← Chapters

အခန်း (၂၅၃)

Vol. 19 Ch. 253

အခန်း (၂၅၃)

Vol. 19 Ch. 253

“ဟဲဟဲ”။

မရဏမျိုးနွယ် သံတမန်က လှောင်ရယ်လိုက်သည်။ "မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်။ ငါတို့ မရဏမျိုးနွယ် ကြယ်တာရာတံခါးတွေကို ဒီလိုတစ်ပြိုင်နက်တည်း သိမ်းပိုက်ချင်ရတဲ့ နောက်ထပ် အရေးကြီးအကြောင်းရင်းတစ်ခု ရှိသေးတယ်။ ဘယ် ပြင်ပလောက သတ္တဝါမဆို ကြယ်တံခါး ကနေတစ်ဆင့် ခွင်းလွင်နယ်မြေကို ဝင်လာမယ်ဆိုရင် သူတို့ရဲ့ ချီစွမ်းအင်ကို ကြယ်တံခါးက သန့်စင်ပေးလိမ့်မယ်၊ ဒါကြောင့် တာအိုစည်းမျဥ်းရဲ့ ကန့်သတ်ချက်တွေကို တွေးပူစရာမလိုတော့ဘူး။"

"ကျင့်ကြံဆင့်အကုန်ထုတ်မသုံးနိုင်သေးဘဲ အကန့်အသတ်တစ်ခုရှိနေသေးရင်တောင် မရဏမျိုးနွယ်ရဲ့ အစစ်အမှန်ခွန်အားနဲ့သာဆိုရင် အရှေ့တိုင်းစီရင်စုကို ဝင်နိုင်လိုက်တာနဲ့ အဓိကအင်အားစုတွေအားလုံးကို အမြန်နှိမ်နင်းပြီး အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မယ်!"

ရှေးခေတ်ကာလ ခွင်းလွင်နယ်မြေ၏ ကြယ်တာရာတံခါးတွေဟာ စကြဝဠာတစ်လွှား နေရာအနှံ့အပြားနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး ပြင်ပလောက သတ္တဝါပေါင်း မရေမတွက်နိုင်လောက်အောင် ကူးလူးဖြတ်သန်းရာ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပေ၏။ သို့ပေမဲ့ အခုတော့ ထိုလမ်းကြောင်းမှာ နယ်ခြားမျိုးနွယ်များ ခွင်းလွင်နယ်မြေကို ကျူးကျော်သိမ်းပိုက်ဖို့ အသုံးပြုသည့် ဖြတ်လမ်းတစ်ခုသာ ဖြစ်လာခဲ့လေပြီ။

“ကြယ်တံခါးများများထိန်းချုပ်ထားနိုင်လေ မရဏမျိုးနွယ်အတွက် ပိုပြီးအကျိုးရှိလေပါပဲ။ ဘာကြောင့်လဲဆိုတော့ မရဏမျိုးနွယ်အပြင် တစ်ခြားနယ်ခြားအင်အားစုတွေကလည်း ခွင်းလွင်နယ်မြေကို အရမ်းအာရုံကျနေကြတာလေ။ လောလောဆယ်တော့ မသေမျိုးစစ်တပ်ရဲ့ဟန့်တားမှုကြောင့် သူတို့ရှေ့ဆက်မတိုးနိုင်ကြသေးဘူး။"

"မသေမျိုးစစ်တပ်?"

ဘုရင်တန့်ယို အံ့အားသင့်သွားပြီး မေးလိုက်သည်။ "မသေမျိုးဘုံ တောင်မှ ပြင်ပလောက အင်အားစုတွေနဲ့ တိုက်ခိုက်နေရပြီလား?!"

ခွင်းလွင်နယ်မြေရှိ ကျင့်ကြံသူတိုင်းအတွက် မသေမျိုးဘုံသည် အမြင့်မြတ်ဆုံးနေရာတစ်ခုဖြစ်သည်။ သူတို့ တစ်သက်တာလုံး ကြိုးစားအားထုတ်ရမည့် အိပ်မက်ပန်းတိုင်တစ်ခုဖြစ်သည်။

မသေမျိုးဘုံနှင့် ပြင်ပလောက အင်အားစုများပါ ဤသို့အကြိတ်အနယ် တိုက်ခိုက်နေရလိမ့်မည်ဟုသူ လုံးဝမမျှော်လင့်ခဲ့မိပေ!

"မင်းတို့ သိလား၊ မသေမျိုးဘုံ လို့ ခေါ်တဲ့ အဲ့ဒီနေရာဟာ တကယ်တော့ ရှေးတစ်ခေတ် ခွင်းလွင်နယ်မြေ ရဲ့ အင်အားအကြီးဆုံး ကျင့်ကြံသူတွေ စုပေါင်းဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာသစ်တစ်ခုသာပဲ။ သူတို့နေထိုင်ရာကမ္ဘာက မကြာသေးတဲ့အချိန်အတောအတွင်း ဆုတ်ယုတ်ကျဆင်းတော့မှာကိုသိနေလို့ ရွေးချယ်စရာမရှိဘဲ ဖန်တီးခဲ့ကြရတာ။"

မရဏမျိုးနွယ်သံတမန်က မကျေမနပ်ဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။ "သူတို့က အစီအရင်တွေဖွဲ့စည်းပြီး ကြယ်တာရာနယ်မြေထဲက ဂြိုဟ်အားလုံးရဲ့ ဝိညာဉ်ချီစွမ်းအင်တွေကို မသေမျိုးဘုံလမ်းကြောင်းထဲ ဆွဲသွင်းခဲ့ကြတယ်။ ပြီးတော့ မသေမျိုးဘုံသို့တက်ရောက်ခြင်းဆိုတဲ့ အထူးလမ်းကြောင်းတစ်ခု တည်ဆောက်ခဲ့ကြပြီး ကြယ်နယ်မြေထဲက ဂြိုဟ်အသီးသီးမှာရှိတဲ့ ကျင့်ကြံသူတွေ မသေမျိုးဖြစ်ပြီးတဲ့အခါ မသေမျိုးဘုံကို တက်ရောက်စေနိုင်ဖို့ ဖန်တီးစီစဥ်ပေးခဲ့ကြတယ်"

"နှစ်ပေါင်းများစွာ ကြာမြင့်လာတော့ မသေမျိုးဘုံသို့တက်ရောက်ခြင်းဟာ မင်းတို့ရဲ့ အမြင့်မားဆုံးသောဆန္ဒ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလောကဟာလည်း တကယ်တမ်းတော့ မသေမျိုးတွေ သူတို့စွမ်းအားကိုကာကွယ်ချင်ရုံသက်သက် တည်ဆောက်ခဲ့တဲ့နေရာမှန်း မင်းတို့မသိခဲ့ကြဘူးလေ"

"အဲဒီအချိန်က ခွင်းလွင်နယ်မြေရဲ့ စွမ်းအားရှင်တွေဆိုတာ တကယ်ကို ကြီးကျယ်ခမ်းနားကြတယ်လို့ ပြောရမှာပဲ။ နယ်မြေ အစုံအလင်ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကမ္ဘာသစ်တစ်ခုကို ဖန်တီးခဲ့တာ၊ တကယ်ကို ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာများတယ်။"

"ဝမ်းနည်းစရာပဲ..."

မရဏမျိုးနွယ်သံတမန်ဟာ ရက်စက်သောအမူအရာကို ဖော်ပြလာသည်။ "နယ်ခြားမျိုးနွယ် မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဖိအားပေး တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတာ မသေမျိုးဘုံရဲ့ ဒီကာကွယ်ရေးလိုင်းက ဘယ်လောက်ကြာကြာ ခံနိုင်မှာမလို့လဲ? တစိမ့်စိမ့်နဲ့ ရေစီးကမ်းပြိုလိုက်နေပြီ။ ပြောရရင် အဲဒီတုန်းက စွမ်းအားရှင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မကြာခင် ပျက်စီးတော့မှာပဲ"။

ခန်းမထဲရှိ လေထုမှာ လေးလံထိုင်းမှိုင်းလျက်။

အတွင်းသတင်းမျိုးစုံကို ကြားသိရပြီးနောက် မရဏချောက်နက် ဘုရင်တွေလည်း မှင်တက်မိသွားကြပြီး သူတို့၏ နားလည်သိမြင်မှုများ အလုံးစုံပြောင်းပြန်လန်သွားခဲ့ရသလိုပင်။

လက်ရှိတိုက်ပွဲတွင် သူတို့၏နေရာမှာ ပုရွက်ဆိတ်လေးများကဲ့သို့ အရေးမပါလှပေ။ ထိုအချက်ကို နားလည်လာသည်နှင့်အမျှ ရင်ထဲတွင် ဝမ်းနည်းမှုများမြင့်တက်လာသည်။

နတ်ဆိုးသတ္တဝါများ စိတ်ဓာတ်ကျနေသည်ကိုမြင်သော် သံတမန်၏မျက်လုံးများ ဖျတ်ခနဲတစ်ချက်လက်သွားပြီး အဓိပ္ပာယ်ပါပါဖြင့်ဆိုသည်။ "မင်းတို့ ဒီအခွင့်အရေးကို အရယူပြီး ဘဝကိုမပြောင်းလဲချင်ကြဘူးလား? မသေမျိုးတွေ ဘိုးဘေးတွေအဖြစ် စံစားနိုင်ရတော့မယ့်ဘဝမျိုးလေ"

"ဒါက..." လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော် သူတို့မျက်လုံးများမှ လိုအင်ဆန္ဒတို့က အထင်းသားမြင်သာလျက်။

"မမေ့နဲ့၊ မင်းတို့က ငါတို့ မရဏမျိုးနွယ်ရဲ့ အစေခံတွေပဲ။ တစ်ယောက်လောက်များ မသေမျိုးဘုံကိုတက်လှမ်းနိုင်ရင် ကြက်နဲ့ ခွေးတောင် သခင်မြှောက်စားရင် ကောင်းကင်ဘုံ ရောက်တယ်ဆိုတဲ့ စကားပုံလို ဖြစ်နေမှာပဲ။ အစီအစဉ် အဆင်ပြေသွားတာနဲ့ မင်းတို့အတွက် အကျိုးအမြတ်တွေ ပေါများလာလိမ့်မယ်။ ဒါ့အပြင် ဒီကမ္ဘာကြီးက အစွမ်းအစ၊ အလားအလာ ပြန်လည်နိုးထလာတော့မှာဖြစ်ပြီး နယ်ခြားမျိုးနွယ်များစွာရဲ့ လောဘစိတ်ကို ဆွဲဆောင်နိုင်လာလိမ့်မယ်။ အဲဒီအချိန်ကျ ငါတို့မရဏမျိုးနွယ်ရဲ့ ကာကွယ်မှုအောက်မှာရှိနေရင် မင်းတို့ တခြား နယ်ခြားမျိုးနွယ်တွေရဲ့ အနိုင်ကျင့်တာကို ကြောက်နေစရာ မလိုတော့ဘူး"

"ငါတို့ မရဏမျိုးနွယ်ဟာ ပြင်ပလောကမှာ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကြယ်တာရာတွေထဲက မျိုးနွယ်စုပေါင်းများစွာထဲမှာ နာမည်တစ်လုံးတော့ ရနေပါပြီ။ ပြီးတော့ ငါတို့မှာ ကြီးမားခိုင်ခံ့တဲ့ ကျောထောက်နောက်ခံလည်း ရှိတယ်။ မဟုတ်ရင် ဘယ်လိုလုပ် ဒီတိုက်ပွဲမှာ ပွင့်ပွင့်လင်းလင်း ဝင်ရောက်စွက်ဖက်ရဲမှာလဲ?"

ထိုစကားအဆုံးတွင်။

မရဏချောက်နက်ဘုရင်တို့၏ မှုန်မှိုင်းနေသောမျက်လုံးများ တစ်ဖန်ပြန်လည်တောက်ပလာသည်။

သူ ပြောတာက အဓိပ္ပာယ်ရှိတာပဲ။ သူတို့က ပြင်ပလောက အင်အားစုတွေနဲ့ ယှဉ်ရင် အားနည်းနေပေမဲ့ မရဏမျိုးနွယ်ရဲ့ လက်အောက်ခံတွေပဲ မဟုတ်လား။ မရဏမျိုးနွယ်ရဲ့ အမိန့်စကားကိုသာ သေချာလိုက်နာရင် အကျိုးအမြတ်တွေလည်း ခွဲဝေရရှိနိုင်မှာပဲ မဟုတ်ဘူးလား?

ချက်ချင်းပင် မရဏချောက်နက် ဘုရင်များသည် သံတမန်ကို အစာတောင်းနေသောခွေးကလေးများနှယ် မျှော်လင့်တကြီး ဝိုင်းကြည့်လာကြတော့၏။

ဘုရင်တန့်ယိုလည်း အကြိမ်ကြိမ် တွန့်ဆုတ်နေခဲ့ပြီးနောက် ကောင်းကျိုးဆိုးကျိုးတွေကို ချိန်ဆပြီး သူ့ရင်ထဲက မာနတောင်ကြီး တဖြည်းဖြည်း အရည်ပျော်သွားရကာ နောက်ဆုံးတွင်တော့ အရှုံးပေးဖို့ကိုသာ ရွေးချယ်လိုက်လေတော့သည်။

ကြီးကျယ်သော တိုက်ပွဲခေတ်ကြီး စတင်တော့မည် ဖြစ်ပြီး သူလည်း ဒီ့ထက်ပိုအစွမ်းထက်လိုသည်။ မဟုတ်ပါက ကြီးမားသော လှိုင်းလုံးကြီးကြားတွင် အစပင်မကျန် လွင့်စင်ပျက်စီးသွားပေလိမ့်မည်။ အင်အားကြီးပြီးသား အင်အားစုတစ်ခုနှင့် ပူးပေါင်းခြင်းက ကာကွယ်မှုလက်ခံရယူနိုင်သည့်အပြင် အခြား အကျိုးကျေးဇူးများစွာလည်း ထပ်ဆောင်းရရှိပေဦးမည်။

"မရဏသံတမန်များ၊ ကျွန်တော် မရဏချောက်နက်တိုင်းပြည်ကို ဦးဆောင်ပြီး သံတမန်တို့ဆီ လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်!" ဘုရင်တန့်ယို ဆုံးဖြတ်ချက်ချပြီး အရိုအသေပြုလိုက်သည်။

ထိုမြင်ကွင်းကြောင့် သံတမန်‌ခြောက်ဦးမှာ မာန်တက်ဂုဏ်ယူနေသောအပြုံးဖြင့် အပြုအမူတို့က ပို၍ဆောင့်ကြွားကြွားနိုင်လာကြသည်။

စကားနားမထောင်တဲ့ ခွေးတစ်ကောင်ကို လေ့ကျင့်ပေးဖို့ လိုအပ်တာပဲ!

ဘုရင်တန့်ယိုက ရာသီဥတုကောင်းနေစဥ် အခွင့်အရေးကိုအမိအရဖမ်းဆုပ်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ အခု ပြဿနာတစ်ခု ရှိနေတယ်။ အပြင်လောကမှာ ယဲ့ကျွင်းလင် ဆိုတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေပါတယ်။ သူ မကြာသေးခင်က မသေမျိုးလက်နက်ကို သုံးပြီး မရဏချောက်နက် တပ်မကြီးတစ်ခုလုံးကို တစ်ချက်တည်းနဲ့သုတ်သင်ခဲ့တာ။ မရဏချောက်နက်ရဲ့ လက်ရှိအင်အားနဲ့တော့ အသာစီးရဖို့ ခက်ခဲလိမ့်မယ်။”

"ဟမ့်၊ မသေမျိုးပစ္စည်းက မသေမျိုး စွမ်းအားကို အသုံးပြုတဲ့အခါမှ သူ့ရဲ့ စွမ်းအားတွေကို အပြည့်အဝ ထုတ်လွှတ်နိုင်တာ။ အဲဒီ ယဲ့ကျွင်းလင်က မသေမျိုးအဆင့်ကို မရောက်သေးဘူး၊ ဒါကြောင့် သူထုတ်လွှတ်နိုင်တဲ့ စွမ်းအားကလည်း ဆယ်ပုံတစ်ပုံတောင် မရှိသေးဘူး" ထိုသူအကြောင်းကို ‌ပြောရချိန်တွင် သံတမန်၏မျက်လုံးများထဲမှ ခရမ်းရင့်ရောင်အလင်းတန်းများ ဖြာထွက်လာပြီး စကားလုံးတိုင်းက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်။

"ဒါတောင် ဆယ်ပုံတစ်ပုံအောက်ပဲတဲ့လား?" ဘုရင်တန့်ယို အံ့အားသင့်ပြီး တံတွေးတစ်ချက်မျိုချမိလိုက်သည်။

၁၀၀ရာခိုင်နှုန်းသာ ထုတ်လွှတ်နိုင်ရင် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလိုက်မလဲ?

"ငါတို့ ဒီတစ်ကြိမ်လာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ယဲ့ကျွင်းလင်လို့ခေါ်တဲ့ အဲဒီလူကို ကိုင်တွယ်ဖို့အတွက် လျှို့ဝှက်ရတနာတစ်ခု ပေးအပ်ဖို့ပါပဲ။"

ရုတ်တရက် မရဏမျိုးနွယ်သံတမန်က ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ထိုပစ္စည်းမှာ မှင်လို မည်းနက်နေသော ရှေးဟောင်း မီးခွက်တစ်ခုဖြစ်ပြီး ခရမ်းရင့်ရောင် မီးတောက်တွေ တဖျတ်ဖျတ်တောက်လောင်နေကာ ထိုမီးတောက်မီးညွန့်များထဲတွင် အလွှာလိုက်ထပ်နေသော စွမ်းအားအရှိန်အဝါများအား ကြောက်မက်ဖွယ်ရာ ခံစားသိမြင်နိုင်ပေသည်။

"ဒါ၊ ဒါက..." ထိူရှေးဟောင်းမီးခွက်ကို စိုက်ကြည့်ရင်း ဘုရင်တန့်ယိုမှာ ဦးရေပြားများ တင်းမာယားယံလာပြီး စိတ်ထဲမှတိုးထွက်လာသော ပူဇော်ကိုးကွယ်လိုစိတ်ကို ထိန်းချုပ်လို့မရတော့သည်အထိ။

All Chapters