အခန်း (၂၆၅)
Vol. 19 Ch. 265
နှင်းနဂါးမှ အတောင်ပံများကို အားပါပါရိုက်ခတ်ပြီး လေထဲတွင် လျင်မြန်စွာ ရွေ့လျားပျံသန်းနေသည်ကို လူတိုင်းမြင်လိုက်ရသည်။ ကျယ်ပြန့်သော ကျောပြင်ပေါ်တွင် အရပ်မြင့်မြင့်နှင့် ခန့်ညားသော လူငယ်တစ်ဦး ရပ်နေကာ သူ၏ ငွေရောင်-အဖြူရောင်ဆံပင်များသည် လေအဟုန်တွင် တရမ်းရမ်းဖြစ်နေမြင်ကွင်းမှာ အလွန်တရာ ခမ်းနားလှသည်ပင်။
ထိုအချိန်၌ နှင်းမြူတို့၏အလယ် ရှေ့ဆုံးတစ်နေရာတွင် အဖြူရောင်ဝတ်ရုံနှင့် တဖျတ်ဖျတ်လွင့်နေသော အပေါ်ရုံခြုံထားပြီး လက်များတွင် ရေခဲပြာရောင် လက်အိတ်များ ဝတ်ဆင်ထားသော အေးစက်စက် မျက်နှာကြောမာမာ အမျိုးသားတစ်ဦးသည် လမ်းကို ပိတ်ထားသည့် နှင်းဘုရင် နှင့် လက်ရည်ချင်းယှဉ် တိုက်ပွဲဝင်လျက်ရှိ၏၊
အရပ်မြင့်မြင့် နှင်းဘုရင်မှာ ခေါင်းပေါ်၌ ရွှေရောင်သရဖူဆောင်းထားပြီး နီလာကျောက်ကဲ့သို့ ပြာလဲ့လဲ့မျက်လုံးများ၊ ရှည်လျားသော မုန်လာဥနီနှာခေါင်းနှင့် ပါးနှစ်ဖက်တွင် ထင်ရှားစွာ နီမြန်းမြန်းသွေးရောင်လွှမ်းလျက်။ သူသည် ရေခဲမုန့်ခွက်တစ်ခုပါသော တုတ်နှင့်တူသည့် လက်နက်တစ်မျိုးအား ကိုင်ဆောင်ထားပြီး အရှေ့မှလူကို တည့်တည့်ဦးတည်တိုက်ခိုက်နေသည်။
ဘောင်း ဘောင်း ဘောင်း ~!
လှိုင်းထနေသော ရေခဲပြာရောင် လက်သီးအရာများသည် မုန်တိုင်းကဲ့သို့ ရိုက်ခတ်လာပြီး နှင်းဘုရင်ကိုပင် အံ့သြတကြီး ဟန်ချက်ပျက်စေကာ ရွှေရောင်သရဖူပင် စောင်းရွဲ့သွားရတော့၏။
နောက်ဆုံးတွင် ထိုအရပ်မြင့်မြင့် ခန္ဓာကိုယ်သည် တဖြည်းဖြည်း လဲကျသွားရကာ ကြယ်ရောင်အလင်းတန်းတစ်ခုအဖြစ် လေထဲသို့ ထိုးတက်ပျောက်ကွယ်သွားရလေသည်။
ရွှယ်ဝူဟန်သည် အဖြူရောင် ထွက်သက်တစ်သုတ်ကို ဟူးခနဲမှုတ်ထုတ်လိုက်ပြီး လက်များကို ဖုံးအုပ်ထားသော ရေခဲပြာရောင် လက်အိတ်များကို ကြည့်ကာ ခါးသက်သက်ပြုံးမိရ၏။
ဂုဏ်သိက္ခာအပြည့်ရှိသော ဝတ်ရုံဖြူဓားမသေမျိုးသည် စစ်မြေပြင်တွင် ဓားကိုထုတ်မသုံးနိုင်ပါဘဲ တိုက်ပွဲတိုင်းအား လက်သီးအားကိုးဖြေရှင်းနေရလိမ့်မည်ဟု မည်သူတွေးထင်ခဲ့မိပါမည်နည်း?
ထိုခံစားချက်ကို...
မည်သူက နားလည်နိုင်မည်နည်း?!
မှန်ပေသည်။ ဤနေရာတွင် လူတိုင်းသည် အဆင့်ဆင့်တက်ရာမှ ရရှိလာသော မှော်လက်နက်များကိုသာ အသုံးပြုနိုင်မည်ဖြစ်ရာ ရွှယ်ဝူဟန်လည်း အဆင့်တက်လာရင်းမှ ဤအဆင့်မြင့်နှင်းခဲလက်အိတ်ကို ရရှိခဲ့ခြင်းပင်။ ထို့နောက် ကံမကောင်းစွာဖြင့် ရုပ်တုမှ ပြောင်းလဲလာသော နှင်းဘုရင်နှင့် ကြုံတွေ့ရပြီး မဖြစ်မနေ ထိပ်တိုက်တွေ့ရတော့၏။
ကံကောင်းထောက်မစွာပင် ငယ်စဉ်က လက်ဝှေ့ပညာကို သင်ယူခဲ့ပြီး ဤမှော်လက်နက်၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ကြမ်းတမ်းသော နှင်းဘုရင်အား အနိုင်ယူနိုင်ခဲ့သည်။
ထူးဆန်းသည်မှာ နှင်းဘုရင် လဲကျသည့်အခိုက်အတန့်တွင် ရှင်းပြလို့မရသော တေးသွားတစ်ပုဒ်က သူ့နားထဲ ရစ်ဝဲပေါ်ထွက်လာပြီး လူကို အတော်လေးခံစားချက်ကောင်းစေသည်ပင်...
(Candy Crushလို ထင်ပါတယ်)
“ရှေ့မှာ မီးတောင် ရှိနေတာလား။ ဟင်း၊ ရှက်စရာပဲ။ အစကနေ အခုထိ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ငါ့အဆင့်က အလယ်အလတ်ကျော်ရုံရှိသေးတာပါလား”
“အားသာချက်ဆိုတာ တကယ်မရှိဘူး၊ အရာအားလုံးက ကံပေါ်မှာပဲ မူတည်နေတယ်”
ရွှယ်ဝူဟန်၏ မျက်နှာအမူအရာမှာ ဟန်မဆောင်နိုင်လောက်အောင် ပျက်ယွင်းနေသည်။ ဘဝတွင် ဤမျှစိတ်ပျက်လက်ပျက်ဖြစ်ဖူးသည်မှာ ပထမဆုံးအကြိမ်သာပင်။
“မဖြစ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီအဆင့်ကို အောင်မြင်အောင် ကျော်ဖြတ်ရမယ်! ဘာပဲဖြစ်ဖြစ် နောက်ကကျန်နေခဲ့တဲ့လူတွေနဲ့ယှဥ်ရင် ငါကအရှေ့တော်တော်ရောက်နေတယ်လို့ ဆိုနိုင်တာပဲလေ!”
ရွှယ်ဝူဟန်သည် စိတ်ငြိမ်ငြိမ်ထားလျက် အံစာတုံးကိုပစ်လိုက်ရာ ခြောက်ဂဏန်းဘက်သို့ လှည့်ကျသွားသည်။
အနည်းငယ် မာန်မာနထောင်လွှားစွာ ခပ်ဝင့်ဝင့်ပြုံးလိုက်ပြီး အကွက်ခြောက်ကွက် လှမ်းကာ ဤရေခဲနှင်းမြူတို့ကြားမှ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။
ရုတ်တရက် အနောက်မှ နားကိုက်စေလောက်သော နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာရာ ရွှယ်ဝူဟန် လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ မျက်လုံးများ ကျဥ်းမြောင်းသွားရကာ ပါးစပ်မှ "သောက်ချီး"ဟုပင် ကယောင်ကတမ်းထုတ်ဆဲမိသွား၏။
သူယောင်ယမ်းအော်လိုက်ပြီးချိန်တွင် နှင်းနဂါးသည် နှင်းတောင် နယ်မြေ၏ အစွန်ဆုံးသို့ လျှပ်စီးအရှိန်ဖြင့် ရောက်ရှိလာပြီးနောက် ကြယ်ရောင်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။
ခန့်ညားသော လူငယ်တစ်ဦးမှာ လက်များကို အနောက်သို့ဟန်ပါပါပစ်ထားရင်း ဆွဲဆောင်မှုရှိရှိ ပြုတ်ကျလာ၏။ အတော်လေး လွတ်လပ်ပေါ့ပါးဟန်ဖြင့် မသေမျိုးတစ်ဦး ကမ္ဘာမြေသို့ ဆင်းသက်လာသလို အရှိန်အဝါအား ပိုင်ဆိုင်ထားသည်။
ယဲ့ကျွင်းလင်သည် မြေပြင်ပေါ်တွင် တည်ငြိမ်စွာခြေချလိုက်ပြီး သူ့ရှေ့က မီးတောင်ကိုကြည့်ကာ စိတ်ဝင်တစား အမူအရာဖြင့် ရေရွတ်လာသည်။ “ဒီနယ်မြေအသစ်က တော်တော်လေး ကောင်းတာပဲ"
“အကြီးအကဲယဲ့၊ ခင်ဗျား…” ရွှယ်ဝူဟန် ကြောင်ရပ်နေမိ၏။
ယဲ့ကျွင်းလင် လှည့်ကြည့်လိုက်ရာ သူ့နောက်ဘက် အနည်းငယ်အကွာတွင် သစ်လုံးကဲ့သို့ တောင့်တောင့်ကြီးရပ်နေသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသားကို မြင်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။ “တိုက်ဆိုင်လိုက်တာ၊ ရောင်းရင်းလည်း ဒီရောက်နေတာလား”
ရွှယ်ဝူဟန် တောင့်တင်းစွာ ခေါင်းညိတ်ပြပြီး နဂါးစီးလျက်ပျံသန်းလာသောလူ၏ပုံရိပ်ကို သတိရကာ မနေနိုင်မထိုင်နိုင် ပြောလိုက်မိသည်။ “အကြီးအကဲယဲ့က တော်တော်လေးမြန်သားပဲ"
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒါက ဘာထူးဆန်းနေလို့လဲ"
“ဆက်ကြိုးစားပါဦး၊ ကျုပ်အရင်သွားနှင့်မယ်” ယဲ့ကျွင်းလင် နားမလည်သလို ခေါင်းခါပြီး အန်စာတုံး ကို လှိမ့်ရန် ပြင်လိုက်သည်။
နှင်းတောင်နယ်မြေမှ ဦးဆောင်ပြီး ထွက်သွားသော ငွေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်ပြီး ရွှယ်ဝူဟန် သည် ပြင်းထန်သောအနိုင်ရလိုစိတ်ဖြင့် မျက်လုံးတို့ကို အသာမှေးကျဥ်းလိုက်၏။
ခင်ဗျားပြောသွားတဲ့ပုံအရဆို ကျွန်တော့်ကို အများကြီးကျော်တက်သွားတော့မယ်ပေါ့လေ။
အကြီးအကဲယဲ့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီပဲ။
ရွှယ်ဝူဟန်သည် ယဲ့ကျွင်းလင်နှင့် စိတ်လှုပ်ရှားဖွယ်ပြိုင်ပွဲတစ်ခု ကျင်းပချင်နေစဥ် မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်လုံးနှစ်လုံးကိုပင် ဖောက်ထုတ်ချင်သွားရ၏။
သူ့ရှေ့တွင် ယဲ့ကျွင်းလင်သည် အံစာတုံးကို ပေါ့ပေါ့ပါးပါးလေးပင်ပစ်လိုက်ရာ ဖော်ပြလာသောဂဏန်းမှာ ခြောက်ဆယ်အတိပင်။
“ဟိုက် — —!!!”
သူ မမှားကြောင်း အတည်ပြုလိုက်မိသောအခါ ရွှယ်ဝူဟန်တစ်ယောက် အနောက်သို့လန်ကျသွားတော့မတတ် မူးဝေသွားကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရ၏။
“ဘိုးဘေးတို့ရေ၊ အန်စာတုံးကို အမှတ်ခြောက်ဆယ်ရအောင် ဘယ်လိုလှိမ့်နိုင်တာလဲ?! ငါ့အံစာတုံးကြီးက အတုကြီးများလား”။
ရွှယ်ဝူဟန်၏ စိတ်ထဲတွင် မေးခွန်းများ အပြည့်ဖြစ်နေပြီး ယဲ့ကျွင်းလင် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း ထိုကျောပြင်၏ အထီးကျန်ဆန်မှုကိုပင် ခံစားလိုက်ရသည်အထိ။
သူ အခုလေးတင် လှိမ့်လိုက်သော အန်စာတုံးကို ငုံ့ကြည့်လိုက်ရာ ကံကောင်းစွာဖြင့် ဂဏန်းခြောက်ကို ပြသနေသော်ငြား ရုတ်တရတ်ကြီး ကံမကောင်းတော့သလို ခံစားလာရ၏။
သူ့ကိုယ်သူ အကြီးအကဲယဲ့နှင့် ယှဥ်နိုင်စွမ်းရှိလောက်မည်ဟု ရယ်ချင့်စဖွယ် ထင်တစ်လုံးဖြင့် တွေးမှတ်ခဲ့မိသည်။
ဘာကို ယှဉ်ရမှာလဲ?
တခြားလူတွေများ အသာလေးပဲလှိမ့်လိုက်ရုံနဲ့ အမှတ်ခြောက်ဆယ်!
သူ့ကျ ခြောက်မှတ်ပဲလား?
အချိန်ကုန်လိုက်တာ!
“ငါ ပြောမယ်၊ မင်း နည်းနည်းလောက် ယှဉ်ပြိုင်ချင်စိတ်လေး ရှိနိုင်မလား? တခြားလူတွေရဲ့ အန်စာတုံး ကို ကြည့်၊ ပြီးတော့ မင်းကိုယ်မင်းပြန်ကြည့်! မင်းက ခြောက်မှတ်ထိပဲရအောင် လှိမ့်နိုင်တာလား!”
နောက်ဆုံးတွင် ရွှယ်ဝူဟန်သည် စဉ်းစားလေ၊ ဒေါသထွက်လေဖြစ်ကာ သူပြောင်းလဲနိုင်စွမ်းမရှိလေသော ကံတရားအား မုန်းတီးနာကျည်းစွာဖြင့် လက်ထဲမှ အန်စာတုံး ကို ဒေါသတကြီး ပြစ်တင်ဆူပူလိုက်သည်။
အန်စာတုံး: “…”