အခန်း (၂၅၈)
Vol. 19 Ch. 258
သူတို့ ဘာစကားကြီးကြားလိုက်ရတာလဲ။
အရှေ့တိုင်းစီရင်စုရဲ့ နာမည်ကျော် ထိပ်တန်း ဓားသမားကြီးဟာ သူ့ရဲ့ မာန်မာနကိုလျှော့ချဝပ်ဆင်းပြီး ဓားသိုင်းပညာလေ့ကျင့်ရာမှာ ယဲ့ကျွင်းလင်ကို လမ်းညွှန်သင်ပြမှုတောင်းခံနေသတဲ့လား!
ဒီလိုဆို ဒါက…
လူတိုင်းက တအံ့တသြဖြင့် အာမေဋိတ်သံများထွက်ကျလာကြပြီး ယဲ့ကျွင်းလင်ကို ထူးထူးဆန်းဆန်းပြန်လှည့်ကြည့်လာကြသည်။
"အာ၊ ဒါက" ယဲ့ကျွင်းလင်လည်း မျှော်လင့်မထားသောစကားကြောင့် ထူးဆန်းနေဟန်ပင်။ "ဘာလို့ မင်းက ငါ့ဆီကနေ ဓားသိုင်းပညာသင်ဖို့လိုတယ်လို့ ထင်တာလဲ?"
တကယ်တော့ သူ ပြောချင်တာက ဘယ်လိုဓားသိုင်းပညာမျိုးက ငါ့ရဲ့သင်ပြမှုကိုလိုအပ်နေတာလဲ!
"အရှင်မသိခဲ့ဘူး၊ အဲဒီနေ့က အရှင်ထုတ်လွှတ်လိုက်တဲ့ ဓားချက်ဟာ ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့တယ်။ ဓားသိုင်းပညာနယ်ပယ်မှာ အရှင်က ကျွန်တော့်ထက် အများကြီး သာလွန်တာကို ကျွန်တော်ရဲရဲကြီးပြောဝံ့ပါတယ်!"
ရွှယ်ဝူဟန်၏ မျက်လုံးတွေက တောက်ပနေပြီး ခိုင်မာပြတ်သားသော အမူအရာရှိ၏။
ထိုအချိန်က သူ ဓားရေးကျင့်ပြီးစအချိန်ဖြစ်ပြီး ဂိုဏ်းအနောက်ဘက်ရှိတောင်တစ်လုံးပေါ်တွင် ဓားကျောက်တိုင်ရှေ့ တည်တည်ငြိမ်ငြိမ်တရားမှတ်ရင်း မိမိ၏အတွင်းစိတ်ထဲက ဓားစိတ်ဆန္ဒကို ထက်သည်ထက် ထက်အောင် ချွန်နေခဲ့သည်။ မိမိ၏ တည်ငြိမ်ခိုင်မြဲသောစိတ်အစဥ်ကို ဤလောကတွင် ဘာကမှကိုင်လှုပ်နိုင်တော့မည်မဟုတ် ဟူ၍လည်း ထင်မှတ်ခဲ့သည်…
ထိုစဥ် တောက်ပသောဓားအလင်းရောင်တပြက်က ကောင်းကင်ကိုဖြတ်သန်းသွားခဲ့ကာ မိုင်ကိုးသောင်းမျှရှည်လျားသောလမ်းကြောင်းကြီးတစ်ခု ဖောက်ထွင်းလိုက်သလို မြင်ကွင်းအား သူမြင်လိုက်ရပြီး အခြေတည်နေသော ဓားစိတ်ဆန္ဒသည်ပင် ပြိုကွဲလုနီးပါး တုန်လှုပ်သွားခဲ့၏။
အတိတ်နဲ့ ပစ္စုပ္ပန်ကိုတောင် လှုပ်ခတ်ယိမ်းယိုင်စေနိုင်တဲ့ ခမ်းနားလှတဲ့ဓားချက်!
အရမ်းအံ့ဩဖို့ကောင်းတယ်၊ အရမ်းအံ့ဩဖို့ကောင်းတာပဲ!
နောက်တော့ အရှေ့ပိုင်းစီရင်စု၏ ပြည်နယ်ဆယ့်လေးခုလုံးကို ကိုင်လှုပ်သွားခဲ့သည့် ဓားချက်၏ပိုင်ရှင်မှာ ယဲ့ကျွင်းလင်ဖြစ်ကြောင်း သူသိရှိခဲ့ရသည်။
ထိုသူကို ကိုယ်တိုင်မြင်ရချိန်၌ ရွှယ်ဝူဟန်မှာ နှစ်ချို့ဓားသမားကြီးတစ်ဦး၏ မာန်မာနနှင့်ဂုဏ်သိက္ခာတို့ လွင့်စင်ပျောက်ကွယ်ကာ စိတ်လှုပ်ရှားစွာ ချဥ်းကပ်စကားပြောဖို့ကြိုးစားနေသည့် ပရိတ်သတ်လေးတစ်ဦးအဖြစ် အသွင်ပြောင်းသွားရလေတော့၏။
ယဲ့ကျွင်းလင် ထိုနေ့ကထုတ်လွှတ်လိုက်သော ဓားချက်မှာ ရွှယ်ဝူဟန်၏ စိတ်နှလုံးအပေါ် ထိုမျှအထိ လွှမ်းမိုးမှုရှိခဲ့ပါသည်။
ဒဏ္ဍာရီလာဓားသမားကြီးတောင် မာနကိုခဝါချပြီး ဓားသိုင်းပညာ တစ်ကွက်ဖြစ်ဖြစ် နှစ်ကွက်ဖြစ်ဖြစ် လာရောက်သင်ယူချင်ရသည်အထိ။
"ဪ၊ မင်းက အဲဒီတုန်းကဟာကို ပြောနေတာလား"၊
ယဲ့ကျွင်းလင် ရုတ်တရက် သဘောပေါက်သွားပြီး အကူအညီမဲ့စွာ သူ့လက်တွေကို ဖြန့်ပြချက် ပုခုံးတွ့န်လိုက်သည်။ "အဲ့ဒါက စိတ်ကူးပေါက်လို့ လုပ်လိုက်တာ၊ သင်ပေးစရာ ဘာပညာမှမပါဘူးရယ်"။
"တကယ်ပြောနေတာလား? ကျွန်တော်တော့ မယုံဘူး"။
ရွှယ်ဝူဟန်က ခပ်တောင့်တောင့်အပြုံးဖြင့် ဆက်ပြောလိုက်သည်။ အတင်းပြုံးရယ်ထားရသောမျက်နှာကြီးမှာ တစ်မျိုးတော့ကြောက်စရာကောင်းနေလျက်။
နောက်ပေါက်တွေက စိတ်လှုပ်ရှားစရာကောင်းတာကိုပဲမြင်ရင်တောင် ကျွမ်းကျင်သူတွေကတော့ အသေးစိတ်ကိုမြင်နိုင်တယ်လေ။
ထိုဓားချက်သည် မသေမျိုးမှော်လက်နက်တစ်ခု၏ အစွမ်းထက် ပိုမိုရှုပ်ထွေးသည်။ ဓားချက်တွင်ပါဝင်သော ဓားစိတ်ဆန္ဒ၊ ဓားစွမ်းအင်နှင့် ဓားအရောင်အဝါတွေက သူ့တစ်သက် မကြားဖူးမသိဖူး မကြုံဖူးခဲ့သော ပြစ်မျိုးမှဲ့မထင်ခံစားချက်မျိုးကို ပေးစွမ်းနိုင်၏။ ဓားသိုင်းပညာအရာမှာ နက်နဲသောအောင်မြင်မှုတစ်ခုကို ကျော်ဖြတ်ထားနိုင်သည့် ဓားသမားမျိုးမှ ထုတ်လွှတ်နိုင်မည့်ဓားချက်ပင်။
ယဲ့ကျွင်းလင် ကြောင်အသွားရသည်။
"သောက်ကျိုးနဲ! မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဂရုမစိုက်ဘူးကွ!"
သူက မျက်နှာကို ချာခနဲလွှဲကာ ဝတ်ရုံလက်ဖျားစကို ဖျတ်ခနဲခါပြီး လှည့်ထွက်သွားသည်။
လီဝူကျယ်မှာ အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့ရလျက်။ ဆရာသခင် ဒီလိုရိုင်းစိုင်းတာ အဆင်ပြေပါ့မလား? တစ်ဖက်က ဝတ်ရုံဖြူမသေမျိုးဓားသမားလို့ နာမည်ကြီးတဲ့ ရွှယ်ဝူဟန်ကြီးလေ။
ကြည့်ရှုသူတွေအားလုံးလည်း ကြောင်အသွားပြီး ရွှယ်ဝူဟန်တစ်ယောက် ရှက်ရမ်းရမ်းကာ ဓားဆွဲထုတ်ပြီးတိုက်ခိုက်တော့မှာကို စိုးကြောက်လာကြရသည်။
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုလှည့်ထွက်သွားသည့် ဆံပင်အဖြူနှင့်လူငယ်ကိုကြည့်ရင်း ရွှယ်ဝူဟန်မှာ မျက်နှာပေါ်ကအပြုံးကို ဆက်ထိန်းထားဖို့ကြိုးစားပါသော်ငြား မအောင်မြင်ဘဲ တဖြည်းဖြည်းလွင့်ပျယ်ပျောက်ကွယ်သွားကာ…
…နာကျည်းမှုအပြည့်က အစားထိုးနေရာယူလာ၏။
ငါ့ပုံစံက ထောင့်မကျိုးလို့ အကြီးအကဲယဲ့ကို ဒေါသထွက်စေလိုက်တာများလား?
ရွှယ်ဝူဟန်မှာ ဓားသိုင်းပညာနှင့်ပက်သက်ပြီး အလွန်လောဘကြီးသူတစ်ဦးပင်။ ကံမကောင်းစွာဖြင့် သူသည် အရှေ့တိုင်းစီရင်စုမှာ အဆင့်အမြင့်ဆုံးဓားသမားနေရာကိုကိုယ်စားပြုထားရသောကြောင့် ထပ်မံသင်ယူစရာ ရှာမတွေ့နိုင်ခဲ့တော့ပေ။ ဒီနောက်ပိုင်းတွင် ရွှမ်းကျီဓားဂိုဏ်းမှာသာ တိတ်ဆိတ်စွာ အနားယူကာ အတိတ်က ပညာရှိတွေ ထွင်းထုထားခဲ့သော ဓားကျောက်တိုင်တို့ရှေ့၌ တစ်နေကုန်တရားမှတ်နေဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့။
အခုတော့ သူ့ထက်တော်တဲ့ဓားသမားကို မျက်မြင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီလေ။ ဒီလိုအဖြစ်က ကျယ်ပြောလှတဲ့ အမှောင်ထုထဲမှာ မိုးသောက်ယံ အလင်းတန်းလေးကို မြင်လိုက်ရသလိုပဲ၊ ခက်ခဲပြီးရှားပါးလှတယ်!
ဒါကြောင့် တစ်ဖက်လူက သူ့ကိုတစ်စက်မှအကောင်းမမြင်ရင်တောင် သူ့ဘက်က ဒေါသထွက်ဖို့ စိတ်ကူးမရှိပေ။ ဓားသမားတစ်ယောက်ဆိုတာ ဒီလိုပဲ ခံယူချက်ပြင်းထန်ပြီး စိတ်ဓာတ်ပြတ်သားနေရမှာပေါ့။
နောက်တစ်စက္ကန့်အကြာတွင်။
လူတိုင်း၏ မယုံကြည်နိုင်ဟန် တအံ့တသြအကြည့်များအောက်တွင် ရွှယ်ဝူဟန်က သူ၏ရတနာဓားကိုဆုပ်ကိုင်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။
ပြီးတော့ ယဲ့ကျွင်းလင်၏ဘေးတွင် ကပ်လျက်ပြေးလိုက်ရင်း စိတ်ရင်းပါသောအသံဖြင့် တောင်းပန်တိုးလျှိုးလာသည်။ "အကြီးအကဲယဲ့၊ သင်ပေးပါ၊ ကျေးဇူးပြုပြီး သင်ပေးပါ၊ အကြီးအကဲယဲ့..."
ထိုမြင်ကွင်းတွင် မရေမတွက်နိုင်သော ကျင့်ကြံသူအပေါင်း စိတ်ရှုပ်ထွေးသွားရကာ ဝတ်ရုံဖြူမသေမျိုးဓားသမားအပေါ် သူတို့ကြိုတင်ထားရှိခဲ့သော အထင်အမြင်များအားလုံး ပြိုကွဲသွားသည်ကိုသာ ခံစားလိုက်ရတော့၏။
"သောက်ကျိုးနဲ! စိတ်အနှောင့်အယှက်ဖြစ်အောင် လိုက်လုပ်နေတာပဲ? ငါ သင်ပေးလို့ မရဘူးလို့ ပြောပြီးပြီ!" ယဲ့ကျွင်းလင်က ယင်ကောင်တွေကို မောင်းထုတ်သလိုမျိုး စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဒါပေမဲ့ သူဘာပဲလုပ်ပြပြ…
…ရွှယ်ဝူဟန်ရဲ့ စိတ်အားထက်သန်မှုကတော့ နည်းနည်းတောင် လျော့ကျမသွားခဲ့ပါဘူး။
ထိုအစား အကြီးအကဲက သူ၏စိတ်ရှည်သည်းခံမှုကို စမ်းသပ်နေသည်ဟုမြင်ကာ မျက်နှာပြောင်ပြောင်ဖြင့် အဆက်မပြတ် တကောက်ကောက်လိုက်နေဆဲသာပင်။
"ဘယ်လို ဓားဝါသနာရှင်ပါလိမ့်" လီဝူကျယ် သက်ပြင်းချလိုက်သည်။ သူကိုယ်တိုင်လည်း ဓားသိုင်းပညာလမ်းမှာ တစ်ဘဝလုံးကို နှစ်မြှုပ်ထားသူဖြစ်တာကြောင့် ရွှယ်ဝူဟန်၏ အရှက်ကင်းမဲ့သောအပြုအမူအား ရှုတ်ချခြင်းမပြုဘဲ ကိုယ်ချင်းစာမိပါ၏။
သူသာ အဲ့လူနေရာဝင်ကြည့်မယ်ဆိုရင်လည်း ဓားသိုင်းပညာလမ်းဆုံးပြီး ထပ်တိုးတက်စရာမရှိတော့ဘူးလို့ ထင်နေတဲ့အချိန်မှာ စွမ်းအားရှင်တစ်ပါး ဝုန်းခနဲပေါ်လာပြီး သူ့ကို ဓားသိုင်းပညာတိုးတက်စေဖို့ အလွယ်လေးလမ်းညွှန်သင်ပြပေးနိုင်လောက်အောင် အထင်ကြီးစရာကောင်းနေမယ်ဆိုရင် သူဆိုရင်လည်း တည်တည်ငြိမ်ငြိမ်ဖြစ်နေလောက်မှာတော့ မဟုတ်။
"ဓားဝါသနာရှင်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား? နှာဘူးကောင်နဲ့တူလိုက်တာ!"
ယဲ့ကျွင်းလင်က စက်ဆုပ်စွာ မှတ်ချက်ချသည်။
ဘေးမှာအတင်းပြုံးထားရသော ရွှယ်ဝူဟန်ကို သူတစ်ချက်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ပြုံးလေ့မရှိသော မျက်နှာတောင့်တောင့်ကို အတင်းတွန်းအားပေးကာ ပြုံးထားရသော် ရူးကြောင်ကြောင်နှာဘူးကောင်နှင့်ပင် တူနေသေးတော့၏။ လူကို အလိုလိုစိတ်တိုလာစေသောမျက်နှာပင်။
ငါ တကယ် သင်ပေးလို့ မရဘူးဆို၊ မင်းက ဘာလို့ ငါ့ကို ဆက်ကပ်နေတာလဲ?
အား၊ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်တာ!
လီဝူကျယ်က လမ်းစဥ်တူသောရောင်းရင်းကြီးကို စာနာသနားစွာဖြင့် အသံလွှင့်ပြောဆိုလိုက်သည်။ "ဆရာသခင်ကလည်း နည်းနည်းလောက်တော့သင်ပေးလိုက်ပါ"
တတိယတပည့်၏ အမြင်ဝယ် ဆရာသခင်၏သင်ကြားမှုက အားလုံးအတွက် အသင့်တော်ဆုံးသာဖြစ်၏။ ထိုတစ်နေ့က ကွပ်မျက်စင်ထက်တွင် "နားလည်တဲ့သူက နားလည်လိမ့်မယ်" ဟူသော စကားတစ်လုံးဖြင့်ပင် လူဘယ်နှစ်ယောက်လောက်ကို အသိဉာဏ်ပွင့်စေခဲ့မှန်း သူမှတ်မိနေပါသေးသည်။
ထိုနောက်ပိုင်းတွင် "နားလည်တဲ့သူက နားလည်လိမ့်မယ်" ဆိုသည့်စကားမှာ အဖိုးတန်စကားပုံတစ်အခုအဖြစ်ပင် သတ်မှတ်ခံလိုက်ရပြီး ဟွမ်ကျိုးတစ်နယ်လုံးအနှံ့ ပျံ့နှံ့ကူးစက်သွားပြန်သေးသည်ပင်။
ရွှယ်ဝူဟန်တစ်ယောက် အားမလျှော့စွာ ဆက်လက်တောင်းဆိုနေသည်ကိုမြင်သော် ဆရာသခင် နည်းနည်းပါးပါးလောက်ဟောပြောလိုက်လျှင် ကျေနပ်သွားလောက်မည်ဟု သူတွေးမိသည်။
ယဲ့ကျွင်းလင် နှုတ်ခမ်းတစ်ချက်တွန့်သွားသည်။
မင်းနှမကို လမ်းညွှန်ပေးလိုက်လေ!
ဒီတစ်ယောက်ကိုတော့ ဟိုလိုလိုဒီလိုလိုနဲ့ လှည့်စားလို့မရလောက်ဘူးကွ။
"အဟမ်း"၊
ယဲ့ကျွင်းလင်က တမင်တကာ ချောင်းတစ်ချက်ဟန့်ကာ အလေးအနက်ပြောကြားလာသည်။ "မင်း ဒီလောက် စိတ်အားထက်သန်နေမှတော့ ငါ ပေါ့ပေါ့ပါးပါး လမ်းညွှန်မှု နည်းနည်း ပြောပြပေးလိုက်ပါ့မယ်"။
ထိုစကားကိုကြားသော်။
ရွှယ်ဝူဟန်က အရင်ဆုံး ကြောင်အသွားပြီးမှ စိတ်လှုပ်ရှားစွာ ထပ်ခါတလဲလဲ ကျေးဇူးတင်လာသည်။ "အကြီးအကဲယဲ့၊ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်!"
လူအုပ်ကြီးလည်း ဝေါခနဲဆူညံလာသည်။
အရှေ့တိုင်းစီရင်စုရဲ့ အဆင့်မြင့်ဆုံးဓားသမားကို ဘယ်လိုများ လမ်းညွှန်သင်ပြမှာတဲ့လဲ?
ယဲ့ကျွင်းလင်က သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး မြေပြင်ပေါ်မှာ လှဲလျောင်းနေသော လူသတိထားမိစရာမရှိသည့် ရိုးရိုးသစ်ကိုင်းခြောက်တစ်ခုအား ဆွဲယူလိုက်သည်။ သစ်ကိုင်းက လေးပေခန့်ရှည်ပြီး အခေါက်မရှိပြောင်ရှင်းလျက်၊ ဘာထူးခြားမှုမှတော့မရှိ။
ဘောပင်မရှိလို့ အစားထိုးသုံးမလို့ပါ။
ထို့နောက် ယဲ့ကျွင်းလင်သည် မြင့်သွန်းသောတောင်ကြီးတစ်လုံးထံ မျက်နှာမူလျက် လေးနက်ခိုင်မြဲသောအကြည့်ဖြင့် ရှေ့တူရူသို့ မယိမ်းမယိုင် စိုက်ကြည့်သော် ဖြာထွက်လာသော နတ်မင်းတစ်ပါးကဲ့သို့အရှိန်အဝါက လူအများအား အံ့အားသင့်စွာ တိတ်တဆိတ်ချီးမွမ်းမိစေ၏။
"သေချာ ကြည့်ထား၊ ငါ့ရဲ့ ဓားသိုင်းပညာအကြောင်းကို ငါ့အခုရေးမယ့် စာလုံးကနေတစ်ဆင့် ဖော်ပြလိုက်မယ်။ ကျန်တာကို မင်းဘာသာမင်း သေချာ စဉ်းစားရမယ်။ ဘာသင်ခန်းစာတွေ ရရှိနိုင်မလဲဆိုတာ မင်းကိုယ်တိုင်ပေါ်မှာပဲ မူတည်တယ်"။
"အကြီးအကဲယဲ့၊ ကျေးဇူးပြုပြီး!"
ရွှယ်ဝူဟန်၏ မျက်လုံးအစုံမှာ မီးတောက်ကဲ့သို့ တောက်ပလာပြီး မျှော်လင့်ချက်အပြည့်ဖြင့် ယဲ့ကျွင်းလင်အားငေးကြည့်နေသည်။
စာလုံးတစ်လုံးတဲ့လား?
အကြီးအကဲယဲ့ရဲ့ ဓားသိုင်းပညာတစ်ခုလုံးကို ဘယ်လိုစာလုံးကများ ဖော်ပြနိုင်မှာတဲ့လဲ!?
လူတိုင်းက ချက်ချင်း စိတ်ဝင်စားသွားပြီး အာရုံစိုက်လာကြသည်။
"စပြီ စပြီ၊ ဆရာသခင် စရေးတော့မယ်!" လီဝူကျယ် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ဟုန်ချန်ယဲ့လည်း တစ်ကိုယ်စာကြားရုံ ခပ်တိုးတိုးရေရွတ်မိသည်။ "တကယ်ကြီးလား အတည်ကြီးပေါ့"
ရွှစ်!
မရေမတွက်နိုင်သော အကြည့်များ စုစည်းနေချိန်တွင် ယဲ့ကျွင်းလင်၏အရှိန်အဝါမှာ ဓားအိမ်မှဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ ရုတ်ချည်း ထက်မြက်တောက်ပလာသည်။
ထိုသူက သစ်ကိုင်းကိုမြှောက်ကိုင်ပြီး အရှေ့ကတောင်နံရံထက်၌ မြွေနှင့်နဂါးကဲ့သို့ တွန့်လိမ်အချိုးကျသော စာလုံးတစ်လုံးအား ရေးဆွဲလျက်ရှိ၏။ စုတ်ချက်များက အားကောင်းလှကာ ပြတ်သားတိကျ၏။
ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း~~~!!!
ချက်ချင်းဆိုသလိုပင် တိမ်ကင်းစင်သော ကောင်းကင်ထက်မှ ရုတ်တရတ် လျှပ်စီးတွေလက်ကာ မိုးခြိမ်းသံများ တဟိန်းဟိန်းမြည်ဟီးလာသည်။ လေပြင်းမိုးကြိုးများ ကြမ်းတမ်းစွာတိုက်ခတ်ပစ်ချနေပုံမှာ ကောင်းကင်သည်ပင် ဤစာလုံး၏တည်ရှိမှုကို သည်းမခံနိုင်တော့သည့်အလား။
"ဒါ၊ ဒါက..." လူအများမှာ စိတ်အားထက်သန်စွာဖြင့် စာလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြသည်။
ကြီးမားသောစာလုံးက တောင်နံရံပေါ်မှာ တဖြည်းဖြည်း ပုံသဏ္ဌာန်ပေါ်လာသည်နှင့်အမျှ အတိုင်းအတာမရှိ ပြင်းပြသောအရှိန်အဟုန်တစ်ခုက သူတို့၏နှလုံးသားထံရိုက်ခတ်လာပြီး စိတ်နှလုံးကို တုန်လှုပ်ယိမ်းယိုင်စေ၏။
"ပြီးပြီ!"
ပြီးသွားတော့ ယဲ့ကျွင်းလင်က သစ်ကိုင်းကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး သာမန်ကာလျှံကာဆိုလိုက်သည်။ "သွားပြီး နားလည်အောင် လုပ်ချေ"။
ဘာပဲဖြစ်ဖြစ်၊ ငါ လုံလောက်အောင် ကြိုးစားပေးခဲ့ပြီးပြီ၊ ကျန်တာတော့ မင်းပေါ်မှာပဲ မူတည်တယ်!
မိုးကြိုးသံတွေ ဟိန်းထွက်ပြီး နတ်ဘုရားနှင့် သရဲတစ္ဆေတို့ ငိုကြွေးအရှုံးပေးရမည့် မြင်ကွင်းအောက်မှာ အသစ်ဖွဲ့စည်းရေးဆွဲထားသော စာလုံးကြီးဟာ မီတာတစ်သောင်းမြင့်သော တောင်ကြီးတစ်ခုလုံးထက်နေရာယူကာ တောက်ပသောအလင်းတန်းများဖြင့် စီးဆင်းနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လက်ရာမြောက်သည်ဟု မှတ်ချက်ချနိုင်လောက်၏။
"အကြီးအကဲယဲ့ ဘယ်စာလုံးကို ရေးလိုက်တာလဲ၊ ကျွန်တော်တော့ တစ်လျှောက်လုံးမူးနောက်နေလို့ ထိုင်ရှိခိုးချင်စိတ်ပါ ပေါက်လာတဲ့အထိပဲ..."
ရွှယ်ဝူဟန်လည်း နာကျင်နေသောမျက်လုံးများကိုပွတ်သပ်ရင်း စာလုံးအား ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ ကြိုးစားလိုက်သည်။ ထိုစာလုံးအား သဲသဲကွဲကွဲမြင်လိုက်ရချိန်တွင် သူ ထိန်းမရအောင်တုန်လှုပ်သွားကာ အလွန်အမင်း လန့်ဖျပ်သွားဟန်ဖြင့် အာမေဋိတ်သံတစ်ခုပြုလာသည်။
"ယီးပဲ——!!!"