← Chapters

မသေမျိုးကျွန်း ပွင့်ပြီ

Vol. 19 Ch. 260

မသေမျိုးကျွန်း ပွင့်ပြီ

Vol. 19 Ch. 260

ရွှယ်ဝူဟန်မှာတော့ ယဲ့ကျွင်းလင်၏အတွေးစကားကို မကြားနိုင်ခဲ့ပါ။ သူကအခု မသေမျိုးတစ်ပါးဖြစ်နေပြီဖြစ်၍ တစ်ဖက်လူ၏အဆင့်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်နေလေပြီ။

နှစ်ဦးကြားမှ အဆင့်ကွာခြားချက်က ကြီးမားသည်ဟု ဆိုနိုင်ပေသည့် ရွှယ်ဝူဟန်က ကျေဇူးကန်းတတ်သူမဟုတ်ချေ။ သူက ယဲ့ကျွင်းလင်၏ ကျေးဇူးတရားကို မမေ့လျော့စွာ လွန်စွာနှိမ့်ချရိုသေသော အပြုအမူဖြင့် ဆက်ဆံလာခဲ့လေသည်။

ယဲ့ကျွင်းလင်မှာလည်း တစ်ဖက်လူ၏ ပြစ်ချက်ကင်းစွာယဥ်ကျေးလှသော ဆက်ဆံပုံကြောင့် ပေါက်ကရထမလုပ်နိုင်တော့။

ရုတ်တရတ်ကြုံတွေ့လိုက်ရသော အပြောင်းအလဲကြောင့် သူလည်းဆွံ့အမိပါသော်ငြား ထို"မြက်"ဆိုသည့်စကားလုံးအကြောင်းကိုတော့ ထပ်စဥ်းစားနေစရာအကြောင်း မရှိတော့ပါ။

ဒီတိုင်း အသိအမှတ်ပြုပေးလိုက်ရုံပေါ့လေ။

မင်းက ငါဆိုလိုချင်တဲ့သဘောတရားကို အကုန်နားလည်သွားတာပဲ ဆိုတဲ့ပုံပဲ ဖမ်းလိုက်ကြတာပေါ့။

ယဲ့ကျွင်းလင် လက်များကိုအနောက်ပစ်လျက် နက်နဲသောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။ "မှန်တယ်၊ မင်းရဲ့နားလည်နိုင်စွမ်းက ချီးကျူးစရာပါပဲ"

ရွှယ်ဝူဟန်မှာ ချီးကျူးစကားကြောင့် နှလုံးသားလေးလှုပ်ခတ်သွားရကာ ပိုလို့အထင်ကြီးသွားခဲ့ရ၏။

အကြီးအကဲယဲ့က ငါ့အတွက် အပင်ပန်းခံပြီး ကြိုးစားသင်ပြပေးခဲ့တာပဲ။

"မြက်၊ မြက်၊ မြက်" အိုးရန်ဖုန့်လည်း မျက်မှောင်ကြုတ်ပြီး ထပ်တလဲလဲရေရွတ်နေသည်။၊ တစ်ခုခုကို နားလည်ဖို့ ကြိုးစားနေပုံရပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမတတ်နိုင်ဘဲ လက်လျှော့ပြီး ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

"အရှင်ယဲ့က 'မြက်' ဆိုတဲ့ စာလုံးတစ်လုံးတည်းကို ရေးပြရုံနဲ့ ပြိုင်ဘက်ကင်းတဲ့ ဓားမသေမျိုး တစ်ပါးကို ဖန်တီးခဲ့တယ်။ ဒီလိုနည်းလမ်းတွေက မကြုံစဖူး ပြိုင်ဘက်ကင်းလှပေတယ်၊ တကယ်ကို ချီးကျူးစရာပါပဲ၊ ချီးကျူးစရာပါပဲ"။

လူတိုင်းက ပြင်းပြင်းထန်ထန် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ထို့နောက် ဆံပင်ငွေရောင်ဖြင့်လူငယ်အား ကြည်ညိုလေးစားစွာ မော့ကြည့်ရှုစားမိကြသည်။

အရှင်ယဲ့၏ စာလုံးတစ်လုံးဖြင့် ကျင့်ကြံသူတစ်ဦးကို မသေမျိုးတစ်ပါးဖြစ်သည်အထိ အသိဉာဏ်ပွင့်စေခဲ့သည့် အကြောင်းအရာမှာလည်း ပုံပြောသူတို့၏ပါးစပ်ဖျားတွင် ရေပန်းစားသော ပုံပြင်တစ်ပုဒ်ဖြစ်လာမည်မလွဲပေ။

ထို့အပြင် "မြက်"ဟူသောစာလုံးအား ထိုးထွင်းရေးဆွဲခဲ့သည့် ထိုတောင်နံရံမှာလည်း ဟွမ်ကျိုးတွင် သမိုင်းဝင်နေရာတစ်ခုအဖြစ် ထိန်းသိမ်းသတ်မှတ်ခံရကာ နောင်လာနောင်သားတို့ လေ့လာရှုစားရာ မှတ်ကျောက်တိုင်တစ်ခု ဖြစ်လာပေဦးမည်ပင်။

"ဘာလို့လဲ၊ ဒီကောင်က ဘာလို့ ထပ်ပြီး လူအာရုံစိုက်ခံနေရတာလဲ!" ချန်ရှောင်း စဉ်းစားရင်း စဉ်းစားရင်း ဒေါသပိုထွက်လာသည်။ လက်သီးများကို ကွဲထွက်လုနီးပါး တင်းတင်းဆုပ်ထားကာ ချောမောသောမျက်နှာမှာလည်း မနာလိုမရှုစိမ့်မှုဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လျက်။

အတွေးတစ်ပိုင်းတစ်စကတော့ ယဲ့ကျွင်းလင်တစ်ယောက် ရွှယ်ဝူဟန်အား ချက်ချင်းမသေမျိုးဖြစ်အောင် အသိဉာဏ်ပွင့်လင်းစေခဲ့ခြင်းကို ထိတ်လန့်နေမိ၏။

နောက်အတွေးတစ်ပိုင်းကတော့ နာကျည်းမှုများဖြင့်ပြည့်နှက်လျက်။ ရွှယ်ဝူဟန် မသေမျိုးဖြစ်သွားပြီး ဘာလို့ဓားကိုချက်ချင်းဆွဲထုတ် ယဲ့ကျွင်းလင်ကိုခုတ်သတ်တာမျိုး ဖြစ်မလာရတာလဲ? ဘာကြောင့်လဲ?

မသေမျိုးတစ်ပါးက လောလောလတ်လတ်စော်ကားခံထားရတဲ့အဖြစ်ကို ဘယ်လိုမေ့သွားနိုင်ရတာလဲ!

သင်ပြလမ်းညွှန်ပေးဖို့ နှိမ့်နှိမ့်ချချနဲ့ တောင်းခံခဲ့ရတဲ့အချိန်တွေကို ဒီလိုပဲမေ့ထားလိုက်တော့မှာလား?

ဓားကိုတစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ အဲ့လူကိုသတ်၊ စော်ကားခံခဲ့ရတဲ့အစွန်းအထင်းကို ချေဖျက်ပစ်နိုင်ပြီလေ။ ဘာကြောင့် မလုပ်တာလဲ?

ချန်ရှောင်း နားမလည်နိုင်ခဲ့ပေ။

သူသာဆိုရင် မသေမျိုးဖြစ်ပြီးတဲ့နောက် သူ့ကိုအရင်ကပြစ်မှားခဲ့သူအပေါင်းကို ရှင်းလင်းသုတ်သင်ပစ်မှာ အသေအချာပင်။

ဘာပဲဖြစ်ဖြစ် မသေမျိုးဆိုတဲ့ဖြစ်တည်မှုက ကောင်းကင်ထက်တက်လှမ်းချင်ရင်တောင် တစ်လှမ်းစာလောက်ပဲ လှမ်းစရာလိုတဲ့ အဆင့်အတန်းမျိုး။ မသေမျိုးအရှင်ဆိုတာ လူသားတွေနဲ့ လုံးလုံးလျာလျားကွာခြားတဲ့နေရာမှာ ရပ်တည်နေတာ။ မြစ်ကိုဖြတ်ပြီး တံတားကိုဖြိုဖျက်ချခဲ့ရင်တောင် ဘယ်သူမှ ကဲ့ရဲ့ပြစ်တင်ဖို့ မဝံ့ရဲကြတဲ့ ဖြစ်တည်မှုမျိုးပဲ။

ယဲ့ကျွင်းလင်အသက်ရှင်နေသေးတာကိုလည်း သူမုန်းသည်။ ရွှယ်ဝူဟန်က သူဖြစ်စေချင်သလို မလုပ်တာကိုလည်း သူမုန်းသည်။

အကြီးအကဲလျိုမှာလည်း လွန်စွာမျက်စိမျက်နှာပျက်နေသည်။ ရွှယ်ဝူဟန်မှာ ပြိုင်ဘက်ရွှမ်ကျီးဂိုဏ်းမှဖြစ်ရာ ထိုသူမသေမျိုးဖြစ်သွားခြင်းသည် သူတို့ယွီဟွားဂိုဏ်းအတွက် ကောင်းသောကိစ္စမဟုတ်လေပြီ။

ဓားသိုင်းပညာရပ်ကို အထူးပြုလေ့ကျင့်ထားသူ ဓားပညာရှင်တစ်ဦး မသေမျိုးအဖြစ်တက်လှမ်းသွားခြင်းသည်ကား မတွေးရဲလောက်အောင် ကြောက်မက်ဖွယ်ကောင်း၏။

ထိုအချိန်တွင် ကောင်းကင်ထက် မသေမျိုးအလင်းဖြင့်ခြုံလွှမ်းလျက် တည်ငြိမ်စွာဆိုင်းငံ့နေသော မသေမျိုးကျွန်းက ရုတ်တရတ် အကြီးအကျယ် ဆူညံလာသည်။

ဒုန်း ~

တုန်ခါမှုက မိုးမြေတစ်လွှား သက်ရောက်စေလျက်။

လူအများ ရင်ဘတ်တွင်စူးအောင့်လာသောဝေဒနာဖြင့် ထိတ်လန့်မှုကိုပါ တစ်ပါတည်းခံစားလိုက်ရရင်း မသေမျိုးကျွန်း‌၏ပြောင်းလဲမှုအား စောင့်ကြည့်နေကြရသည်။

ရှဲ ရှဲ ရှဲ...

တောက်ပပြီး မတ်မတ်ထိုးထွက်နေသော အလင်းတိုင်ကြီးများဟာ ပေနှစ်ဆယ်ခန့်ပတ်လည်အထိ ကြီးမားပြီး မသေမျိုးကျွန်းတစ်ပတ်လည်တွင် ဝန်းရံပေါ်ထွက်လာသည်။ အလင်းတိုင်တစ်ခုချင်းစီတွင် ရှေးဟောင်းစာလုံးများစွာ စီးဆင်းနေလျက် ထိုအထဲသို့ဝင်လိုက်သည်နှင့် မသေမျိုးကျွန်းသို့ တိုက်ရိုက်ဝင်ရောက်သွားနိုင်အောင် ချိတ်ဆက်ပေးထားခြင်းပင်။

"စမ်းသပ်ပွဲ စတင်ပြီ!"

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။

ချက်ချင်းဆိုသလို ကျင့်ကြံသူအများအပြား အလင်းတိုင်ကြီးများထံ ပျံသန်းထွက်ခွာလျက် ဝင်ရောက်ဖို့ကြိုးစားလာကြသည်။

သို့ပေမဲ့ ပြဿနာက ကျင့်ကြံသူအများအပြားမှာ အလင်းတိုင်မျက်နှာပြင်အကာအရံ၏ ပိတ်ဆို့တားဆီးမှုကြောင့် ဝင်ရောက်မရခဲ့ပေ။

"ချီးတဲ့မှ၊ ငါ ဝင်လို့မရဘူး!"

"မတရားဘူး! ဘာလို့ တချို့လူတွေကကျ ဝင်လို့ရတာလဲ!"

"ကျေးဇူးပြုပြီး၊ ကျွန်တော့်ကို ဝင်ခွင့်ပေးပါ၊ တစ်သက်မှတစ်ခါရတဲ့ အခွင့်အရေးလေးမလို့ပါ!"

All Chapters