← Chapters

ထွက်ခွာခြင်း၊ လူသားလောက ခရီးသွားအဖွဲ့

Vol. 56 Ch. 909

ထွက်ခွာခြင်း၊ လူသားလောက ခရီးသွားအဖွဲ့

Vol. 56 Ch. 909

သွေးရောင်အင်ပါယာမှ အရှင် ရိုက်ဇန်နှင့် အရိပ်နက် အင်ပါယာမှ ဧကရီ ကက်သရင်းတို့သည် ကြယ်ကြွေတမန် အင်ပါယာသို့ လာရောက် လည်ပတ်ခဲ့သည်။ ရက်အနည်းငယ်ကြာ တွေ့ဆုံပြီးနောက် နတ်ဆိုးဘုံ တစ်ဝန်းလုံး မျှော်မှန်းထားသည့် အင်ပါယာ ၃ ခု၏ မဟာမိတ်ဖွဲ့ခြင်းက နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချနိုင်သော အဆင့်သို့ ရောက်ရှိလာခဲ့သည်။

သူတို့၏ နောက်ဆုံးသော မှော်ရုပ်မြင်သံကြား အစည်းအဝေးတွင် အုပ်ချုပ်သူ ၃ ဦးတို့က လာမည့်လတွင် “နတ်ဆိုးဘုံ လွတ်လပ်သော အင်ပါယာ မဟာမိတ်အဖွဲ့” ဟုခေါ်သော ဖက်ဒရယ်အသင်းအဖွဲ့ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပြီး၊ အင်ပါယာ ၃ခု၏ သတင်းစာများတွင် အစည်းအဝေး၏ အဓိက ဆုံးဖြတ်ချက်များနှင့် စည်းမျဉ်းများကို ခေါင်းစီးများဖြင့် ချက်ချင်းထုတ်ပြန်ခဲ့သည်။

ထိုအရာမှာ နတ်ဆိုးဘုံသမိုင်းတွင် ပထမဆုံးသော စစ်မှန်သည့် အင်ပါယာအသင်းအဖွဲ့ ဖြစ်သည်။ အဆိုပါ အသင်းအဖွဲ့တွင် အမြင့်ဆုံးသော ပြည်သူ့အဖွဲ့အစည်း ဖြစ်သည့် “ပါလီမန်” ပါဝင်သည်။ ကျန်ရှိသော တော်ဝင်မျိုးနွယ် ၄ခုမှ ကိုယ်စားလှယ်များ အပါအဝင် အင်ပါယာ ၃ခုတို့သည် “ပါလီမန်” အဖွဲ့ဝင်များဖြစ်ကြပြီး မဲပေးပိုင်ခွင့်ရှိသည်။

ပါလီမန်၏ အဓိကလုပ်ငန်းတာဝန်မှာ အင်ပါယာ ၃ခု၏ ဘုံလှုပ်ရှားမှုများနှင့် ကိစ္စရပ်များကို ဆွေးနွေးခြင်း၊ ဆောင်ရွက်နှင့် ထိန်းချုပ်ခြင်း ဖြစ်သော်လည်း၊ အမြင့်ဆုံး ဗဟိုအစိုးရမဟုတ်ပေ။ အင်ပါယာ ၃ခုသည် သံတမန်၊ ဥပဒေနှင့် စစ်ရေးကဏ္ဍတို့တွင် လုံးဝလွတ်လပ်မှုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသော ကိုယ်ပိုင်နိုင်ငံရေး အာဏာများ ဆက်လက် ပိုင်ဆိုင်ကြသည်။ အင်ပါယာအဖွဲ့ဝင် တစ်ဦးစီသည် မိမိတို့၏ အင်ပါယာနိုင်ငံသား ဖြစ်ခွင့်သာရှိပြီး၊ ဖက်ဒရယ်၏ ဘုံနိုင်ငံသား ဖြစ်ခွင့်မရှိပေ။

ထိုအသင်းအဖွဲ့သည် ချန်လွေ့၏ ယခင်ဘဝမှ EU နှင့် အနည်းငယ်ဆင်တူပြီး၊ ဓနသဟာယနှင့် ဖက်ဒရယ်ကြားတွင် တည်ရှိသည်။ အဓိက သဘောသဘာဝမှာ ဖက်ဒရယ် ဖြစ်သော်လည်း၊ အချို့သော ပူးပေါင်းဆောင်ရွက်မှုများနှင့် အသေးစိတ်အချက်အလက်များတွင် စည်းလုံးမှု ပိုမိုခိုင်မာပြီး ဘုံအကျိုးစီးပွားများ ပိုမိုထင်ရှားသည်။

အင်ပါယာ ၃ခု၏ မဟာမိတ်ဖွဲ့ခြင်းကို တရားဝင် တည်ထောင်တော့မည်ဟူသော သတင်းသည် နတ်ဆိုးဘုံ တစ်ဝန်းလုံးကို ဝမ်းသာအားရ ဖြစ်စေခဲ့သည်။ အကျိုး စီးပွားသည် အင်ပါယာများကြားတွင် အမြဲတမ်း အရေးအကြီးဆုံး ဦးစားပေးဖြစ်နေမည်ဖြစ်ရာ ငြိမ်းချမ်းရေး ကာလတွင်ပင် အငြင်းပွားမှုများနှင့် ကွဲလွဲမှုများသည် ရှောင်လွှဲမရနိုင်ပေ။ သို့သော် ဤမဟာမိတ်သည် အင်ပါယာ တစ်ခုစီ၏ အကောင်းဆုံးအကျိုးစီးပွားများကို အတူတကွ ချိတ်ဆက်ပေးခဲ့သည်။ အထွေထွေ လမ်းညွှန်ချက်ကို နားလည်သရွေ့ လာမည့် နှစ်များအတွင်း ပြိုကွဲမှု အကျပ်အတည်းများ ရှိမည်မဟုတ်ပေ။ ပြည်သူများသည် ငြိမ်းချမ်းရေးကို ခံစားနိုင်ကြပေမည်။

အနာဂတ်၏ ငြိမ်းချမ်းသောခေ-တ်တွင် ရဲရင့်ပြီး ရက်စက် ကြမ်းကြုတ်သော နတ်ဆိုးများသည်လည်း ၎င်းတို့၏ စွမ်းရည်များကို အပြည့်အဝပြသနိုင်ရန် အခွင့်အရေး ရှိခဲ့သည်။

တစ်ဦးချင်းတိုက်ပွဲများ၊ အဖွဲ့လိုက်တိုက်ပွဲများ၊ ကျွမ်းကျင်မှုများ၊ နည်းဗျူဟာများ၊ ဖျော်ဖြေရေးနှင့် အခြား အရာများကို ပေါင်းစပ်ထားသော ပြည့်စုံသော လေ့ကျင့်ရေးဂိမ်း “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” သည် နတ်ဆိုးဘုံ၏ လူကြိုက်အများဆုံး လှုပ်ရှားမှု ဖြစ်လာခဲ့ပြီး ပါဝင်သူအများဆုံးနှင့် အကျယ်ပြန့်ဆုံး ပါဝင်ခဲ့သည်။ ဘောလုံးလိဂ်သည်လည်း ဖလားပြိုင်ပွဲများ ထပ်ပေါင်း လာခြင်းဖြင့် ရေပန်းစားလာခဲ့သည်။ သွေးရောင်အင်ပါယာတွင် အောင်မြင်စွာကျင်းပခဲ့သော နတ်ဆိုးဘုံ၏ သိုင်းပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ် ကျင်းပမည်ဖြစ်သည်။ အင်ပါယာ ၃ခု၏ စစ်တပ်များသည် အခါအားလျော်စွာ စစ်ရေးပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ပြီး အသစ်တည်ထောင်ထားသော အင်ပါယာ ၃ခု၏ ကောလိပ်များသည်လည်း ကောလိပ်ဖလှယ်ရေး ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်သည်။ ၎င်းတွင် ယန္တရား ပြိုင်ပွဲများ၊ ဆေးရည်ပြိုင်ပွဲများ အစရှိသည်တို့ ပါဝင်သည်။

အင်ပါယာ ၃ခု၏ အစည်းအဝေးအပြီးတွင် ရိုင်ဇန်သည် သွေးရောင်အင်ပါယာသို့ ချက်ချင်းပြန်သွားခဲ့ပြီး အရိပ်နက် အင်ပါယာ၏ ဧကရီ ကတ်သရင်းက ကြယ်ကြွေတမန် အင်ပါယာ၏ ရှီရာ၏ ဖိတ်ခေါ်ချက်ကို လက်ခံပြီး ကြယ်ကြွေတမန်အင်ပါယာတွင် နောက်ထပ် ၁၀ရက်ကြာ နေထိုင်ခဲ့သည်။

ကတ်သရင်းနှင့် အက်ဂ်ယောတို့၏ ဆက်ဆံရေးသည် နတ်ဆိုးဘုံတွင် လူအများ သိနေကြပြီ ဖြစ်သည်။ “ကြင်ရာတော် မင်းသား” တစ်ယောက်တည်းကို ဝေမျှကြရသော ဧကရီနှစ်ပါး ဖြစ်သည့် ရှီရာနှင့် ကတ်သရင်းတို့၏ ဆက်ဆံရေးသည် နတ်ဆိုးဘုံသားများ အကြားတွင် လျှို့ဝှက်ဆွေးနွေးမှုများ၏ အဓိကအာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ ယခု အင်ပါယာ ၃ခု၏ မဟာမိတ်သည် သေချာနေပြီဖြစ်သောကြောင့် ဧကရီ နှစ်ပါးသည် အင်ပါယာ၏ အကျိုးစီးပွားနှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာခံစားချက်များ နှစ်ခုလုံးတွင် စိုးရိမ်စရာမလိုတော့ပေ။ ကတ်သရင်း၏ ယခုအကြိမ် နေထိုင်ခြင်းသည် အင်ပါယာနှစ်ခုကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်သော်လည်း အခြားရှုထောင့်မှ ကြည့်လျှင် ၎င်းသည် ပုဂ္ဂလိက ဖိတ်ခေါ်ချက်ကို လက်ခံခြင်းနှင့် ပိုတူသည်။

မနာလိုမှုနှင့် မုန်းတီးမှုတို့၏ အဓိကခံစားရသူ၊ လျှို့ဝှက်ဆန်းကြယ်သော ကြင်ရာတော် မင်းသားသည် “တံခါးပိတ် လေ့ကျင့်ရေး” တွင် ရှိနေခဲ့ရာ အင်ပါယာ ၃ခု၏ ထိုအစည်းအဝေး အပါအဝင် မည်သည့် ပြည်သူ့ ရှေ့မှောက်သို့မျှ ပေါ်ထွက်လာခြင်းမရှိဘဲ ပျောက်ကွယ်သွား သကဲ့သို့ပင် ဖြစ်နေသည်။

ကတ်သရင်း နေထိုင်ရခြင်း၏ အဓိကအကြောင်းရင်း များထဲမှ တစ်ခုမှာ ဥပဒေအပိုင်းအစနှင့် နတ်ဘုရား-ယောင်၏ ဝိညာဉ်အမှတ်အသားကို စုပ်ယူရန် ဖြစ်သည်။ ပြောစရာ မလိုသည်မှာ ကြာရှည်ကွဲကွာခဲ့သော ချစ်သူနှင့် ရင်းနှီးသော အချိန်ယူရန်နှင့် “ကုသမှု” ခံယူရန်လည်း ဖြစ်သည်။

ဥပဒေအပိုင်းအစနှင့် နတ်ဘုရား-ယောင် ဝိညာဉ် အမှတ်အသားကို စုပ်ယူခဲ့သော အရိပ်နက်အင်ပါယာ၏ ဧကရီသည် အင်အားကြီးမားရုံသာမက အမျိုးသား၏ အပြည့်အဝ အာဟာရဖြည့်တင်းပေးမှုကြောင့် တောက်ပပြီး တက်ကြွနေကာ မောင်းမေဆောင်မှ မိန်းကလေးများကိုပင် မနာလိုဖြစ်စေခဲ့သည်။

ကတ်သရင်း အင်ပါယာသို့ ပြန်သောအခါ သမီးဖြစ်သူကိုပါ ခေါ်သွားခဲ့တယ်။ ဇာမဏီလေးသည် ယခင်က မေမေကို‌ အော်ခေါ်နေသော်လည်း အမှန်တကယ် ဖေဖေနဲ့ ခွဲရသောအခါ၊ သူသဘောကျသော ဒေါ်လေးများနှင့် ခွဲရသောအခါ ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။ မောင်းမဆောင်မှ အမျိုးသမီးများက သမီးလေးကို အမှန်တကယ် ချစ်ကြကြောင်း မြင်သည့်အခါ ကတ်သရင်းက ခဏကြာလျှင် သော်သော်ကို ပြန်ခေါ်လာမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ထိုအချိန်တွင် သူက သော်သော်ကို ခဏ ထားထားမည် ဖြစ်သည်။

ထိုသို့ဆိုသည့်တိုင် မိန်းကလေးများက အဖိုးအတန်ဆုံး မင်းသမီးလေးကို မခွဲနိုင် မခွာနိုင် ဖြစ်နေဆဲ ဖြစ်နေသည်။ ဇာမဏီလေးကို ပွေ့ဖက်နမ်းရှိုက်ပြီး နောက်ဆုံးတွင် မျက်ရည်များဖြင့် နှုတ်ဆက်လိုက်ကြသည်။

နတ်ဆိုးဘုံ ကိစ္စများ အခြေခံအားဖြင့် ငြိမ်သက်သွားပြီ ဖြစ်ရာ ချန်လွေ့က လူသားလောကကို သွားရန် ဆုံးဖြတ်လိုက်၏။ ထိုလူသားလောကခရီးစဉ်၌ အဓိကတာဝန် ၂ခု ရှိသည်။ ပထမတစ်ခုက မြွေနဂါးကို ကတိအတိုင်း ဖြည့်ဆည်းပေးရန် ဖြစ်ပြီး၊ နောက်တစ်ခုမှာ တစ်ဖနီကို ပြန်ခေါ်လာရန် ဖြစ်သည်။

ချန်လွေ့သည် ယခုအခါ [ကြယ်အဆင့်တိုးမြှင့်တင်မှု] နှင့် ကြယ်အပ်နှင်းခြင်း၏ လျှို့ဝှက်ချက်များကို ကျွမ်းကျင်ပိုင်နိုင်ပြီ ဖြစ်သောကြောင့်ပင်။ ကြယ်အပ်နှင်းခြင်း၏ စိတ်ဝိညာဉ် ကွင်းဆက် ချိတ်ဆက်ထားသော တစ်ခုခု ဖြစ်နေသရွေ့ ကြယ်အပ်နှင်းခြင်းစင်မြင့်ရှိ ကြယ်ရာထူးနှင့် ပေါင်းစည်းနိုင်ပြီး [ကြယ်ဂိတ်] နှင့်အတူ တယ်လီပို့ခုန်နိုင်လေသည်။ ၎င်းကို အစပိုင်းတွင် ဒိုဒိုအား စမ်းသပ် စစ်ဆေးပြီးနောက် အောင်မြင်ကြောင်း သက်သေပြခဲ့သည်။

ပေါင်းစည်းချိန်သည် ၃နာရီသာ ကြာမြင့်ပြီး ၂၄ နာရီအကြာတွင်မှ ထပ်မံပေါင်းစည်း နိုင်သော်လည်း [ကြယ်ဂီတ်]ကို ဖြတ်ကျော်ရန် စက္ကန့်အနည်းငယ်သာ ကြာမြင့်သည်။ ဆိုလိုသည်မှာ ကြယ်အပ်နှင်းခြင်းကို ရရှိခဲ့သည့် မောင်းမဆောင် အဖွဲ့သားများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများသည် လူ့လောကသို့ အတူတကွ သွားနိုင်မည် ဖြစ်သည်။

ယခုအချိန်သည် အင်ပါယာ ၃ခု၏ မဟာမိတ်ဖွဲ့ခြင်းကို ထူထောင်တော့မည့် အချိန်ဖြစ်ပြီး၊ လုပ်ငန်းကိစ္စများ အလွန်များပြားမည် ဖြစ်သည်။ ထို့ကြောင့် ဧကရီ နှစ်ပါး ဖြစ်သည့် ကတ်သရင်းနှင့် ရှီရာတို့ သွားနိုင်မည် မဟုတ်သည်မှာ သေချာသည်။ လော့ဒ်အဖြစ် ရှိနေသည့် အသီနာသည်လည်း ထွက်ခွာနိုင်မည် မဟုတ်ပေ။ ခီရာသည် လက်ရှိတွင် နတ်ဆိုးဧကရာဇ်အဆင့်ကို ဖြတ်ကျော်နေပြီး အသီနာသည် သူ၏ အကူအညီကို လိုအပ်သောကြောင့် သွားရောက်နိုင်မည် မဟုတ်ပေ။

အင်ပါယာ ၃ခု၏ အစည်းအဝေးမတိုင်မီက တိုင်းပြည်အဆင့် စွမ်းအားကို ထိတွေ့ခဲ့သော ရိုမန်သည် တံခါးပိတ်လေ့ကျင့်ရေးတွင် ရှိနေခဲ့သည်။ ဆက်တိုက်ဆိုသလို မယ်ဒီလူနှင့် ဒေလီယာတို့သည် သူ့ကို အဖော်ပြုရန် နေနေခဲ့ကြသည်။ သူဌေး၏ လစာတိုးမြှင့်မှု၏ လှုံ့ဆော်မှု အောက်တွင် မစ်-နဂါးနက်သည် လာလာရီယာ၏ အကြံဉာဏ်ကို လက်ခံခဲ့ပြီး ဥပဒေသအပိုင်းအစကို စုပ်ယူကာ တိုင်းပြည်အဆင့်ကို ဖြတ်ကျော်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

ချန်လွေ့က နဂါးတောင်ကြားမှ ယောက္ခထီးနှင့် ယောက္ခမတို့ကို ဇိုလာအား မိဘအိမ်သို့ ပြန်ခေါ်လာ ပေးမည်ဟု တစ်ချိန်က ကတိပေးခဲ့သောကြောင့် မစ်-နတ်မိမယ်နဂါးက သွားရမည်ဖြစ်သည်။ အစ်ဇဘယ်လာ သည်လည်း နတ်ဆိုးအရှင်သခင်အဆင့်ကို ဖြတ်ကျော်ပြီးပြီ ဖြစ်သောကြောင့် လက်ရှိတွင် လေ့ကျင့်ရေးအစီအစဉ် မရှိသေးဘဲ သူလည်း လိုက်ပါမည်ဖြစ်သည်။ စိတ်ဝင်စားသော အဆိပ်နဂါးစုံတွဲလည်း ပါဝင်သည်။

မူလက မစ်-နဂါးနက်လည်း လိုက်ပါလိုသော်လည်း သူဌေးထံမှ လစာတိုးမြှင့်ပေးမည် ဟူသော ကတိကို ရရှိပြီးနောက် ပျော်ရွှင်စွာ ဥပဒေသ အပိုင်းအစကို စုပ်ယူပြီး တိုင်းပြည်အဆင့်ကို ဖြတ်ကျော်ရန် ကြိုးစားနေခဲ့သည်။ လာလာရီယာသည်လည်း ခဏခဏ အနှောက်အယှက် ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။ သူသည် နတ်ဘုရားတစ်ပိုင်း၏ ဥပဒေသ သလင်းကျောက် စက်လုံးကို စုပ်ယူနေစဉ် အိုလီဖီးရက်စ်အား လမ်းညွှန်ပေးခဲ့သည်။ အမှန်မှာ ချန်လွေ့သည် အိုလီဖီးရက်စ်ကို တမင် ထားခဲ့ခြင်းဖြစ်ပြီး၊ လာဘ်ထိုးရန် ပိုက်ဆံအများအပြား သုံးစွဲခဲ့သည်။ မစ်-နဂါးနက်၏ သူလျှိုအဖြစ်နှင့် ဗက်ဇယ်နာ၏ ကြီးကြပ်မှု တို့ကြောင့် လာလာရီယာ၏ ဒုက္ခပေးနိုင်မှု အညွှန်းကိန်းသည် များစွာ လျော့နည်းသွားသင့်သည်။

နောက်ဆုံးတွင် လူသားလောကခရီးစဉ်အဖွဲ့၏ စာရင်းကို တရားဝင်အပြီးသတ်ခဲ့သည်။ အဖွဲ့ဝင်များမှာ ချန်လွေ့၊ မစ်-နတ်မိမယ်နဂါး၊ မဒမ်-ဒေါ်လေး။ ဆရာသခင် အဆိပ်နဂါး စုံတွဲ နှင့် “အမှန်တကယ် ခန့်ညားတယ်” တို့ပင်။

ပြင်ဆင်မှုများ အားလုံးပြုလုပ်ပြီးနောက် ချန်လွေ့သည် ကြယ်အပ်နှင်းခြင်းစင်မြင့်၏ အစွမ်းကို အသက်သွင်းခဲ့ပြီး ဇိုလာနှင့် အခြားသူများကို ကြယ်အပ်နှင်းခြင်း စင်မြင့်တွင် ထားရှိခဲ့သည်။ လူတိုင်း ၎င်းတို့၏ ရုပ်တုများကို ထိလိုက်သောအခါ ကြယ်ပေါင်းစည်းခြင်း၏ အိပ်စက်ခြင်း အခြေအနေသို့ ဝင်ရောက်ခဲ့သည်။

ထို့နောက် ချန်လွေ့သည် သက်တန့်တောင်ကြားသို့ ဝင်ရောက်ပြီး ပြန်လည်ရှင်သန်ခြင်း ရေစင်ဆီသို့ ရောက်လာခဲ့သည်။

“မဒမ်-ဖိုက်သွန်။ ကျုပ်တို့ အခုသွားလို့ရပါပြီ။”

ပြန်လည်ရှင်သန်ခြင်းရေစင်က ဆူပွက်ပြီး ဖြည်းဖြည်းချင်း ကွဲထွက်သွားကာ အလယ်တွင် ငွေသေတ္တာတစ်လုံး ပေါ်လာသည်။ မြူခိုးများ တက်လာပြီး မှိန်ဖျော့သော လူပုံသဏ္ဌန်အဖြစ် စုစည်းသွားခဲ့သည်။

“မင်းရဲ့ စွမ်းဆောင်ရည်က ချီးကျူးစရာပဲ။” မြူခိုးများက ချန်လွေ့ဆီသို့ အလျင်အမြန်ပြေးလာသည်။ ချန်လွေ့သည် ကာကွယ်ရေးစွမ်းအားကို အသက်မသွင်းဘဲ မြူခိုးများကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေခဲ့သည်။ ဖိုက်သွန်သည် သူ့ဝိညာဉ်ကို မကျူးကျော်ခဲ့။ သူ့လက်ကောက်ဝတ်ပေါ်တွင် ခြောက်‌ထောင့်ကြယ်ပွင့် အဖြစ်သာ စုစည်းသွားခဲ့သည်။

“ငွေသေတ္တာကို မင်းစိတ်ကြိုက် သုံးလို့ရတယ်။ ဒါပေမယ့် ငါ ပြန်လည်ရှင်သန်ခြင်းရေစင်ကို ဆက်သုံးဖို့ လိုတယ်။ မင်းရဲ့ အထူးစွမ်းရည်နဲ့ ပြန်လည်ရှင်သန်ခြင်းရေစင်ကို ထိန်းထား နိုင်တယ်။ နောက်ပိုင်း နေရာလွတ်ကို ဖြတ်ကျော်တဲ့အခါ မင်း နေရာလွတ်မတည်ငြိမ်မှုထဲ ကျမသွားအောင် ငါ့ရဲ့ စွမ်းအားကို သုံးပြီး ကာကွယ်ပေးမယ်။”

“မလိုပါဘူး။” ချန်လွေ့က ပြန်လည်ရှင်သန်ခြင်းရေစင်ကို ပြုံးလျက် သိမ်းဆည်းလိုက်သည်။ “လူသားလောကကို သွားဖို့ ကျုပ်မှာ နေရာလွတ်မျိုးစေ့ ရှိတယ်။ ဒီအချိန်အတွင်း ကျုပ် ပြင်ဆင်ထားတဲ့ အထူးတယ်လီပို့ မှော်စက်ဝိုင်းနဲ့ ပေါင်းစပ်လိုက်ရင် လူသားလောကကို အမြန်ဆုံးနှုန်းနဲ့ ဘေးကင်းကင်း ရောက်နိုင်တယ်။ ဒါပေမယ့် အဲဒီအချိန် နတ်ဆိုးဘုံကို ပြန်ဖို့အတွက် မဒမ်ရဲ့ စွမ်းအားကို အသုံးပြုဖို့ လိုအပ်လိမ့်တယ်။”

ထိုစကားက အမှန်နှင့် အမှား ရောနှောနေသော စကားဖြစ်သည်။ မိစ္ဆာမျက်ဆံကို ဖိုက်သွန်ထံမှ မဖုံးကွယ် ထားနိုင်ဘဲ ဖိုက်သွန်က ချန်လွေ့ကို ယခင်ကတည်းက လူသားဖြစ်ကြောင်း သိပြီးလောက်ပြီ ဖြစ်သည်။ ၎င်းမှာ သူက လူသားလောကသို့ သွားရောက်ရန် ချန်လွေ့ကို အသုံးပြု ခဲ့သော အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။

အသေအချာပင် ဖိုက်သွန်က သံသယမရှိပေ။ “ငါ ရှိနေ သရွေ့ နတ်ဆိုးဘုံကို ပြန်ဖို့က ပြဿနာမရှိဘူး။”

“ကျေးဇူးတင်ပါတယ်။မဒမ်။” ချန်လွေ့သည် သက်တန့် တောင်ကြားရှိ သုတေသနတစ်ခုသို့ လျှောက်သွားခဲ့ရာ၊ ထိုနေရာတွင် [ကြယ်ဂိတ်]ကို ဖွင့်ထားပြီးဖြစ်သည်။ ချန်လွေ့သည် တံခါးဝသို့ လျှောက်ဝင်သွားပြီး မျက်တောင် တစ်မှိတ်အတွင်း သူနှင့်အတူ နေရာလွတ်တံခါး ပျောက်ကွယ် သွားတော့သည်။

နေသာသော တောင်ကြားတစ်ခုတွင် အပြာနုရောင် အလင်းတံခါးတစ်ခု ပွင့်လာပြီး ချန်လွေ့ ပေါ်လာခဲ့သည်။ ၎င်းမှာ မုန်တိုင်းကျွန်းရှိ မူလကြယ်အမှတ်မဟုတ်ဘဲ၊ ယန်ရှောင် ဥယျာဉ်မြို့ပြင်ပရှိ တောင်ကုန်းပြောင်တစ်ခု ဖြစ်သည်။

၎င်းသည် ချန်လွေ့၏ ကြိုတင်ပြင်ဆင်မှုများပင် ဖြစ်သည်။ သူသည် မုန်တိုင်းကျွန်း၏ လျှို့ဝှက်ချက်ကို ဖိုက်သွန်အား ဖော်ထုတ်လိုခြင်းမရှိပေ။ ထို့ကြောင့် လူသားလောကသို့ ကြိုတင်ရောက်ရှိခဲ့ပြီး ကြယ်အမှတ်ကို ပြောင်းလဲခဲ့လေသည်။

ထိုနေရာက အလွန်အရေးကြီးသည်။ ဥယျာဉ်မြို့မှ တောင်ဘက်သို့သွားပါက မုန်တိုင်းကျွန်းသို့ ပင်လယ် ရေကြောင်းမှတစ်ဆင့် လျင်မြန်စွာ ရောက်ရှိနိုင်သည်။

“မဒမ်-ဖိုက်သွန်။ ရောက်ပါပြီ။”

“သေချာတယ်၊ ဒါ လူသားလောကပဲ၊ သိပ်ကောင်းတယ်။” ဖိုက်သွန်၏အသံ ထွက်ပေါ်လာသည်။ “ဒီမှာရှိတဲ့ အလင်းဒြပ်စင်က ပြင်းလွန်းတယ်။ ငါ့ဝိညာဉ်က အခုအချိန်မှာ အစွမ်းအကုန်ထုတ်မသုံးနိုင်သေးဘူး။ ငါ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာပြီးတော့ ပြန်လည်ရှင်သန်ခြင်းရဲ့ စွမ်းအားကို သုံးပြီး အလင်းဒြပ်စင် စွမ်းအားကို ငါနဲ့ ပေါင်းစည်းရမယ်။ ဒါက ၂လလောက် ကြာလိမ့်မယ်။ မင်းအတွက် အမှတ်အသားတစ်ခု ချန်ထားခဲ့မယ်။ ဒီ ၂လ အတွင်း မင်းအချိန်ဇယားကို ကြိုက်သလို စီစဉ်လို့ရတယ်။ ငါ ပေါင်းစည်းတာ ပြီးရင် မင်းကို အမှတ်အသားနဲ့ အကြောင်းကြားမယ်။”

ဖိုက်သွန်က သူ့ကို ပြန်လည်ရှင်သန်ခြင်းရေစင် သိမ်းဆည်းထားခိုင်းခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဒီအတွက်ကြောင့်ကိုး။ ချန်လွေ့၏ မျက်လုံးများ တောက်ပသွား၏။ ကြယ်အပ်နှင်းစင်္ကြံသည်လည်း သူ မထုတ်ပြချင်သော လျှို့ဝှက်အဆောင်ပစ္စည်းတစ်ခု ဖြစ်ရာ ဇိုလာနှင့် တခြားသူတွေများ မထွက်ခင် ဖိုက်သွန်ကို အချိန် အတိုင်းအတာ တစ်ခုအထိ လမ်းလွှဲရန် အကြောင်းပြချက် ရှာနေခဲ့သည်။ သို့သော်လည်း ဖိုက်သွန် ကိုယ်တိုင်က ထိုတောင်းဆိုချက်ကို အရင် ပြုလုပ်ခဲ့ပေသည်။

ထိုတောင်ကုန်းပြောင်က အလွန်ဝေးလံ ခေါင်သီလှသည်။ မကြာခင် ချန်လွေ့က ဂူတစ်ခုတွေ့ပြီး ကြယ်စင်စု ဥယျာဉ်မှ ပြန်လည်ရှင်သန်ခြင်းရေစင်ကို ထုတ်လိုက်တယ်။ ဖိုက်သွန်က သူ့လက်ကောက်ဝတ်ရှိ ခြောက်ထောင့်ကြယ် အမှတ်အသားမှ ချက်ချင်း ပျံထွက်လာပြီး ပြန်လည်ရှင်သန်ခြင်း ရေစင်ထဲသို့ ပေါင်းစည်းသွားခဲ့သည်။ ရေစင်က ရုတ်တရက် အခိုးအငွေ့ တစ်ထပ်ဖြင့် ဖုံးလွှမ်းသွားတော့သည်။

ချန်လွေ့လည်း ၎င်းပတ်လည်တွင် လျှို့ဝှက်မှော်စက်ဝိုင်း တစ်ခုကို ပြုလုပ်ခဲ့သည်။ အမှန်တကယ်၌ နတ်ဘုရား-ယောင် ဖိုက်သွန် ရှိနေသဖြင့် တွေ့ရှိခဲ့လျှင်ပင် ကြီးမားသော ပြဿနာမရှိနိုင်ပေ။

ဖိုက်သွန်က ပြန်လည်ရှင်သန်ခြင်း ရေစင်သို့ ပျံဝင်သွားပြီးနောက် ခြောက်ထောင့်ကြယ် အမှတ်အသားက ပျောက်ကွယ်မသွားဘဲ ချန်လွေ့၏ လက်ကောက်ဝတ်တွင် ဆက်လက်တည်ရှိနေသည်။

“စိတ်မပူပါနဲ့။ ဒီအမှတ်အသားက မင်းကို ဘာမှ ထိခိုက်စေမှာ မဟုတ်ဘူး။ မင်းရဲ့ လုပ်ရပ်တွေကိုလည်း စောင့်ကြည့်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင်၊ အဲဒီထဲမှာ သိုလှောင်ထားတဲ့ ဝိညာဉ်စွမ်းအားက မင်းကို “ပိတ်ပင်ခြင်း” စွမ်းအားကို ၃ကြိမ် သုံးခွင့်ပြုလိမ့်မယ်။ ဒါက ရန်သူတွေကို၊ မွေးရာပါ စွမ်းရည်တွေ အပါအဝင်၊ စွမ်းအားတွေကို ပိတ်ပင်နိုင်တယ်။ ငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် နတ်ဘုရား-ယောင် တောင်မှ ခုခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီစွမ်းအားက အကန့်အသတ် မရှိတာတော့ မဟုတ်ဘူး။ ပြိုင်ဘက်က ပိုသန်မာလေ၊ ဖယ်ရှားခံရတဲ့ စွမ်းအားက ပိုနည်းပြီး ကြာချိန်ကလည်း ပိုတိုမယ်။”

စေတန်နှင့် ဆာရီရယ်တို့နှင့် နှိုင်းယှဉ်ပါက ဖိုက်သွန်သည် သဘောထားနှင့် နည်းလမ်းများတွင် ပိုမိုနူးညံ့သိမ်မွေ့သည်။ သို့မဟုတ် တင်းအကြပ်စေခိုင်းခြင်းထက် ရရှိနိုင်မည့် အကျိုးအမြတ်ကို ကတိပေး၍ ဆွဲဆောင်ခြင်းနှင့် ပိုတူသည်။ သို့သော် သူသည် ကြင်နာသော အမျိုးအစားဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့် ချန်လွေ့သည် သတိကို လျှော့ချခဲ့ခြင်း မရှိဘဲ ပို၍ပင် သတိထားခဲ့သည်။

ဒါက အားကြီးသူက အားနည်းသူကို လွှမ်းမိုးတဲ့ လောကတစ်ခုပဲ။ ငါ့မှာ အခုတန်ဖိုးရှိနေလို့ ဖိုက်သွန်က ဒီလိုမျိုး ဖြစ်နေတာ။ ငါ့တန်ဖိုး မရှိတော့တာနဲ့ ငါ့အရိုးတွေကိုတောင် ဝါးစားနိုင်တယ်။

“ကျေးဇူးတင်ပါတယ်။ မဒမ်။”

“ကောင်းပြီ။ မင်းက ဉာဏ်ကောင်းတဲ့သူပဲ။ ဒါကြောင့် ငါ ဘာမှ အပိုတွေ ထပ်မပြောတော့ဘူး။ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။”

ချန်လွေ့သည် ထိုစကား၏ အဓိပ္ပါယ်ကို ကြားလိုက်ပြီး ခေါင်းညိတ်ပြသည်။ “အမှတ်အသား အကြောင်းကြား တာနဲ့ ကျုပ် ချက်ချင်းပြန်လာပါ့မယ်။”

ဖိုက်သွန်က ကြယ်ခြောက်ပွင့် အမှတ်အသားသည် သူ့ကို မည်သည်မှ မထိခိုက်ဟု ပြောခဲ့သော်လည်း အကာအကွယ် အနေနဲ့ တောင်ကုန်းပြောင်တွေကနေ ထွက်ခွာပြီးနောက် ချန်လွေ့သည် မိစ္ဆာမျက်ဆံ စွမ်းအားနှင့် [သရုပ်ခွဲမျက်လုံး]ကို ချက်ချင်းအသုံးပြုပြီး အမှတ်အသားကို ကွယ်ဝှက်အောင် ပြုလုပ်လိုက်သည်။ ဖိုက်သွန် အကြောင်းကြားလျှင်တော့ သူ အာရုံခံနိုင်ဦးမည် ဖြစ်သည်။

၂နာရီကျော် ကြာပြီးနောက် ဆွေမျိုးများနှင့် သူငယ်ချင်းများ “ခရီးသွားအဖွဲ့”သည် ကြယ်ပေါင်းစည်းခြင်းမှ ပယ်ဖျက်ခံရပြီး သတိပြန်ဝင်လာခဲ့ကြသည်။

သူတို့အပေါ်တွင် လနှစ်စင်းနှင့်မတူသော ပြင်းထန်သော နေရောင်ခြည် ထွန်းလင်းနေပြီး၊ အောက်တွင် အနည်းငယ် ယိမ်းထိုးနေသော သင်္ဘောကုန်းပတ်၊ ၎င်းတို့ရှေ့တွင် ကျယ်ပြန့်သော ပင်လယ်ပြင် ရှိနေ၏။

ချန်လွေ့၏ အသံက ဘေးနားမှ ထွက်ပေါ်လာသည်။ “အားလုံးပဲ၊ နေသာတဲ့ လူသားလောက ကနေ ကြိုဆိုပါတယ်။”

All Chapters