အခန်း (၂၆၃)
Vol. 19 Ch. 263
အခြားတစ်ဖက်တွင် ဆံပင်ရှည်များ လေထဲတလူလူလွင့်ပျံနေသည့် ဟုန်ချန်ယဲ့က လမ်းတစ်လျှောက်တွင် ရရှိလာသော နီရဲရဲဓားရှည်ကို ကိုင်စွဲထားလျက်။ ကြက်သွေးရောင်ဓားအလင်းကို မွှေနှောက်အသက်သွင်းလိုက်ကာ အရှေ့တွင်ရပ်နေသော သားရဲကိုပစ်ထုတ်လိုက်သည်။
ထိုသားရဲမှာ ရုပ်တုမှကူးပြောင်းလာသူဖြစ်ပြီး အခြေတည်ဆောက်ခြင်းအဆင့်၏ခွန်အားကို ပိုင်ဆိုင်ထား၏။ အစွယ်များကို ပြူးနေအောင်ထုတ်ကာ လက်သည်းများကိုဝှေ့ယမ်းလျက် ဟုန်ချန်ယဲ့ကို ဆုတ်ဖြဲဖို့ကြိုးစားနေစဥ် ကြက်သွေးရောင်ဓားအလင်းအောက်ဝယ် အမှုန်အမွှားအဖြစ် ကြေမွသွားလေတော့သည်။
ဟုန်ချန်ယဲ့က အန်စာတုံးကို ထပ်ပစ်လိုက်သည်။ ခြောက်မှတ်ကိုကျသော် နှုတ်ခမ်းထောင့်တို့ကွေးညွှတ်သွားပြီး ဓားကိုစွဲကိုင်လျက် ရှေ့တက်လိုက်သည်။
“ကောင်းကင်ဘုံကကူညီနေတာပဲ! ဒါက ရွှေရောင် ရတနာသေတ္တာမဟုတ်လား!” “အထဲမှာ ဘာကောင်းတာတွေ ရှိလဲ ကြည့်ရအောင်” ဟုန်ချန်ယဲ့ စိတ်ကြည်နူးစွာဖြင့် ရွှေရောင်သေတ္တာအားဖွင့်လိုက်သော် အထဲမှ တဖိတ်ဖိတ်တောက်နေသော ကတ်ပြားထက် ရေးထွင်းထားသည့်စာလုံးများက သူ၏ ဖီးနစ်မျက်လုံးလှလှလေးအား အနည်းငယ်မှေးကျဥ်းသွားစေ၏။
“'ကျွန်မကို ချစ်ပေးမယ့် ယောကျ်ားတစ်ယောက် လိုအပ်တယ်!' လို့ အားကုန်သုံးပြီး ကျယ်ကျယ် အော်ပါ၊ ခြောက်ကြိမ်တိုင်တိုင်အော်ပြီးရင် အကွက်နှစ်ရာ့ငါးဆယ်ကို ခုန်ကျော်နိုင်ပါမယ်၊ လျစ်လျူရှုဖို့ ရွေးချယ်ရင်တော့ နေရာမှာတင် မိနစ်ကိုးဆယ်ကြာအောင် အတင်းအကျပ် အဖိနှိပ်ခံထားရပါမယ်...”
ဟုန်ချန်ယဲ့၏ မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားပြီး ကတ်ကိုကိုင်ထားသောလက်မှာ တုန်ယင်လာရ၏။ သူ့ပါးစပ်မှ အရူးလို တရွရွလှုပ်နေလျက်။
ဤမျှထူးဆန်းသော ရွေးချယ်မှုမျိုးရှိလိမ့်မည်ဟု သူနည်းနည်းမှမတွေးထင်မိခဲ့ပေ။
ထိုစည်းမျဥ်းကိုသတ်မှတ်ခဲ့သူ ကျွန်းသခင်ဟောင်း၏အတွေးကိုလည်း သူနားမလည်နိုင်တော့။ ဒီလူကြီး စိတ်မမှန်တော့တာမဟုတ်ဘူးလား?
ဟုန်ချန်ယဲ့ အံကြိတ်ကာ ပြင်းပြင်းထန်ထန် ငြင်းဆန်ပစ်ချင်လှ၏။ ဒါပေမဲ့ ပြစ်ဒဏ်အရ မိနစ်ကိုးဆယ်ကြာအောင်ရပ်နေရမည်ဆိုလျှင် အရှုံးပေးလိုက်သည်နှင့်မခြားပေ။
တွေဝေနေတုန်းမှာပဲ စာကြောင်းတစ်ကြောင်းက ရုတ်တရတ်ပေါ်ထွက်လာသည်။ “ကျေးဇူးပြုပြီး သင့်ရဲ့ ရွေးချယ်မှုကို အမြန်ဆုံး ပြုလုပ်ပါ”
သူမြန်မြန်မရွေးချယ်လိုက်လျှင် ငြင်းဆန်သည်ဟု မှတ်ယူလိုက်မည်ဖြစ်၏။ နဖူးတွင် ချွေးသီးချွေးပေါက်များစိုရွှဲလာကာ မျက်ဆံများကလည်း အရူးတစ်ယောက်လို ဟိုဟိုသည်သည်ပြေးလွှားနေသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပေ။
“ငါက ဘယ်လို လူမျိုးလဲ? ဘာလို့ ဒီလောက်နဲ့ လက်လျှော့ရမှာလဲ? အနာဂတ်မှာ တာအိုလမ်းစဥ်ရဲ့ ထိပ်ဆုံးကို ရောက်တဲ့အခါ သတ္တဝါအားလုံးဟာ လေနဲ့မှုတ်လိုက်တာနဲ့ ချက်ချင်းပျောက်ကွယ်သွားမယ့်အရာတွေပဲ! လုပ်မယ်ကွာ!”
နောက်တစ်စက္ကန့်အကြာတွင် စိတ်မထိန်းနိုင်ဟန်ဖြင့် ပွင့်ထွက်လာသောစကားသံများ ထပ်တလဲလဲပေါ်ထွက်လာတော့၏။ စကားသံ၏ ရဲရင့်ပွင့်လင်းမှုကြောင့် အမျိုးသားအများစုမှာ ဤမျှသဘောကျချင်စရာအမျိုးသမီးမှာ မည်သူနည်းဟု လှည့်မကြည့်ဘဲမနေနိုင်သည်အထိ။
“ကျွန်မကို ချစ်ပေးမယ့် ယောကျ်ားတစ်ယောက် လိုအပ်တယ်!”
“ကျွန်မကို ချစ်ပေးမယ့် ယောကျ်ားတစ်ယောက် လိုအပ်တယ်!”
“ကျွန်မကို ချစ်ပေးမယ့် ယောကျ်ားတစ်ယောက် လိုအပ်တယ်!”
...
နှင်းလိုဖြူစင်သောအသားအရည်၊ ချောမွေ့သောအသားအရည်၊ ထူထဲသောဆံပင်ရှည်ရှည်များဖြင့် အနီရဲရဲဝတ်ရုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို သူတို့မြင်လိုက်ရသည်။ လူတိုင်း၏မျက်လုံးထဲမှ ဂုဏ်သိက္ခာရှိပြီး တသီးတသန့်ဆန်သော ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်ပင်။
သို့သော် ထိုအလှလေးမှာ လက်သီးကိုတင်းတင်းဆုပ်ကာ အသက်ရှူချိန်ပင်မရလောက်သည်အထိ ထိုစကားလုံးတို့ကို အားမာန်အပြည့်ဖြင့် အော်ဟစ်နေခဲ့လေပြီ။
“ဟိုက်!!”
လီဝူကျယ် လေအေးကို တစ်ဝရှုသွင်းပြီး အံ့သြတကြီးပြောလာသည်။ “အစ်ကိုကြီးဟုန်က ပြောရဲဆိုရဲပဲ!”
သူကတော့ လမ်းတစ်လျှောက်တွင် တည်တည်ငြိမ်ငြိမ်ရှိနေသေးပြီး အလယ်အလတ်နေရာတွင်သာ။
အမျိုးသားကျင့်ကြံသူအများအပြားမှာတော့ ဤမျှလှပသော အမျိုးသမီးမှ လူမြင်ကွင်းတွင် ယောက်ျားလိုချင်သည့်အကြောင်း ဘွင်းဘွင်းရှင်းရှင်းအော်ဟစ်ကြေညာခြင်းအား ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်ရာ ရှေ့ကိုပင်ဆက်မသွားနိုင်တော့ဘဲ လက်ညှိုးတထိုးထိုးဖြင့် စတင်ပြောဆိုလာကြသည်။
“ဟဲဟဲ၊ အားလုံးပဲကြားကြလား၊ နတ်သမီးဟုန်က သူ့ကို ချစ်ပေးမယ့် ယောကျ်ားတစ်ယောက် လိုအပ်တယ်တဲ့!”
“ရှူး၊ တိုးတိုးပြော! သူမက ရတနာသေတ္တာ မစ်ရှင်ကို လုပ်ဆောင်နေတာ ဖြစ်ရမယ်။ စကားလုံးတွေကို သတိထားပါ၊ နောက်မှ ပြန်အဆော်ခံနေရမယ်။ မြန်မြန်၊ မြန်မြန်၊ မြန်မြန် ဆက်သွားတော့!”
“သတိပေးလို့ ကျေးဇူးကြီးမားလှပါတယ် ရောင်းရင်းရာ။ ကျွန်တော် လောဘတက်ပြီး ခဏလောက် မျက်စိကွယ်သွားမိတယ်!”
...
အမျိုးသား ကျင့်ကြံသူ အများအပြား စိတ်လှုပ်ရှားလာတာကို မြင်သော် အမျိုးသမီးကျင့်ကြံသူအများက မျက်နှာနီနီဖြင့် ဆောင့်အောင့်လျက် တထွီထွီလုပ်လာကြသည်။
ပတ်ဝန်းကျင်က တီးတိုးသံများကြားတွင် ဟုန်ချန်ယဲ့ရှက်စိတ်ကိုမျိုသိပ်ကာ မြန်မြန်ပြီးအောင်အော်ချလိုက်ရ၏။ ထို့နောက် သတ်မှတ်ထားသောအဆင့်နေရာသို့ ကျော်တက်သွားလိုက်တော့သည်။
အဆင့်ကျော်တက်ရပေမယ့် မပျော်ပါဘူး။ ပေးဆပ်ရတဲ့တန်ဖိုးက အရမ်းကြီးမားတယ်လေ!
“ဒါနဲ့၊ ငါတောင် ဒီလောက် ကြိုးစားနေရတာ၊ အဲဒီ ယဲ့မျိုးရိုးနဲ့ကောင်ရော ဘယ်ရောက်နေပြီလဲ?” ဟုန်ချန်ယဲ့သတိတရဖြင့် အနောက်လှည့်ကြည့်လိုက်သော် မျက်တောင်များပင် တုန်ယင်သည်အထိ အံ့သြသွားရ၏။
မဖြစ်နိုင်တာ။ ဘာကိစ္စအဲ့လူက အဲ့မှာပဲရပ်ကျန်နေခဲ့တာလဲ?
ယဲ့ကျွင်းလင်တစ်ယောက် နေရာမှ တစ်လှမ်းပင်မရွေ့ရသေးဘဲ လေ့လာတွက်ချက်နေဟန်ဖြင့် ကျန်နေခဲ့လိမ့်မည်ဟု ဟုန်ချန်ယဲ့ မမျှော်လင့်ထားမိခဲ့။
“ဟဲဟဲ၊ သူ့ဦးနှောက်မှာ ဘယ်နှစ်ပြားလိုနေလဲ မသိပေမဲ့၊ အနည်းဆုံးတော့ အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက် လျော့သွားတာပေါ့”
ဟုန်ချန်ယဲ့ တဟဲဟဲရယ်မောကာ အံစာတုံးကိုထပ်ပစ်လိုက်ပြီး အရှေ့ဆက်တိုးသွားလိုက်သည်။
ယဲ့ကျွင်းလင်က သူ့မေးစေ့သူပွတ်သပ်လျက် ချီးမွမ်းခန်းဖွင့်လို့မပြီးသေး။ “စိတ်ဝင်စားစရာပဲ၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီစစ်ဆေးပွဲက စမ်းသပ်မှု ပါဝင်သူတွေရဲ့ ကံ၊ ရဲစွမ်းသတ္တိ၊ နဲ့ စိတ်ဓာတ် အားလုံးကို စမ်းသပ်ချင်တာ ဖြစ်မယ်!”
မသေမျိုးကျွန်းသခင်ဟောင်း၏ အတွေးအခေါ်က အလွန်အဆင့်မြင့်ပြီး စေ့စပ်သေချာသည်ဟု ဆိုရပေမည်။
【တင်၊ ပိုင်ရှင် လေ့လာရမယ့်နေရာကို ရောက်လာပြီဖြစ်တဲ့အတွက် တာဝန်ပြီးမြောက်သွားပါပြီ။ ရွှေရောင်ကံတရားတွေ အလုံးအရင်းလိုက် ဆုချပါမယ်ရှင့်】
စနစ် သတိပေးချက် အော်မြည်လာသည်။
ယဲ့ကျွင်းလင် ခပ်ကြောင်ကြောင်ဖြစ်သွားပြီး မယုံသလိုပြန်မေးလိုက်သည်။ “စနစ်၊ မင်းပြောတဲ့ကံတရားတွေ ဘာလို့ မခံစားမိရတာလဲ? မင်း ငါ့ကို လိမ်နေတာ မဟုတ်ဘူးလား?”
【တင်၊ ရှင်းရှင်းပြောရရင် ဒီစနစ်က အရမ်းပရော်ဖက်ရှင်နယ်ကျပါတယ်။ ကံတရား ဆိုတာက ပုံမှန်အားဖြင့် မမြင်နိုင်၊ မထိတွေ့နိုင်တဲ့ အရာပါ။ လက်ရှိ ပိုင်ရှင့်မှာ ရွှေရောင်ကံတရားတွေ အမြောက်အများ ရှိနှင့်ပြီးသားဖြစ်လို့၊ ဒီကမ္ဘာရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ပိုင်ရှင်ဟာ ကံအကောင်းဆုံးလူဖြစ်နေပါပြီနော်!】
【တင်၊ နောက်ပြီး ကျွန်မကို လူလိမ်တွေ ဘာတွေ လာမခေါ်ပါနဲ့၊ ကျွန်မကဒီလောက်ချစ်စရာကောင်းတာ၊ လိမ်တတ်ပါ့မလား!】
မေးခွန်းထုတ်ခံလိုက်ရသောကြောင့် စနစ်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည်ချေပလာသည်။
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ မင်းကို ငါယုံပါတယ်၊ မင်းက တကယ်ကို ချစ်စရာကောင်းတဲ့ လူလိမ်မလေးပါပဲ”။
ယဲ့ကျွင်းလင် ဝတ်ရုံလက်ဖျားစကို ဖျတ်ခနဲယမ်းလျက် အရှေ့သို့မာန်ပါပါလျှောက်လှမ်းသွားရင်း တွေးသည်။ “ငါ အရင် နှစ်ပွဲလောက် ဆော့ကြည့်မယ်၊ မပျော်ရင် ဆက်မဆော့ဘူး”
စနစ်ပိုင်ရှင်က မသေမျိုးကျွန်းရဲ့အမွေအနှစ်လောက်ကို ဘာလို့လိုချင်တပ်မက်နေရမှာလဲ? အဓိပ္ပာယ်မရှိတာ။
အန်စာတုံးက ပြင်းပြင်းထန်ထန်လိမ့်ပြီးမှ ရပ်သွားသည်။
“ဟင်???”
ယဲ့ကျွင်းလင် ကြောင်အသွားပြီး မျက်လုံးများပါ ပြူးကျယ်သွားရသည်။
လူတိုင်း သိတဲ့အတိုင်း အန်စာတုံးပေါ်မှာ အကြီးဆုံးဂဏန်းက ခြောက်အထိပဲမဟုတ်လား။ ဒါပေမဲ့ ဒီဘက်က ဂဏန်းက ခြောက်မဟုတ်ဘူး၊ ရွှေရောင်ဂဏန်း ခြောက်ဆယ်တဲ့!