← Chapters

အခန်း (၂၆၆)

Vol. 19 Ch. 266

အခန်း (၂၆၆)

Vol. 19 Ch. 266

မီးတောင်ပေါ်တွင် ကျယ်ပြန့်သော လျိုမြောင်ချိုင့်ဝှမ်းများက ဧရိယာတစ်ခုလုံးကို ဝန်းရံထားပြီး နီရဲတောက်လောင် ချော်ရည်များ စီးဆင်းနေကာ နေရာတစ်ခုလုံးတွင် ပြင်းထန်သော အပူရှိန်များ ပြည့်လွှမ်းနေသဖြင့် မည်သူမဆို ခံနိုင်ရည်မရှိစွာ လက်လျှော့အရှုံးပေးချင်စိတ် ဝင်မိသည်အထိ။

မဲမှောင်နေသော မီးခိုးလုံးများသည် လေပူများနှင့်အတူပျံ့နှံ့ကာ လှိုင်းထနေပြီး ဤနေရာသို့ အရောက်လာနိုင်ခဲ့သော ပါဝင်သူတို့မှာ အသက်ရှူကျပ်ကာ မျက်လုံးပင် ကောင်းကောင်းဖွင့်မရဘဲ ဖုန်နှင့်ပြာများဖုံးအုပ်ခံထားရလျက် လမ်းဘေးခွေးများကဲ့သို့ ညစ်ပတ်ပေတူးနေကြရ၏။

“ဒီလောက် ငရဲလိုပူပြင်းနေတဲ့ နေရာမျိုးက ဘယ်လိုနေရာပါလိမ့်”

ယဲ့ကျွင်းလင်သည် လုံးဝနီးပါး မနားဘဲ ရှေ့သို့ဆက်တိုးနေသည်။ သူ နားရန် လိုအပ်သည့်အခါ အန်စာတုံး လှိမ့်မည်ဖြစ်ပြီး ခရီးလမ်းတစ်လျှောက်တွင်လည်း အတားအဆီးအခက်အခဲမရှိလှပေ။ ခရီးလမ်းတစ်ခုလုံးမှာ အလွန်ပင် ချောမွေ့ပြီး အံ့မခန်း မြန်ဆန်လှ၏။

သို့သော် ဤနေရာရှိ ပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်းလှသည်။ ချီစုဆောင်းခြင်းအဆင့်ရှိ ကျင့်ကြံသူတို့မှာ ခံနိုင်ရည်အားလည်း အလားတူလျော့ကျသွားခြင်းကြောင့် မီးတောင်များကြားတွင် အလွန်ဆင်းရဲဒုက္ခရောက်ကြရရုံမက မြေပြင်အက်ကွဲကြောင်းများမှ ရံဖန်ရံခါ ပေါက်ထွက်လာသော မီးတောက်များကို သတိထားရသည်က တစ်မျိုး။

“အိုး၊ သလင်းကျောက်ရတနာသေတ္တာ တစ်ခုပဲ”

ယဲ့ကျွင်းလင် ခြေချလိုက်သော အကွက်ပေါ်တွင် သလင်းကြည်ရောင် တောက်ပနေသော ရတနာသေတ္တာတစ်ခု ရှိသည်။ ၎င်းကို ဖွင့်လိုက်သောအခါ စာကြောင်းအနည်းငယ် ရေးသားထားသော ကတ်ပြားတစ်ခု ပျံထွက်လာ၏။

“‘ဆုတ်! ဆုတ်! ဆုတ်!’ လို့ အကျယ်ကြီး အော်လိုက်တာနဲ့ သင့်ရဲ့လမ်းကြောင်းက အခုကစပြီး အတားအဆီးမရှိ ဖြစ်သွားပါလိမ့်မယ်”

ပါဝင်သောအ‌ကြောင်းအရာကို မြင်သောအခါ ယဲ့ကျွင်းလင်သည် အနည်းငယ်မျှပင် တွေဝေမနေတော့ဘဲ ရှေ့တည့်တည့်သို့ လက်ညှိုးထိုးကာ မျက်လုံးများကို ကြောက်စရာကောင်းအောင်ပြူးလျက် “ဆုတ်! ဆုတ်! ဆုတ်!” ဟု အော်ဟစ်လိုက်သည်။

သူ၏အသံတွင် မှော်စွမ်းအားတစ်မျိုး ပါဝင်နေပုံရသည်။ မည်းမှောင်သော မီးခိုးများနှင့် မီးတောက်များ တအုန်းအုန်းထွက်နေသော လမ်းကြောင်းသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်ကာ လုံးလုံးလျားလျား သန့်ရှင်းသွားရ၏။

မြေကျင်းထောင်ချောက်များ၊ မီးခိုးတလူလူထွက်နေသော အက်ကွဲကြောင်းများသည်ပင် အလိုအလျောက် ပြည့်ဝစေ့ပိတ်သွားကာ ရုပ်တုများပင် ကွဲအက်သံတဂျွတ်ဂျွတ်ဖြင့် ပြာကျသွားလေပြီ။

ကတ်ပြားတွင် ပြောထားသည့်အတိုင်း လမ်းကြောင်းသည် အတားအဆီးမရှိ ရှင်းလင်းသွားခဲ့သည်။

ယဲ့ကျွင်းလင် နွေဦးလေတဖြူးဖြူးဖြင့် ညနေခင်းချိန်ခါ လမ်းလျှောက်ထွက်နေသကဲ့သို့ တက်ကြွပေါ့ပါးစွာ ‌ရှေ့ဆက်တက်သွားသည်။

အရမ်းကောင်းတယ်။

ထိုအချိန်၌။

အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း အမျိုးသားတစ်ဦးမှာ နဖူးမှ ချွေးများကို ဒယိမ်းဒယိုင်သုတ်ရင်း အံကြိတ်ကာ ခရီးဆက်နေရ၏။ သူ၏ ဝတ်ရုံမှာ တချို့တဝက်မီးလောင်ထားပြီး ပြာအလူးလူးဖြင့် ပေကျံလျက် မီးခိုးများကြောင့် မျက်ရည်များလည်းကျဆင်းနေရရှာသည်။

“ခြောက်! ငါ့ကို ခြောက်ပေး!”

“ကံဆိုးလိုက်တာ၊ တစ်ပဲ ရတယ်...”

အန်စာတုံးပေါ်တွင် ပေါ်လာသော တစ်ဂဏန်းကို ကြည့်ရင်း လီဝူကျယ်မှာ စိတ်ဓာတ်ကျလုဆဲဆဲဖြစ်ကာ မကျေမနပ်ကျိန်ဆဲလိုက်မိ၏။

မီးတောင်နယ်မြေ၏ အဆုံးသတ်သို့ရောက်ရန် ကျန်ရှိနေသေးသော ရှည်လျားလှသည့် အကွာအဝေးကို ကြည့်ရင်း အချိန်ကုန်နှေးကွေးလှသည်ဟုပင် ခံစားလာရသည်။

ဤနေရာသည် လူကို ကျိန်စာတိုက်နေသကဲ့သို့ အလွန်ကို ညှဉ်းပန်းနှိပ်စက်လှ၏။

“အား၊ အစ်ကိုကြီးဟုန်ကို မနာလိုလိုက်တာ။ သူဆို အရမ်းမြန်မြန်ထွက်သွားနိုင်တာပဲ။ ဒီတစ်ခါ မသေမျိုးကျွန်းအမွေက သူ့အတွက်ပဲ ဖြစ်နိုင်တယ်”

လီဝူကျယ်သည် အန်စာတုံးကို ထပ်လှိမ့်ပြီး အသက်မဲ့နေသော ခံစားချက်ဖြင့် သတ်မှတ်ထားသော အကွက်ရှိရာသို့ ထပ်တိုးလိုက်သည်။ သူ့ရှေ့တွင် လျင်မြန်စွာ အသက်ဝင်လာသော တိုက်ခိုက်ရေးရုပ်တုများကို ကြည့်ပြီး သွားများပင်နာကျင်လာသလို ခံစားမိ၏။

“ဝေါင်း!”

ချွန်သော ဦးချိုတစ်ချောင်းပါ ကျားပုံသဏ္ဍာန်ရှိသည့် နီမြန်းသော မီးသားရဲတစ်ကောင်သည် လီဝူကျယ် ဆီသို့ ခုန်အုပ်လာသည်။ ဟနေသောပါးစပ်ကြီးအတွင်း မြင်နေရသောအစွယ်ချွန်ချွန်တို့မှာ ဓားများလှံများဖြင့် ချိန်ရွယ်ထားသကဲ့သို့။

“ဘာတွေ လာဟောင်နေတာလဲ!”

လီဝူကျယ် ‌ဒေါသတကြီးပြန်ဟောက်လိုက်ပြီး စစ်ပွဲသုံးတူကိုကိုင်မြှောက်ကာ အားပြင်းပြင်းဖြင့် ထုချလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများဖြင့် ဖုံးအုပ်ထားသည့် စစ်ပွဲသုံးတူကြီဂက မျက်စိကျိန်းစေလောက်သော အပြာရောင်အလင်းတန်းကို ထုတ်လွှတ်ပြီး နီမြန်းသော မီးသားရဲ၏ ခေါင်းပေါ်တည့်တည့်၌ ပေါက်ကွဲသွားတော့၏။

ရှဲ!

ထိုရုပ်ဆိုးသောခေါင်းကြီးကို လျှပ်စီးကြောင်းက ဝါးမျိုလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးထိတိုင် ပျံ့နှံ့သွားသည်။ အနီရဲရဲမီးသားရဲမှာ ရူးသွပ်စွာတုန်ယင်လာပြီး မီးကျွမ်းသောအနံ့များပါ အူထွက်လာ၏။

“ငါ မင်းကို တူနဲ့ထူသတ်ပစ်မယ်!” လီဝူကျယ်က ရက်စက်စွာကြိမ်းဝါးသည်။ အကြိမ်အနည်းငယ် အားပြင်းပြင်းဖြင့် ထုရိုက်ပြီးနောက် မီးသားရဲသည် နောက်ဆုံးတွင် လှုပ်ရှားမှုရပ်တန့်သွားပြီး ကြယ်ရောင် အစက်အပြောက်များအဖြစ် ပျံ့လွင့်သွားလေသည်။

“ဟူး…”

လီဝူကျယ်သည် သက်ပြင်းအလေးကြီးတစ်ချက်ချလိုက်ကာ လက်ထဲမှတူကြီးကိုပြန်ကြည့်ရင်း ရယ်ရခက်ငိုရခက်ဖြစ်ရ၏။

တစ်သက်လုံးက တာအိုကျင့်ကြံသူ ဖြစ်ခဲ့သော်ငြား ယခုတော့ စစ်ပွဲသုံးတူကြီးဖြင့် တိုက်ပွဲဝင်နေရလေပြီ။

တကယ်ပဲ… တူကြီးတယမ်းယမ်းနဲ့ ကလေးကစားနေရတာကျလို့!

“မဖြစ်ဘူး၊ ပထမအဆင့်မှာတင် လက်လျှော့လိုက်ရင် တကယ်ရှက်ဖို့ကောင်းတယ်။ ငါ ခံနိုင်ရည်ရှိရမယ်၊ ဒါကို စမ်းသပ်မှုတစ်ခုလို သဘောထားရမယ်၊ ဘာပဲဖြစ်ဖြစ် အားလုံးအတူတူ ဒုက္ခခံနေရတာပဲကို"

လီဝူကျယ် မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

ပြောပြီးနောက် သူ ထပ်ရွေ့ရန် ပြင်လိုက်စဉ် အဝေးတစ်နေရာရှိ ရင်းနှီးသောပုံရိပ်တစ်ခုကို မျက်လုံးထောင့်မှ ဖျတ်ခနဲမြင်လိုက်ရသည်။

ထိုပုံရိပ်သည် လမ်းကြောင်းထက် အလွန်တရာကိုမှ ချောမွေ့စွာ ဖြတ်လျှောက်သွားနေပြီး သူ၏ ခန္ဓာကိုယ်မှာ ဖုန်တစ်စက်ပင် တင်ကျန်ခြင်း မရှိပေ။ မျက်နှာအမူအရာသည် တည်ငြိမ်ပြီး အေးအေးဆေးဆေးရှိလှကာ ဤနေရာတွင် အပန်းဖြေခရီးထွက်လာသကဲ့သို့။

သူ၏ ပုံပန်းသွင်ပြင်မှာ တခြားသော ဆင်းရဲဒုက္ခပေါင်းစုံအား ခါးစည်းခံနေရသည့် ဖုန်အလူးလူးပြာအလူးလူး ကျင့်ကြံသူအပေါင်းနှင့် ကောင်းကင်နှင့် မြေကြီး ကဲ့သို့ပင် ကွာခြားလှသည်။

“ဆရာသခင်!”

လီဝူကျယ်သည် သူ၏ မျက်လုံးအစုံကို ကြိုးစားပြူးကြည့်နေရင်း ထိုသူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အံ့ဩစွာ ထအော်လိုက်သည်။

ယဲ့ကျွင်းလင်က ထိုအသံကို ကြားပြီး ခေါင်းလှည့်ကြည့်လာကာ မကျေမနပ်ရန်တွေ့လာ၏။ “မင်း ဘယ်သူလဲ? ငါ့တပည့်လည်းမဟုတ်ဘဲ ဘာဆရာသခင်လဲ”

လီဝူကျယ်မှာ တောင့်ခဲသွားပြီး ငိုချတော့မတတ်မျက်နှာငယ်လေးဖြင့် ဆိုလာသည်။ “ဆရာသခင်၊ ကျွန်တော်က ဆရာ့ရဲ့ တတိယမြောက် တပည့်ပါဗျာ…”

“ဟင်??”

အခုတော့ ယဲ့ကျွင်းလင် အံ့ဩရမည့်အလှည့်ပင်။

သူ မျက်လုံးကို သေချာမှေးကျဥ်းပြီး စိုက်ကြည့်လိုက်သည်။ အော်၊ ဟုတ်သားပဲ!

“ဟားဟား၊ မင်းကိုသက်သက်စနေတာပါကွာ။ စိတ်ထဲ မထားပါနဲ့ ရှောင်လီရာ။ ဆရာကဘယ်လိုလုပ် မမှတ်မိဘဲရှိပါ့မလဲ?"

ယဲ့ကျွင်းလင် ရှက်ရမ်းရမ်းပြီး စကားအမြန်ပြန်ကာရသည်။

“ကျွန်တော် သိသားပဲ၊ ဆရာသခင်က ကျွန်တော့်ကို မမှတ်မိဘဲနေမှာ မဟုတ်ဘူး”

လီဝူကျယ် ကျေနပ်သွားပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်မိသည်။ “ဆရာသခင့်လမ်းက ဘာလို့ဒီလောက်ချောမွေ့နေတာလဲဟင်? မီးတောင်တွေမီးတောက်တွေလည်း တစ်ခုမှမရှိဘူး"

ယဲ့ကျွင်းလင်သွားနေသောလမ်းသည် ပန်းမခင်းရုံတမယ်ဖြောင့်ဖြူးသာယာကာ အခြားသူများ၏ မီးခိုးတလုံးလုံး မီးတောက်တရဲရဲ လမ်းကြမ်းများနှင့် အကွာကြီးကွာခြားလှသည်ပင်။

ထို့ကြောင့် လီဝူကျယ် ထုတ်မမေးဘဲမနေနိုင်လိုက်။

“ဘာလို့လဲဆိုတော့…”

ယဲ့ကျွင်းလင် ခဏစဉ်းစားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါတို့က မတူလို့လေ~~”

လီဝူကျယ်: “???”

ထူးဆန်းတယ်၊ ပုံမှန်လိုစကားပြောနေရင်း ဘာလို့ ရုတ်တရက် လေသံက ပြောင်းသွားရတာလဲ။

“မင်းနားလည်လား?”

ယဲ့ကျွင်းလင် အလေးအနက် ပြန်မေးလိုက်သည်။

“အာ” လီဝူကျယ်မှာ နှစ်ဆပိုနာကျင်သွားဟန်အမူအရာဖြင့် ဖြေလာသည်။ “ကျွန်တော်… အင်း...ထင်တာပဲ… နားလည်သလိုပါပဲ… နားလည်ပါတယ်…”

“ကောင်းပြီ၊ ဆက်ကြိုးစားထား၊ ငါ မင်းကို ပန်းတိုင်မှာ စောင့်နေမယ်” ယဲ့ကျွင်းလင် ပြောစရာရှိတာပြောပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ဆက်တိုးသွားသည်။

ဝေးကွာသွားသော ပုံရိပ်ကို ကြည့်ရင်း လီဝူကျယ် နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။

သူ အန်စာတုံးလှိမ့်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်ခုခုကို သတိရကာ နဖူးကိုရိုက်ပြီး ယဲ့ကျွင်းလင်ကို မယုံနိုင်စွာဖြင့် တစ်ဖန်ပြန်ကြည့်လိုက်သည်။

“မင်းမေ!”

သူတို့မှာတော့ အများဆုံးမှ ခြေလှမ်းဆယ်လှမ်းအထိသာ လှမ်းနိုင်ပေသည့် ယဲ့ကျွင်းလင်က ဘယ်လိုလုပ် အကွက်ခြောက်ဆယ်ကို တစ်ခါတည်းလှမ်းနိုင်ရသနည်း? သူက အကွက်အရေအတွက်ကိုတောင် ထည့်တွက်စရာ မလိုတော့တာလား?

ဒါက ပုံမှန်ပဲလား?

လီဝူကျယ်၏ အသိစိတ်ထဲတွင် ယဲ့ကျွင်းလင်၏ ခပ်ကြွားကြွားလေသံက ပဲ့တင်ထပ်နေသည်။ “ငါတို့က မတူဘူးလေ~~ မတူလို့ပေါ့~~”။

စက္ကန့်အနည်းငယ်ကြာပြီးနောက်။

သူ၏လက်ထဲမှ စစ်ပွဲသုံးတူကြီးကို ကြည့်ပြီး လီဝူကျယ် ဒေါသတကြီးဖြင့် မြေပြင်ပေါ်ဆောင့်ချကာ မကျေမနပ်အော်ဟစ်လိုက်၏။ “ငါကျဘာလို့ ဒီတူကြီးနဲ့ ကစားနေရတာလဲလို့!!”

ချောမွေ့သော ခရီးစဉ်ဖြင့် ယဲ့ကျွင်းလင်သည် မီးတောင်နယ်မြေကို လျင်မြန်စွာ ကျော်ဖြတ်ခဲ့ပြီး ကျယ်ပြန့်သောမြက်ခင်းပြင်ထံ ခြေချလိုက်နိုင်ခဲ့သည်။

“အိမ်း၊ ဒီက ပတ်ဝန်းကျင်က ပိုပြီး သက်သောင့်သက်သာ ဖြစ်တာပဲ”။

ယဲ့ကျွင်းလင် သက်ဆိုင်ရာအကွက်သို့ ခြေချလိုက်ရာ သူ၏ရှေ့တွင် ကျောက်စိမ်းရောင် ရွက်ဖျင်တစ်ခုက လှေငယ်တစ်စင်းကဲ့သို့ ပျံသန်းစောင့်ကြိုနေသည်။

“ဒါက ပျံသန်းတဲ့ ကိရိယာတစ်မျိုးလား?”

ယဲ့ကျွင်းလင် ၎င်းပေါ်သို့ ခြေချလိုက်ပြီး မှော်စွမ်းအားထည့်လိုက်သည်။ အရွက်သည် အနည်းငယ် တုန်ယင်သွားပြီးနောက် ကျောက်စိမ်းရောင်အလင်းကို ထုတ်လွှတ်ကာ “ဝှစ်” ခနဲ အသံဖြင့် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွား၏။

တဝီဝီဆူညံနေသော‌ လေတိုးသံဖြင့် နွေဦးလေလန်းလန်းဆန်းဆန်းလေးကို ခံစားရင်း ကျယ်ပြန့်သော မြက်ခင်းပြင်ကို ကြည့်ကာ စိတ်လက်ပေါ့ပါးကြည်လင်လာရသည်။

ရွှစ် ရွှစ် ရွှစ် ~!

အကွက်ငါးရာခန့် ဖြတ်ကျော်ပြီးနောက် အရွက်သည် လျင်မြန်စွာ ညှိုးခြောက်ပြီး ပျောက်ကွယ်သွားရာ ယဲ့ကျွင်းလင်လည်း မြေပြင်ပေါ်သို့ ဆွဲဆောင်မှုရှိစွာ ဆင်းသက်လိုက်သည်။

“မဆိုးဘူး၊ ဒါက အကြမ်းခံနိုင်တဲ့ အရည်အသွေး ရှိတာပဲ”

ယဲ့ကျွင်းလင် ကျေနပ်စွာပြုံးလိုက်ပြီး အန်စာတုံး ဆက်လှိမ့်ကာ မပြောင်းလဲသော အမှတ်ခြောက်ဆယ်ဖြင့် ရှေ့ဆက်တိုးသွားသည်။

တစ်နေရာသို့ ရောက်သောအခါ တောက်ပသော စိန်သေတ္တာတစ်လုံးအား လင်းလက်စွာတွေ့ရှိလိုက်ရ၏။ ယဲ့ကျွင်းလင် စိတ်အားထက်သန်စွာ လက်နှစ်ဖက်ကို ပွတ်ပြီး ရှေ့သို့ တိုးသွားလိုက်သည်။

“အထဲမှာ ရတနာကြီးကြီးတစ်ခု ရှိနေလောက်မယ်!”

စိန်သေတ္တာကို ဖွင့်လိုက်သောအခါ တောက်ပသော အဖြူရောင် အလင်းတန်းနှစ်ခု ပျံထွက်လာပြီး ယဲ့ကျွင်းလင်၏ ဖိနပ်များပတ်လည်တွင် လှည့်ပတ်ကာ အလင်းတန်းဖြင့် လွှမ်းခြုံစိမ့်ဝင်စေလိုက်၏။

တစ်ချိန်တည်းမှာပင် သတိပေးစာတစ်ကြောင်း ထွက်ပေါ်လာသည်။ “ဂုဏ်ယူပါတယ်၊ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ပေါ်မှာ အကွက်တိုင်းကိုလျစ်လျူရှုပြီး ပြေးနိုင်သလောက် အားကုန်ပြေးထွက်သွားလို့ရပါပြီ"

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းချက်ပဲ၊ အခုဆို အန်စာတုံးတောင် လှိမ့်စရာမလိုတော့ဘူး”

ယဲ့ကျွင်းလင် ခြေတစ်လှမ်းလှမ်းလိုက်ရာ နက်နဲသော စွမ်းအားတစ်ခု ပေါက်ကွဲလာသည်ကို ခံစားလိုက်ရပြီး သူ့ကို ရှေ့သို့ တစ်ဟုန်ထိုးတွန်းပို့လိုက်တော့သည်။

ဝှီး~!

ဘေးနှစ်ဖက်တွင် လေစီးကြောင်းများ တိုးဝှေ့နေလျက် ပတ်ဝန်းကျင်မြင်ကွင်းက မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ရူးသွပ်စွာ ပြောင်းလဲနေသည်အား သူတွေ့လိုက်ရ၏။

ယဲ့ကျွင်းလင်သည် မြက်ခင်းပြင်တစ်လျှောက် လွတ်လပ်စွာ ပြေးလွှားနေပြီး ထူထဲသော ငွေဖြူရောင်ဆံပင်ရှည်များက လေထဲတွင် တရမ်းရမ်းလွင့်ခါနေကာ နှုတ်မှ ရွှင်မြူးသော သီချင်းတစ်ပုဒ်ကို ညည်းနေလျက်။

“အတောင်ပံပါရင်မင်းဆီကို အိုး~”

မလှမ်းမကမ်းတွင်။

ပုံရိပ်နှစ်ခု အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်။

ဟုန်ချန်ယဲ့သည် လှပသော ဖီးနစ်မျက်လုံးများကို မှေးကျဥ်းလျက် အနက်ရောင်ခေါင်းစွပ်ဝတ်ရုံဖြင့် လျှို့ဝှက်ဆန်းကြယ်သောပုံရိပ်အား အေးစက်စက်စိုက်ကြည့်နေသည်။

“ဒီကောင် မြန်သားပဲ…”

စိတ်ခံစားမှုအရ ထိုသူသည် အလွန်ရင်းနှီးနေပြီး တစ်နေရာရာတွင် မြင်ခဲ့ဖူးသလိုလို။

ချန်ရှောင်းသည် မြင်းဇက်ကြိုးကိုဆွဲလျက် ကျယ်ပြန့်သော မြက်ခင်းပြင်ထက် ပြေးလွှားနေ၏။

“ဟမ့်၊ ဘယ်သူမှ ငါ့ကို ကျော်နိုင်မှာ မဟုတ်ဘူး!”

ချန်ရှောင်သည် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို မျက်လုံးထောင့်မှ မြင်လိုက်မိရာ သူ အရင်က သူမလက်ထဲတွင် ရှုံးနိမ့်ခဲ့ဖူးသည်ကို သတိရပြီး အလွန် စိတ်တိုသွားသည်။

အခု သူတို့နှစ်ဦးတည်းသာ ရှိနေချိန်တွင် အနိုင်ရလိုစိတ်က အလိုအလျောက် တဟုန်ထိုးမြင့်တက်လာရ၏။

ထိုအချိန်၌ မြင်းသည် ခေါင်းကိုပင့်မြှောက်ကာ စူးရှသော မြည်ဟီးသံတစ်ချက် ပေးလိုက်ပြီးနောက် ကိုယ်ထည်သည် ကြယ်ရောင် အစက်အပြောက်များအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

“ဘာလဲဟ? ဒီအချိန်မှာမှ…” ချန်ရှောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျတော့မလိုဖြစ်သွားသော်လည်း ဟန်ချက်မပျက်အောင် အချိန်မီ ထိန်းနိုင်ခဲ့သည်။

“ဟားဟား၊ မင်းရဲ့မြင်း ပျောက်သွားပြီပဲ!”

ဟုန်ချန်ယဲ့က ဝမ်းသာရွှင်မြူးစွာဖြင့် စိန်ခေါ်လိုက်သည်။ “ဒီတစ်ချီတော့ ငါဦးဆောင်လိုက်ပါ့မယ်ကွာ"

“ကံဆိုးလိုက်တာ” ချန်ရှောင်၏ မျက်နှာသည်ကား မည်းတက်နေလျက်။

ရုတ်တရက် ပြင်းထန်သော လေစီးကြောင်းကြီးတစ်ခု တိုက်ခတ်လာသည်။

မှုန်ဝါးဝါး ပုံရိပ်တစ်ခုသည် လျှပ်စီးအရှိန်ဖြင့် သူတို့ကို ကျော်တက်သွားပြီး ကောင်းကင်တစ်ခုလုံး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားသည်အထိ လမ်းကြောင်းအဆုံးသို့ မရပ်မနား ပြေးထွက်သွားလေသည်။

ဟုန်ချန်ယဲ့ မလှုပ်မယှက်ဖြင့် ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။

နေစမ်းပါဦး၊ တစ်ခုခုဖြတ်သွားသေးလား?

ပြီးတော့ ကြည့်ရတာ… နည်းနည်း ရင်းနှီးနေသလိုပဲ

“အဲဒါ ဟိုယဲ့မျိုးရိုးလား?”

“မဖြစ်နိုင်ဘူး၊ သူ ခုနလေးကမှစထွက်တာလေ၊ ဒီအချိန်ဆို ပထမမြေပုံကိုတောင် မကျော်နိုင်သေးတာကို!”

ဟုန်ချန်ယဲ့ ယုံကြည်မှုအပြည့်ဖြင့် မှတ်ချက်ချလိုက်သည်။

သူစကားဆုံးသည်နှင့် မျက်စိအောက်မှ ပျောက်ကွယ်တော့မတတ်သေးငယ်နေပြီဖြစ်သော အနက်ရောင်အစက်လေးက ချက်ချင်းဘရိတ်အုပ်ကာ ဝှစ်ခနဲပြန်လည့်လာသည်။

“ရှောင်ဟုန်၊ မင်းက ဒီမှာ ရှိနေတာကိုး” ယဲ့ကျွင်းလင် နေရာတွင် ခေတ္တရပ်နားလျက် ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။

ဗုံး!

ဟုန်ချန်ယဲ့ခေါင်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အငွေ့ထွက်မတတ် ပူထူသွားရ၏။ ထို့နောက် နှုတ်ခမ်းတို့တုန်ယင်လျက် မေးလာသည်။ "ဆရာသခင်က....ဘယ်လိုလုပ်ပြီး..."

“မင်း မမြင်ဘူးလား? ဆရာသခင်က ပြေးနေတာလေ”

“ထားလိုက်ပါတော့၊ ဆက်သွားတော့မယ်။ မင်း ဆက်ကြိုးစားထား! ငါ ပန်းတိုင်မှာ မင်းကို စောင့်နေမယ်!”

ယဲ့ကျွင်းလင်သည် စကားဆုံးသည်နှင့် လှစ်ခနဲပြန်လှည့်ပြေးသွားတော့၏။

ဟုန်ချန်ယဲ့ မျက်စိမျက်နှာပျက်စွာဖြင့် အတွေးများရှုပ်ထွေးလျက် ကျန်ရစ်ခဲ့သည်။ ယခုလေးတင် ယုံကြည်မှုအပြည့်ဖြင့် ထုတ်ပြောလိုက်သောစကားမှာ မျက်စိတစ်မှိတ်အတွင်း ဖြတ်ရိုက်ခံလိုက်ရသည်ပင်။

တကယ်ကိုပဲ…

ချန်ရှောင်းက ပိုပြီး အံ့ဩသွားကာ သစ်သားရုပ်ကြီးကဲ့သို့ အတောင့်လိုက်ရပ်နေပြီး ပျောက်ကွယ်သွားသောကျောပြင်အား မယုံနိုင်စွာ မျက်စိတစ်ဆုံး လိုက်ကြည့်နေမိလျက်သား။

ဒီ ယဲ့ကျွင်းလင်က ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ?

လေဖြတ်တိုက်သွားသလိုပဲ!

နှစ်ဦးသား တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းအသာငုံ့လျက် အန်စာတုံး လှိမ့်ပြီး ရှေ့ဆက်သွားကြသည်။ ဘာကြောင့်မှန်းမသိ၊ သူတို့ ခုလေးတင် ခံစားခဲ့ရသော ပြင်းထန်သည့် ပြိုင်ဆိုင်လိုစိတ်သည် ရှင်းပြရခက်ခဲစွာ ပျောက်ကွယ်သွားရ၏။

ထိုနေရာတွင် နက်ရှိုင်းသော ဝမ်းနည်းမှုဖြင့် အစားထိုးခံလိုက်ရသည်ပင်။

စာစဉ်ပြီး၏

All Chapters