည်။ ထိုအခါ မည်သည့် ထူးထူးခြားခြားတိုးတက်မှုမျှ မရှိကြောင်း မြင်တွေ့လိုက်ရ၏။
နံပါတ်၃အချက်သည် အာရုံစိုက်မှုကို ဖမ်းစားသွားသည့်အချက် ဖြစ်၏။ ၎င်းအချက်သည် မှောင်ခိုဈေး၏နောက်ကွယ်ရှိ ပိုင်ရှင်မှာ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သော ဆီကုန်သည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ချန်ကျဲ့သည် အစောင့်အရှောက်ကြီး၁၃ဦးအကြောင်းကို လတ်တလောတွင်မှ ကောင်းစွာသိလာခြင်း ဖြစ်သည်။ မျန့်ရွှေစီရင်စု၏ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးအားလုံးနီးပါးမှာ ထို၁၃ဦးထဲတွင် ပါဝင်ကြလေသည်။
ဥပမာဆိုရသော် သူ၏မွေးစားဖခင်ဖြစ်သူ ဖန်းရှစ်ကျုံးသည် တံငါသည်ဟု ကျော်ကြားသည့် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သည်။
သေချာပေါက်ပင် ပထမနှင့် ဒုတိယမှအပ အစောင့်အရှောက်ကြီး၁၃ဦး၏ အဆင့်သတ်မှတ်ချက်များသည် သူတို့၏အင်အားတစ်ခုလုံးကို အလုံးစုံ မထင်ဟပ်ပါချေ။ ဒီတိုင်း အစဉ်သတ်မှတ်ထားခြင်းသာ ဖြစ်၏။
သို့သော် ထိပ်ဆုံးနှစ်ယောက်၏ အရည်အချင်းသည်တော့ အမှန်တကယ် ကွာခြားပါသည်။ သူတို့သည် မျန့်ရွှေစီရင်စု၏ မြေအောက်လောကဘုရင်များ ဖြစ်ကြသည့် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နှင့် ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်တို့ ဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းနှင့် ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင် လျိုလောင်ကွေ့– ထိုနှစ်ဦးကို မျန့်ရွှေစီရင်စု၏ အင်အားအကြီးမားဆုံး သိုင်းပညာရှင်ကြီးများဟု အသိအမှတ်ပြုထားကြ၏။ သူတို့၏အင်အားသည် အခြားအစောင့်အရှောက်ကြီး၁၁ဦးထက် များစွာပို၍ မြင့်မားပေသည်။
ထို့ပြင် ဤဆီကုန်သည်ဆိုသူသည် အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် ပဟေဠိအဆန်ဆုံးသော လူများထဲမှ တစ်ဦးဖြစ်သည်။
နောက်ထပ် ပဟေဠိဆန်သူမှာ ယီးဟုန်ဂေဟာ၏ အလှလေးဖြစ်သည်။
အခြားအစောင့်အရှောက်ကြီးများမှာ ထင်ရှားကျော်ကြားသူများ ဖြစ်ကြသည့်တိုင် သူတို့နှစ်ဦးသည် သူတို့၏သရုပ်မှန်ကို တစ်ကြိမ်တစ်ခါမျှ ဖော်ထုတ်ဖူးခြင်း မရှိပေ။ အခြားအစောင့်အရှောက်ကြီးများသည် သူတို့၏ သက်ဆိုင်ရာနယ်ပယ်အတွင်း ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုခံရသူများဖြစ်ကြပြီး သူတို့နှစ်ဦးကဲ့သို့ လျှို့ဝှက်သိုသိပ်ခြင်း မရှိကြပေ။
ဥပမာဆိုရသော် လူထုအတွင်း ထင်ရှားကျော်ကြားသည့် တံငါသည်ဖန်းရှစ်ကျုံးနှင့် တစ္ဆေလက်ကုချင်းဖုန်းတို့ ဖြစ်သည်။
သို့သော်ငြား ဆီကုန်သည်နှင့် ယီးဟုန်ဂေဟာ၏ အလှလေးတို့သည် လူကိုယ်တိုင် ထွက်ပေါ်လာခြင်းမှာ ရှားပါးလွန်းလှသောကြောင့် လူအနည်းငယ်သာလျှင် သူတို့၏ သရုပ်မှန်ကို သိထားကြသည်။
ယခု၌ ချန်ကျဲ့သည် ဆီကုန်သည်၏အာရုံကို ဆွဲဆောင်မိလိုက်ရာ သူ၏နောက်ကျောတွင် ဆူးများရှိနေသည်ကဲ့သို့ ခံစားသွားရသည်။
မဖြစ်ချေဘူး။ ငါ အခွင့်အရေးရှာပြီး ဒီဆီကုန်သည်ရဲ့သရုပ်မှန်ကို ရှင်းလင်းအောင် လုပ်ရမယ်။ မဟုတ်ရင် အလွယ်တကူ စိတ်ချမထားနိုင်ဘူး။
မည်သို့ပင်ဖြစ်စေ ဆီကုန်သည်သည် သူ့ကို တိုက်ရိုက် တိုက်ခိုက်လာလိမ့်မည်ဟု ချန်ကျဲ့ မယုံကြည်ပါချေ။ အထူးသဖြင့် ဆီကုန်သည်,သည် သူ၏မွေးစားအဖေနှင့် သီးသန့် ငြိမ်းချမ်းရေးဆွေးနွေးပြီး သဘောတူညီချက်ပင် ရယူခဲ့ပြီ မဟုတ်ပါလော။ မျန့်ရွှေစီရင်စု၏ အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦးအနေဖြင့် ဆီကုန်သည်,သည် မိမိကဲ့သို့ အငယ်လေးတစ်ယောက်ကို အရှက်သိက္ခာကင်းမဲ့စွာ အနိုင်ကျင့်လိမ့်မည် မဟုတ်ပေ။
ထိုသို့တွေးပြီးနောက် ချန်ကျဲ့ အနည်းငယ် စိတ်ချသွား၏။ မိမိကိုယ်ကိုယ် ထက်မြက်မှုအတွက်လည်း ချီးမွမ်းလိုက်သည်။ သူသာ ဒီကိစ္စကို ဖန်းရှစ်ကျုံးထံ သတင်းမပို့ခဲ့ပါက သူတစ်ယောက်တည်း ဆီကုန်သည်နှင့် ရင်ဆိုင်နေရလောက်ပေသည်။
သို့သော် ယခုတွင်တော့ အင်အားကြီးသူတစ်ဦး ကြားဝင်နေသည်ဖြစ်ရာ တစ်ဖက်လူမှ သူတို့၏လုပ်ကြံသူကို သတ်ဖြတ်ခြင်းအတွက် အငြိုးအတေးထားခဲ့လျှင်သော်မှ သည်းခံရပေလိမ့်မည်။ ဤသည်မှာ စည်းမျဉ်းဖြစ်၏။
သို့ဖြစ်ရာ မွေးစားအဖေထံမှ အသိအမှတ်ပြုမှုသည် အချည်းနှီး မဟုတ်တော့ပေ။
ထို့ပြင် နံပါတ်တစ်အချက်ဖြစ်သည် ယီးဟုန်ဂေဟာ၏ စီမံခန့်ခွဲမှုကို ဖော်ပြထား၏။ အနှစ်ချုပ်လိုက်သော် စာလုံးတစ်လုံးသာ ထွက်လာနိုင်သည်: ကြော့ရှင်းတင့်တယ်၏။ တကယ့်ကို သောက်ရမ်း ကြော့ရှင်းတင့်တယ်၏။
ဤသည်မှာ ပညာရှိတစ်ဦးပြောခဲ့သည့် “ယုတ်ညံ့သော လုပ်ငန်းတစ်ခုအား ကြော့ရှင်းတင့်တယ်သည့် လုပ်ငန်းအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းသည် ငွေပိုရှာနိုင်စေသည်”ဟူသည့် ဆိုရိုးအတိုင်းပင်။
နံပါတ်နှစ်အချက်အလက်သည် မှောင်ခိုဈေး၏ လုပ်ငန်းလည်ပတ်ချိတ်ဆက်ပုံကို ဖော်ပြထားသည်။ အဓိကအားဖြင့် မှောင်ခိုတင်သွင်းခြင်း၊ လူသတ်သမားငှားရမ်းခြင်းဟူသည် နယ်ပယ်နှစ်ခုကို ကိုင်တွယ်ပြီး ခိုးယူထားသည့် ကုန်ပစ္စည်းများကိုလည်း လက်ခံပုံရ၏။
နံပါတ်လေးအချက်သည် သူဒီနေ့ ရရှိခဲ့သည့် “အတွေးငယ်သိုင်း”အကြောင်းကို ရှင်းပြထားသည်။ အံ့အားသင့်ဖွယ်ကောင်းလှစွာပင် ၎င်းသည် အောမေ့ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်နေခဲ့ပေသည်။
ချန်ကျဲ့ သိထားသည့် အောမေ့ဂိုဏ်းသည် တော်ဝင်တရားရုံးတော်မှ အသိအမှတ်ပြုထားသည့် ဂိုဏ်းကြီး၆ဂိုဏ်းထဲမှ တစ်ဂိုဏ်းဟု ကောလာဟလထွက်နေသည့်ဂိုဏ်း ဖြစ်သည်။
ဂိုဏ်းကြီး၆ဂိုဏ်းသည် သူတော်ကောင်းလမ်းစဉ်၏ သိုင်းပညာရှင်အင်အားစုကြီးများအဖြစ် ဂုဏ်ပြုခံရသည့် ဂိုဏ်းကြီးများဖြစ်သည်။
အောမေ့ဂိုဏ်းသည် ထိုဂိုဏ်းကြီး၆ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။
ထို့ပြင် အောမေ့ဂိုဏ်းသည် အမျိုးသမီးတပည့်များကိုသာ သီးသန့်လက်ခံပြီး များသောအားဖြင့် တာ့အိုကျင့်ကြံသူ သူတော်စင်အမျိုးသမီးများ(သီလရှင်)များ ဖြစ်ကြောင်းကိုလည်း ချန်ကျဲ့ သိထား၏။
ဂိုဏ်းတည်ထောင်သူမှာ ရှန်းယန်မြို့ကို လက်တစ်ဖက်တည်းဖြင့် ခုခံကာကွယ်ခဲ့သော သူရဲကောင်းကော်၏ သမီးဖြစ်သည်ဟူသော ကောလာဟလများလည်း ရှိပေသည်။
“အတွေးငယ်သိုင်း”မှာ ထိုကဲ့သို့နောက်ခံမျိုး အမှန်တကယ် တည်ရှိပါက ၎င်းသည် သေချာပေါက် ပြိုင်ဘက်ကင်းသိုင်းပညာတစ်မျိုးသာ ဖြစ်ချေရော့မည်။
ချန်ကျဲ့ အိပ်ရာထလိုက်သည်။ သူ၏ ဇနီးလေးသည် ဒီနေ့တွင် အတော်လေး ပင်ပန်းသွားသောကြောင့် မနိုးဘဲ အိပ်ပျော်နေဆဲဖြစ်သည်ကို ချန်ကျဲ့ သတိထားမိလိုက်သည်။
သို့ဖြင့် ချန်ကျဲ့သည် အိပ်ရာထပြီးနောက် စားပွဲအနီးသို့ လျှောက်သွား၍ ဆီမီးအိမ်ကို မီးညှိရန်ပြင်ဆင်သည်။
“အတွေးငယ်သိုင်း”ကို ရှာတွေ့ချိန်တွင် ချန်ကျဲ့၏ ပထမဆုံးအမြင်မှာ ထိုသိုင်း၏ စွမ်းအင်ထုတ်လွှတ်မှုနည်းလမ်းသည် ထူးခြားသောကြောင့် အံ့အားသင့်မိရုံမျှသာ ဖြစ်ခဲ့သည်။
သို့သော် ယခု၌ ၎င်းသည် အောမေ့ဂိုဏ်းမှ ဆင်းသက်လာသည့်သိုင်းပညာ ဖြစ်နိုင်သည်ဟု သိလိုက်ရသောအခါ သိုင်းပညာတစ်ခုတည်းကသာ စိတ်ဝင်စားစရာကောင်းခြင်း မဟုတ်တော့ဘဲ ၎င်းသိုင်းကျင့်စဉ်၏ မူလတည်ရာသည်လည်း လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်မြင်ရသောကြောင့် စိတ်ဝင်စားလာခဲ့သည်။
အမျိုးသမီးတွေ ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ သိုင်းကျမ်း– ဒီသိုင်းကျမ်းကို အိမ်တော်ထိန်းက ဘယ်ကနေ ရလာခဲ့တာလဲ။
ချန်ကျဲ့ သိုင်းကျမ်းကို လှန်လှောကြည့်လိုက်သည်။ ထိုအခါ ဤသိုင်းကျမ်းမှာ စာမျက်နှာ ၁၃မျက်နှာသာ ပါဝင်ပြီး အလွန်ရိုးရှင်းကြောင်း မြင်တွေ့လိုက်ရသည်။
ပထမဆုံးစာမျက်နှာသည် မြင်းကိုယ်နေဟန်ထားဖြစ်ပြီး ကျန်စာမျက်နှာအားလုံးသည် လက်သီးသိုင်းများဖြစ်၏။
ပထမစာမျက်နှာတွင် အလွန်ထူးခြားသည့် မြင်းကိုယ်နေဟန်ထားသာ ပါဝင်၏။ [စာနှစ်လုံးသိုးမြင်းကိုယ်နေဟန်ထား] (ခြေထောက်နှစ်ဖက်ကို ပခုံးထက် အနည်းငယ် ပိုကျယ်အောင် ချဲထားတဲ့အနေအထားနဲ့ ဒူးကွေးထားပြီး၊ ဒူးနဲ့ ခြေချောင်းတွေက အတွင်းဘက်ကို ဦးတည်ထားတဲ့ ကိုယ်နေဟန်ထား)
ဤမြင်းကိုယ်နေဟန်ထားသည် ချန်ကျဲ့ လေ့ကျင့်ဖူးသည့် ရဲတင်းဟန်ရှိပြီး ပြန့်ကားသည့် ကိုယ်နေဟန်ထားနှင့် မတူပေ။
ခြေထောက်များကို “ရှစ်”ပုံသဏ္ဍာန် **(八)ကဲ့သို့ အတွင်းဘက်သို့ ဦးတည်၍ ဒူး အနည်းငယ် ကွေးထားရပြီး ဒူးနှစ်ခုကြား အကွာအဝေးသည် လက်သီးဆုပ်ခန့် အကျယ်ရှိရသည်။
ဤကိုယ်နေဟန်ထားသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်နှင့် အထူးသင့်တော်ကြောင်း သိသာလှပါ၏။
ထိုကိုယ်နေဟန်ထား၏ အလုပ်လုပ်ပုံကို ကြည့်နေရင်း ချန်ကျဲ့မှာ ၎င်းကို ရင်းနှီးသထက် ပို၍ရင်းနှီးလာရသည်။
ဒီသိုင်းက ဘာလို့ “ယုံချွမ်း”နဲ့ အရမ်းတူနေရတာလဲ။
ချန်ကျဲ့သည် “အတွေးငယ်သိုင်းကျမ်း”ထဲမှ ကျန်စာမျက်နှာ၁၂ရွက်ကို ဖတ်ကြည့်လိုက်သည်။ ၎င်းစာမျက်နှာများတွင် [ကန့်လန့်ဖြတ်လက်သိုင်း]၊ [တစ်ချက်မှ သုံးချက်ခွဲဖြာလက်သိုင်း]၊ … စသည်တို့ ပါဝင်သည်။
ချန်ကျဲ့ စာဖတ်ခြင်းထဲ နစ်မြုပ်နေစဉ်တွင် လူတစ်ေယာက်မှ သူ၏နောက်ကျောပြင်ကို အပေါ်ဝတ်တစ်ထည်ဖြင့် ခြုံလွှားပေးလိုက်ခြင်းကို ခံစားလိုက်ရသည်။
“ယောက်ျား ရှင်ဘာလုပ်နေတာလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ကိုယ် ရထားတဲ့ သိုင်းကျမ်းတစ်ခုကို ကြည့်နေတာ”
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
“ရှင် ကိုယ့်ကိုယ်ကိုယ် အရမ်း မပင်ပန်းစေနဲ့ဦး”
ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်းကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
“မင်းကပဲ ပြောရဲသေးတယ်နော်။ မင်းလည်း ခုနကပဲ အားကုန်ခံထားရတာ မဟုတ်ဘူးလား။ ဘာလို့ အခုတည်းက အိပ်ရာထနေတာလဲ။ ကိုယ့်ကြောင့် နိုးသွားတာလား”
“အဲဒီလို မဟုတ်ပါဘူး”
စူးယွင်ကျင်းမှ ခေါင်းခါငြင်းဆန်သည်။ ထို့နောက် စူးယွင်ကျင်းသည် ချန်ကျဲ့၏လက်ထဲရှိ သိုင်းကျမ်းကိုကြည့်လိုက်ရင်း ပြောလာခဲ့သည်။
“အတွေးငယ်? ထူးဆန်းလိုက်တဲ့နာမည်ပဲ”
စာစဉ်က ထွက်ဖို့ တအားနောက်ကျနေလို့ တစ်ပိုင်းလိုနေပေမယ့် အမြန်ထွက်ပေးလိုက်တယ်။ နောက်တစ်အုပ်မှာ ခုအုပ်မှာလိုနေတဲ့ တစ်ပိုင်းကို ပေါင်းထည့်ပေးလိုက်ပါ့မယ်။
လေးစားစွာဖြင့်
-Zeus