← Chapters

ရွှေရောင်ကံတရား အစွမ်းပြ

Vol. 19 Ch. 264

ရွှေရောင်ကံတရား အစွမ်းပြ

Vol. 19 Ch. 264

လူတိုင်း ကျွန်းသခင်ရွေးပွဲ စမ်းသပ်မှုတွင် ပါဝင်နေစဉ် တောင်တစ်ဖက်ခြမ်းရှိ ခြံဝင်းထဲတွင် ပုံရိပ်ယောင် ပုံသဏ္ဍာန်တစ်ခုက ရေကန်တွင်ပေါ်နေသော မြင်ကွင်းကို ငြိမ်သက်စွာ ရပ်ကြည့်နေသည်။

ထိုသူမှာ ဆံပင်ကို တာအိုရိုးရာပုံစံအတိုင်း ထုံးထားပြီး အသက်လေးဆယ်ခန့် ရှိပုံရ၏။ နက်ပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်ထူထူဖြင့်ဖြစ်သည်။ ဓားကဲ့သို့ချွတ်ထက်သော မျက်ခုံးတန်းတို့က နားထင်ဘက်ကသို့ဦးတည်လျက် ခပ်မြင့်မြင့်တည်ရှိကာ သူ၏ မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။ မသေမျိုးတစ်ဦး၏ အရှိန်အဝါကို ဖြန့်ကျက်နေစရာမလိုဘဲ သဘာဝအတိုင်း ခံစားမိနိုင်သည်ပင်။

(တာအိုရိုးရာဆံထုံးပုံစံဆိုတာ နဖူးနောက်စေ့ အကုန်အပြောင်သိမ်းပြီး ဦးခေါင်းအလယ်တည့်တည့်မှာ ဆံထိုးနဲ့တင်ထုံးထားတဲ့ ဆံထုံးပါ)

ထိုသူမှာ မသေမျိုးကျွန်း၏ မူလလက်ဟောင်း ကျွန်းသခင်ဖြစ်သူ လျိုဟွမ်းရှုပင်ဖြစ်သည်။

သို့သော် ဤသည်မှာ လျိုဟွမ်းရှု၏ ကိုယ်ခန္ဓာအစစ်မဟုတ်ဘဲ မသေမျိုးကျွန်းတွင် ချန်ထားခဲ့သော သူ၏ ဝိညာဉ်အငွေ့အသက် တစ်မျှင်မျှသာပင်။ ၎င်းဝိညာဥ်ကိုယ်ပွားသည် ကျွန်းပေါ်ရှိ စမ်းသပ်မှုများကို ထိန်းချုပ်ရန် ကိုယ်စားချန်ထားခဲ့သော ဝိညာဉ်အရာရှိ တစ်ဦးနှင့် အလားတူပြီး ကျွန်းသခင် အသစ်တစ်ဦးကို သတ်မှတ်လို့မပြီးသေးခင်အထိ ဆက်လက်တည်ရှိနေမည် ဖြစ်၏။

လျိုဟွမ်းရှုသည် ရေကန်ထက်ပေါ်လွင်နေသော မြင်ကွင်းကို သေချာစွာ ကြည့်ရှုရင်း သူ၏ မုတ်ဆိတ် ကို ညင်သာစွာ ပွတ်သပ်ကာ အံ့သြတကြီးဖြင့် သက်ပြင်းချလိုက်မိသည်။

“နောက်ပိုင်း မျိုးဆက်တွေရဲ့ ကျင့်ကြံမှုအရည်အသွေးက အရမ်းဆိုးရွားမယ်ဆိုတာကို ကြိုမြင်နိုင်ခဲ့ပေမဲ့ ဒီစမ်းသပ်မှု ပါဝင်သူတွေရဲ့ ကျင့်ကြံဆင့်က ဒီလောက်ထိ နိမ့်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကံကောင်းထောက်မလို့ စည်းကမ်းသတ်မှတ်တုန်းက ကျင့်ကြံဆင့်တွေကို ထည့်မစဥ်းစားခဲ့ဘူးပဲ”။

“ဒီအဆင့်ရဲ့ ပြိုင်ပွဲပုံစံကို ပြန်တွေးကြည့်ရင် အဲဒီအချိန်က အများကြီး စဉ်းစားပြီးမှ ဖန်တီးခဲ့တာ။ အလွန်အကျွံ အရှက်မဲ့စေတဲ့ ‌တောင်းဆိုမှုတွေ ထည့်သွင်းထားခဲ့တာဟာလည်း အကြောင်းရှိခဲ့တယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ပိုင်းဖြတ်မှုက ခိုင်မာမှုမရှိဘဲ ဂုဏ်သိက္ခာထိန်းသိမ်းဖို့ကိုပဲ အာရုံစိုက်နေမယ်၊ မိမိကိုယ်ကိုလေးစားမှုကို ဘယ်လိုနည်းနဲ့မှအပျက်စီးမခံနိုင်ဘူးဆိုရင် အဲဒီလိုပျော့ညံ့တဲ့လူမျိုးက မသေမျိုးကျွန်းရဲ့ အမွေကို ဆက်ခံပြီး ခွင်းလွင်လောကရဲ့ ဒုက္ခပေါင်းစုံကို ဦးဆောင်ဖြေရှင်းပေးဖို့အရည်အချင်း ဘယ်ရှိလာနိုင်မှာလဲ"

“အခုတော့ လူအများက သူတို့ရဲ့ စိတ်ပိုင်းဖြတ်မှုကို အပြည့်အဝ ထုတ်ဖော်ပြဖို့ ဆန္ဒရှိကြပေတယ်။ ဒီတစ်ခုတော့ အ‌တော်လေးအားရမိပါတယ်...”

လျိုဟွမ်းရှု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သော်လည်း ရုတ်တရက် တစ်ခုခုကို သတိထားမိလိုက်သကဲ့သို့ သူ၏ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော အံ့အားသင့်မှုနှင့် အစားထိုးခံလိုက်ရ၏။

ငွေရောင်ဆံပင်နှင့် ခန့်ညားသော လူငယ်တစ်ဦးမှ မယုံနိုင်လောက်အောင် မြန်ဆန်သော ခြေလှမ်းဖြင့် ချီတက်လျှောက်လှမ်းနေသည်အား မြင်လိုက်ရသည်ပင်။ သူ၏ မျက်နှာအမူအရာကို ကြည့်ရသလောက်တော့ မိမိကိုယ်ပိုင်ခြံဝင်းထဲတွင် အေးအေးဆေးဆေး လမ်းလျှောက်နေသကဲ့သို့ စိုးရိမ်ပူပန်မှုကင်းရှင်းစွာ အရှိန်မြန်ပေသော်ငြား အလျင်စလိုမဖြစ်လှပေ။

“နေဦး၊ သူက ဘာလို့ အကွက်ခြောက်ဆယ်အထိ အမြဲတိုးနိုင်နေတာလဲ” အကြိမ်ကြိမ် အတည်ပြုပြီးနောက် လျိုဟွမ်းရှု၏ မျက်လုံးများ ရုတ်တရက် ပြူးထွက်လာပြီး ပါးစပ်အဟောင်းသားကိုပင် ပြန်မစေ့နိုင်တော့ပေ။

ထိုတစ်ယောက် အန်စာတုံးလှိမ့်တိုင်း ရွှေရောင်ဂဏန်းခြောက်ဆယ်ကို အမြဲကျနေသည်အား သူမြင်လိုက်ရသောကြောင့်ပင်။

ဤသည်မှာ တစ်ဖက်လူမှ လိမ်လည်လှည့်ဖျားနေခြင်းမဟုတ်သလို စမ်းသပ်မှုကလည်း အမှားအယွင်းတစ်စုံတစ်ရာ ဖော်ပြမလာပေ။

လျိုဟွမ်းရှု တစ်ဦးတည်းသာ မူမမှန်ကြောင်း သိထားရသည်။ ဤသည်မှာ သူ တမင်တကာ ချန်ထားခဲ့သော လှည့်ကွက်လေးတစ်ခု ဖြစ်၏။ စမ်းသပ်မှု ပါဝင်သူတို့သည် အကြိမ်တစ်ထောင်တွင် တစ်ကြိမ်သာ ခြောက်ဆယ်ကျအောင် လှိမ့်နိုင်သည့် အခွင့်အရေးရှိပေမည်။

မူလရည်ရွယ်ချက်မှာ ကံကောင်းခြင်းကြီးမားသူတို့ကို ရွေးထုတ်ရန်ဖြစ်၏။ အရည်အချင်းက အရေးကြီးသည်ဟု မည်သို့ပင်ဆိုစေ ကံတရားသည်လည်း ခွန်အားတစ်မျိုးပင်မဟုတ်လော။

သို့သော် ပြဿနာမှာ ထိုငွေရောင်ဆံပင်နှင့် လူငယ်သည် အန်စာတုံး လှိမ့်တိုင်း တစ်ထောင်ပုံတစ်ပုံသာရှိသည့် အလွန်ရှားပါးသော ဖြစ်နိုင်ချေကို အမြဲရအောင် လှိမ့်နေနိုင်ခြင်းပင်ဖြစ်သည်။

ကောင်းကင်ဘုံကို တိုက်ရိုက်စိန်ခေါ်နေသော ကံတရားမျိုးပါပေ။

အကြိမ်တစ်ထောင်တွင် တစ်ကြိမ်သာကြုံတွေ့နိုင်သော ဖြစ်နိုင်ချေမျိုးမှာ ယခုတော့...

ခြောက်ဆယ်၊ ခြောက်ဆယ်၊ ခြောက်ဆယ်…

ထိုသူသည် နတ်ဘုရားတို့၏ ကောင်းချီးကို ခံယူထားသကဲ့သို့ လျင်မြန်စွာ အရှေ့တက်လာကာ ကစားကွက်၏ အောက်ခြေမှ အလယ်နားလောက်ထိ လျင်မြန်စွာ ဝင်ရောက်လာနိုင်သည်ကို ကြည့်ပြီး လျိုဟွမ်းရှု မယုံကြည်နိုင်စွာဖြင့် သူကိုယ်တိုင် အစအဆုံးစီစဥ်ပြုပြင်ထားခဲ့သည့် စမ်းသပ်မှု၏ လုပ်ဆောင်ပုံကိုပင် သံသယဝင်လာရသည်။

ဝှီး၊ ဝှီး။

အန်စာတုံး တစ်ပတ်ထပ်လည်သွားပြီး ရလဒ်မှာ နောက်ထပ် အမှတ်ခြောက်ဆယ်ပင်။

ဤသည်ကို မြင်သောအခါ ယဲ့ကျွင်းလင်က စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ပြီ။ “ဟေ့၊ ဒီလောက်ဆိုတော်သင့်ပြီလေကွာ"

သူ အန်စာတုံး ကို မည်သို့ပင် ပုံစံပြောင်း၍ လှိမ့်လှိမ့် ရလဒ်မှာ အမှတ်ခြောက်ဆယ် သာ ဖြစ်သည်။

ထိုအချိန်၌ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရေခဲနှင့်နှင်းများသာဖုံးအုပ်လျက် အေးခဲနေကာ နှင်းပွင့်များလည်း တဖွဲဖွဲ လွင့်ပျံနေသည်။ အလွန်အေးခဲသော ရာသီဥတုကြောင့် ပါဝင်သူ အများအပြားမှာ တဆတ်ဆတ်တုန်လျက် ပါးစပ်များမှ အဖြူရောင်အာငွေ့များဖြင့်တလူလူထွက်နေကြရသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးမှာ ချီစုဆောင်းခြင်းအဆင့်တွင်သာ ရှိကြသေးသည်မဟုတ်လော။

“အော်၊ ဒီမှာ ရွှေရောင် ရတနာသေတ္တာ တစ်ခု ရှိနေတာပဲ။ ဘာတွေ ဝှက်ထားလဲ ကြည့်ရအောင်” ယဲ့ကျွင်းလင်က သေတ္တာကို ညင်သာစွာ ဖွင့်လိုက်ရာ သေတ္တာထဲမှ တောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ရွှစ်

နှင်းခဲလေးလို ဖွေးဖွေးဖြူဆွတ်နေသာ အတောင်ပံပါ သတ္တဝါတစ်ကောင်၊အရေပြားပေါ်တွင် ရေခဲမှုန်လေးများ အစုလိုက်တည်ရှိနေကာ ချွန်ထက်သော ဦးချိုနှစ်ချောင်းပါ ခေါင်းလေးမှာ နဂါးခေါင်းနှင့်တူလှ၏။ ထိုအကောင်လေးက သေတ္တာထဲမှ ပျံသန်းထွက်လာပြီး ကျယ်လောင်သော နဂါးဟိန်းသံကို ပေးလိုက်သည်။

“ဟင်?”

ယဲ့ကျွင်းလင်သည် ထိုအကောင်လေးမှာ မိမိအတွက် အန္တရာယ်ဖြစ်စေမည့် သားရဲတစ်ကောင်ဟု ထင်ကာ မျက်ခုံးမြှောက်လိုက်သည်။ သူ ရိုက်ချလိုက်ဖို့ပြင်နေစဉ် သူ့ရှေ့တွင် ရှေးဟောင်းစာကြောင်းတစ်ကြောင်း ပေါ်လာပြီး ချိတ်ဆက်လာသောမှော်စွမ်းအင်က သူ့စိတ်ထဲတွင် အဓိပ္ပာယ်ကို အလိုအလျောက် ဘာသာပြန်ပေးလိုက်သည်။

“ဂုဏ်ယူပါတယ်၊ ဒါက အတောင်ပံပါတဲ့ အိမ်မွေးတိရစ္ဆာန်၊ နှင်းနဂါး ဖြစ်ပါတယ်၊ စမ်းသပ်မှု ပါဝင်သူတို့ကို နှင်းတောင်ဖြတ်ကျော်ရာမှာ အဆင်ပြေချောမွေ့စေဖို့ သယ်ဆောင်ခရီးဆက်ပေးနိုင်ပါတယ်!”

ထို့နောက် နှင်းနဂါး က နာခံစွာဖြင့် ခန္ဓာကိုယ်ကို နိမ့်ချလိုက်ပြီး အရှေ့မှငွေရောင်ဆံပင်နှင့် လူငယ်အား ကျောပေါ်တက်ရန် အချက်ပြလိုက်သည်။

“ဒီလို အကျိုးကျေးဇူးတွေလည်း ရှိသေးတာလား? မဆိုးဘူး၊ တော်တော်လေးကို မဆိုးဘူး”။

ယဲ့ကျွင်းလင် နဂါး၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ "ငါ့ညီရေ ဒိုးကြစို့"

“ဝေါင်း!”

နဂါး၏ ပါးစပ်မှ ကျယ်လောင်သော နဂါးဟိန်းသံတစ်ချက် ထွက်လာသည်။

နှင်းနဂါးသည် အတောင်ပံများကို ပြင်းထန်စွာ ရိုက်ခတ်ပြီး ရှည်လျားသော အမြီးကို လှုပ်ယမ်းကာ လမ်းကြောင်းတစ်လျှောက် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး လမ်းတစ်လျှောက်ရှိ စတုရန်းကွက်များကို ရူးသွပ်ချင်စရာကောင်းလောက်အောင် လျှင်မြန်သောအရှိန်ဖြင့် ဖြတ်ကျော်နေသည်။

“ဝူးဟူး၊ ပျံကြမယ်ဟေ့ ~”

ယဲ့ကျွင်းလင်သည် နှင်းနဂါးပေါ်တွင် အလိုက်သင့်စီးနင်းလျက် နဂါးသူရဲကောင်းတစ်ပါးအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရကာ လက်ချောင်းများကို ဆန့်ထုတ်လျက် ခေါင်းပေါ် မြှောက်ထားရင်း ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်လိုက်သည်။

ရေခဲတောင်နှင့် နှင်းမိုးများကြား ကျန်ရစ်ခဲ့သော ပါဝင်သူအုပ်စုသည် သူတို့ပတ်ဝန်းကျင်မှ အရိုးခိုက်လောက်စေသော အေးစက်မှုကို ခါးသီးစွာ ဆက်လက်ခံစားနေကြရ၏။ ရုတ်တရက် ရင်းနှီးသော အသံတစ်ခုကို ကြားသောအခါ မော့ကြည့်ပြီး ကြောင်အသွားကြသည်။ “အကြီးအကဲယဲ့လား?”

All Chapters