အခန်း (၂၅၅)
Vol. 19 Ch. 255
ဒုန်း~~
ကောင်းကင်ထက်မှာ ရွှေရောင် ကောင်းကင်မိုးကြိုးများ ဆက်တိုက်ထွက်ပေါ်နေပြီး အရှိန်အဟုန်က ကြီးမားပြင်းထန်သည်။
မရေမတွက်နိုင်သော အံ့အားသင့်ဖွယ် အကြည့်များအောက်ဝယ် ဧရာမကျွန်းကြီးတစ်ခုက လေဟာနယ်အက်ကွဲကြောင်းမှတစ်ဆင့် ဖောက်ထွင်းဝင်ရောက်လာခဲ့တော့၏။
ကြီးမားလှသော ကျွန်းပျံကြီးမှာ အတော်လေးငြိမ်းချမ်းအေးဆေးဟန်ပေါ်ကာ တောက်ပသောမသေမျိုးအလင်းဖြင့် ဖုံးအုပ်ခြံရံထားပြီး ကောင်းကင်ထက်တွင် တိတ်ဆိတ်စွာ ရပ်တည်ဆိုင်းငံ့လျက်ရှိသည်။
ထုတ်လွှတ်နေသော အရှိန်အဝါမှာ မြင့်မြတ်စင်ကြယ်ပြီး လူအပေါင်းအား နာခံရိုကျိုးစိတ် ဖြစ်ပေါ်လာစေ၏။
ရွှေရောင်လျှပ်စီး သန်းပေါင်းများစွာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးလည်း တမုဟုတ်ချင်း မူလအနေအထားသို့ ပြန်လည်တည်ငြိမ်သွားရတော့သည်ပင်။
ထို့နောက် ကောင်းကင်တစ်ခုလုံးတွင် ထိုဧရာမကျွန်းပျံကြီးတစ်ခုတည်းသာ တစ်ထီးတည်း ထင်ရှားစွာ ရပ်တည်ကျန်ရစ်ခဲ့တော့၏။
တောက်ပသောအရောင်အဝါက ယှဥ်တွဲရပ်တည်နေသော နေမင်းကိုတောင် မှိန်ဖျော့စေတော့မတတ်။ သေချာ ကြည့်မည်ဆိုလျှင် ထိုမသေမျိုး အလင်းလွှာ၏ မျက်နှာပြင်ပေါ်မှာ မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများ ရစ်ပတ်လိမ်ယှက်နေတာကို မြင်တွေ့ရမည်ဖြစ်ကာ ထိုအကြောင်းကြောင့်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်နေဟန်ပေါ်သည်။
"ဒါ မသေမျိုးတွေ နေထိုင်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီလာကျွန်းလား?!" တောင်ဖြိုဂိုဏ်း၏ ဘိုးဘေးကြီးအိုးယန်ဖုန့်မှာတော့ မုတ်ဆိတ်မွှေးမှာ ထောင်ထတော့မတတ် ကြောင်အသွားရ၏။
ရှူး ရှူး ရှူး~
ကျင့်ကြံသူ အများအပြားဟာ စိတ်အားထက်သန်မှုကို မထိန်းချုပ်နိုင်တော့ဘဲ ဓားပေါ်မှာ ပျံသန်းပြီး တိမ်တွေဆီ တည့်တည့်တက်ရောက်သွားကြကာ ကျွန်းဆီ အရောက်သွားဖို့ ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့ကြသည်။ ဒါပေမဲ့ ခြံရံသိုင်းခြုံထားသော မသေမျိုးအလင်းလွှာက သူတို့ကို အနားပင်မကပ်နိုင်အောင် တားဆီးကန့်သတ်ထားသည်အား တွေ့လိုက်ကြရ၏။
ရုတ်တရက် ခေါင်းလောင်းကြီးတစ်လုံးကို တီးခတ်လိုက်သလိုမျိုး မြည်ဟီးလာသည့် ခမ်းနားသောစကားသံကျယ်ကျယ်က သူတို့အားလုံးအား လွှမ်းမိုးသွားခဲ့သည်။
မရှင်းမလင်းဖြင့် နားလည်ရခက်သော ရှေးခေတ်စကားလုံးများကို ထုတ်ပြောလာခြင်းဖြစ်ပေသည့် ပါဝင်လာသည့် တာအိုစွမ်းအင်က လူတိုင်း၏အသိစိတ်ထံ ရိုက်ခတ်ဝင်ရောက်လာသည့်အခါ ဆိုလိုချင်သည့်အဓိပ္ပာယ်ကို အလိုလိုနားလည်သွားကြ၏။
"ငါက ယွန်းရှန်းကျွန်းရဲ့ ကျွန်းသခင် ဖြစ်တယ်။ ရှေးခေတ်ကာလကတည်းက ငါ ဒီအမွေအနှစ် နယ်မြေကို အထူးချန်ထားရစ်ခဲ့တာ။ မသေမျိုးကျွန်းပျက် ပေါ်လာပြီး ဆယ်ရက်မြောက်နေ့မှာ စမ်းသပ်မှုတစ်ခု စတင်လိမ့်မယ်။ အောင်မြင်သူတိုင်းဟာ သက်ဆိုင်ရာ ဆုလာဘ်တွေ ရရှိနိုင်တယ်။ နောက်ဆုံးသော အောင်နိုင်သူက ယွန်းရှန်းကျွန်းရဲ့ ကျွန်းသခင်အသစ် ဖြစ်လာပြီး ကျွန်းပေါ်မှာ ပါဝင်တဲ့ မသေမျိုး ကျင့်ကြံရေး အရင်းအမြစ်အားလုံးကို ပိုင်ဆိုင်လိမ့်မယ်။ မင်းတို့အားလုံး အတူတကွ ကြိုးစားပြီး ခွင်းလွင်နယ်မြေကို ကာကွယ်ပေးဖို့ ငါမျှော်လင့်ပါတယ်..."
ထိုစကားသံအဆုံးတွင်။
ဟွမ်ကျိုးပြည်နယ်မှ သက်ရှိသတ္တဝါအားလုံး ဆူပွက်သွားကြသည်။
ဒဏ္ဍာရီလာ မသေမျိုးတွေ နေထိုင်တဲ့ ကျွန်း၊ ပြီးတော့ ကျွန်းသခင် ချန်ထားခဲ့တဲ့ အမြင့်မြတ်ဆုံး အမွေအနှစ် — သူ့ရဲ့ တစ်စိတ်တစ်ပိုင်းကို ရယူနိုင်ရင်တောင် စိတ်ကူးလို့မရနိုင်လောက်အောင် များပြားတဲ့အကျိုးကျေးဇူးတွေရရှိလိမ့်မယ်။ ဒီလို ကြီးမားတဲ့ သွေးဆောင်မှုမျိုးကို ဘယ်သူက မလိုချင်ဘဲရှိမှာလဲ?
"ရှေးခေတ်ကာလတဲ့လား? တော်တော်ကိုကြာညောင်းနေပြီပဲ။ အဲ့ဒီကာလရဲ့ သမိုင်းကြောင်းအတွက် ရှေးဟောင်းစာပေအားလုံးနီးပါးက ဗလာသက်သက်ပဲ၊ စကားလုံးအနည်းငယ်လောက်နဲ့ပဲ အကျဉ်းချုံး ဖော်ပြထားပြီး တခြား အသုံးဝင်တဲ့ အချက်အလက် မရှိဘူး"။
ဟုန်ချန်ယဲ့က ပထမတော့ မျက်မှောင်ကြုတ်ထားပြီး နောက်တော့ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပေါ်ထွက်လာကာ တိတ်တိတ်လေးကြိတ်တွေးလိုက်သည်။ "ဒါပေမဲ့ နောက်မျိုးဆက်တွေအတွက်တောင် အမွေအနှစ် ချန်ထားနိုင်တဲ့ ဒီလိုပုဂ္ဂိုလ်ဟာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ရှေးဟောင်း မသေမျိုးတစ်ပါးပဲ ဖြစ်ရမယ်။ ငါသာ အဲဒါကနေ အကျိုးအမြတ် ရရှိနိုင်ရင်၊ ဒါမှမဟုတ် သူထားခဲ့တဲ့အမွေအနှစ်ကို အပိုင်သိမ်းနိုင်ရင်၊ ကျွန်းသခင်မသေမျိုးရဲ့ ဂုဏ်သရေကို ဆက်ခံပြီး မဟာမသေမျိုးတစ်ပါး ပြန်ဖြစ်လာနိုင်တယ်!"
တာအိုလမ်းစဥ်မှ မသေမျိုးအဆင့်ထိ တက်ရောက်ခဲ့ဖူးသော နတ်ဆိုးဂိုဏ်းချုပ်ဟောင်းမှာ မသေမျိုးတို့အား အဆင့်ဆင့်ခွဲခြားထားသည့်အကြောင်းကိုလည်း ကောင်းကောင်းသိနားလည်သည်။ ယခု သူမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော ကောင်းကင်ထက်မှဖြစ်ရပ်ဆန်းမှတစ်ဆင့် ထိုအမွေအနှစ်၏ နောက်ကွယ်ကတန်ဖိုးကိုလည်း အကြမ်းဖျင်းအားဖြင့်တော့ ခန့်မှန်းလိုက်မိလေပြီ။
အဲဒီ ယွန်းရှန်းကျွန်း ကျွန်းသခင်ရဲ့ ဂုဏ်သရေအဆင့်အတန်းဟာ သေချာပေါက် ထိပ်တန်း မသေမျိုး တစ်ပါး ဖြစ်နိုင်တယ်။
"ငါသာ မသေမျိုးကျွန်းပျက်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင်၊ ငါ..." ဟုန်ချန်ယဲ့ စိတ်လှုပ်ရှားစွာဖြင့် နံဘေးမှဆံဖြူလူငယ်ကို တစ်ချက်စောင်းကြည့်ကာ ဆိုးသွမ်းသော ဆွဲဆောင်မှုရှိရှိအပြုံးတစ်ခုအား ခိုးပြုံးလိုက်သည်။
သူ့အမြင်အရ ယဲ့ကျွင်းလင် အရမ်းအစွမ်းထက်နေသော အကြောင်းရင်းမှာ မသေမျိုးရတနာတိုက်တစ်ခုခုကို လက်ဝယ်ရရှိထားသောကြောင့်ဖြစ်ပြီး ထိုရတနာတိုက်မှ မကုန်ဆုံးနိုင်သော မှော်ရတနာအမျိုးမျိုးနှင့် လျှို့ဝှက်ကျင့်စဥ်အမျိုးမျိုးကို ထုတ်သုံးနိုင်နေခြင်းဖြစ်သည်ဟု။
သူ သေချာပေါက် မနာလိုဖြစ်ရတာပေါ့။ များသောအားဖြင့် ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်ကိုမြင်တိုင်း ရူးလောက်အောင်မနာလိုမိလေ့ရှိပြီး ကောင်းကင်ဘုံ၏ မတရားမှုကို အပြစ်တင်မိလေ့ရှိသည်။ အဘယ့်ကြောင့် တစ်ချိန်လုံးလှဲလျောင်းနေသော ငပျင်းကောင်က ကောင်းကင်ဘုံ၏မျက်နှာသာပေးမှုကို ရရှိနိုင်ရပါသနည်း?
ဒါပေမဲ့ သူ့အတွက်အခွင့်အရေးလည်း နောက်ဆုံးတော့ ရောက်လာပြီ!
"ပျင်းဖို့ကောင်းတယ်၊ လူကိုအိပ်ရေးပျက်အောင်"
ယဲ့ကျွင်းလင် မကျေမနပ် ပြောလိုက်ပြီး လှဲလျောင်းခုံပေါ်တွင် အကျအနနေရာပြန်ယူလိုက်ကာ ရှုရှုကို ခေါင်းအုံးသဖွယ်ပွေ့ဖက်ထားရင်း ပြန်လည်အိပ်စက်ဖို့ပြင်ဆင်လိုက်သည်။ ထိုမသေမျိုးကျွန်းပျက်အား နည်းနည်းလေးပင် ဂရုစိုက်မနေခဲ့။
သို့ပေမဲ့ ခမ်းနားလှသော ကြေညာသံ၏အဆုံးသတ်တွင် ဝမ်းနည်းမှုအရိပ်အယောင်လေးအား ခံစားမိနေခြင်းမှာ ထူးဆန်းလှသည်ဟု သူတွေးမိ၏။
【တင်၊ တာဝန်အသစ်ရတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ မသေမျိုးကျွန်းပျက်ကို အရယူပြီး စစ်ဆေးလေ့လာမှုပြုလုပ်ပါ။ အောင်မြင်သွားတဲ့အခါ ရွှေရောင်ကံတရားအများအပြား ဆုလာဘ်ရရှိပါမယ်ရှင်】 စနစ် အချက်ပေးသံ ထွက်ပေါ်လာသည်။
"ရွှေရောင် ကံတရား?" ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်ပြီး ကံတရားနှင့်ပက်သက်သော အချက်အလက်များအား ပြန်လည်ဖော်ထုတ်စဥ်းစားကြည့်လိုက်သည်။
သက်ရှိသတ္တဝါတိုင်းတွင် မွေးရာပါ ကိုယ်ပိုင်ကံတရားတစ်ခု ပါရှိတတ်၏။ ကံတရား ကောင်းမွန်သူများကက မင်္ဂလာနိမိတ်ဖြင့် လွှမ်းခြုံခြံရံပြီဂ နေရာတိုင်းမှာ လူကြိုက်များကာ အစစအရာရာ အဆင်ပြေချောမွေ့တတ်သည်။ ပြဿနာကြုံလျှင်ပင် အမြဲတစေ အဆင်ပြေချောမွေ့သွားတတ်လေ့ရှိသည်ဟု။
သို့ပေသည့် ကံတရားဆိုးရွားသူများမှာတော့ ရေသောက်လျှင်ရေသီး၊ လမ်းထလျှောက်လျှင် ခြေကျိုးပြီး၊ ထမင်းစားလျှင် ထမင်းစေ့နင်ပြီး သေဆုံးနိုင်သည်အထိ။
ပြီးတော့ ကံတရားမှာလည်း အဆင့်ဆင့်တွေ ခွဲခြားထားသည်။ မီးခိုးရောင်၊ အဖြူရောင်၊ အနီရောင်၊ အပြာရောင်၊ ခရမ်းရောင်နဲ့ ရွှေရောင် စသည်ဖြင့်။
ရွှေရောင်ကံတရား အနည်းငယ်လေး ပါရှိရုံဖြင့် လူ့လောကမှာ ခေါင်းဆောင် သို့မဟုတ် ဘုရင်တစ်ပါး ဖြစ်လာနိုင်ပြီး ကျင့်ကြံသူလောကမှာဆိုလျှင် ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည့် မဟာစွမ်းအားရှင်တစ်ပါး ဖြစ်လာနိုင်၏။
ဒီဆုလာဘ်က ရွှေရောင် ကံတရား အများအပြားတဲ့လေ!
ယဲ့ကျွင်းလင် ရုတ်တရက် နည်းနည်း စိတ်ဝင်စားလာသည်။ လူတစ်ယောက်ရဲ့ကံတရားက ကောင်းကင်ဘုံရဲ့အလိုကိုဆန့်ကျင်တဲ့အထိ မဟားဒရားကောင်းလွန်းနေရင် ဘာများဆက်ဖြစ်လာနိုင်မလဲ?