← Chapters

ယောက်ျားလိုချင်တဲ့ နတ်သမီးဟုန်

Vol. 19 Ch. 262

ယောက်ျားလိုချင်တဲ့ နတ်သမီးဟုန်

Vol. 19 Ch. 262

ပါဝင်သူအများအပြားမှာ မသေမျိုးကျွန်းထဲသို့ ပို့ဆောင်ခံလိုက်ရလေသည်။ ကျွန်းပတ်ပတ်လည်တွင် မသေမျိုးမြူခိုးငွေ့များ ပျံ့လွင့်နေပြီး အံ့မခန်းလောက်အောင်ကျယ်ပြန့်သော ကွင်းပြင်တစ်ခု၌ သူတို့ နေရာချခံထားရ၏။ အရှေ့မှာတော့ အစစ်အမှန်ဟုပင် မခံစားစေရလောက်အောင် ခမ်းနားလှပသော တောင်နံရံကြီးတစ်ခု တည်ရှိလေသည်။

“ဟာ ငါ့ကျင့်ကြံဆင့်က ချီစုဆောင်းခြင်းအဆင့်ထိဖိနှိပ်ခံထားရတယ်" တစ်ယောက်က အံ့သြတကြီး‌အော်လိုက်သည်။

“ဟေး၊ ငါ့ဟာလည်း အတူတူပဲ!” နောက်တစ်ယောက်ထ ထပ်အော်ပြောလာသည်။

“အခုမှ တကယ်တရားမျှတတာ၊ အားလုံးက အဆင့်တူတူဖြစ်သွားပြီ!” အချို့က စိတ်လှုပ်ရှားစွာထောက်ခံပြောဆိုလာကြသည်။ အထူးသဖြင့် ကျင့်ကြံဆင့်နေရာတွင် အားသာချက်မရှိကြသော ဝါနုသူအချို့က အစ်ကိုကြီးများတောင် သူတို့နှင့်အဆင့်တူတူဖြစ်နေသည်ကိုမြင်သောအခါ ပို၍စိတ်ချလက်ချဖြစ်သွားရ၏။

“ဆရာသခင်၊ ဒီအခြေအနေက ကျွန်တော်တို့ ဆေးဘုရင်တောင်ကြားမှာ ကြုံခဲ့ရတာနဲ့ အတူတူပဲ” လီဝူကျယ် က အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။ ဤအခြေအနေကို ကြုံတွေ့ဖူးခဲ့ကြသူများမှာတော့ တည်ငြိမ်စွာလက်ခံနိုင်လိုက်ကြ၏။

ဟုန်ချန်ယဲ့က မသေမျိုးကျွန်း၏ ကောင်းကင်ထက်ကိုမော့ကြည့်နေရင်း စဥ်းစားနေမိသည်။ “ဒါလည်းအစီအရင်စည်းမျဥ်းတွေရဲ့ စွမ်းအားကြောင့် ထပ်ဖြစ်ပြန်တာလား

သတ်မှတ်ဧရိယာတစ်ခုကို အစီအရင်စည်းမျဥ်းများဖြင့် ကန့်သတ်ဖုံးအုပ်ထားခြင်းမှာ မသေမျိုးအရှင်တို့၏ အနက်နဲဆုံးသော လျှို့ဝှက်နည်းလမ်းတစ်ခုသာပင်။ သူတို့၏ ကိုယ်ပိုင်လောကရှိ သစ်ပင်ပန်းမန် ပန်းပွင့်ပန်းခက်ကအစ သတ္တဝါတွေအဆုံး သူတို့၏စိတ်တိုင်းကျ ရှင်သန်နေထိုင်စေရန် တည်ဆောက်ကန့်သတ်ထားသော လောကစည်းမျဥ်းနိယာမများသာဖြစ်၏။

ဆေးဘုရင်တောင်ကြားကို ဥပမာတစ်ခုအနေနှင့် ကြည့်နိုင်ပြီး အလားတူပဲ လက်ရှိမသေမျိုးကျွန်းမှာလည်း ကျင့်ကြံသူအားလုံးကို တစ်ညီတည်းသောကျင့်ကြံဆင့်တွင်သာဖိနှိပ်ထားပြီး စမ်းသပ်ပွဲအား တရားမျှတစေရန် ဖန်တီးထားခြင်းဖြစ်ပေသည်။

“အသားကျအောင်ပဲ နေလိုက်ပါ” ယဲ့ကျွင်းလင် ပုခုံးသာတွန့်ပြလိုက်သည်။ သူ့မှာကတော့ ဘယ်ကောင်လာလာ ပါးပြန်ဖြတ်ရိုက်နိုင်သည့်ရွှေလက်ချောင်းကြီး ပိုင်ဆိုင်ထားသောကြောင့် ထွေထွေထူးထူးအရေးစိုက်နေစရာ မလိုပါ။

ယဲ့ကျွင်းလင်ဘေးဘက်ကို လှည့်ကြည့်လိုက်သော် အနက်ရောင်အပေါ်ရုံဖြင့် အဖြူရောင်ဝတ်စုံဝတ်ထားသည့် ရွှယ်ဝူဟန်အား မြင်လိုက်ရသည်။ ထိုသူမှာ နေရာမှာပင် ပါးစပ်အဟောင်းသားဖြင့် ကြောင်ရပ်လျက်သား။ သူ့အဆင့်ကို ကလေးကစားသလို ဖိနှိပ်ကန့်သတ်လိုက်ခြင်းအား လက်မခံနိုင်သေးသည့်ဟန်။

သူ့မှာ အခုလေးတင် စစ်မှန်သောမသေမျိုးအဖြစ် အဆင့်တက်ထားပြီး စိတ်ဓာတ်တွေအမြင့်ဆုံးအဆင့်ထိ တက်ကြွနေခဲ့တာ။ ဒါပေမဲ့ ဒီကျွန်းထဲကို ဝင်ဝင်ချင်းပဲ ကျင့်ကြံဆင့်က အခြေတည်ထောင်ခြင်းအဆင့်ထိ ဖိနှိပ်ခံလိုက်ရပြီး အများထဲကတစ်ယောက်ပဲ ဖြစ်သွားရလေပြီ။

“နှစ်ပေါင်းများစွာ ကြာသွားပေမဲ့ ကျွန်းသခင်ဟောင်းကြီး ချန်ထားခဲ့တဲ့ နိယာမစည်းမျဥ်းတွေရဲ့ စွမ်းအားက ဒီလောက်ထိ အစွမ်းထက်နေသေးတာ၊ တကယ်ကို အံ့ဩစရာပဲ” ရွှယ်ဝူဟန် အသက်ရှူနှုန်းကို တည်ငြိမ်‌‌အောင် ညှိယူပြီး အမှန်တရားကို မနည်းလက်ခံလိုက်ရသည်။ မျက်လုံးအကြည့်များက လမ်းပျောက်နေသကဲ့သို့ မရေမရာဖြစ်လျက်။

လက်ရှိလူအုပ်ထဲမှာ သူကကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်တဲ့အတွက် လွယ်လွယ်ကူကူဖြင့် အနိုင်ရရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်ပင်။ သို့သော် ဝင်လျှင်ဝင်ခြင်းပင် သူ၏အထူးခြားဆုံးသောအားသာချက်အား ဆုံးရှုံးခဲ့ရ၏။ နောက်လာမည့်စမ်းသပ်မှုများမှာလည်း သူထင်သလို လွယ်ကူနေတော့မည်မဟုတ်တော့။

ဒုန်း ~!

ရုတ်တရက် အရှေ့မှ တောင်နံရံကြီးက ကြိုတင်သတိပေးခြင်းမရှိဘဲ နှစ်ခြမ်းကွဲထွက်ကာ ဖြည်းဖြည်းချင်းရွေ့လျားသွားသည်။ ဖုန်မှုန့်များတထောင်းထောင်းထလာသည်အထိ အရှိန်ပြင်းလှသည်ပင်။

“စတော့မှာလား?” လူအများအပြား ဇဝေဇဝါဖြစ်သွားရသည်။ တောင်နံရံကြီး အဆုံးထိကွဲထွက်သွားချိန်တွင်မူ ပေါ်လာသောမြင်ကွင်းက သူတို့အားလုံး၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေတော့၏။

ရွှေရောင်စပါးခင်းများ၊ အေးခဲနေသော ရေခဲတောင်များ၊ ပူပြင်းဆူပွက်နေသော မီးတောင်များနှင့် စိမ်းလန်းသောမြက်ခင်းပြင် စသည်ဖြင့် နေရာပေါင်းစုံ အပူအအေးမျိုးစုံ ပေါင်းစပ်နေခြင်းကြောင့် အတော်လေး သဟဇာတမဖြစ်သောခံစားချက်ကို ပေးစွမ်းသည်။

အနီးကပ်ကြည့်လိုက်သော် နေရာတိုင်းမှာ အစမှအဆုံးထိ တည့်တည့်ဖောက်ထားသော သူ့လမ်းကြောင်းနှင့်သူရှိကြောင်း တွေ့လိုက်ရ၏။ လမ်းကြောင်းများတွင် လေးထောင့်ကွက်များအပြည့်ပါရှိပြီး အကွက်တစ်ခုချင်းစီကို ရတနာသေတ္တာ၊ မှော်ရတနာ၊ ရုပ်တု စသဖြင့် မတူညီသောပစ္စည်းများစွာ အပြည့်ထားရှိထားသည်။

“ဒါက ဘာအတွက်လဲ?” လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။

စမ်းသပ်မှု၏အကြောင်းကို သူတို့ကြိုးစားခန့်မှန်းနေစဥ်မှာပင် တောင်ကြားထဲမှ အသံတစ်ခုပဲ့တင်ထပ်လာသည်။ “စည်းကမ်းတွေကို အခုပဲပြောပြမယ်။ သေချာမှတ်ထားကြပါ။ လူတိုင်းက အန်စာတုံးကို လှိမ့်ပြီး ရတဲ့အမှတ်အတိုင်း ရှေ့ကို အကွက်ရွှေ့ရမယ်။ လမ်းတစ်လျှောက်မှာ မတော်တဆမှုမျိုးစုံ ကြုံရနိုင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သဲနာရီရဲ့ ရေတွက်မှု မပြီးဆုံးခင်မှာ လမ်းဆုံးကို ပထမဆုံး ရောက်တဲ့သူဟာ နောက်တစ်ဆင့်ကို တက်ဖို့ အရည်အချင်းရှိတယ်လို့ သတ်မှတ်ပါမယ်။ ဒီစမ်းသပ်မှုက အရမ်းလုံခြုံပါတယ်။ အန္တရာယ်ရှိတယ်လို့ ခံစားရရင် ဘယ်အချိန်မဆို လက်လျှော့ဖို့ အကူအညီတောင်းနိုင်ပါတယ်၊ အဲဒါဆိုရင် ကျွန်းထဲကနေ ချက်ချင်း အပြင်ကို လုံလုံခြုံခြုံပို့ဆောင်ပေးမှာပါ”

ထိုအသံ ပျောက်ပျယ်သွားသည်နှင့်အမျှ...

ဧရာမအရွယ်အစားရှိ ရွှေရောင်သဲနာရီကြီးတစ်လုံးပေါ်လာပြီး နူးညံ့သောသဲမှုန်များ တဖွဲဖွဲစတင်ကျဆင်းလာတော့သည်။

ထို့နောက် စမှတ်ကိုကိုယ်စားပြုသော လမ်းကြောင်းတိုင်းမှာ အနီရောင်အလင်းထွက်လာကာ ပါဝင်သူများကို နေရာမြန်မြန်ယူဖို့ သတိပေးလာ၏။ ပါဝင်သူများ အသင့်ပြင်ရမည့် နေရာတိုင်းတွင် လက်ဖဝါးအရွယ် အန်စာတုံးတစ်ခုစီ လွင့်နေပြီး တစ်ဖက်စီတွင် ရွှေရောင်တောက်သော ဂဏန်းများပါဝင်သည်။ တရားမျှတမှုနှင့် ဖြောင့်မတ်မှုကိုကိုယ်စားပြုသော အံစာတုံးဖြစ်ပေရာ အရာအားလုံးမှာ မိမိ၏ကံတရားပေါ်၌ လုံးလုံးလျားလျားမူတည်နေသည်သာ။

“ဟင်? ဒီလို စမ်းသပ်မှုမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ” ဟုန်ချန်ယဲ့က တအံ့တသြ ရေရွတ်လာသည်။

“အချိန်မရှိတော့ဘူး၊ မြန်မြန် စကြစို့!” လီဝူကျယ်က စိတ်လှုပ်ရှားစွာပြေးထွက်သွားသည်။ တောက်ပနေသောမျက်လုံးများကိုကြည့်ရသလောက် အတော်လေးပျော်ရွှင်မြူးထူးနေဟန်။

လူတိုင်းလည်း သက်ဆိုင်ရာလမ်းကြောင်းများတွင် နေရာယူလိုက်ကြသည်။ ထို့နောက် အံစာတုံးကိုလှိမ့်ကာ ကျသည့်ဂဏန်းအတိုင်း အကွက်ရွှေ့ကြရ၏။

ယဲ့ကျွင်းလင်တစ်ယောက်သာ နေရာမှာကြောင်တောင်တောင်ရပ်နေခဲ့ပြီး နက်နက်ရှိုင်းရှိုင်းစဥ်းစားပြီးမှ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်ရသည်။ "ရောင်းရင်းတို့ရေ ဒါ ပါချက်စီဂိမ်းမလား"

(ပါချက်စီဂိမ်းဆိုတာကတော့ လေးထောင့်ကွက်ကစားပွဲတစ်ခုဖြစ်ပါတယ်။ စာရွက်ပေါ်မှာ လေးထောင့်ကွက်အပြည့်နဲ့ ဗဟိုမှာ စက်ဝိုင်းတစ်ခု ပါရှိပါမယ်။ ကိုယ့်အရုပ်ကို ထောင့်တစ်နေရာမှာ နေရာချပြီး အံစာတုံးကျသလောက် အရေအတွက်နဲ့ အကွက်ရွှေ့ရပါတယ်။ စက်ဝိုင်းကို ဦးဆုံးရောက်တဲ့သူက အနိုင်ရရှိသူပါပဲ။ ကျွန်မတို့ငယ်ငယ်က ကစားခဲ့တဲ့ မြွေဂိမ်းနဲ့ဆင်တူပါတယ်။ ကြားမှာ အထက်တက်မယ့် ဖြတ်လမ်းလည်းရှိနိုင်ပြီး ကံဆိုးရင်တော့ အောက်ပြန်ကျသွားရတာလည်း ရှိနိုင်ပါတယ်။ ဒီမှာလည်း အလားတူပဲ ကံကောင်းရင်မှော်လက်နက်ရပြီး ကံဆိုးရင် သားရဲနဲ့တိုးပါမယ်။ ကံတရားပေါ်ကို လုံးလုံးလျားလျားမူတည်တဲ့ ကစားနည်းဖြစ်ပါတယ်

-Zun Zun)

(မသိဘူး၊ တို့ကတော့ အံစာတုံးနဲ့ အကွက်ရွှေ့ရမယ်ဆိုရင် မိုနိုပိုလီကိုပဲ ပြေးမြင်တယ်။

-Zeus)

မသေမျိုးကျွန်းရဲ့ စမ်းသပ်မှုပထမအဆင့်က ပါချက်စီဂိမ်းကစားနည်းကိုမှ နယ်မြေချဲ့ပြီး လူများများကစားနိုင်အောင် စီစဥ်ထားတဲ့ ကစားနည်းတစ်မျိုးပါပဲ။

ပါဝင်သူအများအပြား လမ်းကြောင်းကိုယ်စီ စတင်ထွက်ခွာသွားကြတော့သည်။ လမ်းကြောင်းတစ်ခုချင်းစီကို ဖုံးအုပ်ထားသော အလင်းရောင်များက မည်သည့်ပြင်ပစွမ်းအင်လှိုင်းနှင့် အနှောင့်အယှက်ကိုမဆို ကာကွယ်တားဆီးပေးနိုင်၏။ ထို့ကြောင့် လမ်းကြောင်းမတူသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မတရားသဖြင့် ချုံခိုတိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်စရာ အကြောင်းမရှိတော့ပေ။

အန်စာတုံးက ၅ဂဏန်းတွင် ရပ်သွားသောကြောင့် ရွှယ်ဝူဟန် အလွန်ကျေနပ်သွားဟန်ရှိ၏။ အကွက်ငါးကွက် ရှေ့တိုးသွားချိန်တွင် ကြေးနီသေတ္တာတစ်လုံးက သူ့ကိုစောင့်ကြိုလျက်ရှိသည်။

“အထဲမှာ ဘာရှိလောက်မလဲ?” ရွှယ်ဝူဟန်က မျက်လုံးကိုမှေးကျဥ်းလျက် ရတနာသေတ္တာအား ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သည်။ အထဲမှအလင်းရောင်ပြိုးပြိုးပြက်ပြက် ထွက်လာပြီး အဝါရောင်ကတ်ပြားတစ်ခုကိုလည်း တွေ့လိုက်ရသည်။ ကတ်ပြားပေါ်၌ ရှေးကျသော စာလုံးအချို့ကို ရေးထွင်းထားသော်ငြား မှော်စွမ်းအင်ပါရှိသဖြင့် စိတ်ထဲမှ အလိုအလျောက် ဘာသာပြန်နိုင်ပေ၏။

"မျောက်ဝံအကကို နေရာမှာ ရှစ်စက္ကန့် ကပြပါ၊ ကပြပြီးရင် အကွက်ခုနစ်ဆယ်ကို ချက်ချင်း ဖြတ်ကျော်နိုင်ပါတယ်၊ မကဘူးဆိုရင်ရော အစမှတ်ကို အလိုအလျောက် ပြန်ဆုတ်သွားပါမယ်”။

ရွှယ်ဝူဟန် ကြောင်အသွားရ၏။ အေးစက်စက်မျက်နှာပေါ်မှ ကြွက်သားများတဆတ်ဆတ်တုန်ယင်လာပြီး စည်းမျဥ်းရေးဆွဲသူကို မိုးမွှန်အောင်ဆဲဖို့အတွက် စိတ်ထဲမှ စကားလုံးတစ်သောင်းခန့် အသင့်စီမိပြီးသားပင်။

သို့သော် အစမှတ်နှင့် အတော်လေးလှမ်းလာခဲ့ပြီဖြစ်ရာ နောက်ပြန်လှည့်လျှင်လည်း သူများထက်နောက်ကောက်ကျသွားပေဦးမည်။ ဤသို့ဖြင့် မိမိ၏ ဂုဏ်သိက္ခာမြင့်မားသော ဝတ်ရုံဖြူဓားမသေမျိုးဟူသည့် ဂုဏ်ပုဒ်ကြီးကို စွန့်လွှတ်ကာ ‌မျောက်ဝံအကကဖို့ကိုသာ ရွေးချယ်လိုက်ရတော့၏။

ဘေးပတ်ပတ်လည်မှ ပါဝင်သူအားလုံး ရဲရဲဝံ့ဝံ့ဖြင့် ရှေ့ဆက်တိုးနေသည်ကိုမြင်သော် ရွှယ်ဝူဟန်အံကြိတ်ကာ အားတင်းလိုက်ရသည်။ ထို့နောက် မျက်လုံးကိုအစွမ်းကုန်ပြူးကာ ရင်ဘတ်ကိုလက်သီးဆုပ်ဖြင့်ထုပြီး ပါးစပ်မှ ထူးထူးဆန်းဆန်းမျောက်အော်သံများ ထွက်ကျလာ၏။

"ဟူးဟူးဟူး ဟီးဟီးဟီး"

“အာ၊ ဒါက...” ဘေးပတ်လည်မှ ကျင့်ကြံသူများလည်း တအံ့တသြ လှည့်ကြည့်လာမိကြပေသည့် ချက်ချင်းခေါင်းပြန်လှည့်သွားကြရ၏။ နောက်မှ ထိုဝတ်ရုံဖြူမသေမျိုးက မှတ်ထားပြီး လက်စားချေနှုတ်ပိတ်မည်ကိုလည်း ကြောက်ရသေးသကိုး...

“ဒါက စမ်းသပ်မှုသက်သက်ပါပဲ၊ ဘာမှ မဟုတ်ဘူး” ရွှယ်ဝူဟန်မှာ ပတ်ဝန်းကျင်မှထူးဆန်းသောအကြည့်များကို အာရုံခံမိသောကြောင့် ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ရသည်။

ဖျော်ဖြေပြီးနောက် အရှေ့သို့ အကွက်ခုနှစ်ဆယ်ခန့်ကျော်တက်သွားပြီး ပြိုင်ပွဲဝင်အများထက် အတော်လေးရှေ့ရောက်သွားသည်။

All Chapters