← Chapters

အခန်း (၂၅၉)

Vol. 19 Ch. 259

အခန်း (၂၅၉)

Vol. 19 Ch. 259

ရွှယ်ဝူဟန်က ဆဲဆိုနေခြင်းမဟုတ်။ အမှန်ပင် ‌ရေးထားသောစာလုံးကို ဖတ်နေခြင်းသက်သက်သာ။

ရေးထားသောစာလုံးမှာ "မြက်" ဟူ၏။

(မြက်ရဲ့တရုတ်အသံထွက်က အဆဲစကားလုံးနဲ့ တော်တော်ဆင်ပါတယ်တဲ့)

မရေမတွက်နိုင်သော လူများစွာ ထိုစာလုံးအား ပြူးကြောင်ကြည့်နေကြပြီး သူတို့ဦးနှောက်ထဲတွင်လည်း မတူညီသော အတွေးများစွာ ‌ပေါ်ပေါက်လာကြသည်။

အကြီးအကဲယဲ့ ဒီစာလုံးကို ရေးရတဲ့ ရည်ရွယ်ချက်က ဘာလဲ? ဘယ်လို နက်နဲတဲ့ အဓိပ္ပာယ်တွေများ ရှိနေတာလဲ?

"မြက်၊ မြက်၊ မြက်..." ရွှယ်ဝူဟန်မှာ ထိုစာလုံးကြီးကို တွေတွေဝေဝေစိုက်ကြည့်လျက် ပါးစပ်မှတဖွဖွ မရပ်မနားရေရွတ်နေကာ တစ်ကိုယ်လုံးမှာလည်း ဆန်ပြာနေသောဆန်ကာကဲ့သို့ တဆတ်ဆတ်တုန်ယင်လျက်။

အားလုံး သိကြတဲ့အတိုင်း မြက်ဆိုတာ အပင်တစ်မျိုးပါ။

သို့ပေမဲ့ ရွှယ်ဝူဟန်ကတော့ ထိုရိုးရိုးရှင်းရှင်း စာလုံးတစ်လုံးတွင် အကြီးအကဲယဲ့၏ လျှို့ဝှက်ထားသောအဓိပ္ပာယ်သောင်းခြောက်ထောင် သိုဝှက်ပါဝင်နေလိမ့်မည်ဟုသာ ထင်မှတ်ထားသည်ပင်။

သူ ဘာကို အတိအကျ ဖော်ပြချင်တာလဲ?

စက္ကန့်ဒါဇင်ကျော်မျှကြာသော်။

"ငါ့ရဲ့ မြက်! ငါ့ရဲ့ မြက်! ငါ့ရဲ့ မြက်၊ အားးးးး!!!" ရွှယ်ဝူဟန်ဟာ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့စွာ ပေါက်ကွဲအော်ဟစ်လိုက်သည်။။ ပြိုင်ဘက်ကင်း ဓားပညာရှင်ကြီး၏ တည်တည်ငြိမ်ငြိမ်အမူအရာ လုံးလုံးပျောက်ကွယ်သွားကာ စိတ်မနှံ့သောအဘိုးအိုတစ်ဦးကဲ့သို့ ပေါက်တတ်ကရအော်ဟစ်လာတော့

၏။

အကြီးအကဲယဲ့ ပြောချင်သည့်အဓိပ္ပာယ်ကို သူဘယ်လိုမှ စဥ်းစားမရနိုင်ခဲ့ပေ။

သို့ပေမဲ့ အကြီးအကဲယဲ့က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုခဲ့သည်။ သူ့တစ်သက်တာ လေ့လာလိုက်စားခဲ့သော တာအိုလမ်းကြောင်းတစ်ခုလုံး၏ အနက်အဓိပ္ပာယ်က ထိုစာလုံးတွင် ပါဝင်ပါသည်တဲ့။ သို့တိုင် သူနည်းနည်းမှ နားမလည်နိုင်သည်အား ရွှယ်ဝူဟန် မယုံနိုင်စွာ သိရှိလိုက်ရ၏။ ငါ့အရည်အချင်းက တကယ်ပဲ ဒီလောက်တောင်ဆိုးနေသလား?

အဖြူရောင်ဝတ်ရုံဖြင့် အမျိုးသားမှာ ထို"မြက်"ဟူသော စကားလုံးမှ အနက်အဓိပ္ပာယ်တစ်ခုခုကို ရှာတွေ့နိုင်ရန် မျက်လုံးသွေးကြောများပေါက်ထွက်မတတ် ပြူးပြဲနေအောင်စိုက်ကြည့်ရင်း အသည်းအသန်ကြိုးစားလျက်ရှိလေသည်။

"အမ်း၊ ဒီတိုင်းဆို မေ့လိုက်တာပဲ မကောင်းဘူးလား? နားမလည်ရင်လည်း ကိစ္စမရှိပါဘူး၊ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားမပေးပါနဲ့!" တစ်ဖက်လူ၏အပြုအမူကြောင့် ယဲ့ကျွင်းလင်လန့်ဖျပ်သွားပြီး လက်ကိုဝှေ့ယမ်းကာ အသည်းအသန်တားဆီးလိုက်သည်။

ဒီလူရဲ့ ဓားရေးအပေါ်စွဲလမ်းမှုကို သူလျှော့တွက်မိခဲ့တာပဲ။ လျှောက်ရေးလိုက်တဲ့စာလုံးလေးတစ်လုံးကိုတောင် ဒီလောက်ထိစွဲလမ်းသွားမယ်လို့ ထင်မထားခဲ့ဘူးလေ။

"မရဘူး၊ ကျွန်တော် လက်မလျှော့နိုင်ဘူး။ မဟာတာအိုရဲ့ လမ်းစအသစ်က ကျွန်တော့်ရှေ့မှာပဲ ရှိနေတယ်..." ရွှယ်ဝူဟန်၏နဖူးထက်တွင် ချွေးသီးချွေးပေါက်အပြည့်ဖြင့် မျက်ခုံးများမှာလည်းအစွမ်းကုန်တွန့်ကြုတ်လျက်။ စာလုံး၏အဓိပ္ပာယ်ကိုစဥ်းစားရင်း အာရုံတစ်ခုလုံးကို နားလည်သဘောပေါက်ဖို့အတွက်သာ နစ်မြှုပ်ထားခဲ့လေသည်။

"ကျွန်တော် ထင်တာကတော့၊ ဒီစာလုံးက အရွယ်အစား နည်းနည်းကြီးတာကလွဲရင် တခြားဘာမှ မထူးခြားဘူးလို့ ထင်တယ်"

"အဓိပ္ပာယ်မရှိတာတွေ! ဒါက အကြီးအကဲယဲ့ကိုယ်တိုင် ရေးခဲ့တဲ့စာလုံးပဲ။ သူ့ရဲနက်နဲတဲ့ တာအိုနားလည်မှုအလုံးစုံ ပါဝင်နေတာ။ နားမလည်နိုင်တဲ့သူက ဦးနှောက်အဆင့်မမီလို့ပဲ!"

"အာ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်..."

ပတ်ဝန်းကျင်ကနေ တီးတိုးသံတွေ ထွက်လာပြီး လူတိုင်းက ထိုမော်ကြွားတောက်ပနေသော "မြက်"ဆိုသည့်စာလုံးအား အသည်းအသန်အဓိပ္ပာယ်ရှာနေကြပါသော်ငြား နားလည်ခြင်းငှာမစွမ်းသာခဲ့ပေ။

လျှို့ဝှက်ချက်တွေ ရှိနေလိမ့်မည်ဆိုတာကို‌တော့ သူတို့အားလုံးယုံကြည်ထားသည်။ ဒီတိုင်း စဥ်းစားမရနိုင်သေးခြင်း သက်သက်သာ။

လူတိုင်း အကြိတ်အနယ်ဆွေးနွေးနေသည်ကို မြင်သော်။

လီဝူကျယ်က အထင်ကြီးလေးစားစွာ ပြောလာသည်။ "ဆရာသခင်က တကယ်ကို အစွမ်းထက်ပါပေတယ်။ ဒီစာလုံးတစ်လုံးတည်းနဲ့ပဲ လူအများကြီးကို အတွေးတွေရှုပ်ထွေးအောင် လုပ်နိုင်တယ်၊ ရွှယ်ဝူဟန်လို ထိပ်တန်း ဓားသမား တောင် ဦးနှောက်တစ်ခုလုံးနဲ့ ခြစ်ခြစ်ကုပ်ကုပ် စဉ်းစားနေရတာသာကြည့်တော့"

ဟုန်ချန်ယဲ့လည်း မျက်မှောင်အထင်းသားကြုတ်လျက် စဥ်းစားနေသည်။ သူ ဘယ်လိုပဲစဥ်းစားစဥ်စား ထို"မြက်"ဟူသည့် စာလုံးတွင် မည်သည့်ထူးခြားချက်မှမတွေ့ရပါ။

အရွယ်အစားကြီးပြီး ကြောက်ဖို့ကောင်းတာကလွဲလို့ အခွံသက်သက်စာလုံးတစ်လုံးလိုပါပဲ။

"ဒီအရှင်ရဲ့ အတွေ့အကြုံနဲ့ ထိုးထွင်းသိမြင်မှုအရ၊ အဲဒီလူက ဒီတိုင်း ကြွားလုံးထုတ်ချင်လို့ ရေးလိုက်တာ ဖြစ်ရမယ်!"

"သူ့ရဲ့ အကျင့်စရိုက်အရ ဒီလို အရှက်မရှိတဲ့ အရာမျိုးကို လုပ်ရဲတာမထူးဆန်းဘူး"

ဟုန်ချန်ယဲ့က နှုတ်ခမ်းမဲ့ကာတွေးရင်း ထိုအတွေးကိုသာ အမှန်ဟုယူဆလိုက်သည်။

ရှင်းရှင်းပြောရရင်၊ ပွဲကြည့်ပရိသတ်တွေထဲမှာ ဒီလူ့အကြောင်း သူအသိဆုံးပဲလေ။

ရွှယ်ဝူဟန်မှာတော့ ဆေးစွဲနေသလို "မြက် မြက် မြက်" ဟုသာ ထပ်တလဲလဲရေရွတ်နေရှာ၏။

ယဲ့ကျွင်းလင်မှာလည်း သနားစိတ်ဖြင့် လက်ကိုဆန့်ထုတ်ကာ ပုခုံးကိုပုတ်ပေးမလိုလုပ်ပြီးမှ လက်ကိုအမြန်ပြန်ရုပ်လိုက်ရသည်။ "ဪ၊ ဘာလို့ ဒီလောက် ကြိုးစားနေရတာလဲ"။

ယဲ့ကျွင်းလင် ဒီလူတော့ရူးတော့မှာပဲဟု တွေးနေစဥ်ဝယ်။

ရွှယ်ဝူဟန်၏ မျက်လုံးများက တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ တဖြည်းဖြည်းတောက်ပလာသည်။

မြက်ဆိုတာ ရိုးရိုးအပင်တစ်ပင်မဟုတ်ပေ။ ဇွဲလုံ့လဖြင့် ကြံ့ကြံ့ခံနိုင်သော ကိုယ့်အားကိုယ်ကိုးတတ်သော အစွမ်းသတ္တိရှိသည်။

သူ့ကို နင်းချေပြီး မထီမဲ့မြင်ပြုလျှင်တောင် မြက်ပင်သည် တိတ်ဆိတ်စွာဖြင့်သာ ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်ပေမည်။ လေနှင့်မိုးကြား မပြိုလဲစွာမတ်မတ်ရပ်နိုင်စွမ်းရှိပြီး တောမီးဖြင့်လည်း အမြစ်မပြတ်စွာ နွေဦးတွင် တစ်ဖန်ပြန်လည်ရှင်သန်ပေဦးမည်။

အကြီးအကဲယဲ့၊ ကျွန်တော် နားလည်သွားပြီ!

ဓားသိုင်းအတတ်ဆိုတာ သေခြင်းတရားကို အမြဲမျက်နှာမူထားရပြီး ပျက်ဆီးဆုံးရှုံးခြင်းကနေတစ်ဆင့် ပြန်လည်ရုန်းထရှင်သန်ရတဲ့ သဘောတရားနဲ့ ပညာတစ်ရပ်ဖြစ်တယ်။ အကြီးအကဲယဲ့က သူ့ကို သဘောတရားအစစ်အမှန် နားလည်သဘောပေါက်စေဖို့ ဒီစာလုံးကို ရေးဆွဲပြခဲ့တာပဲ။

နားလည်သဘောပေါက်သွားချိန်တွင် ရွှယ်ဝူဟန်မှာ ဖော်ပြလို့မရနိုင်သော အခြေအနေတစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။ မျက်လုံးများမှ အလင်းရောင်က ပိုမိုတောက်ပစူးရှလာကာ တစ်ခါမှမခံစားခဲ့ဖူးသော ခံစားချက်တစ်ခုက သူ့နှလုံးသားထက်မှ ဓားတာအိုပညာရပ်နှင့်အတူ ပဟေဠိဆန်ဆန် လာရောက်ပေါင်းစပ်နေခဲ့၏။

ဒုန်း~~!!

ကောင်းကင်ယံမှ မိုးခြိမ်းသံတွေ ဟိန်းထွက်လာပြီး တိမ်မည်းများ အရူးအမူးစုဝေးလာကာ ကြောက်ခမန်းလိလိ လျှပ်စီးများက မျက်စိကျိန်းစပ်စေလောက်အောင် တဖျတ်ဖျတ်လက်နေသည်။

ဒါတွေက ဘေးဒုက္ခတိမ် တွေပဲ!

"ဟ နင့်မေကလွှား၊ ဘာတွေဖြစ်နေတာလဲ?!" ယဲ့ကျွင်းလင် တအံ့တသြဖြင့် မော့ကြည့်နေသည်။

"ဘာဖြစ်နေတာလဲဟ?"

လူတိုင်း ထိတ်လန့်ပြီး ကြောင်အသွားကြသည်ပင်။

"အစ်ကိုကြီးဟုန်၊ မဟုတ်မှလွဲရော အဲ့ဒီလူ အဆင့်များ..." လီဝူကျယ်က ကောင်းကင်ယံတွင်စုဝေးနေသော ဘေးဒုက္ခတိမ်များအားမော့ကြည့်ရင်း အသံတုန်တုန်ဖြင့်မေးလာသည်။

ဟုန်ချန်ယဲ့ လည်ချောင်းတွေခြောက်သွေ့လာကာ ဖီးနစ်မျက်လုံးများမှာ အလွန်အမင်းထိတ်လန့်နေဟန် ပြူးကျယ်လာပြီး ရေရွတ်သည်။ "မဖြစ်နိုင်ဘူး၊ ဒါ ဒါမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ဟုန်ချန်ယဲ့ဟာ ထိုဖြစ်ရပ်ဆန်းနှင့် အလွန်တရာရင်းနှီးကျွမ်းဝင်သူပင်။

ရွှယ်ဝူဟန်ဟာ တာအိုသဘောတရားကို ရုတ်ချည်းသဘောပေါက်နားလည်သွားပြီး ဘေးဒုက္ခတိမ်များ ရုတ်ချည်းစုရုံးလာသည်ကို မြင်သော် ကျင့်ကြံသူအပေါင်း မေးရိုးပြုတ်မတတ် ပါးစပ်အဟောင်းသားဖြစ်သွားကြရ၏။

"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး!"

"ရိုးရိုးရှင်းရှင်း "မြက်" ဆိုတဲ့ စာလုံးတစ်လုံးက ရွှယ်ဝူဟန်ကို မသေမျိုးဖြစ်ဖို့ အခွင့်အရေး ရစေနိုင်တယ်။ ဒီ ယဲ့ကျွင်းလင်က တကယ်ပဲဘာကောင်ကြီးလဲ?!"

အကြီးအကဲလျိုမှာ ဦးရေပြားတစ်ပြင်လုံးထုံကျင်သွားလျက် မျက်စိသူငယ်အိမ်များတုန်ယင်လာကာ အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့် အသိစိတ်ပင်လယ်မှာ မုန်တိုင်းလို မတည်မငြိမ်လှုပ်ခတ်လာ၏။

နှစ်ပေါင်းများစွာ ကြာ‌ညောင်းခဲ့ချိန်အထိ သူကတော့ ဘေးဒုက္ခကျော်လွှားခြင်းအထွဋ်အထိပ်ဆင့်တွင်သာ တစ်လျှောက်လုံးပိတ်မိနေခဲ့သည်။ ဘေးဒုက္ခတိမ်များကို ဆွဲဆောင်နိုင်ဖို့အသာထား၊ ပိတ်မိနေသော အမှောင်လမ်းမှပင် မည်သို့ရုန်းထွက်ရမည် မသိနိုင်သေးပေ။ ဤဘဝတွင် မသေမျိုးလမ်းသို့တက်ရောက်ဖို့ ကံကြမ္မာမပါလာသကဲ့သို့။

အကြောင်းရင်းကတော့ တာအို၏သဘောတရားကို အပြည့်အဝနားမလည်နိုင်သေးသောကြောင့်ပင်။ ဘေးဒုက္ခကို ကျော်လွှားပြီး မသေမျိုးဖြစ်လာဖို့အတွက် ပထမဆုံး တာအိုလမ်းစဥ်အား ကျွမ်းကျွမ်းကျင်ကျင် နှိုက်နှိုက်ချွတ်ချွတ် နားလည်ဖို့လို၏။ မသေမျိုးတံခါးကို ဖွင့်နည်းသိဖို့အရေး သူ့လက်ထဲတွင် သော့ပင်မရောက်သေးသည့် အခြေအနေသာ။

"တစ်ယောက်ယောက်က ငါ့ထက် ခြေတစ်လှမ်းဦးနေပြီ..." ချန်ရှောင်း၏မျက်နှာတွင် ထိတ်လန့်မှုများသာအပြည့်စိုးမိုးနေပြီး စုဝေးလာသောဒုက္ခတိမ်များကိုကြည့်ကာ လက်ချောင်းများလည်း တဆတ်ဆတ်တုန်ယင်လျက်။

အဲ့လူနေရာမှာ သူသာဖြစ်လိုက်ပါတော့လား။

လူတိုင်း၏အကြည့်အောက်တွင် ရွှယ်ဝူဟန်၏မျက်နှာထားက တစ်ဖန်ပြန်လည် အေးစက်တည်ငြိမ်သွားပြီး ပြိုင်ဘက်ကင်းအရှိန်အဝါအား ပြန်လည်ထုတ်ဖော်လာသည်။။ မျက်လုံးများထဲမှ ဆူပွက်နေသောဓားစိတ်ဆန္ဒက ကောင်းကင်ထက်မှ နေနှစ်စင်းအလား။

"လာခဲ့၊ မင်းရဲ့ လျှပ်စီးဒုက္ခစွမ်းအားကို ငါ ကြည့်ရစမ်းပါစေ!"

ရွှယ်ဝူဟန်တွင် ကြောက်စိတ်မြူမှုန်မျှပင်မရှိ။ အစွန်းအထင်းမရှိ သန့်စင်နေသော အဖြူဝတ်ရုံထက် အနက်အပေါ်ရုံက တဖျတ်ဖျတ်လွင့်ခါနေကာ ထိုသူက ရတနာဓားကိုဆွဲထုတ်လျက် လေထက် ကန့်လန့်ဖြတ်တင်မြှောက်ထားလိုက်သည်။

ချက်ချင်းပင် ဓားစွမ်းအင်က မိုင်သုံးသောင်းကို ကျော်လွန်ရိုက်ခတ်ပြီး မိုးမြေ၏သူရဲကောင်းတို့အား ဖိနှိပ်လွှမ်းမိုးလိုက်သည်။ ခမ်းနားကြီးကြယ်သော ဓားအလင်းရောင်ဝါသည် ကောင်းကင်ထက် တည့်တည့်မြင့်တက်ကာ ဘေးဒုက္ခတိမ်များအား ပစ်ခွင်းဖျက်ဆီးလိုက်တော့၏။

ဒုန်း~~!!

ဘေးဒုက္ခတိမ်ထုကြီးများက ရွှယ်ဝူဟန်၏လုပ်ရပ်ကြောင့် ဒေါသထွက်နေသည့်အလား မိုးကြိုးသံဖြင့်တုံ့ပြန်လာသည်။ ပြင်းထန်သောလျှပ်စီးများအား အဆက်မပြတ်ထုတ်လွှတ်လာရာ ကောင်းကင်ကို နှစ်ခြမ်းခွဲထုတ်တော့မည့်အလား။

နှင်းလိုဖြူစင်ပြီး ရေတံခွန်ကြည်စင်တောက်ပသည့် ဓားအလင်းရောင်နှင့် ကြောက်မက်ဖွယ်လျှပ်စီးတို့၏ ပေါင်းဆုံမှုတွင် အင်အားကြီးစွမ်းအင်လှိုင်းများ ဖြာထွက်ရိုက်ခတ်လာသည်။

သာမန် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူတစ်ဦးသည်ပင် ထိုလျှပ်စီးလှိုင်းအား ခံနိုင်ရည်ရှိလျှင်တောင်မှ သွေးအန်ကာလဲကျသွားနိုင်သည့် အနေအထားရှိ၏။

သို့ပေမဲ့ ရွှယ်ဝူဟန်ကတော့ မတွန့်ဆုတ်စွာဖြင့် ဓားကိုဆွဲထုတ်လျက် တိုက်ရိုက်ခုတ်ချလိုက်သည်။ ထိုလျှပ်စီးလှိုင်းက သူ့ထံ နည်းနည်းမှ မသက်ရောက်မထိခိုက်စေသည့်အလား။

အကြိမ်အနည်းငယ်မျှ ထိပ်တိုက်တွေ့ပြီးနောက် ဘေးဒုက္ခတိမ်များ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားရတော့၏။

ဒုန်း!

ရင်သပ်ရှုမောဖွယ် အလင်းရောင်တစ်ခုက ကောင်းကင်ထက် ထိုးတက်သွားပြီး အရောင်အသွေးစုံလင်လှသော‌ရောင်ခြည်အမျိုးမျိုးက ကောင်းကင်ယံတစ်ခွင် ဆိုးဆေးခြယ်သလိုက်သလို ပေါ်ထွက်လာသည်။

လူပေါင်းများစွာ၏ ထိတ်လန့်တကြား အကြည့်ချင်းဖလှယ်မေးငေါ့မှုကြားတွင် မသေမျိုးအလင်းတန်းအောက်ဝယ် ကောင်းချီးခံယူထားသော သန့်စင်မြင့်မြတ်သည့် သွယ်လျလျပုံရိပ်တစ်ခုက နတ်ဘုရားတစ်ပါးအလား ဖြည်းညင်းစွာဆင်းသက်လာခဲ့သည်။

ရွှယ်ဝူဟန်၏ မျက်လုံးများမှ လင်းလက်နေသော ကြယ်ရောင်လဲ့လဲ့မှာ နားမလည်နိုင်လောက်အောင် အရှိန်အဝါပြင်းကာ သတ္တဝါအပေါင်းအား လက်နက်ချအရှုံးပေးလိုစိတ် ဖြစ်ပေါ်လာစေ၏။

"ဒါက မသေမျိုး ဖြစ်သွားတဲ့ ခံစားချက်ပါလား"

ရွှယ်ဝူဟန်ဟာ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲဖြစ်တည်လာသော မသေမျိုးစွမ်းအားကို ခံစားကြည့်နေရင်းလက်ရှိအချိန် သူဓားတစ်ချက်ခုတ်ချလိုက်လျှင်ပင် ကမ္ဘာပျက်မတတ်ကြောက်မက်ဖွယ်မြင်ကွင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ခံစားမိရသည်။

မသေမျိုးအရိပ်ဆိုသည့် မသေမျိုးနှင့်အနီးဆုံးသော ဖြစ်တည်မှုလျှင်ပင် ယှဥ်လိုက်ပါက မိုးနှင့်မြေလို၊ ပိုးစုန်းကြူးနှင့်လမင်းကို အကွာကြီးကွာခြားလှ၏။

နှိုင်းယှဉ်လို့ မရဘူး၊ လုံးဝ နှိုင်းယှဉ်လို့ မရနိုင်ဘူး!

အဖြူရောင်ဝတ်စုံဖြင့် ရွှယ်ဝူဟန်တစ်ယောက် မသေမျိုးစွမ်းအင်တို့ကိုထုတ်လွှတ်လျက် ပြန်လည်ဆင်းသက်လာချိန်တွင် လူတိုင်းလှုပ်လှုပ်ရွရွဖြစ်သွားရသည်။ ဒီလူဟာ အခုတော့ ဝတ်ရုံဖြူဓားမသေမျိုး ဆိုတဲ့နာမည်နဲ့ ကွက်တိကျအောင် စစ်မှန်သွားခဲ့ပြီ။

တောင်ဖြိုဂိုဏ်း၏ ဘိုးဘေးဖြစ်သူ အိုးရန်ဖုန့်မှာ အခုချိန်ထိ မယုံနိုင်လှသေး။ ဓားမသေမျိုး တစ်ပါး မွေးဖွားလာတာကို သူ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာလား?

"တာအိုသဘောတရားကို ပိုင်နိုင်ပြီး မသေမျိုးအဆင့်သို့ တက်လှမ်းသွားတဲ့အတွက် အရှင့်ကိုဂုဏ်ပြုဦးညွှတ်ပါတယ်!" လူတစ်ယောက်က ထအော်လိုက်သည်။

ဤသို့ဖြင့် ဂုဏ်ပြုစကားများ လှိုင်းလုံးကဲ့သို့ အစီအရီ ညံထွက်လာတော့၏။

"တာအိုသဘောတရားကို ပိုင်နိုင်ပြီး မသေမျိုးအဆင့်သို့ တက်လှမ်းသွားတဲ့အတွက် အရှင့်ကိုဂုဏ်ပြုဦးညွှတ်ပါတယ်!!!!!"

အရပ်လေးမျက်နှာမှ သံပြိုင်အော်ဟစ်သံကြီးက ကမ္ဘာမြေကိုတုန်လှုပ်စေပြီး မိုင်ထောင်သောင်းချီထိ ပျံ့လွင့်ရိုက်ခတ်ကာ သတ္တဝါအပေါင်းကို လှုပ်ခတ်နိုးကြားစေသည်။

စစ်မှန်သော မသေမျိုးတစ်ပါးအား ကျင့်ကြံသူတိုင်းက ဦးညွှတ်ဒူးထောက်လျက် ရိုသေသမှု ပြသခဲ့ကြသည်။

ဒီလူက ရိုးရိုးမသေမျိုးတောင်မဟုတ်။ ဓားမသေမျိုး တစ်ပါးပင်။

"ဆရာသခင်က... တကယ်ပဲ မသေမျိုးတစ်ပါးကို အသိဉာဏ်ပွင့်စေခဲ့တာလား?!" လီဝူကျယ်မှာ အံ့အားသင့်မှုကြောင့် အသက်ရှူပင်ကျပ်သွားရ၏။

ဟုန်ချန်ယဲ့လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရုတ်တရတ် ဟုန်ချန်ယဲ့အကြည့်က ဆံပင်ငွေဖြူရောင်နှင့် ထိုလူ့ထံ ဆိုက်ရောက်သွားကာ တွေဝေသွားရပြန်၏။ သူတကယ်ပဲ ဒီလူ့အစွမ်းအစကို လျှော့တွက်ခဲ့မိပြန်တာလား?

ပွဲကြည့်ပရိသတ်တွေတင်မကဘဲ ယဲ့ကျွင်းလင် ကိုယ်တိုင်လည်း ခေါင်းရှုပ်နေရသည်ပင်။

သူက ဒီစာလုံးကို စိတ်ကူးပေါက်လို့ ရေးလိုက်ရုံပဲ၊ အဲဒါကြီးကို ဒီလူက ဘာတွေနားလည်သဘောပေါက်ပြီး နေရာမှာတင် မသေမျိုးတန်းဖြစ်သွားရတာလဲ?

မယုံနိုင်စရာကြီး...

ယဲ့ကျွင်းလင်မှာ အရှေ့တွင်ထင်ပေါ်နေသော "မြက်"ဆိုသည့်စာလုံးကြီးအား ငေးကြည့်ရင်း လေးနက်စွာစဥ်းစားနေရတော့သည်။

မြက်!

ဒီစာလုံးက တကယ်ပဲ ဒီလောက် ဆန်းကြယ်တာလား?

ရွှယ်ဝူဟန်ကမူ အလွန်အမင်းစိတ်လှုပ်ရှားလျက်။

အကြီးအကဲယဲ့က သူ့ကို စိတ်ရင်းမှန်နဲ့ သင်ကြားပြသပေးခဲ့တာပဲ။

ဒီ "မြက်" ဆိုတဲ့ စာလုံးမှာ လျှို့ဝှက်ချက်တွေ အများကြီးပါဝင်တယ်။ အပေါ်ယံ အလွှာတွေကို နည်းနည်းလောက်ခွာချလိုက်တာနဲ့ သိုဝှက်ထားတဲ့ တာအိုသဘောတရားတွေကို သူချက်ချင်းနားလည်လိုက်ရတော့တာပါပဲ။

ဆံပင်ငွေရောင်ဖြင့် လူငယ်လေးကို ရွှယ်ဝူဟန်လေးစားစွာကြည့်ရင်း မသေမျိုးတစ်ဦး၏ ဂုဏ်ဝင့်ဖွယ်ဟန်ပန်ကိုဖျောက်ဖျက်ကာ တရိုတသေ လက်သီးဆုပ်အရိုအသေပြုလာ၏။

"လမ်းညွှန်ပေးတဲ့အတွက် အကြီးအကဲယဲ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် တာအိုလမ်းစဥ်ကို သဘောပေါက်ပြီး မသေမျိုးအဆင့်ထိ တက်လှမ်းနိုင်တာ အကြီးအကဲရဲ့လမ်းညွှန်မှုကြောင့်ပါ!"

စစ်မှန်သော မသေမျိုးတစ်ပါးက ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်မှလူအား အကြီးအကဲဟုခေါ်ဆိုလျက် တရိုတသေဦးညွှတ်ခြင်းမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးသော်ငြား ယခုဖြစ်လာခဲ့လေပြီ။

ယဲ့ကျွင်းလင် ကြောင်တောင်တောင်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဝတ်ရုံဖြူအမျိုးသားအား စေ့စေ့စပ်စပ်ကြည့်လျက် တွေးလိုက်မိသည်။

မင်း ဘာလို့ ငါ့ကိုဓားနဲ့ထမခုတ်သေးတာလဲ? ငါလည်း မသေမျိုးဖြစ်ချင်နေပြီကွ။

All Chapters