စည်းကမ်းများ နှင့် ပြန်လည်ဆုံဆည်းခြင်း
Vol. 56 Ch. 911
“အိုး…” ဇိုလာဆီမှ ထွက်ပေါ်လာသော အန္တရာယ်ငွေ့အသက်သည် နိုင်ငံတော်အဆင့်သို့ ရောက်နေသည်ကို အကြီးအကဲ နဂါးပြာ ခံစားလိုက်ရသည်။ သူ အနည်းငယ် အံ့သြသွားသော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သူ မျက်ခုံးပင့်လိုက်ရာမှ အသံက ပို၍ မှုန်မှိုင်းလာခဲ့သည်။ “ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ အခု မင်းကို အခြေခံကျင့်ဝတ်တွေ တင်မကဘဲ အနည်းဆုံး စည်းမျဉ်းစည်းကမ်းတွေကိုပါ သင်ပေးရလိမ့်မယ်။”
နဂါးများ၏ အဆင့်အတန်း သတ်မှတ်ချက်သည် လူများ သို့မဟုတ် နတ်ဆိုးများ၏ အဆင့်အတန်း သတ်မှတ်ချက်လို မခိုင်မာသော်လည်း အခြေခံစည်းကမ်းများတော့ ရှိပေသည်။ ထိုအထဲတွင် အရေးအကြီးဆုံးကတော့ စွမ်းအားပင်။
ဇိုလာက ခါရူကို ရိုက်နှက်ခြင်းသည် ကလေးများ၏ ရန်ပွဲနှင့်တူပြီး၊ စပန်က ပီလင်ကို ရိုက်နှက်ခြင်းသည် အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ပွဲဖြစ်သည်။ သို့သော် ဇိုလာက ပီလင်ကို ရိုက်နှက်ချင်သည်ဆိုလျှင်မူ ၎င်းသည် ရာဇဝတ်မှုပင် ဖြစ်သည်။ သို့သော်… ပီလင်၏ စကားဆုံးသည်နှင့် ခရမ်းရောင်အလင်းများ တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ နဂါးများ ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။ ဇိုလာက အမှန်တကယ်ပင် စတင် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
အကြီးအကဲ နဂါးပြာက ပြင်ဆင်ထားပြီးသားဖြစ်သည်။ အပြာရောင် လျှပ်စီးများသည် လျင်မြန်စွာ ပျံသန်းထွက်ခွာ သွားပြီး ခရမ်းရောင်အလင်းကို ခုခံလိုက်သည်။
ချက်ချင်းနီးပါးပင် လျှပ်စီးနှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားသည်။
နဂါးများအားလုံး၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး ခရမ်းရောင်လျှပ်စီးသည် မျှော်လင့်ထားသလို မပြိုလဲသွားဘဲ အပြာရောင်လျှပ်စီးနှင့် ထိပ်တိုက် ရင်ဆိုင်နေခဲ့သည်။
ထိုလျှပ်စီးနှစ်ခုသည် သာမန်အတိုင်းပင် ဖြစ်ပုံရပြီး မီးပွားများလည်း သိပ်မများလှပေ။ သို့သော် လူတိုင်းက လျှပ်စီးထဲတွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသည်ကို ခံစားမိကြသည်။ လျှပ်စီးနှင့် နီးစပ်လျှင် အမာဆုံးသတ္တုပင် တစ်ခဏအတွင်း အရည်ပျော် သွားပေလိမ့်မည်။
ပီလင်သည် ခရမ်းရောင်လျှပ်စီးမှ လာသော ကြီးမားသည့် ဖိအားကို ခံစားလိုက်ရသောအခါ တိတ်တဆိတ် ထိတ်လန့်သွားပြီး သူ့၏ လျှော့တွက်ထားသော စိတ်ကို လုံးဝ ဖယ်ရှားပစ်လိုက်သည်။ သူက ဟိန်းသံတစ်ခု ပေးလိုက်ရာ သူ့၏ စွမ်းအင်များ တဟုန်ထိုး တက်လာသည်။ အပြာရောင် လျှပ်စီးများ ပိုမိုတောက်ပလာသည်။ သို့သော် သူ မည်မျှပင် အားထုတ်စေကာမူ ခရမ်းရောင်လျှပ်စီးက လုံးဝမလှုပ်ရှားပေ။
ပီလင် မယုံနိုင်အောင် ဖြစ်နေသည်။ နဂါးပြာတစ်ကောင် အနေဖြင့် သူသည် လေဒြပ်စင်ကို ထိန်းချုပ်နိုင်သည့် မွေးရာပါ စွမ်းရည်ရှိသည်။ ထို့အပြင် သူသည် လျှပ်စီးစွမ်းအင်ကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သည်။ ဇိုလာ၏ မိခင်ဖြစ်သူ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော မာရီယာသည်ပင် လျှပ်စီး သုတေသနတွင် သူ၏ အောင်မြင်မှုနှင့် မယှဉ်နိုင်ပေ။
သူက စွမ်းအားအကုန် အသုံးပြုခဲ့သော်လည်း ဇိုလာသည် သူ၏ အပြင်းထန်ဆုံး အပြာရောင်လျှပ်စီးကို ခိုင်ခိုင်မာမာ ဖိနှိပ်ထားဆဲပင်။
ဒါက အရင်က မသိနားမလည်တဲ့ ‘ကလေးမလေး’ လား။
တိုင်းပြည် သို့မဟုတ် တခြားမည်သည်နှင့်မှ ယှဉ်ပြိုင်စရာ မလိုပေ။ ထိုတိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် ဇိုလာသည် သူ၏ တိုင်းပြည်အဆင့် အထွတ်အထိပ်ထက် မနိမ့်သော စွမ်းအားကို ပြသခဲ့လေပြီ။
ထိုအချိန်တွင် ပီလင်သည် ဇိုလာ၏ အေးစက်စက် နှာခေါင်းရှုံ့သံကိုသာ ကြားလိုက်ရသည်။ “ဒီလောက်ပဲလား။”
ပီလင်သည် အကြီးအကျယ် ထိတ်လန့်သွားသည်။ ဇိုလာ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ခရမ်းရောင်လျှပ်စီးများသည် အထူးစည်းချက်တစ်ခုနှင့် လင်းလက်လာသည်။ သူသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး မျက်နှာက ဝါးနေသည်။ ထို့နောက် လျှပ်စီးဖြင့် ဖုံးအုပ်ထားသော နိမိတ်ပုံရိပ် တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
အလယ်ရှိ တောက်ပနေသော ခရမ်းပြာရောင် အလင်းလုံးက ပီလင်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျား လာသည်။ နဂါးများသည် သူတို့ မြင်နေရသည်ကို မယုံနိုင်ကြပေ။ နှစ်ပေါင်း ၂၀၀၀၀ ကြာ ပျောက်ဆုံးနေခဲ့သော မဟာအကြီးအကဲ၏ သမီး ဇိုလာကို ရင်ဆိုင်ရသောအခါ တိုင်းပြည်အဆင့် အထွတ်အထိပ်ရောက်နေသော အကြီးအကဲ နဂါးပြာ ပီလင်သည် ဖိနှိပ်ခံနေရသည်။
ဘေးနားမှ လေဒြပ်စင်ဘုရင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဒြပ်စင်နှလုံးသား။ ဒါက တကယ်ကို ဒြပ်စင်နှလုံးသားရဲ့ စည်းချက်ပဲ!”
ဒြပ်စင်ဘုရင်များသာ ဒြပ်စင်နှလုံးသားရှိသည်။ ယခု ထိုစည်းချက်သည် ဇိုလာ၏ ခန္ဓာကိုယ်တွင် ပေါ်ထွက်လာ၏။
“ဒါက အခြေခံစည်းချက်ပဲ ရှိသေးပေမယ့် ဒါ တကယ်ကို လေဒြပ်စင်နှလုံးသားရဲ့ စည်းချက်ပဲ!” ဆက်သ်တိုင်းက အံ့အားသင့်စွာ ဖော်ပြလိုက်သည်။
လျှပ်စီး နိမိတ်ပုံရိပ်များနှင့် ဖွဲ့စည်းထားသော ဇိုလာက ရုတ်တရက် လက်ဖျောက်တီးလိုက်ရာ အပြာရောင် လျှပ်စီးများ ချက်ချင်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွား၏။ ပီလင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခရမ်းရောင်လျှပ်စီးများ ဝန်းရံထား တော့သည်။
“ဂါး......” ပီလင်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် မူလနဂါးပုံစံကို ပြန်ရောက်သွားသည်။ နဂါးပြာများသည် မွေးရာပါ လေဒြပ်စင်ထိန်းချုပ်နိုင်စွမ်းရှိပြီး လေဒြပ်စင်စွမ်းအားကိုလည်း သိသိသာသာ ခံနိုင်ရည်ရှိသလို ပျက်စီးမှု လျှော့ချနိုင်စွမ်းလည်း ကောင်းသည်။ သို့သော် ထိုခရမ်းရောင်လျှပ်စီးသည် ထူးခြားသည့် ထိုးဖောက်နိုင်စွမ်း ရှိပုံရပြီး နဂါးပြာ၏ မွေးရာပါ စွမ်းရည်ကို လုံးဝ လျစ်လျူရှုထားနိုင်ခဲ့သည်။
ပီလင်၏ ကြီးမားသည့် ခန္ဓာကိုယ်က လျှပ်စီးထဲတွင် အလိုလို တုန်ယင်နေသည်။ သူက ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီး နဂါးအကြေးခွံများပင် ထောင်လာကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ “စောက်ကျိုးနည်း...”
ဘေးနားမှ ခါရူက လာရောက် တားဆီးချင်သော်လည်း ရုတ်တရက် သူ့ရှေ့တွင် ထူးဆန်းသည့် ကြက်သွန်နီတစ်လုံး ပေါ်လာရာ သူ မေ့လဲသွားခဲ့သည်။ ထိုတိုင်းပြည်အဆင့် အငွေ့အသက်က နဂါးများကို ကြောက်လန့်စေခဲ့ပြီး ခဏလောက် ရှေ့သို့ တိုးရဲခြင်းမရှိကြတော့ပေ။ အားနည်းသူကို အနိုင်ကျင့်ပြီး ဂုဏ်ယူဝံ့ကြွားခြင်းကတော့ ဆရာသခင် ချွဲကျိကောင်၏ ကျွမ်းကျင်မှုပင်။
ချန်လွေ့က လျှပ်စီးနှင့် ဖုံးအုပ်ထားသော ပီလင်ကို သနားစွာနှင့် ကြည့်လိုက်သည်။ သူ သက်တန့်တောင်ကြားမှ နတ်မိမယ်နဂါး၏ လက်ထောက်ဖြစ်စဉ်က နေ့တိုင်း မီးသွေးတုံးအဖြစ် ‘နှစ်ခြင်း’ခံခဲ့ရသည်။ သွေးနှင့် မျက်ရည်များ၏ သမိုင်းကြောင်းက ‘နတ်ဆိုးလောကမှာ သံမဏိကို ဘယ်လို ဖန်တီးသလဲ’ ဆိုသည့် စာအုပ်တစ်အုပ်ကို ရေးဖွဲ့ရန် လုံလောက်ပေသည်။
ဇိုလာက သတ်ရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း သူ သိသည်။ ခုနက ပီလင် သူ့အပေါ် မာနထောင်လွှားမှုကိုပါ ထည့်စဉ်းစားပြီး သင်ခန်းစာ ပေးချင်ရုံသက်သက် ဖြစ်၏။ ထို့ကြောင့် ချန်လွေ့ သူ့ကို မတားဆီးခဲ့ပေ။
“ငါက နဂါးတောင်ကြားရဲ့ အကြီးအကဲပဲ။ မင်း ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့!”
“ဇတ်..ဇတ်..…” (လျှပ်စစ်မီးပွားသံ)
“ရပ်လိုက်စမ်း။ မဟုတ်ရင် မာရီယာတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး!”
“ဇတ်..ဇတ်.. ဇတ်..ဇတ်..…”
“ဂွေရိုအက်စ်။ ငါ့ကို ကယ်ပါဦး!”
“ဇတ်..ဇတ်.. ဇတ်..ဇတ်..…”
“အား! တော်လိုက်စမ်း..”
“ဇတ်..ဇတ်.. ဇတ်..ဇတ်.. ဇတ်..ဇတ်.. ဇတ်..ဇတ်..…”
“ငါက နောက်တာပါ ဇိုလာ!”
“ဇတ်..ဇတ်..…”
“မင်းမိဘတွေနဲ့ ငါ့ရဲ့ ဆက်ဆံရေးက သူငယ်ချင်းတွေ ဖြစ်နေပြီ။ မင်း ငါ့ကို ဒီလို လုပ်လို့မရဘူး။”
“သြော်..” ခရမ်းရောင်လျှပ်စီးများက နောက်ဆုံးတော့ နှေးကွေးသွားခဲ့သည်။
“ဟုတ်တယ်။ လုံးဝအမှန်ပဲ။” ပီလင်က တစ်ကိုယ်လုံး တုန်ယင်နေရင်း အတည်ပြုလိုက်သည်။ သူ့လျှာက ထုံနေပြီး စကားမပြောနိုင်တော့ဟု ခံစားလိုက်ရသည်။
“ရှင်က ဘယ်သူလဲ။” ဇိုလာက ငေးငိုင်လျက် မေးလိုက်ပြီး ခရမ်းရောင်လျှပ်စီးမီးပွားက နှစ်ဆတိုးလာခဲ့သည်။
ပီလင်- “…”
အားလုံး- “…”
ထိုအချိန်တွင် စမ်းသပ်မှု ပုံရိပ်ယောင်၏ မြူခိုးများက ရုတ်တရက် ရပ်တန့်သွားပြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်တွင် တောက်ပသော ရွှေရောင်အလင်းတစ်ခု လင်းလက်သွားပြီး ကြီးမားသော ရွှေရောင်လက်ဖဝါးကြီးတစ်ဖက်က လေထဲတွင် ပေါ်လာပြီး ဇိုလာအပေါ်သို့ ဖိချလိုက်သည်။
ရွှေရောင်လက်ဖဝါး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင် နေရာက ကြောက်မက်ဖွယ် ဖိအားကြောင့် ပြိုကွဲမတတ် ဖြစ်နေသော အခြေအနေကို ပြသနေသည်။ ဇိုလာက လေးနက်သည့် အမူအရာကို ပြသလိုက်သည်။ သူက ပီလင်ကို ချန်ထားပြီး ကြီးမားသည့် ခရမ်းရောင် လျှပ်စီးလက်တစ်ဖက်ကို ဖန်တီးကာ ရွှေရောင်လက်ဖဝါးကို ရင်ဆိုင်လိုက်သည်။
နှစ်ဖက်စလုံး၏ အရှိန်က အင်အားကြောင့် ရုတ်တရက် နှေးကွေးသွားသည်။ လေထဲတွင် ခဏတာ ထိပ်တိုက် ရင်ဆိုင်နေပြီးနောက် လျှပ်စီးက ပြိုကွဲလုနီးပါး ဖြစ်နေပုံရသည်။ သို့သော် မကြာမီမှာပင် လျှပ်စီးထဲတွင် အနက်ရောင်၊ အဖြူရောင်၊ အပြာရောင်၊ အဝါရောင်နှင့် အနီရောင်ဟူ၍ အရောင်လေးမျိုး ထပ်မံ ထွက်ပေါ်လာသည်။ စွမ်းအား တစ်ခုလုံးက ရုတ်တရက် အကြိမ်ပေါင်းများစွာ သို့မဟုတ် အဆဒါဇင်ခန့် တိုးလာသည်။
ဆက်သ်တိုင်းက အံ့အားသင့်သွားသည်။ “လေဒြပ်စင်တင် မကဘူး၊ မြေဒြပ်စင်၊ အလင်းဒြပ်စင်တွေပါ… ဒြပ်စင်နှလုံးသား ၆ ခုလုံး ပြည့်စုံနေတယ်။”
ထိုသို့ ပြောပြီးသည်နှင့် ကြီးမားသည့် လျှပ်စီးလက်နှင့် ကြီးမားသည့် ရွှေရောင်လက်များသည် တစ်ချက်အတွင်း အချင်းချင်း ဆုပ်ကိုင်လိုက်ကြသည်။ လူတိုင်းက အနီးအနားမှ နေရာက အပြင်းအထန် တုန်ခါနေသည်ကိုသာ ခံစားရပြီး ကြီးမားသည့် လက်ဖဝါးနှစ်ဖက်လုံးသည် အချင်းချင်း ထိသွားပြီး တစ်ချိန်တည်းမှာပင် ပြိုကွဲသွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ပီလင်က ထိတ်လန့်သွားသည်။ ဂွေရိုအက်စ်၏ ခွန်အားက နတ်ဘုရားတစ်ပိုင်းအဆင့် အလတ်ပိုင်းနီးပါးသို့ ရောက်နေပြီ ဖြစ်ပြီး မဟာအကြီးအကဲ မာရီယာနှင့် တန်းတူနီးပါးရှိသည်။ ဇိုလာက ငါ့ရဲ့ စွမ်းအား တူတူပဲ ဖြစ်လောက်ပေမဲ့ သူက ဒီတိုက်ခိုက်မှုကို ခုခံနိုင်နေတယ်။
သူ အကြောင်းမဲ့ ရှုံးနိမ့်ခဲ့ပုံ မရချေ။
ထိုအချိန်တွင် လေဒြပ်စင်ဘုရင် ဆက်သ်တိုင်းက ထိုအစွမ်းထက်သည့် နဂါးမလေးသည် လေဒြပ်စင် ဇစ်မြစ်စွမ်းအားကို ရရှိခဲ့သူဖြစ်ကြောင်း နားလည်သွားပြီ။ အတိအကျပြောရလျှင် သူသည် ဒြပ်စင်ဘုရင် ၆ ပါး၏ ဇစ်မြစ်စွမ်းအားကို ရရှိခဲ့ခြင်းပင်။ သို့သော် ဒြပ်စင် ဇစ်မြစ်စွမ်းအား ၆ခုကို ရရှိခဲ့လျှင်ပင် အစွမ်းအထက်ဆုံး [ဒြပ်စင်၆ခုတိုင်းပြည်] ကို အောင်မြင်စွာ ဖွဲ့စည်းရန် အတော်လေး ခက်ခဲသည်။ တစ်ချက်ပေါ့ဆလိုက်သည်နှင့် ပျက်စီးခြင်းကို ဖြစ်စေနိုင်၏။
ထိုအမျိုးသမီးက [ဒြပ်စင်၆ခုတိုင်းပြည်] ကို အောင်မြင်စွာ ထူထောင် နိုင်ခဲ့ရုံမကဘဲ၊ သာမန်ဒြပ်စင်တိုင်းပြည်၏ နယ်ပယ် ကိုပင် ကျော်လွန်ပြီး ဒြပ်စင်နှလုံးသား၏ စည်းချက်ကိုပင် ဖန်တီးနိုင်ခဲ့သည်။
ထိုသို့သော ခွန်အားမျိုးက သာမန်တိုင်းပြည်အဆင့် မဟုတ်တော့ပေ။ ‘အရည်အသွေး’၏ တစ်ချို့သော ကဏ္ဍတွင်ပင် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကို ကျော်လွန်ပြီး ‘အရှိန်အဝါ’ အဆင့်ကို နီးကပ်နေပြီ။ ထို့ကြောင့် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ကြီးမားသည့် ရွှေရောင်လက်ကို ခုခံနိုင်ခြင်းပင်။
လေဒြပ်စင်ဘုရင်၏ မျက်လုံးထဲတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် အပြာရောင်အလင်းက တဖြည်းဖြည်း မှေးမှိန်သွားသည်။ သူ တစ်ခုခုပြောချင်ပုံရသော်လည်း ခေါင်းခါလိုက်ပြီး ကိုယ့်ဘာသာကိုယ် ပြောလိုက်သည်။ “ငါ စောင့်လိုက်သင့်တယ်…”
“ဟမ်...” ပုံရိပ်ယောင်ထဲမှ ဂွေရိုအက်စ်၏ အသံက အနည်းငယ် အံ့သြနေသည်။ ပုံရိပ်တစ်ခု လေထဲသို့ တက်လာပြီး ကြီးမားသည့် လက်ဖဝါးကြီး ထပ်မံပေါ်လာသည်။
ထိုကြီးမားသည့် လက်ဖဝါး၏ ရွှေရောင်အလင်းနှင့် စွမ်းအားက အရင်ကထက်ပင် ပိုကြီးမားနေသည်။ ဇိုလာတွင် [ဒြပ်စင်၆ခုတိုင်းပြည်] ရှိသော်လည်း သူက တိုင်းပြည်အဆင့်သာ ရှိသေးသည် မဟုတ်ပါလား။ ကြီးမားသည့် လျှပ်စီးလက်ဖဝါးက သူ၏ စွမ်းအား အများကြီးကို ကုန်စေခဲ့သည်။ ထိုသို့သော အချိန်တိုလေး အတွင်းတွင် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိရန် ခက်ခဲလိမ့်မည်။
ပို၍ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ဇိုလာဘေးနားတွင် လင်းလက်လာသည်။ ကျယ်ပြန့်ပြီး အစွမ်းထက်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ တောက်ပနေသော ကြယ်များထဲမှ လက်သီးတစ်ချက် ထွက်ပေါ်လာခဲ့သည်။
“ဘုန်း!” နဂါးများ၏ ကြောက်လန့်တကြား ကြည့်ရှုမှု အောက်တွင် ရွှေရောင်ကြီးမားသည့် လက်ဖဝါးက တစ်ချက်ထဲ ကြေမွသွားသည်။
ထို့နောက် တိုက်ပွဲကို ကြည့်နေသော နဂါးများသည် ကြယ်ရောင်နှင့် ရွှေရောင်များ ရောယှက်နေသည်ကိုသာ မြင်လိုက်ရသည်။ သူတို့၏ အမြင်အာရုံက ဖော်ပြမရနိုင်သော စွမ်းအားတစ်ခုကြောင့် ပြင်းပြင်းထန်ထန် ပုံပျက်နေသည်။ တစ်မိနစ် မပြည့်ခင်မှာပင် ကြယ်ရောင်မှလွဲ၍ အလင်းရောင် အားလုံး ပျောက်ကွယ်ကုန်သည်။
မီးခိုးနှင့် ဖုန်မှုန့်များ ပျောက်ကွယ်သွားသည်။ စမ်းသပ်ကွင်း၏ မာကြောသည့် မြေပြင်တွင် ကန့်လန့်ဖြတ် ကြောက်မက်ဖွယ် ကွဲအက်ကြောင်းများ ပြည့်နှက်နေသည်။ မူလ ချိုင့်ဝှမ်းကို ဖုံးလွှမ်းထားသည့် မြူခိုးများလည်း ပျောက်ကွယ်လေပြီ။ စမ်းသပ်မှု မှော်စက်ဝိုင်းက အစွမ်းထက်သည့် စွမ်းအားကြောင့် လုံးဝပျက်စီးသွားပုံရပြီး နဂါးများသည် အံ့သြစွာနှင့် ထိုဘက်ကို ကြည့်နေကြသည်။
ပုံရိပ်နှစ်ခုက တဖြည်းဖြည်း ရှင်းလင်းလာသည်။ တောက်ပသည့် တောင်ပံ၄ခု ချပ်ကာကို ဝတ်ဆင်ထားသူက [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း] ကို အသက်သွင်းထားသည့် ချန်လွေ့ပင်။ သူက ညာလက်ကို ဆန့်တန်းလိုက်ပြီး တခြား လူငယ်တစ်ယောက်ကို ပစ်မှတ်ထားသည်။
လူငယ်က အရပ်အမြင့် အလတ်စားရှိပြီး မျက်နှာက တင်းမာကာ မျက်နှာသွင်ပြင်က ထင်ရှားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ တစ်ဝက်-ချပ်ကာတွင် အက်ကွဲကြောင်း များစွာ ရှိနေပြီး သူက အနည်းငယ် မောဟိုက်နေသည်။
“အရှုံးကို ဝန်ခံလား။” ချန်လွေ့က မေးလိုက်သည်။
လူငယ်က ထိုသူ၏ ညာလက်ထဲမှ ကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားမိသော်လည်း သူ၏ အမူအရာက မပြောင်းလဲပေ။ သူက ပျက်စီးနေသည့် စမ်းသပ်ကွင်းကိုသာ ကြည့်လိုက်ပြီး ဘာမှမဆိုင်သည့် အဖြေကို ပေးလိုက်သည်။ “မင်းက အရမ်းအစွမ်းထက်တယ်၊ ဒါပေမယ့် မင်း နဂါးတွေရဲ့ စမ်းသပ်ကွင်းကို ဖျက်ဆီးလိုက်ပြီ။”
“ဒီစမ်းသပ်ကွင်းက နဂိုကတည်း ငါ့ဟာပဲ၊ နဂါးတွေရဲ့ဟာ မဟုတ်ဘူး။” ချန်လွေ့က လှောင်ပြောင်လိုက်သည်။ “တစ်ခုပဲမေးမယ်၊ အရှုံးကို ဝန်ခံလား။”
လူငယ်က ခေါင်းညိတ်လိုက်သည်။ “ဝန်ခံတယ်။”
ချန်လွေ့က ညာလက်မောင်းကို ကောင်းကင်ဘက်သို့ ဝှေ့ယမ်းလိုက်သည်။ အနီရောင်အလင်းတစ်ခု ကောင်းကင်ကို တည့်တည့်ပျံတက်သွားသည်။ ကောင်းကင်တစ်ခုလုံး ထို ‘အနီရောင်မျဉ်း’ နှင့် တစ်ဝက်ပြတ်သွားသလိုမျိုး လူတိုင်းက မြင်မိလိုက်ကြသည်။
‘အနီရောင်မျဉ်း’ ပျောက်ကွယ်သွားချိန် လမ်းတစ်လျှောက် ပျံ့နှံ့နေသော နေရာလွတ် အက်ကွဲကြောင်းများတွင် ခုနက တိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို အတည်ပြုပေးနေပုံရသည်။
လူငယ်က ထိတ်လန့်သွားသည်။ ထိုတိုက်ခိုက်မှုနှင့် ထိမိလျှင် သိဒ္ဓိနဂါး၏ ခန္ဓာကိုယ်ဖြင့်ပင် လုံးဝ ချေမှုန်းခံ ရမည်ကို သူသိသည်။
ကျန်သည့်နဂါးများကတော့ အံ့အားသင့်နေကြပြီး ဘယ်သူမှ ထပ်ပြီး စကားမပြောရဲကြတော့ပေ။ အစွမ်း အထက်ဆုံး အကြီးအကဲ ဂွေရိုအက်စ်ကိုပင် ပြိုင်ဘက်က အလွယ်တကူ အနိုင်ယူသွားသည် မဟုတ်ပါလား။
ချန်လွေ့၏ ပုံရိပ်က လင်းလက်သွားပြီး နတ်မိမယ် နဂါးဘေးကို ပြန်ရောက်လာသည်။ ခုနက [အစစ်အမှန် အနီရောင် ကွယ်ပျောက်ခြင်း]က စွမ်းအားပြသခြင်း ဖြစ်ပြီး အကျိုးသက်ရောက်မှုက အံ့မခန်းပင်။
ဇိုလာက လျှပ်စီးနိမိတ်ပုံရိပ်မှ လူသားပုံစံသို့ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ သူက ချန်လွေ့၏ လက်ကို တိတ်ဆိတ်ညင်သာစွာ ဆုပ်ကိုင်ထားပြီး ခုနက နဂါးကို မီးဖုတ်ခဲ့ခြင်းနှင့် လုံးဝမဆိုင်သလိုမျိုးပင်။
လူငယ်က ဇိုလာကို မြင်လိုက်သောအခါ သူ့မျက်ခုံးများ ပင့်သွားပြီး မမျှော်လင့်သည့် အမူအရာတစ်ခု ပေါ်လာသည်။ “ဇိုလာလား....”
“ဦးလေး ဂွေရိုအက်စ်။” နတ်မိမယ်နဂါးက ခဏလောက် အံ့အားသင့်သွားသည်။ ယခုတစ်ခါတော့ သူက နားမကြား ဟန်ဆောင်မနေတော့ပေ။
“အင်း၊ ပြန်လာတာ ကောင်းတယ်။” ဂွေရိုအက်စ်က ပို၍ တိတ်ဆိတ်သည့် စိတ်နေသဘောထားရှိပုံရသည်။ သူက ဘာမှမမေးဘဲ စိတ်သက်သာရာရစွာနှင့် ခေါင်းညိတ် လိုက်သည်။ သူက မေ့လဲနေသော ခါရူအနားကို တည့်တည့်သွားပြီး ကယ်လိုက်သည်။
ထိုအချိန်တွင် နဂါးများက ချန်လွေ့နှင့် ဇိုလာကို အမြင်များ လုံးဝကွာခြားစွာ ကြည့်နေကြသည်။ မည်သည့်လူမျိုးစုဖြစ်စေ အမှန်တကယ့် အစွမ်းထက်သူများကတော့ လေးစားမှုနှင့် ကြောက်ရွံ့မှုကို အမြဲရရှိနိုင်သည်။
ချန်လွေ့က ဂွေရိုအက်စ် စကားသိပ်မပြောသော်လည်း ဇိုလာအပေါ် အမှန်တကယ် ကြင်နာသည်ကို မြင်နိုင်ခဲ့သည်။ ခုနက သူ့ကို ရှုံးနိမ့်၍ မဟုတ်ဘဲ တကယ့်ကို ကြင်နာမှုပင်။ သူ ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ “‘စည်းကမ်းတွေ’ လိုမျိုး ခေါင်းစဉ်တွေက ဆွေးနွေးစရာ မလိုဘူးလို့ ကျုပ် ထင်တယ်။ အကြီးအကဲ ပီလင်လည်း သဘောမတူစရာ မရှိဘူးလို့ ကျုပ် ယုံကြည်တယ်။”
လူသားပုံစံ ပြန်ရောက်နေသော အကြီးအကဲ နဂါးပြာက ခါရူ၏ အကူအညီနှင့် တုန်တုန်ယင်ယင် ထရပ်လိုက်သည်။ သူ့၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်က အခါအားလျော်စွာ အစိမ်းရောင်မြူခိုးများ ထွက်နေသည်။ သူက စိတ်ဓာတ် ကျနေပုံရပြီး စကားမပြောပေ။
ဇိုလာ၏ ခွန်အားက သူ့ကို ကျော်လွန်သွားသည်မှာ သိသာသည်။ ထို ‘စည်းကမ်း’ ဆိုသည်က ရယ်စရာပင်။ အရှက်အကွဲဆုံးကတော့ သူ့သားနှင့် နဂါးငယ်လေးများ အများကြီးရှေ့တွင် သူ၏ ဂုဏ်သိက္ခာ ဆုံးရှုံးသွားခြင်းပင်။
“ဆာ-ဂွေရိုအက်စ်။” ချန်လွေ့၏ ကြယ်ချပ်ကာက တဖြည်းဖြည်း မှေးမှိန်သွားပြီး ဖော်ရွေသည့် အပြုံးကို ဖော်ပြလိုက်သည်။ “မဟာအကြီးအကဲ မာရီယာကို သတင်းပို့ပေးနိုင်မလား။ ဒါက အမေတစ်ယောက်အတွက် သတင်းကောင်းဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”
ဂွေရိုအက်စ်က ဇိုလာက ချန်လွေ့ကို လက်ဆွဲထားသည်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ဂွေရိုအက်စ်နှင့် မာရီယာတို့သည်လည်း နတ်ဘုရား တစ်ပိုင်းအဆင့် အကြီးအကဲများဖြစ်သောကြောင့် မာရီယာကို တိုက်ရိုက်ခေါ်ရန် တိုကင်မရှိကြပေ။ ကမ္ဘာမကြေရန်သူ ပီလင်တွင်မူ ပြောစရာပင် မလိုပေ။ သို့သော် ဂွေရိုအက်စ်တွင် ကိုယ်ပိုင် ဆက်သွယ်ရေးနည်းလမ်းရှိသည်။ သူ စာပို့ပြီး နေရာလွတ် ကန့်သတ်မှတ်တစ်ခု တည်ဆောက်ပြီး ၃နာရီခန့် ကြာသောအခါ ကန့်သတ်မှတ်တွင် တယ်လီပို့ လမ်းကြောင်းတစ်ခု ပွင့်လာပြီး လူနှစ်ယောက် ထွက်လာသည်။ သူတို့က မဟာအကြီးအကဲ မာရီယာနှင့် နတ်သူငယ်ဘုရင် စပန်တို့ပင်။
မဟာအကြီးအကဲ နတ်သမီးနဂါးနှင့် နတ်သူငယ်ဘုရင် နှစ်ယောက်လုံး အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ မာရီယာက ပုံမှန်အားဖြင့် သူ၏ ခရမ်းရောင်ဆံပင်ကို အထုံးမြင့်မြင့် စည်းထားသော်လည်း အခုတော့ ပွတ်သီး ပွတ်သတ် ဖြစ်နေသည်။ သူက တယ်လီပို့လမ်းကြောင်း ပြုလုပ်ရန်အတွက် အလျင်လိုနေသောကြောင့် သူ့၏ ပုံစံကို ဂရုမစိုက်နိုင်ခြင်း ဖြစ်နိုင်သည်။
“ဇိုလာ!” မာရီယာက အစ်ဇဘယ်လာနှင့် စကားပြော နေသော သူ့သမီးကို မြင်သည်နှင့် ပထမဆုံး အကြိမ် အော်ခေါ်လိုက်သည်။
ဇိုလာက မာရီယာကို ငေးငိုင်လျက် စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းများ လှုပ်ရှားနေသည်။ သူ စကားမပြောခင်မှာပင် တယ်လီပို့လာသော မာရီယာ၏ ရင်ခွင်ထဲသို့ ရောက်သွား၏။
“ကလေးလေး၊ နှစ်ပေါင်း ၂၀၀၀၀ ကြာခဲ့ပြီ။ သမီးလေး နောက်ဆုံးတော့ ပြန်လာခဲ့ပြီ၊ ရွှတ် ရွှတ်…” မာရီယာတွင် မဟာအကြီးအကဲ၏ ခန့်ညားမှုမရှိတော့ဘဲ သူ့သမီးကို ဖက်ထားကာ မျက်ရည်များ စီးကျနေသည်။
ဇိုလာက ‘အမေ’ ဟု ခေါ်လိုက်ပြီး ပခုံးများ အနည်းငယ် တုန်ယင်နေရင်း မာရီယာ၏ ရင်ဘတ်ထဲသို့ ခေါင်းငုံ့နေ လိုက်သည်။
နတ်သူငယ်ဘုရင်က တယ်လီပို့မလုပ်ခဲ့ပေ။ သူက သူ့ဇနီးနှင့် သမီးဆီသို့ လျှောက်သွားပြီး လက်မောင်းဖြန့်ကာ သူ့ဘဝ၏ အရေးအကြီးဆုံး အမျိုးသမီး နှစ်ယောက်ကို ပွေ့ဖက်လိုက်သည်။
ချန်လွေ့က မျက်ရည်များဝဲလာပြီး နတ်ဆိုးဘံု၌ သိုင်းပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ကတ်သရင်းနှင့် သူ့သမီးတို့ ပြန်လည် ဆုံစည်းကြသည့် မြင်ကွင်းကို ရုတ်တရက် သတိရလိုက်သည်။ အစ်ဇဘယ်လာက သူ့ဆီသို့ လျှောက်လာပြီး လက်ကို ညင်သာစွာ ကိုင်ကာ မိသားစုသုံးယောက်ကို အားကျစွာ ကြည့်နေလိုက်တော့သည်။