← Chapters

အခန်း (၂၅၇)

Vol. 19 Ch. 257

အခန်း (၂၅၇)

Vol. 19 Ch. 257

အရင်က ငါးဆက်မြောက် ဘိုးဘေး ဒီလောက်အစွမ်းထက်တာကို ဘာကြောင့် အစီအစဥ်တွင် ကိုယ်တိုင်ဝင်ရောက်မကူညီသလဲဟု သူတွေးခဲ့မိသည်။ သို့ပေမဲ့အခုတော့ စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာရှိသည်အား သတိပြုမိလာတော့၏။

ငါးဆက်မြောက် ဘိုးဘေး ကိုယ်တိုင်ဝင်တိုက်လာတာနှင့် ထိုမသေမျိုးဂိုဏ်းကြီးမားက အပြင်းအထန် ဆန့်ကျင်ခုခံကြတော့မည်ပင်။

ဒုတိယအဆင့် မသေမျိုးဂိုဏ်း တစ်ခုအနေဖြင့် အခြေခံအုတ်မြစ်က သူတို့ထက်တော့ နိမ့်ပါးမနေနိုင်။

ရွှယ်ဝူဟန်ဟာ နှင်းလိုဖြူစင်သော အောက်ခံဝတ်ရုံကိုမှ အနက်ရောင်အပေါ်ရုံခြုံလွှားထားပြီး ဆန့်ကျင်ဘက်အရောင်နှစ်ခု၏ ‌ပေါင်းစပ်မှုဖြင့် ထင်းထွက်နေသည်။ ဓားသမား၏ ကြမ်းတမ်းသောမျက်နှာက အလွန်အေးစက်နေကာ နတ်ဓားကို အသင့်ဆုပ်ကိုင်လျက် သစ်ပင်အောက်တွင်ရပ်နေ၏။ မျက်လုံးများတွင်ပင် ထက်မြက်သော ဓားရိပ်ဓားယောင်များ ထင်ဟပ်နေသကဲ့သို့ အရှိန်အဝါကား ရင်သပ်ရှုမောဖွယ်ပင်။

မာနကြီးတယ်၊ သီးသန့်ဆန်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတယ်၊ ပြိုင်ဘက်ကင်းတယ်!

ရွှယ်ဝူဟန်ကို မြင်လိုက်ရချိန်တွင် လူတိုင်းတွေးမိလေ့ရှိကြသော စကားစုများပါပေ။

ဒဏ္ဍာရီလာ ဓားပညာရှင် ဆိုသောဂုဏ်ပုဒ်ကို ကြားသိပြီးနောက် လူကိုမြင်သည်နှင့် အလိုလိုကျောစိမ့်လာတော့သည်ပင်။

ရုတ်တရက် မလှမ်းမကမ်းမှာ အာမေဋိတ်သံတစ်ခု ထွက်လာသည်။ "ကြည့်ပါဦး၊ အရှင်ယဲ့ပဲ!"

ကောင်းကင်ယံမှာ ဆံပင်ငွေရောင်တွေ လွင့်ပျံဝဲလျက်ရှိသော အနက်ရောင် ဝတ်ရုံဝတ် ပုံရိပ်တစ်ခုဟာ လက်ကိုနောက်ပစ်ပြီး နတ်ဘုရားတစ်ပါးလိုအရှိန်အဝါဖြင့် ကြမြန်းလာနေသည်။

မသေမျိုးကျွန်း ပွင့်ချိန်နီးသောကြောင့် ယဲ့ကျွင်းလင်လည်း စောစောစီးစီး ကြိုတင်လာရောက်ခဲ့ခြင်းပင်။

"ဒီတစ်ခါ လော့ထျန်း လျှို့ဝှက်နယ်မြေဖွင့်တုန်းကထက် အများကြီး ပိုစည်ကားတာပဲ"။

ယဲ့ကျွင်းလင်က ပတ်ပတ်လည်ကို ကြည့်ပြီး မှတ်ချက်ချလိုက်သည်။

လူအုပ်ထဲမှ တောင်ဖြိုဂိုဏ်း၏ ဘိုး‌ဘေးကြီးဖြစ်သော အိုးယန်ဖုန့်က အရင်ဆုံးထွက်လာပြီး တက်ကြွစွာအော်ဟစ်နှုတ်ဆက်လိုက်သည်။ "အရှင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်!"

နှုတ်ခွန်းဆက်စကားစတင်လိုက်သည်နှင့် အရပ်မျက်နှာပေါင်းစုံမှ အမျိုးသားအမျိုးသမီးများက အတူတကွ လိုက်လံနှုတ်ဆက်ကြတော့၏။

"အရှင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်!!! "

"အရှင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်!!! "

"အရှင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်!!! "

… …

အသံလှိုင်းက တောင်ပြိုမတတ်ပြင်းထန်ကာ နားကွဲမတတ်ဆူညံသည်။

စိတ်အားထက်သန်သော အားပေးမှုအလယ်တွင် နယ်ခြားကျင့်ကြံသူအုပ်စုမှာ ကြောက်ကြောက်ဖြင့် အသံတိတ်နေလိုက်ရတော့၏။

မသိရင် ယဲ့ကျွင်လင်ကို ဦးဆောင်ဘုရင်မြှောက်ထားတဲ့ တိုင်းပြည်ကြီးထဲဝင်လာမိတာလားလို့ ထင်မိမှာ။

ချန်ရှောင်းသည်လည်း မနာလိုစိတ်အပြည့်ဖြင့် အခဲမကျေဖြစ်လျက်ရှိသည်။ ယုတ္တိကျကျဆိုရလျှင် သူလည်း ဟွမ်ကျိုးပြည်နယ် ဇာတိခံ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပင်။ ဒါပေမဲ့ အခုတော့ သူက လမ်းဘေးကြွက်လို ထောင့်တစ်နေရာမှာ ပုန်းနေရပြီး လူမိသွားမှာကြောက်နေရတဲ့အဖြစ်။

"ငါ့ဆီက အရာအားလုံးကို မင်းလုယူသွားခဲ့တာ..." ချန်ရှောင်းက သွေးကြောများပေါက်ထွက်မတတ်တင်းမာနေသော မျက်လုံများဖြင့် စိုက်ကြည့်ရင်း မုန်းတီးစွာ အံတင်းတင်းကြိတ်ထားသည်။

ညီညာသောင်းဖြသော အော်သံများအား ကြားသော်။

ယဲ့ကျွင်းလင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းတယ်! အရမ်း အားအင်ပြည့်ဝတယ်!"

"ငါတို့ဆရာသခင်က အရမ်းနာမည်ကြီးတာပဲ"။

သူ့နောက်ကနေ ကပ်လိုက်လာသော လီဝူကျယ်က ဂုဏ်ယူဝံ့ကြွားစွာပြုံးရင်းဆိုသည်။

ဟုန်ချန်ယဲ့ကတော့ နှုတ်ခမ်းထော်ထော်ဖြင့် သူ မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ဖြစ်စဥ်တုန်းက ဒီ့ထက်ပိုနာမည်ကြီးသည်ဟု တွေးနေမိ၏။

"သူက အဲဒီ ယဲ့ကျွင်းလင်ပဲ..." သစ်ပင်အောက်မှ ရွှယ်ဝူဟန်က အေးစက်စက်မျက်လုံးများကို မှေးစင်းလိုက်ရာ အလင်းတပြက်ထွက်ပေါ်လာပြီး ရတနာဓားကိုအသာဝင့်ကာ အရှိန်အဝါအပြည့်ဖြင့် ခြေလှမ်းကျဲများနှင့် လျှောက်လှမ်းသွားလိုက်သည်။

"မြန်မြန်၊ မြန်မြန်၊ လမ်းဖယ်၊ ဟိုလူ ယဲ့ကျွင်းလင်ဆီ သွားတော့မယ်!"

နယ်ခြားကျင့်ကြံသူအများအပြားဟာ ထိုသူ၏လှုပ်ရှားမှုကိုမြင်သည်နှင့် အမြန်လမ်းဖယ်ပေးလာကြ၏။ နဖူးများထက်မှ ဇောချွေးတို့စီးကျနေလျက် မျက်လုံးများက ဟိုကြည့်သည်ကြည့်ဖြင့်။

ရွှယ်ဝူဟန်၏ ပြဿနာရှာတော့မည့် ပုံစံကြောင့် လူအများအပြား ရင်တုန်ကြောက်ရွံ့မိလာရသည်။

"အဲဒီလူ ဘာလုပ်မလို့လဲ? သူက အရှင်ယဲ့ကို တိုက်ခိုက်ချင်တာလား?"

အိုးယန်ဖုန့်နှင့် တခြားလူများ မကျေမနပ်ဖြစ်နေရင်း ရွှယ်ဝူဟန်၏ ဓားသွားလိုမျက်လုံးများဖြင့် အကြည့်ချင်းဆုံသော် ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး မျက်နှာများလည်း ဖြူတစ်လှည့်စိမ်းတလှည့် ဖြစ်သွားရတော့၏။

"ဒီလူက အရမ်းသန်မာတဲ့ မဟာဓားကျင့်ကြံသူ တစ်ပါးပဲ"။

ဟုန်ချန်ယဲ့က တည်ကြည်စွာအကဲခတ်ပြီး ရှားပါးလှသောချီးမွမ်းစကားကို ဆိုလာသည်။

ဒီလူကို အလယ်ပိုင်းစီရင်စုထဲ ပစ်ထည့်လျှင်တောင် မသေမျိုးတို့ကြားတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နိုင်ဦးမည်မလွဲ။

"ဟမ့်!"

လီဝူကျယ်၏ မျက်လုံးများ မှောင်မိုက်သွားပြီး ဓားရိုးထက် လက်ကိုအသင့်တင်ထားလိုက်သည်။ တစ်ဖက်လူမှ တစ်ခုခုလှုပ်ရှားလာသည်နှင့် သူချက်ချင်းဓားဆွဲကာ ခုတ်ချတော့မည်ဖြစ်၏။

ယဲ့ကျွင်းလင် အေးစက်စက်မျက်နှာဖြင့် ချဥ်းကပ်လာသူအမျိုးသားကိုကြည့်ရင်း စိတ်ရှုပ်ထွေးသွားရသည်။ သူတစ်ဖက်လူစိတ်ဆိုးသွားအောင် ဘာများလုပ်ခဲ့မိလို့လဲ?

ဘာပဲဖြစ်ဖြစ်၊ ရန်လာစရဲမှတော့ သတ်လိုက်ရုံပဲပေါ့လေ။

လေထုက ချက်ချင်း တင်းမာသွားရသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူအပေါင်းမှာ အသက်ပင်ရဲရဲမရှူနိုင်စွာ ဤ တင်းမာသော စိန်ခေါ်ပွဲအား စောင့်ကြည့်နေကြသည်။

"ဒီနှစ်ယောက်သာ တိုက်ခိုက်ရင် တကယ်ကြည့်ကောင်းမှာပဲ၊ ယဲ့ကျွင်းလင်သာ မသေမျိုးလက်နက်ကို သုံးပြီး ရွှယ်ဝူဟန်ကို သတ်ရဲရင် ရွှမ်းကျီဓားဂိုဏ်းက မသေမချင်း လက်စားပြန်ချေမှာသေချာတယ်၊ အဲဒီအခါ ငါတို့ ယွီဟွားဂိုဏ်းက တောင်ပေါ်မှာ အေးဆေးကျောက်ချထိုင်ပြီး ကျားတွေအချင်းချင်းကိုက်ကုန်တာကို ထိုင်ကြည့်ရုံပဲလေ"

အကြီးအကဲလျိုက လှောင်ပြောင်လိုက်သည်။

ရွှယ်ဝူဟန်၏ ခွန်အားကြီးမားမှုကို သူကောင်းကောင်းသိနားလည်ပြီး ရွှမ်းကျီဓားဂိုဏ်း အတွက် ရွှယ်ဝူဟန်ဆိုတာ ဘယ်လောက်တောင်အရေးကြီးမှန်းလည်း သူသိသည်။ မသေမျိုးများပင် နောက်ကွယ်မှ စောင့်ရှောက်ကြည့်ရှုပေးရတတ်သော အဖိုးတန်ပုဂ္ဂိုလ်မျိုးပင်။

လူတိုင်း၏ အကြည့်အောက်တွင်။

ရွှယ်ဝူဟန်က ယဲ့ကျွင်းလင်အနားသို့ ချဥ်းကပ်လာပြီး အသံတိတ်စိုက်ကြည့်နေသည်။

စက္ကန့်အနည်းငယ်ကြာသော် နှင်းခဲဖြင့်ဖုံးအုပ်ထားသလို အေးစက်ခဲသက်နေသောမျက်နှာတွင် ခပ်တောင့်တောင့်အပြုံးတစ်ခုဖြစ်တည်လာသည်။ ထိုသူမှာ မပြုံးရတာအတော်ကြာပြီထင့်၊ ပြုံးပုံပြုံးနည်းက အ‌တော်လေးမပီပြင် မသပ်ရပ်လှ။

ရတနာဓားကို ကိုင်ဆောင်ထားသူက လက်နှစ်ဖက်အား ပူးကပ်အရိုအသေပြုလိုက်သည်။ ထို့နောက် အလွန်တောင့်တင်း၍ နေသားမကျသော အပြုံးတစ်ခုကို ကြိုးစားပြုံးပြနေရင်း စိတ်အားထက်သန်မှုများ ပြည့်ဝနေသောအသံဖြင့် ပြောလာသည်။။ "အကြီးအကဲယဲ့၊ ကျွန်တော့်ကို ဓားပညာ ဘယ်လို လေ့ကျင့်ရမလဲဆိုတာ သင်ပြပေးနိုင်မလား?"

ထိုစကားများကို ကြားလိုက်ရသည်နှင့်။

လူတိုင်း ကြောင်အသွားပြီး သူတို့ဦးနှောက်တွေများ ချို့ယွင်းကုန်သလားဟု ထင်မှတ်သွားကြရတော့၏။

All Chapters