အခန်း (၂၅၄)
Vol. 19 Ch. 254
"ဒီပစ္စည်းက ငါတို့မျိုးနွယ်စုရဲ့ အထူး မရဏနယ်မြေရတနာဖြစ်ပြီး တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်။ သူ့ကိုဖွင့်လိုက်တာနဲ့ အရမ်းပြင်းထန်တဲ့ အမြင့်ဆုံး မရဏနယ်မြေ စွမ်းအားတွေ ထွက်လာပြီး တကယ့် မသေမျိုး တစ်ပါးတောင် မခံမရပ်နိုင်ဘဲ ပျက်စီးသွားရလိမ့်မယ်။ ငါတို့ အခု သုံးဖို့ အဆင်မပြေဘူး၊ ဒါကြောင့် မင်း ဒါကို ယူသွားပြီး ယဲ့ကျွင်းလင်ကို ကိုင်တွယ်ဖို့ အခွင့်အရေး ရှာလိုက်ပါ"။
ဘုရင်တန့်ယိုသည် ထိတ်လန့်တကြားဖြင့် ထိုရှေးဟောင်းမီးခွက်ကို လက်ခံရယူလိုက်ပြီး တဖျတ်ဖျတ်လင်းနေသော ခရမ်းရင့်ရောင်မီးတောက်ကို ကြည့်ကာ တံတွေးတစ်ချက်မျိုချလိုက်သည်။
ဒီပစ္စည်းက မသေမျိုး တစ်ပါးကိုတောင် သတ်နိုင်တဲ့ စွမ်းအားကိုကို ပိုင်ဆိုင်ထားတာလား?!
ဒီ မရဏမျိုးနွယ်က တကယ်ကို ကြောက်စရာကောင်းတာပဲ!
"လူသားမျိုးနွယ်ဘက်မှာလည်း ငါတို့ရဲ့ အတွင်းလူတွေ ရှိတယ်။ မင်း နောက်ပိုင်းမှာ သူတို့နဲ့ သေချာ ပူးပေါင်းဆောင်ရွက်ရလိမ့်မယ်"
မရဏမျိုးနွယ်သံတမန်၏ မျက်လုံးများ တဖျတ်ဖျတ် လင်းလက်လာပြီး သူ့မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ငါတို့မျိုးနွယ်စုက အကြီးအကဲတွေရဲ့ ခန့်မှန်းချက်တွေအရ ခွင်းလွင်နယ်မြေဟာ မကြာခင်မှာ နာလန်ထူတဲ့ အဆင့်ကို တကယ်ဝင်ရောက်တော့မယ်။ ကောင်းကင်နဲ့ကမ္ဘာမြေကနေ မှော်ရတနာပေါင်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာပြီး လျှို့ဝှက်နယ်မြေတွေနဲ့ ဘုံအပျက်အစီးတွေလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာလိမ့်မယ်။"
"ဒီလိုအရေးကြီးနေတဲ့အချိန်မှာ ငါတို့ ဒီနေရာကို စောစောစီးစီး သိမ်းပိုက်ထားနိုင်ရင် ပြင်ပလောကကနေ နောက်မှဝင်လာတဲ့သူတွေကို စိတ်ကြိုက်စစ်ဆေးစောင့်ကြည့်နိုင်တယ်။ မရဏမျိုးနွယ် ဒီတစ်ကြိမ် အိမ်ဟောင်းကိုပြန်တဲ့အခါ ကြိုဆိုတဲ့ကောင်းချီးနဲ့ ငါတို့ရဲ့ရွှေရောင်ကာလတွေလည်း နောက်တစ်ကြိမ်ပြန်ရောက်လာဖို့ မျှော်လင့်မိပါတယ်!"
သူ့စကားလုံးများတွင် ဖုံးကွယ်သိုဝှက်မထားသော၊ ပြင်းထန်သည့်ရည်မှန်းချက်ဖြင့် ပြည့်နှက်နေသည်။
"မရဏချောက်နက်ရဲ့ သတ္တဝါအားလုံး၊ သခင်တို့ရဲ့ အမိန့်ကို စောင့်မျှော်နေပါတယ်!"
ဘုရင်တန့်ယိုက အားကောင်းသောကျောထောက်နောက်ခံအား ရရှိလိုက်ချိန်တွင် စိုးရိမ်ပူပန်မှုများ အလုံးစုံကင်းစင်သွားကာ မြေပြင်ပေါ်ဒူးထောက်ချလျက် အားမာန်အပြည့်ဖြင့် လျှောက်တင်လိုက်တော့၏။
မရဏမျိုးနွယ်သံတမန်များလည်း အချင်းချင်းလှည့်ကြည့်လိုက်ကြပြီး အောင်ပွဲခံလှောင်ရယ်သံများ တဟားဟားထွက်ပေါ်လာကြလေသည်။
...
နောက်ပိုင်းရက်တွေမှာ သူတို့ပြောခဲ့သလိုပင် မသေမျိုးဘုံကို တက်ရောက်နိုင်သော် အခွင့်အလမ်းများ ခွင်းလွင်နယ်မြေ တစ်လျှောက်တွင် အဆက်မပြတ်ပေါ်ထွက်လာခဲ့ပြီး သက်ရှိသတ္တဝါအားလုံးကို အကျိုးဆောင်ပေးခဲ့ကြလေသည်။
ခွင်းလွင်နယ်မြေ၏ ဗဟိုဧရိယာဖြစ်သော အလယ်ပိုင်းစီရင်စုတွင် နောက်ကွယ်မှ အသံတိတ်စောင့်ကြည့်လေ့လာနေခဲ့ကြသော မသေမျိုးများပင် ကောင်းကင်နှင့်မြေကြီးကြားက အံ့အားသင့်ဖွယ်အပြောင်းအလဲများကြောင့် မနေနိုင်တော့စွာ လူကိုယ်တိုင်ထွက်လာပြီး စစ်ဆေးစုံစမ်းကြတော့၏။
ရှေးဟောင်းဂိုဏ်းများနှင့် ကျင့်ကြံရေးနယ်မြေအားလုံးဟာလည်း အင်အားစုအားလုံး ပြန်လည်ဖွဲ့စည်းဖို့ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပြီဖြစ်ကြောင်း သတိထားမိသွားကြပြီး ယခင်က ချုပ်ဆိုထားကြသည့် ငြိမ်းချမ်းရေးစာချုပ်တွေကို ဆက်တိုက် ဖျက်ဆီးပစ်ကြကာ အရင်းအမြစ်ကြွယ်ဝသည့် နယ်မြေသစ်တို့ကို စုပြုံသိမ်းပိုက်ရန် မရေမတွက်နိုင်သော ကျင့်ကြံသူတပ်များအား စေလွှတ်ခဲ့ကြလေသည်။
ရလဒ်အနေဖြင့် ပဋိပက္ခများစွာ ပေါ်ပေါက်လာပြီး အချင်းချင်း ပြင်းထန်သောရန်လိုမှုများ ပေါက်ဖွားလာကြကုန်၏။
မသေမျိုးပုဂ္ဂိုလ်အချို့ကတော့ ထိပ်တိုက်ရင်ဆိုင်မှုအား ပါးနပ်စွာရှောင်ရှားပြီး အသစ်အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများကိုသာ ရှာဖွေလိုဟန်ဖြင့် ကျန်ဒေသလေးခုအား စတင်ပစ်မှတ်ထားလာကြတော့သည်။
တစ်ချိန်က ဂုဏ်ကျက်သရေပြည့်ဝခဲ့သော ကမ္ဘာကြီးဟာ နွေဦးကို ပထမဆုံး ကြုံတွေ့ရသည့် သစ်ပင်ခြောက်တစ်ခုလို အသက်ဓာတ်များ အားကောင်းစွာ ပြန်လည်ပေါ်ထွက်လာပြီး သက်ရှိသတ္တဝါသန်းပေါင်းများစွာလည်း ထိုအကျိုးဆက်ကို ရရှိခံစားခဲ့ကြရပါ၏။
အရှေ့ပိုင်းစီရင်စု။
ဟွမ်ကျိုးပြည်နယ်။
ကောင်းကင်ထက်တွင် ရုတ်တရက် ဖရိုဖရဲနိုင်လှသော အပိုင်းအစတစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်လာသည်။ တိမ်တွေက လှိုင်းဂယက်တွေလို လှုပ်ခတ်နေကာ အက်ကွဲကြောင်းထဲမှထွက်ပေါ်လာသော စွမ်းအင်သည်ကား အဆုံးမရှိစီးဆင်းနေသည့် မြစ်တစ်စင်းလို ပေါကြွယ်ဝလှ၏။
ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း~~~!!!
ကောင်းကင်ထက်တွင် ထူထပ်သော ရွှေရောင်လျှပ်စီးကြောင်း သန်းပေါင်းများစွာ ရစ်ပတ်နေပြီး တစ်ခုစီတွင် ပါဝင်သောစွမ်းအားမှာ မိုင်တစ်ရာပတ်လည်နေရာတစ်ခုကို စိစိညက်ညက်ကျေအောင် ချေမှုန်းနိုင်လောက်သည်ပင်။
ဟွမ်ကျိုးပြည်နယ်ရှိ သက်ရှိသတ္တဝါအားလုံးမှာ ရုတ်တရတ်ဆန်သော အဖြစ်အပျက်တွင် တစ်ကိုယ်လုံး တုန်ယင်နေကြပြီး ရေခဲလှောင်ကန်ထဲ ကျရောက်သွားသလိုမျိုး အေးစက်တောင့်ခဲကာ ပြိုကျတော့မယောင် ကောင်းကင်ယံအား ထိတ်လန့်တကြား မော့ကြည့်နေမိကြ၏။
"ဘာတွေဖြစ်နေတာလဲ?" လူတိုင်း၏ မျက်နှာမှာ ကြောက်စိတ်တို့ထင်ဟပ်နေပြီး အရိုးထဲစိမ့်လောက်အောင် ကြောက်ဖို့ကောင်းမည့် တစ်စုံတစ်ခု ဖြစ်ပေါ်တော့မည်အား ခံစားမိနေလျက်။
ရွှယ်ထျန်းဂိုဏ်း။
ဂိုဏ်းချုပ် ရှယိုနျန်နှင့် အခြားသူများလည်း ထိတ်လန့်တုန်လှုပ်နေကြရသည်။
သူတို့သည် ဟိန်းခနဲမြည်ဟီးအက်ကွဲလာသော ကောင်းကင်ကို မော့ကြည့်လိုက်ကြရာ ရွှေရောင်လျှပ်စီးကြောင်းများဖြင့် ပြည့်နေသော ကျယ်ပြန့်လှသည့် စွမ်းအင်ပင်လယ်ပြင်ကြီးအား မြင်တွေ့လိုက်ရခြင်းပင်။
"ဘာလို့ ဒီလောက်ဆူညံနေတာလဲ?!"
ယဲ့ကျွင်းလင်သည် လှဲလျောင်းနေရာမှ ထထိုင်လာပြီး ပန်ဒါပုံစံ မျက်လုံးအကာကို ဆွဲချွတ်လိုက်ပြီး အမေးရှိလာ၏။ အိပ်ရာမှ နိုးထလာရသောကြောင့် အိပ်ချင်မူးတူးနှင့် စိတ်ဆိုးနေပုံရသည်။
"ဆရာသခင်၊ ကောင်းကင်ကို ကြည့်ပါဦး၊ အခြေအနေ မကောင်းတော့ဘူးထင်တယ်..." လီဝူကျယ် သည် သူ့ဘေး၌ တုန်တုန်ယင်ယင်ရပ်နေပြီး သူ့နဖူးမှ ချွေးတစ်စက်စက် စီးကျနေကာ ဓားလက်ကိုင်အား တင်းတင်းဆုပ်ကိုင်လို့ထားသည်။
သူသာ ရဲရဲဝံ့ဝံ့ ရှေ့တက်စစ်ဆေးမိလိုက်လျှင် ထိုလျှပ်စီးကြောင်းကြောင့် ပြာကျသွားမည်ဖြစ်ပြီး သေလမ်းရှာသည်နှင့်မထူးဟူ၍ ခံစားမိနေရ၏။
"ရှုရှုအရမ်းကြောက်လို့ ဖက်ထားကြပါဦး~" ပုရှောင်ရှီး၏ မျက်လုံးလေးများမှာ မျက်ရည်တလက်လက်တောက်ပနေပြီး ယဲ့ကျွင်းလင်၏ရင်ခွင်ထဲသို့ ပြေးဝင်ဖက်တွယ်ထားလိုက်သည်။။ သေးသွယ်နူးညံ့သော ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ်တုန်ယင်နေလျက်။
"မကြောက်နဲ့၊ ဆရာသခင်ရှိတယ်နော်"
ယဲ့ကျွင်းလင် ကောင်မလေး၏ကျောကို ပုတ်ပေးပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် မျက်လုံးတို့ကိုမှေးကျဥ်းလျက် တစ်ချက်မော့ကြည့်လိုက်သော် နှင်းလိုဖြူစင်တောက်ပသည့် အလင်းတန်းများက ကောင်းကင်ကို ထိုးခွဲတော့မည့်နတ်ဓားတစ်လက်ကဲ့သို့ သွားရောက်ထင်ဟပ်သည်။
"ဒါ၊ ဒါက မသေမျိုး ခြေရာ၊ အမြင့်ဆုံး မသေမျိုး ခြေရာ ပေါ်ထွက်လာတော့မယ်!" နီရဲရဲဝတ်ရုံဖြင့် ဟုန်ချန်ယဲ့က တအံ့တသြရေရွတ်လာပြီး ဖီးနစ်မျက်လုံးများမှာလည်း ပြူးကျယ်လျက်။
ဒီလိုခမ်းနားတဲ့မြင်ကွင်းမျိုးဟာ သေချာပေါက် မသေမျိုးခြေရာပဲဖြစ်ရမှာပေါ့။
စွမ်းအင်အတိုင်းအတာကို ကြည့်ရသလောက် မကြုံစဖူးအဖြစ်အပျက်တစ်ခုမှန်းတော့ သိသာ၏။ အနည်းဆုံးတော့ အလယ်ပိုင်းဒေသတွင် တစ်ခါပင်မကြုံဖူးသော အတိုင်းအတာဖြစ်သည်။ အရင်က ပေါ်ထွက်ခဲ့ဖူးသော မသေမျိုးခြေရာများမှာ ဤတစ်ခုနှင့်နှိုင်းယှက်ရလျှင် မိုးရေစက်ကလေးများကဲ့သို့ သေးငယ်အားနည်းလှ၏။
"မသေမျိုး ခြေရာ?"
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်၊
သူ သေချာ ပြန်တွေးကြည့်တော့ ဒီလအနည်းငယ်အတွင်း အရာအားလုံး ထူးဆန်းနေမှန်း ပြန်လည်သတိရမိလာသည်။ ပြင်ပလောကမှာ ကောင်းကင်နှင့်ကမ္ဘာမြေမှော်ရတနာများ အများအပြားထွက်ပေါ်လာပြီး မသေမျိုးနယ်မြေများ လောကမြေအပျက်အစီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အနယ်နယ်အရပ်ရပ်က ကျင့်ကြံသူတွေကြား အတော်လေးအပြိုင်အဆိုင်ဖြစ်လာခဲ့ကြောင်း ကြားသိရ၏။
ရာစုနှစ်များစွာအတွင်း တစ်ခါမှ မမြင်ခဲ့စဖူး အခွင့်အရေးတွေက အခုတလော မကြာခဏဆိုသလို ပေါ်ထွက်လာနေသောကြောင့် လူအများကို အံ့သြတကြီး ဝမ်းသာပျော်ရွှင်စေကာ ကောင်းကင်ဘုံ၏ဆုလာဘ်တစ်ခုကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
အခုဆိုရင် အရှေ့တိုင်းစီရင်စုရဲ့ ဝေးလံခေါင်ဖျားဒေသလို့ နာမည်ကြီးတဲ့ ဟွမ်ကျိုးပြည်နယ်မှာတောင် ရုတ်တရက် မသေမျိုး ခြေရာတစ်ခု ပေါ်ထွက်လာခဲ့ပြီ။
ထူးဆန်းလိုက်တာ။