← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၄

Vol. 15 Ch. 197

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၄

Vol. 15 Ch. 197

စူးယွင်ကျင်း တစ်ယောက်တည်း တွေးနေခဲ့၏။ သူတို့၏မိသားစုတွင် ယောက်ျားလေးနှစ်ယောက်ရှိသောကြောင့် ဆန်စားသုံးမှုပမာဏ များသည်။ ထို့ကြောင့် ဆန်ပေါင်၅၀သည် မများလောက်သဖြင့် ပေါင်၅၀ဝယ်ယူလာခဲ့သည်။

သို့သော် ၎င်းသည် သူမ သယ်ယူရန်အတွက်မူ လေးလံလွန်း၏။ သူမ အားကုန်သုံးသည့်တိုင်အောင် တို့ဟူးဆိုင်ဝင်ပေါက်နားအထိသာ သယ်နိုင်ခဲ့သည်။

တို့ဟူးဆိုင်ကို မြင်သောအခါ စူးယွင်ကျင်းသည် မနေ့က ချန်ကျဲ့မှ တို့ဟူးအရသာရှိကြောင်း ချီးမွမ်းခဲ့သည်ကို သတိရသွား၏။ ထို့ကြောင့် တို့ဟူးဆိုင်သို့ ‌တို့ဟူးဝယ်ယူရန် သွားမေးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် တို့ဟူးတစ်ခွက်ကျန်နေသေး၏။ ထိုတို့ဟူးမှာ မည်မျှကျော်ကြားကြောင်း သိထားရာ စူးယွင်ကျင်းသည် အလျင်အမြန်ဝယ်ယူလိုက်သည်။ ဆန်အိတ်ကို ဆိုင်တွင် ခဏထားခဲ့ခွင့်ပြုရန်၊ တို့ဟူးကို အိမ်ပြန်ထားပြီးမှ ဆန်အိတ်ကို ပြန်လာသယ်မည်ဖြစ်ကြောင်း တောင်းဆိုခဲ့သည်။

ကံကြမ္မာမှစီမံထားသည့်အလား စူးယွင်ကျင်းသည် ဆိုင်သူဌေးမနှင့် ပက်ပင်းတိုးမိခဲ့သည်။ ဆိုင်သူဌေးမသည် နွေးထွေးသည့်နှလုံးသားရှိသူဖြစ်ပြီး စူးယွင်ကျင်းအိမ်သို့ ဆန်အိတ်လိုက်ပို့ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ဤသို့သဘောထားကြီးမှုကို မငြင်းဆန်နိုင်သဖြင့် ခုနကမြင်ကွင်းမျိုး ဖြစ်ပေါ်လာခဲ့သည်။

စူးယွင်ကျင်းသည်လည်း သေချာပေါက် ချွင်းချက်မဟုတ်ပါချေ။ တို့ဟူးဆိုင်၏ အမျိုးသားများကို ဆွဲဆောင်ရာတွင် အရည်အချင်းပြည့်ဝပြီး အိမ်နီးချင်းများကို ဟိုဟိုသည်သည် အသေးအမွှားလေးများ ကူညီပေးခြင်းဖြင့် အိမ်နီးချင်းများ၏ စိတ်နှလုံးကိုသိမ်းပိုက်ရန် ကြိုးစားနေသည့် မြေခွေးကဲ့သို့ သူဌေးမအကြောင်းကို လူတိုင်းသိကြသည်။

သို့ဖြင့် စူးယွင်ကျင်းသည်လည်း သူမ၏အကူအညီကို လက်ခံယူခဲ့ရပြီး သူမ၏အမည်မှာ တတိယသခင်‌မလေးဟွား‌ဖြစ်ကြောင်း သိခဲ့ရသည်။

ထို့ကြောင့် စူးယွင်ကျင်းသည် သူမကို အစ်မဟွားဟု ခေါ်ခဲ့သည်။

တတိယသခင်မလေးဟွားသည် အိမ်သို့ မျက်နှာသုန်မှုန်လျက် ပြန်ရောက်လာပြီး ချက်ချင်းပင် အနီးရှိ အလုပ်သမားတစ်ဦးကို ပြောသည်။

“အဖိုးကြီးကျုံးကို အစီအစဉ်ဖျက်ဖို့ သွားပြောလိုက်။ သတင်းအချက်အလက်က မှားနေတယ်၊ ချန်ကျိုစစ်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် မဟုတ်ဘူး”

“အာ ချန်ကျိုစစ်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် မဟုတ်ဘူးလား”

ထိုအခါ အလုပ်သမားတစ်ဦးမှ အံ့အားသင့်စွာ ပြောလာသည်။ သတင်းအချက်အလက် မှားယွင်းခြင်းသည် သူတို့၏လုပ်ကြံသတ်ဖြတ်သူအဖြစ် အလုပ်အကိုင်‌နယ်ပယ်တွင် အသက်အန္တရာယ်ရှိနိုင်‌သည့်အချက်ကိုပါ သတိရသွားသဖြင့် ထိတ်လန့်သွားရသည်။

ဤသို့ဖြစ်ရပ်မျိုးတွင် အလုပ်တာဝန်ကို ဖျက်သိမ်းပြီး သူတို့ဘက်မှ ကြိုတင်ပေးချေငွေကို ယူထားခွင့်ရှိသည်။

ထိုအခါ အခြားအလုပ်သမားတစ်ဦးမှ ပြောသည်။

“ဟုတ်ကဲ့ပါ သူဌေး၊ ကျွန်တော် အခုပဲ ‌လူကြီးမင်းကျုံးကို သွားရှာလိုက်ပါ့မယ်”

တတိယသခင်မလေးဟွားမှ အနည်းငယ်ခေါင်းညိတ်သည်။

သူမသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မေးမြန်း၏။

“အခု ဘယ်အချိန်ရှိပြီလဲ”

“ည၇နာရီထိုးပါတော့မယ်”

တစ်ယောက်မှ ပြန်ဖြေသည်။

ထိုအခါ သခင်မလေးဟွားမှ မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ပြောသည်။

“ဘယ်သူမှ တာဝန်ကို လက်မခံရသေးဖို့ မျှော်လင့်တာပဲ”

မှောင်ခိုဈေးကွက်၏ အလုပ်တာဝန်ပေးအပ်သည့် စာရင်းသည် အမည်မသိဖြစ်သည်။ သို့ဖြင့် မြောက်များစွာသော လုပ်ကြံသတ်ဖြတ်သူများသည် အလုပ်တာဝန်လက်ခံသော်ငြား မျက်နှာထုတ်ဖော်ရန် မလိုအပ်တော့ပေ။ အလုပ်တာဝန်တစ်ခု လက်ခံယူပြီးသည်နှင့်တစ်ပြိုင်နက် မှောင်ခိုဈေးနှင့် အဆက်အသွယ်ဖြတ်လိုက်ရာ သူတို့ကို ခြေရာခံရန် အလွန်ခက်ခဲပေသည်။

လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ပထမဆုံးခြေလှမ်းသည် ပုန်းကွယ်နေထိုင်ရန်ဖြစ်သည်။ သို့ဖြစ်ရာ လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းသည်လည်း အလုပ်တာဝန်လက်ခံသွားသူများ၏ တည်နေရာကို မသိနိုင်ပေ။

အလုပ်လက်ခံပြီးနောက် အဖွဲ့အစည်းမှ လုပ်နိုင်သည့်အရာမှာ ရလဒ်ကို စောင့်ဆိုင်းခြင်းသာ ဖြစ်၏။

ဒါပေမဲ့ အခုကတော့!

ဒီလိုအမှားအကြီးကြီးလုပ်လိုက်တာ အငတ်ဘေးကနေ လွတ်မြောက်ချင်ရင်တောင် သူတို့ကို ရှာတွေ့ဖို့ ခက်ခဲသွားပြီ။

၎င်းသည် အစီအစဉ်ကိုဖျက်သိမ်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့် မည်သူမျှ အလုပ်လက်ခံမထားရန်သာ သူမ မျှော်လင့်ရတော့သည်။

တတိယသခင်မလေးဟွားသည် စားပွဲခုံကို လက်ချောင်းထိပ်များဖြင့် ခေါက်နေသည်။

သူမ၏ စိတ်အစဉ်မှာ စိုးရိမ်ပူပန်မှုများဖြင့် လေးလံနေ၏။

…

ထိုအချိန်၌ မီးပုံများ ‌လင်းထိန်နေပြီး လမင်းသည် မိုးမခပင်များထက်တွင် ချိတ်ဆွဲနေသည်။

မျန့်ရွှေစီရင်စုသည် တစ်ဖန် အမှောင်ထုအတွင်း ကျရောက်သွားပြန်ကာ မြို့၏မှောင်ခိုလုပ်ငန်းများလည်း တစ်ဖန် စည်ကားလာသည်။

ရထားလုံးတစ်စီးသည် မျက်နှာချေနီလမ်းမကြီး လှုပ်ရှားသက်ဝင်ရာဖြစ်သော တောင်မြို့သို့ ဖြည်းညင်းစွာ ဦးတည်သွားနေသည်– ဤနေရာသည် အမှန်တကယ်ပင် လူ့လောက အပျော်အပါးလိုက်စားမှုများ စုဝေးရာအရပ် ဖြစ်ချေသည်။

လမ်းမတစ်ခွင်၌ ပျော်ရွှင်ခြင်းမည်သော ရယ်မောသံများ ပဲ့တင်ထပ်နေသည်။

ထိုအခါ ပထမဆုံးတုံ့ပြန်လာသူမှာ ကျိုးချူဖြစ်သည်။ ကျိုးချူသည် ရထားလုံးပြတင်း၏ လိုက်ကာစကို ပြန်ဆွဲပိတ်လိုက်ရင်း အနည်းငယ် အံ့အားသင့်နေလျက် ပြောသည်။

“မျက်နှာချေနီလမ်းမပဲ!”

ထို့နောက် ထိုင်ခုံတွင် ပြန်ထိုင်၍ အပြင်သို့ကြည့်လျက် မေးမြန်းသည်။

“အစ်ကို၄ ကျွန်တော်တို့ကို ဘယ်ကိုခေါ်သွားနေတာလဲဗျ”

ကျိုးချူသည် သူ၏မျက်နှာအမူအရာမှ စိုးရိမ်ထိတ်လန့်‌နေမှုကို မဖုံးကွယ်နိုင်ချေ။

တန်းကွမ်းမင်မှ ပြန်ပြောသည်။

“သေချာပေါက် နေရာကောင်းတစ်ခုကိုပေါ့”

ကျိုးချူသည် မဝံ့မရဲဖြင့် ထပ်မံမေးမြန်းသည်။

“ယီးဟုန်ဂေဟာလား”

ထိုအခါ တန်းကွမ်းမင်သည် အားရပါးရရယ်မောလာ၏။

“ဟားဟားဟား… ညီငယ်၆တောင်မှ အဲဒီနေရာကို သိနေတာပဲ။ ညီငယ်‌၆က မိန်းမကြောက်ရတယ်လို့ ကြားဖူးထားတော့ ဒီအစ်ကိုက ညီငယ်၆ကို အဲဒီလိုအပျော်အပါးလိုက်စားတဲ့နေရာတွေနဲ့ မရင်းနှီးလောက်ဘူး ထင်နေတာ”

ထိုစကားကိုကြားလိုက်သည်တွင် ကျိုးချူသည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်အလား အပြင်းအထန် ချေပပြောဆိုတုံ့ပြန်တော့သည်။

“ဘယ်သူက အဲဒီလိုပြောတာလဲ။ ကျွန်တော်က လုံးဝ မိန်းမကြောက်တဲ့သူ မဟုတ်ရပါဘူး။ အစ်ကို ကျွ‌န်တော့်ကို မယုံရင် ကျိုစစ်ကို မေးကြည့်။ အိမ်မှာ ကျွန်တော့်ရဲ့အဆင့်အတန်းက ထပ်မြင့်မားစရာကို မရှိတော့ဘူးဗျ”

“အို ဟုတ်လား ကျိုစစ်”

တန်းကွမ်းမင်သည် ကျိုစစ်ကို လှည့်ကြည့်၏။

ထိုအခါ ချန်ကျဲ့မှာ ‌တုံ့ဆိုင်းသွားရသည်။ သူသည် အမှန်တကယ်ပင် ယီးဟုန်ဂေဟာအကြောင်းကို စဉ်းစားဖူးသော်ငြား တကယ်ကြီး သွားရောက်ရန် မတွေးခဲ့ဖူးပေ။

ပြီးတော့ ကျိုးချူက မိန်းမကြောက်တဲ့သူ ဟုတ်၊မဟုတ်ကို ငါက ဘယ်လိုလုပ်သိမှာလဲ။ ကျိုးချူက ဒီတိုင်းကြွားဝါပြောနေတာ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။

ဒုတိယသခင်မက ငါတို့စိတ်ကူးထားသလို မောက်မာခက်ထန်တဲ့လူမျိုး မဟုတ်ဘဲ နူးညံ့သိမ်မွေ့ပြီးဖော်ရွေတဲ့သူ ဖြစ်နေခဲ့ရင်ရော?

ထိုသို့အတွေးဖြင့် ချန်ကျဲ့ မော့ကြည့်လိုက်ရာ မျက်လုံးအကြည့်များဖြင့် အသည်းအသန် အချက်ပြနေသော ကျိုးချုကို မြင်လိုက်ရသည်။ အချက်ပေးမှုကို လက်ခံရရှိသည်နှင့် ချန်ကျဲ့လည်း လည်ချောင်းရှင်းလိုက်ပြီး ရပ်တည်ပေးလိုက်သည်။

“အဟမ်း လောင်ချူက ဘယ်လိုလုပ်ပြီး မိန်းမကြောက်တဲ့သူ ဖြစ်နိုင်ပါ့မလဲ”

“ကျွန်တော် အဲဒီအတွက် အာမခံတယ်”

ထိုအခါမှ ကျိုးချူသည် အောင်နိုင်သူအလား ပြုံးသွားတော့သည်။

“ဟားဟားဟား ဟုတ်ပါတယ် အစ်ကို၄ရဲ့။ အခြေအမြစ်မရှိတဲ့ အတင်းအဖျင်းတွေကို မယုံကြည်ပါနဲ့ဗျာ။ ကျွန်တော် ကျိုးချူက အမြဲတမ်း အိမ်ထောင်ဦးစီးတစ်ယောက်နေရာမှာ ရှိနေခဲ့တာ၊ ကျွန်တော့်စကားက ဥပဒေပဲ”

တန်းကွမ်းမင်သည် ခပ်ဖျော့ဖျော့ရယ်မော၏။

“ဟားဟား ဟုတ်လား။ အဲဒါ‌ဆိုရင်တော့ ကောင်းပါတယ်လေ။ ဒီအစ်ကိုက ညီငယ်၆ကို မိန်းမကြောက်တဲ့သူဖြစ်နေမှာ စိုးရိမ်နေတာ။ အကယ်၍များ ခယ်မလေးက ဒီနေ့ညအဖြစ်ကို သိသွားပြီး ညီငယ်၆ကို ရိုက်နှက်လိုက်ရင် ဒီအစ်ကိုရဲ့ ကောင်းမွန်တဲ့စေတနာက ပြောင်းပြန်ရလဒ်ဖြစ်သွားရမယ် မဟုတ်လား”

“ကျွန်တော့်ကို ရိုက်မယ်တဲ့လား။ သူမလုပ်ရဲပါဘူး။ အစ်ကို၄ စိုးရိမ်လွန်းနေပါပြီ”

ကျိုးချူ‌သည် သူ၏ရင်ဘတ်ကို ပုတ်လျက် ပြန်ပြောသည်။

တန်းကွမ်းမင်မှ ရယ်မောလျက် ပြောသည်။

“ကောင်းတယ် အရမ်းကောင်းတယ်။ ဒါဆိုလည်း ဒီနေ့ ငါတို့စိတ်ကျေနပ်အားရတဲ့အထိ သောက်ကြတာပေါ့!”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အစ်ကို၄ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြပါတယ်။ ဒါက… ဒါက မလုပ်သင့်ဘူးထင်ပါတယ်”

ထိုအခါ တန်းကွမ်းမင်မှ ပြောသည်။

“ကျိုစစ် မင်း တစ်ခုခုအထင်လွဲနေပြီထင်တယ်”

“အစ်ကို၄ ကျေးဇူးပြုပြီး ရှင်းပြပေးပါ”

တန်းကွမ်းမင်မှ ဆက်ပြောသည်။

“ကျိုစစ် ယီးဟုန်ဂေဟာက မင်းစိတ်ကူးထားသလိုနေရာမျိုး မဟုတ်ဘူး။ အဲဒီက မိန်းကလေးတွေက ဧည့်သည်တွေနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူအိပ်ကြတာမျိုး မဟုတ်ဘူး”

“ငါမင်းကိုပြောပြမယ်။ ယီးဟုန်ဂေဟာမှာ အထက်တန်းပြည့်တန်ဆာ လေးယောက်ရှိတယ်။ လရောင်တောက်ပတဲ့ညရဲ့ တံတားနှစ်ဆယ့်လေးစင်းနဲ့ ဟွားကျစ်ရှန်းတစ်ရာ့ရှစ်ပွင့်ရှိတယ်”

တန်းကွမ်းမင်သည် ဤနေရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ပုံရ၏။

တန်းကွမ်းမင်မှ ဆက်ပြောသည်။

“အဲဒီအထက်တန်းပြည့်တန်ဆာလေးယောက်က သူတို့ကိုယ်သူတို့ ရောင်းစားတာမျိုး လုံးဝနီးပါး မလုပ်ကြဘူး။ ဖျော်ဖြေမှုပဲ ပြုလုပ်ကြတယ်။ သူတို့နဲ့ နီးကပ်ခွင့်ရနိုင်ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ တချို့တွေဆို ငွေတုံးတစ်သောင်း သုံးပစ်ခဲ့တာတောင် သူတို့အလိုရှိတာကို မရနိုင်ခဲ့ဘူးလေ”

“လရောင်တောက်ပတဲ့ညရဲ့ တံတားနှစ်ဆယ့်လေးစင်း ဖျော်ဖြေမှု‌ကတော့.. အဲဒါကတော့ ဖြစ်နိုင်ပေမဲ့ ငွေတုံးထောင်ချီကုန်ကျလိမ့်မယ်”

“ဟွားကျစ်ရှန်းတစ်ရာ့ရှစ်ပွင့်ကတော့ ပိုပြီးဖြစ်နိုင်ချေရှိတယ်။ ဒါပေမဲ့လည်း တစ်ခေါက်တိုင်းမှာ ငွေတုံးဆယ်ချီ ကုန်ကျနိုင်တယ်”

“ငါတို့က ဒီနေရာကို သွေးသားဆန္ဒနဲ့သက်ဆိုင်တဲ့ သာယာပျော်မွေ့မှုအတွက် လာခဲ့တာမဟုတ်ဘဲ တေးဂီတနဲ့ အကဖျော်ဖြေမှု‌တွေကို မွေ့လျော်ခံစားဖို့ လာခဲ့ရုံပါပဲ။ ကြော့ရှင်းတင့်တယ်ပြီး ယဉ်ကျေးသိမ်မွေ့တယ်။ မင်းစဉ်းစားနေသလို အဲဒီလိုညစ်ညမ်းတဲ့အရာတွေ မဟုတ်ပါဘူး”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“သူတို့ကို တကယ်ကြီး ငွေတုံးတွေပေးကြည့်တဲ့သူ ရှိတာလား”

All Chapters