← Chapters

ယောက်ဖ၊ အပြင် ထွက်ပြောရအောင်

Vol. 56 Ch. 915

ယောက်ဖ၊ အပြင် ထွက်ပြောရအောင်

Vol. 56 Ch. 915

၁၀မိနစ်ခန့်ကြာသော် ပါဂရစ်ဇ်နှင့် အကြီးအကဲတို့သည် မာရီယာ၏ သက်တန့်တောင်ထွတ်သို့ ရောက်ရှိလာကြသည်။

ကွင်းပြင်သို့ မရောက်ခင် လမ်းတလျှောက်လုံး တန်းစီနေသည့် ရှည်လျားသော လူတန်းကြောင့် အားလုံးက အံ့အားသင့်သွားကြသည်။

“ဝက်ဂ်၊ မင်း ဘာလို့ ထပ်ပြီးတော့ တန်းစီနေတာလဲ။”

“ခုနက စမ်းသပ်ချိန် မိနစ် ၂၀ ပဲ ရှိသေးတယ်။ ငါ မကျေနပ်သေးဘူး။ ဒါပေမယ့် ငါ့ အကောင့်နဲ့ အဆင့်က အဲဒီမှာ ရှိနေသေးတာဆိုတော့ ဒီတစ်ခါ ဆက်လုပ်လို့ရတယ်။ ကာဆန်။ မင်းက စမ်းသပ်ချက်ကို အကြောက်ဆုံး မဟုတ်ဘူးလား။ ဒီတစ်ခေါက် ဘာလို့ မထွက်ပြေးတာလဲ။”

“မင်းဖင်ကြီးကို ကြောက်ရမှာလား။ ငါ ခုနက စမ်းသပ်ချက်မှာ ယှဉ်ပြိုင်တဲ့သူကို သတ်ပစ်တော့ အသက် ၁၀%ပြန်ရတဲ့ သလင်းကျောက်လေး ရခဲ့တယ်။ ငါ မြန်မြန်နဲ့ သိုလှောင်ခန်းထဲ သိမ်းလိုက်လို့ တော်သေးတာပေါ့။ ဟားဟား။ နောက်ကျရင် ငါ ဆက်ပြီးတော့ စွန့်စားရမယ်။”

“မင်း တော်တော် ကံကောင်းတယ်။ ဆာရိုဂျာနဲ့ ငါက မကောင်းဆိုးဝါးကို သတ်ဖို့ ကြိုးစားနေတုန်း မိနစ် ၂၀ ပြည့်သွားတာပဲ။”

“သလင်းကျောက်လို ဆေးရည်တွေအပြင် အထူး ပစ္စည်းတွေလည်း ရှိတယ်လို့ ကြားတယ်။”

“ဒီစမ်းသပ်မှုက မုန်တိုင်းကျွန်းကထက် အများကြီး ပိုကောင်းတယ်။ ဝိညာဉ်တန်ပြန်မှုလည်း မရှိဘူး။ တိုက်ခိုက်တဲ့ ခံစားချက်လည်း ငါ့စိတ်ထဲမှာ ကျန်ရစ်နေတယ်။ စီပီးယား၊ ငါတို့ နောက်တော့ ပြန်ရောက်ရင် ထပ်တိုက်မယ်။ ဒီတစ်ခါ မင်းရဲ့ အဆုံးသတ် တိုက်ကွက်ကို ငါ ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်တယ်။”

“လာခဲ့လိုက်လေ။”

“…”

စတန်ဝဲလ် အလျင်အမြန် ပြောလိုက်သည်။ “အရှင်မင်းကြီး။ ဒါက မာရီယာနဲ့ အဲဒီလူသားရဲ့ ပရိယာယ်ပါ။ ဒီနဂါးတွေ တမင်ခေါ်ထားပြီး လှည့်ဖြားဖို့ ဖြစ်နိုင်ပါတယ်…”

ပါဂရစ်ဇ်က စူးစူးစိုက်စိုက် ကြည့်လိုက်ရာ စတန်ဝဲလ် ကြောက်လန့် တုန်လှုပ်သွားပြီး ထပ်မံစကားမပြောတော့ပေ။

လူအုပ်စုသည် မကြာမီပင် တိုင်တစ်ခုရှိသော ကွင်းပြင်သို့ ရောက်လာသည်။ နတ်သူငယ်ဘုရင် စပန်နှင့် ပါ့ဂ်လီအိုတို့က ဘေးမှ ကင်းစောင့်နေကြသည်။ တိုင်ပတ်လည်ရှိ နဂါး အများအပြားသည် လူပုံသဏ္ဌာန်ဖြင့် ရှိနေကြပြီး ခေါင်းပေါ်တွင် ထူးခြားသော မှော်ခေါင်းစွပ်ကို ဆောင်းထားကာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။ ပါဂရစ်ဇ် ရောက်ရှိလာခြင်းကိုပင် သတိမထားမိဘဲ မှိန်းနေဟန် တူသည်။

“ဟုတ်ပြီ။ သူတို့ကို အရင်နှိုးလိုက်မယ်။”

ချန်လွေ့ လက်ဖျောက် တီးလိုက်သည်နှင့် မှော်စွမ်းအင် ထုတ်လွှတ်မှု ရပ်သွားပြီး နဂါးများ တစ်ကောင်ပြီးတစ်ကောင် နိုးလာကြသည်။

“ဘာလို့ ပျောက်သွားတာလဲ။”

“ဆာ စပန်၊ ဘာဖြစ်သွားတာလဲ။”

“ငါက လက်ရီနဲ့ ခုနက ခေါင်းဆောင်အသေးလေးကို တိုက်ခိုက်နေတာ။ သူ သေတော့မှာကို။ ရုတ်တရက်ကြီး ပျောက်သွားတယ်။ အား......”

“မြန်မြန် ဆက်လုပ်ကြမယ်။”

“…”

“အဲဒီကောင် ငါ့ခေါင်းကို တစ်ခုခုနဲ့ ရိုက်လိုက်တာ… အာ့။ အရှင်မင်းကြီး ပါဂရစ်ဇ်.....။”

နဂါးများ အလျင်အမြန် ထရပ်ပြီး ဦးညွှတ်ကြသည်။ ပါဂရစ်ဇ်သည် ဆက်လုပ်ရန် အော်ဟစ်နေသော နဂါးများကို ကြည့်လိုက်သည်။ သူတို့ထဲမှ အများအပြားသည် ပုံမှန် အားဖြင့် ပျင်းရိတတ်သူများ ဖြစ်ကြသည်။ သူ အမှန်ပင် အံ့သြသွားသည်။ ထိုနဂါးများထဲမှ အများအပြားသည် အကြီးအကဲများ၏ သားသမီးများ သို့မဟုတ် တပည့်များ၊ ထို့ပြင် သူကိုယ်တိုင် ပြုစုပျိုးထောင်ထားသော လူယုံများ ဖြစ်ကြသည်။ သူတို့အားလုံးကို မာရီယာက လာဘ်ထိုးပြီး လှည့်ဖြားနေခြင်းဆိုသည်မှာ မဖြစ်နိုင်ပေ။

ထို့သို့ဆိုလျှင် အဖြေ တစ်ခုတည်းသာ ရှိသည်။ ‘စမ်းသပ်ကွင်း’ အသစ်သည် လူသား ပြောသကဲ့သို့ပင် ကြီးမားသော ဆွဲဆောင်မှုရှိပေ၏။

မုန်တိုင်းကျွန်းကထက် တကယ်ပဲ အဆ၁၀၀ ပိုကောင်း တာလား။

ပါဂရစ်ဇ်သည် မှော်ခေါင်းစွပ်တစ်ခုကို ကောက်ယူလိုက်စဉ် ချန်လွေ့၏ အသံက ဘေးနား ထွက်ပေါ်လာသည်။ “အရှင်မင်းကြီး၊ လက်ရှိ စမ်းသပ်စနစ်က တိုင်းပြည်အဆင့် အထွတ်အထိပ်အောက် လေ့ကျင့်သူတွေ အတွက်ပဲ အသုံးပြုလို့ ရပါတယ်။ အရှင်မင်းကြီး စမ်းကြည့်ချင်တယ် ဆိုရင် ဝိညာဉ်စွမ်းအားကို တိုင်းပြည်အဆင့် အထွတ်အထိပ် အောက်သို့ ဖိနှိပ်ထားရပါမယ်။ အရှင်မင်းကြီးက လေ့ကျင့်မှုပုံစံကို ခံစားနိုင်ပေမဲ့ ဝိညာဉ်စွမ်းအား ကြီးမားလွန်း တာကြောင့် တိုင်းပြည် ပုံရိပ်ယောင်စွမ်းအားရဲ့ အာနိသင် အစစ်အမှန်ကို မခံစားရနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် လေ့ကျင့်ရေးရဲ့ အကျိုးအမြတ်တွေကို မရနိုင်ပါဘူး။”

ပါဂရစ်ဇ် ခေါင်းညိတ်ပြီး ခေါင်းစွပ်ကို ဆောင်းလိုက်သည်။ ကျန်သော အကြီးအကဲများလည်း နောက်မှလိုက်လုပ်ကြပြီး စတန်ဝဲလ် ခဏတာ တွန့်ဆုတ်ပြီးမှ ခေါင်းစွပ်ကို ကောက်ယူ လိုက်သည်။

၃နာရီ ကြာပြီးနောက်...

သက်တန့် တောင်ထွတ် ခန်းမ၌ -

“ဆာ-ရစ်ချက်....”

ပါဂရစ်ဇ်သည် စားပွဲဝိုင်း၏ တစ်ဖက်မှ လူသားကို ပြုံးပြပြီး ကြည့်နေသည်။ ‘စမ်းသပ်မှု’ကို တွေ့ကြုံခံစားပြီး ချန်လွေ့၏ မှော်ဂိမ်းကို လူသားလောကတစ်ခုလုံးတွင် ဖြန့်ကျက်ရန် အစီအစဉ်ကို နားထောင်ပြီးနောက်တွင် နဂါးဧကရာဇ်၏ သဘောထား ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။

သက်တမ်း ကြာရှည်ခြင်းဖြစ်စေ၊ စွမ်းအားဖြစ်စေ နဂါးများသည် အခြားမျိုးနွယ်များထက် သာလွန်သည်။ မှော်ဂိမ်းသည် လူသားလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားလျှင်ပင် အခွင့်အရေးတူညီသော လေ့ကျင့်ရေး ပတ်ဝန်းကျင် အောက်တွင် နဂါးများ၏ တိုးတက်မှုသည် အခြားသော မျိုးနွယ်များကို ကျိန်းသေပေါက် ကျော်လွန်သွားလိမ့်မည်။ ထို့အပြင် အဆက်မပြတ် အခကြေးငွေကောက်ခံသည့် ပုံစံက သေဆုံးသူရှိသော စမ်းသပ်မှုများ၊ ပါရမီရှင် အမြောက် အမြား၊ အဆုံးမရှိသော ကြွယ်ဝမှုတို့ကို အမှန်တကယ် လက်ထဲတွင် ဆုပ်ကိုင်နိုင်သော အရာများ ဖြစ်လာစေနိုင်၏။

ဒီလူသားက အပိုပြောနေတာ မဟုတ်ဘူး။

“ဆာ-ရစ်ချက်က အရင်က အစီအစဉ်က လူသားလောက တစ်ခုလုံးဆီ ဖြန့်ကျက်ဖို့ ပြောခဲ့တယ်။ ဒါကို ငါ အတော်လေး သဘောတူတယ်။ ဒါက သမိုင်းဝင်ပြီး အရေးကြီးတဲ့ ပြောင်းလဲမှု တစ်ခုလည်း ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ခွဲဝေမှု အပိုင်းမှာ မင်းရဲ့ ၇၀% က များလွန်းနေတယ်။ ၅၀ - ၅၀က အသင့်တော်ဆုံးလို့ ငါ ထင်တယ်။”

“အရှင်မင်းကြီး၊ အမှန်ပြောရရင် နဂါးတောင်ကြားကို ၃၀% ပေးလိုက်တာတောင် ကျုပ် ဆုံးရှုံးတယ်လို့ ခံစားရတယ်။” ချန်လွေ့ ခေါင်းခါလိုက်သည်။ သူ မပေးချင်ပေ။ “ဒါကို နည်းပညာအရ ဘယ်သူမှ မတုပနိုင်ဘူး။ အကြီးအကဲ တချို့ အခုပဲ ကြိုးစားကြည့်ပြီး အတည်ပြုပြီးပြီ။ ဆိုလိုတာက ကျုပ်မှာ အထူးနည်းပညာနဲ့ ပစ္စည်းကိရိယာတွေ ရှိတယ်။ အယုံကြည်ရဆုံး မိတ်ဖက်ကို ရှာဖို့ပဲ လိုတာ။ ရိုင်းပျမိရင် ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် မှော်ဂိမ်းတွေကို ကျွန်တော် ကြော်ငြာနိုင်တဲ့ အင်အားစုတွေက နဂါးတွေချည်း မဟုတ်ဘူး။ ဥပမာ… သိဒ္ဓိအလင်းတောင်၊ နတ်သူငယ်မျိုးနွယ်စုတွေ မှာလည်း အတူတူပဲ။ ဒါမှမဟုတ် ပိုတောင် ကောင်းတဲ့ အခြေအနေတွေ ရှိတယ်။ အရှင်မင်းကြီးက ကျုပ်ကို အဲဒီအင်အားစုတွေဆီ တွန်းပို့နေတာလား။”

“ဆာ၊ နဂါးတွေနဲ့ မင်းရဲ့ ဆက်ဆံရေးကို မမေ့ပါနဲ့။ လူသိရှင်ကြားပဲ ဖြစ်ဖြစ်စ၊ ကိုယ်ရေးကိုယ်တာပဲ ဖြစ်ဖြစ်၊ နတ်သူငယ်မျိုးနွယ်စု နဲ့ သိဒ္ဓိကျောင်းတော်က ငါတို့နဲ့ ယှဉ်လို့မရဘူး။” ပါဂရစ်ဇ် လက်နှစ်ဖက် ဖြန့်လိုက်သည်၊ “အကြီးအကဲ ဇိုလာကို မင်းနဲ့ စကားပြောခိုင်းရမလား။”

ချန်လွေ့ ပြုံးလိုက်သည်။ “ဒီလိုဆိုရင် အရှင်မင်းကြီးက စွန့်လွှတ်ဖို့ စိတ်ပြင်ဆင်ထားရမယ်။ ဇိုလာက ကျုပ် မိန်းမပဲလေ။ အဲဒီအချိန် နဂါးတွေ ၁၀% ရရင်တောင် ကံကောင်းတယ်လို့ သတ်မှတ်ရမှာပဲ။ တကယ်တော့ မှော်စမ်းသပ်ဂိမ်းက ကျုပ်နဲ့ နဂါးတွေကြားက ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းတွေထဲက တစ်ခုပဲ ရှိပါသေးတယ်။ ဥပမာ… ဒီဟာမျိုး....”

စားပွဲပေါ်တွင် ဝိုင်ပုလင်းတစ်လုံးရှိပြီး ဝိုင်နံ့သင်းပျံ့စွာ ထွက်ပေါ်နေသည်။ နဂါးတောင်ကြားရှိ နဂါးများအားလုံးလိုလို ဝိုင်ကို မကြိုက်သူ မရှိပေ။ ထို့ပြင် ဝိုင်၏ ရနံ့သည် ထူးခြားပြီး ပြင်းထန်ကာ သူတို့မြည်းဖူးသော အကောင်းဆုံး ဝိုင်များ အားလုံးကို ကျော်လွန်နေ၏။ အကြီးအကဲများစွာသည် အနံ့ရှုရှိုက်ပြီး စားပွဲပေါ်ရှိ ဝိုင်ကို စိုက်ကြည့်နေကြသည်။ နဂါးဧကရာဇ် ပါဂရစ်ဇ်လည်း ခြွင်းချက်မဟုတ်ပေ။

“အသက်ဓာတ်ရေစင်နဲ့ ပေါင်းစပ်ချက်လုပ်ထားတဲ့ ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက်။ အဆင့် ၄ဆင့် ခွဲခြားထားတယ်။ အဆင့်၃၊ အဆင့်၂၊ အဆင့်၁ နဲ့ အကောင်းဆုံး အဆင့်။ ဒီပုလင်းက အကောင်းဆုံးအဆင့် ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက်ပဲ။ အရှင်မင်းကြီး အရင် မြည်းကြည့်လို့ ရပါတယ်။”

သူပြောပြီးသည်နှင့် ဝိုင်ပုလင်းသည် ပါဂရစ်ဇ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။ တစ်ငုံသောက်ပြီးနောက် သူ၏ မျက်လုံးများ တောက်ပလာသည်။ မျက်စိတစ်မှိတ် အတွင်း တစ်ပုလင်းလုံး ကုန်သွား၏။

နဂါးဧကရာဇ်၏ မကျေမနပ်သေးသော မျက်နှာ အမူအရာကို ကြည့်နေရင်း အကြီးအကဲတို့ တံတွေးမျိုချ လိုက်ကြစဉ် ချန်လွေ့ဘေးရှိ ပါ့ဂ်လီအိုက တိတ်တဆိတ် ရယ်မောလိုက်သည်။ ငါက ဒီလို ဝိုင်အကောင်းကို နေ့တိုင်း သောက်နေရတာ။ တကယ်တော့ ပါးနပ်တဲ့လူသားက တစ်ခုခုကို ဖုံးကွယ်ထားသေးတယ်။ အဲဒီဝိုင်ဖြူမျိုးက တကယ့် ပွဲသိမ်းပဲ။

“ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက် တင်မကဘူး၊ ဆေးရည်လည်း ရှိတယ်။”

“ဆေးရည် ဟုတ်လား။” ပါဂရစ်ဇ် ခေါင်းခါလိုက်သည်။ “ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက် ပူးပေါင်းဆောင်ရွက်မှုကို အခုပဲ အတည်ပြုလို့ရတယ်။ ဆေးရည်တွေကတော့… ပြောရမယ်ဆိုရင် ဒီအကြီးအကဲ ကွယ်ရွန်ဒစ်က ဆေးရည်တွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ဆေးရည်ပညာရှင်ပဲ။ သူက ထာဝရ ဆေးရည် ၃ မျိုးကို ဖန်တီးနိုင်တယ်။ မင်းရဲ့ လူသား ဆေးရည် မဟာဆရာသခင်ထက် ပိုသာတယ်။ နဂါးတွေက အဲဒါကို လောလောဆယ် မလိုအပ်သေးဘူး…”

ပါဂရစ်ဇ် စကားမဆုံးမီ ချန်လွေ့သည် ဆေးရည်မည်း တစ်ပုလင်းကို ဆံပင်ဖြူ အကြီးအကဲ ကွယ်ရွန်ဒစ်ထံ ပစ်ပေးလိုက်၏။

ကွယ်ရွန်ဒစ်သည် ပုလင်းအဖုံးကို ဖွင့်ကာ အနံ့ခံ လိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။ “ခဏနေပါဦး။ အရှင်မင်းကြီး။”

ပါဂရစ်ဇ် အံ့သြသွားခဲ့သည်။ အမြဲ တည်ငြိမ်နေတတ်သည့် ကွယ်ရွန်ဒစ်သည် စိတ်လှုပ်ရှားဖွယ် ဆေးရည်တစ်မျိုးကို သောက်ထားသလို ဖြစ်နေသည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေ၏။ “အကြီးအကဲ ကွယ်ရွန်ဒစ်....”

“ကျုပ်ကို မလောနဲ့။” ကောင်းကင်ဘုံ ရောက်နေသော ကွယ်ရွန်ဒစ်က နဂါးဧကရာဇ်အား အမှန်တကယ် အော်ပြောလိုက်သည်။ “ကျုပ် အရင် စမ်းသပ်ချင်တယ်။”

ထိုသို့ပြောပြီးနောက် ကွယ်ရွန်ဒစ် ပျောက်ကွယ် သွားသည်။ ခဏအကြာ သူသည် လက်ထဲတွင် ပုစဉ်း တစ်ကောင်ကို ကိုင်ပြီး ခန်းမသို့ ပြန်ရောက်လာသည်။

ပုစဉ်းသည် နဂါးတို့၏ အဖော်သတ္တဝါများထဲမှ တစ်ကောင်ဖြစ်ပြီး ပြင်းထန်သော တိုက်ခိုက်မှု စွမ်းအား ရှိသော်လည်း ကိုယ်ခန္ဓာမှာ ပျက်စီးလွယ်သည်။

ကွယ်ရွန်ဒစ် လက်ဖြင့် ပွတ်သပ်လိုက်သည်နှင့် ပုစဉ်းသည် နှစ်ပိုင်းပြတ်ပြီး သေဆုံးသွားခဲ့သည်။ ထိုနေရာတွင် ရှိနေသူများအားလုံးက အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ပုစဉ်း သေဆုံးသွားကြောင်း သူတို့ သေသေချာချာ ခံစားမိကြသည်။

သို့သော် ကွယ်ရွန်ဒစ်က ပုစဉ်းပေါ်သို့ ဆေးရည်မည်း လောင်းချလိုက်ရာ ပုစဉ်း၏ ထက်ခြမ်းကွဲနေသော ကိုယ်ခန္ဓာ နှစ်ခုသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး နောက်ဆုံးတွင် အတောင်ပံများခတ်ကာ ပြန်လည် အသက်ဝင် လာခဲ့သည်။

ထိုမြင်ကွင်းကြောင့် ပါဂရစ်ဇ်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။ ကွယ်ရွန်ဒစ် မည်သည်ကြောင့် တည်ငြိမ်မှု ပျောက်ဆုံးသွားရကြောင်း နောက်ဆုံး သူ နားလည်သွားခဲ့သည်။ ကျန်သော အကြီးအကဲများလည်း စိတ်လှုပ်ရှားသွားကြသည်။ ဒါက တကယ်ပဲ ဒဏ္ဍာရီထဲက…

ချန်လွေ့သည် စိတ်ခံစားမှု မလှုပ်ရှားဘဲ တည်ငြိမ်နေဟန် တူသည်။ အဆိပ်နဂါးက လူသားကမ္ဘာရှိ နဂါးများသည် ကမ္ဘာကြီးကို မမြင်ဖူးသည့် တောသားများဖြစ်သည်ဟု ဝေဖန်နေသော်လည်း ထိုဆေးရည်မျိုးကို မြင်တွေ့ခဲ့ရစဉ်က သူကိုယ်တိုင် မည်သို့ဖြစ်ခဲ့သည်ကို တစ်ခါမျှ မတွေးခဲ့ပေ။

“တကယ်ကို ပြန်လည်ရှင်သန်ခြင်း ဆေးရည်ပဲ။” ကွယ်ရွန်ဒစ် အော်ဟစ်လိုက်ရာ ခန်းမတစ်ခုလုံး ပဲ့တင်ထပ် သွားသည်။ သူက ပုံမှန်တည်ငြိမ်မှု လုံးဝ ပျောက်ဆုံး သွားပြီး ချန်လွေ့ရှေ့သို့ အလျင်အမြန်ပြေးသွားသည်။ “ဒီဆေးပုလင်း ဘယ်က ရတာလဲ။”

“ကျုပ်ပြောသလိုပါပဲ။ ကျုပ်က ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်းရဲ့ သခင်ပါလို့။ အင်း… ဒီဂုဏ်ပုဒ်က နည်းနည်းတော့ ပိုလွန်းတယ်။ ပိုပြီးတော့ တိတိကျကျ ပြောရရင်တော့ ဆက်ခံသူပေါ့။” ချန်လွေ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ် ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို ဖော်စပ်ခဲ့တာပါ။ ပြီးတော့ အစစ်အမှန် ဆေးရည် အတွဲလိုက်နဲ့ ထာဝရဆေးရည် အတွဲလိုက်ကိုလည်း ဖော်စပ်နိုင်တယ်။”

ထိုစကားကို ကြားသော် မာရီယာနှင့် စပန်တို့ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ အမှန်တကယ်၌ သူတို့နှစ်ဦးလုံးက သူတို့၏ သားမက်သည် ထိုထက်မက ပြုလုပ်နိုင်ကြောင်း ကောင်းကောင်းသိကြသည်။ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကဲ့သို့ နာမည်ကြီးသော အသက်ရှည်ဆေးရည်လည်း ရှိပေသည်။ သူတို့က ချန်လွေ့ကို ကျေနပ်စွာ ကြည့်လိုက်ကြ၏။

“ဆာ-မဟာ့မဟာဆရာသခင်...” စိတ်လှုပ်ရှားမှုကြောင့် ကွယ်ရွန်ဒစ်၏မျက်နှာ နီရဲသွားခဲ့သည်။ ရုတ်တရက် သူက တစ်ခုခုကို သတိရသွားပြီး ရိုသေစွာ ဦးညွှတ်လိုက်၏။ “တပည့်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။ တပည့်က ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို မြင်တွေ့နေရတာ တွေးမိပြီးတော့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့လို့ပါ။”

တပည့် ဟုတ်လား။ ချန်လွေ့ အံ့အားသင့်သွားသည်။ ဒီဆရာသခင်က ငါအသက်ထက် အနည်းဆုံး အဆ ထောင်သောင်းလောက် ကြီးနေတာကို။ “ခဏလေးနေပါဦး။ အကြီးအကဲ ကွယ်ရွန်ဒစ်…”

“ဒီမှာ အကြီးအကဲတွေ မရှိဘူး။ မဟာဆရာသခင်နဲ့ တပည့်ပဲ ရှိတယ်။ ကျွန်တော်...ကျွန်တော်....အဲဒါ…” ကွယ်ရွန်ဒစ် စကားများ ထစ်ကုန်သည်။ ထိုမြင်ကွင်းက အသေအချာပင် ပါဂရစ်ဇ်နှင့် မိတ်ဆွေများကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။

နဂါးများက ဗဟုသုတကြွယ်ဝလှသည်။ အစစ်အမှန် ဆေးရည် အတွဲလိုက်ကို မပြောနှင့်၊ ထာဝရဆေးရည် အတွဲလိုက်ပင် ထာဝရ‌ဆေးရည် တစ်ပုလင်းထက် အများကြီး ပိုသာလွန်ပေသည်။ ထို့ပြင် ပြန်လည်ရှင်သန်ခြင်း ရေစင်လည်း ရှိနေ၏။

ထာဝရဆေးရည် အတွဲလိုက်ကို ဖော်စပ်နိုင်တဲ့ မဟာဆရာသခင် တစ်ယောက်မှာ တစ်လောကလုံး လေးစားရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ထိပ်တန်းအဆင့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို ဖော်စပ်နိုင်သည့် မဟာ့မဟာဆရာသခင်အကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ချေ။

နောက်ဆုံး ချန်လွေ့က တပည့်ဖြစ်ချင်နေသော စိတ်အားထက်သန်နေတဲ့ အဘိုးကြီး၏ စိတ်ကူးကို ခဏတာ ထိန်းချုပ်နိုင်ခဲ့သည်။

“ဆာ-ရစ်ချက်က ဆေးရည် မဟာ့မဟာ ဆရာသခင် တစ်ယောက်လည်း ဖြစ်နေတာကိုး။” ပါဂရစ်ဇ်က အံ့လျက် ပြောလိုက်သည်။ “မဟာအကြီးအကဲ မာရီယာ၊ မင်းမှာ ခင်ပွန်းကောင်း တစ်ယောက်ရှိတယ်လို့ အရင်က ပြောခဲ့ဖူးတယ်။ အခုတော့ မင်းမှာ သမီးကောင်း တစ်ယောက်နဲ့ သားမက်ကောင်း တစ်ယောက်ရှိတယ်လို့ ထပ်ပြောရမယ်။”

မာရီယာက လှပစွာ ခေါင်းငုံ့ပြီး နဂါးဧကရာဇ်၏ ချီးကျူးမှုကို ကျေးဇူးတင်လိုက်သည်။ ချန်လွေ့၏ အစွမ်းထက်သော ‘စွမ်းအား’ ကို ပြသပြီး နောက်ပိုင်းတွင် စတန်ဝဲလ်၏ မျက်နှာအမူအရာသည် ပို၍ ဆိုးရွားလာသည်။ ယခု ပါဂရစ်ဇ်က မာရီယာကို ‘မဟာအကြီးအကဲ’ ဟု ခေါ်လိုက်ခြင်းသည် နောက်ဆုံး မျှော်လင့်ချက်ကို လုံးဝ ပယ်ချလိုက်ခြင်းနှင့် အတူတူပင်။

“အရှင်မင်းကြီး၊ နဂါးတောင်ကြားနဲ့ ကျုပ်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုက အခု ပြဿနာ မရှိတော့ဘူး မဟုတ်လား။”

“ဒါပေါ့။ ဆာ-ရစ်ချက်။” ပါဂရစ်ဇ်က ပြုံးပြီး ပြောလိုက်သည်။

ချန်လွေ့ ပခုံးတွန့်လိုက်၏။ “ဒါပေမယ့် ကျုပ်မှာ ပြဿနာတစ်ခု ရှိနေသေးတယ်။ ကျုပ်တို့ တကယ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အချိန်မတိုင်ခင် အဲဒီ အကြီးအကဲ စတန်ဝဲလ်နဲ့ အပြင်ထွက်ပြီး သီးသန့်စကားပြောဖို့ လိုမယ်လို့ ထင်တယ်။ ကျုပ်မိန်းမရဲ့ အမေကို ပြည်နှင်ဒဏ်ပေးဖို့နဲ့ ကျူပ်မိန်းမကို တခြား တစ်ယောက်နဲ့ လက်ထပ်ဖို့ တိုက်တွန်း ခဲ့တဲ့ မျိုးမစစ်ကောင်ကိုပေါ့။”

နဂါးဧကရာဇ်က အနည်းငယ် ထူးထူးဆန်းဆန်း ပြုံးပြီး ပြောလိုက်သည်။ “သေချာရဲ့လား။”

“သေချာတယ်။ ဒါပေမယ့် အကြီးအကဲ စတန်ဝဲလ်က တစ်မိသားစုလုံးရှေ့မှာ ဒေါ်လေး မာရီယာနဲ့ ဦးလေး စပန်ကို ခေါင်းငုံ့တောင်းပန်ပြီးတော့ ပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံးကို နစ်နာကြေး အနေနဲ့ ပေးမယ်ဆိုရင်တော့ ဒီကိစ္စက ပြတ်ပြီ။”

“မင်း အိပ်မက် မက်မနေနဲ့။ မာရီယာနဲ့ ငါ့ကြားက ပဋိပက္ခက နဂါးတွေရဲ့ အတွင်းရေးပဲ။ မင်းက ဝင်ပါရအောင် ဘယ်သူမို့လို့လဲ။” စတန်ဝဲလ် ရုတ်တရက် ထခုန်လိုက်သည်။ သူ အမှန်တကယ် ထိုကဲ့သို့ ပြုလုပ်ခဲ့လျှင် မာရီယာနှင့် ပြိုင်ရန် မပြောနှင့်၊ နဂါးတောင်ကြား၌ ခေါင်းပင် ဖော်ရဲမည် မဟုတ်ပေ။

ချန်လွေ့က စတန်ဝဲလ်အား တမင်တကာ စိုက်ကြည့်ပြီး ‘တင်းမာစွာ’ အော်လိုက်သည်။ “ကျုပ် ခင်ဗျားကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ စတန်ဝဲလ်။”

“လူသား။ ဂွယ်ရိုအက်စ်နဲ့ ဇာတ်တိုက်ပြီးတော့ မုန်တိုင်းကျွန်းက စမ်းသပ်ကွင်းကို ဖျက်ဆီးလိုက်ရုံနဲ့ ငါ့ကို ကြောက်လန့်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။” စတန်ဝဲလ်သည် မျက်နှာအမူအရာကို စောင့်ကြည့်ပြီး စိတ်ထဲတွင် အဆုံးအဖြတ်တစ်ခု ရှိပြီးသား ဖြစ်သည်။ “တောင်းပန်တာနဲ့ လျော်ကြေးပေးတာ မဖြစ်နိုင်ဘူး။ ငါတို့ အပြင်ထွက်လို့ရတယ်။ မင်းမှာ အရည်အချင်းရှိရင် တတိယလူ တစ်ယောက်ကို ဝင်မပါစေနဲ့။”

“ရစ်ချက်။” မာရီယာ စိတ်ပူစွာ ပြောလိုက်သည်။ “နဂါးတောင်ကြားနဲ့ မင်းရဲ့ မိတ်ဖက်ဖြစ်မှုက အတည် ဖြစ်သွားပြီ ဆိုတော့ ဒီကိစ္စကို မေ့လိုက်ရအောင်။ စတန်ဝဲလ်ရဲ့ စွမ်းအားက…”

“ရစ်ချက်…” နတ်မိမယ်နဂါးမလည်း ‘စိတ်ပူကြောင်း’ စကားတစ်ခွန်း ပြောလိုက်သည်။

မာရီယာ ဆက်မပြောသော်လည်း စတန်ဝဲလ်က ‘ရစ်ချက်’ သည် ယခင် မျှော်လင့်ထားသည့် အတိုင်း စက္ကူကျား တစ်ကောင်သာဖြစ်ကြောင်း စိတ်ထဲတွင် ပိုမို သေချာ သွားခဲ့သည်။ ဂွယ်ရိုအက်စ်နှင့် မာရီယာက အသေအချာပင် တစ်ဖွဲ့တည်း ဖြစ်သည်။ မုန်တိုင်းကျွန်းသည် အကြီးအကဲ ကောင်စီကို ရင်ဆိုင်ရန် စီစဉ်ထားသော လုပ်ဇာတ်တစ်ခုပင်။

ထို့အပြင် စတန်ဝဲလ်၌ စိတ်ဝိညာဉ်အာရုံခံနိုင်သော ထူးခြားသည့် ပါရမီလည်း ရှိသည်။ ထိုလူသား၏ တကယ့် အသက်က ၃၀ပင် မပြည့်သေးကြောင်း သူ သေသေချာချာ ခံစားမိသည်။ သူက ဆက်ခံသူဖြစ်စေ၊ ပါရမီရှင်ဖြစ်စေ၊ အလွန်ဆုံး တိုင်းပြည်အဆင့်သာ ဖြစ်နိုင်သည်။ ထိုအရာက ဇိုလာသည် “သူတော်စင်”အဆင့်သာ စွမ်းအားရှိသူနှင့် လက်ထပ်မည် မဟုတ်သည့်အတွက် တစ်ဖက်လူကို မြင့်မြင့်မှန်းထားပြီးနောက်တွင် ဖြစ်လေသည်။

စတန်ဝဲလ်၏ အကြီးဆုံး အားထားရာမှာ ကိုယ်ပိုင်စွမ်းအား ဖြစ်သည်။ အပေါ်ယံအားဖြင့် သူသည် တိုင်းပြည်အဆင့်သာ ရှိသော်လည်း မကြာမီကပင် နဂါးဧကရာဇ်၏ အကူအညီဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုအရာက မဟာအကြီးအကဲ နေရာအတွက် ယှဉ်ပြိုင်ရာတွင် သူ၏ လျှို့ဝှက်အဆောင်ပစ္စည်းများ ထဲမှ တစ်ခုလည်း ဖြစ်သည်။ မာရီယာနှင့် စပန်တို့ တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိသရွေ့ ဇိုလာ ကူညီပေးလျှင်ပင် သူက တစ်ဖက်လူကို အရှက်ရသွားအောင် ပြုလုပ်ရန် လုံးဝ သေချာပေသည်။

ချန်လွေ့က သူ့ဇနီးနှင့် ယောက္ခမကို တိတ်တိတ်လေး လက်မထောင်ပြ လိုက်သည်။ ရက်စက်သော သားအမိ ဆိုသည့်အတိုင်းပင်။ စကား အနည်းငယ်ဖြင့် စတန်ဝဲလ်က ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် ခုန်ဆင်းသွားခဲ့ လေသည်။

“ကောင်းပြီလေ။ ဒေါ်လေး မာရီယာက ပြောနေပြီဆိုတော့ နောက်ဆုံးအခွင့်အရေး ပေးမယ်။ အကြီးအကဲ စတန်ဝဲလ်၊ တောင်းပန်ပါ။ တောင်းပန်ရုံပဲ။”

“ဟားဟား...” စတန်ဝဲလ်က အကျယ်ကြီး ရယ်မောလိုက်သည်၊ “မလိုဘူး၊ ငါ မင်းကို အပြင်မှာ စောင့်နေမယ်။ မင်း ငါ့ကို ယုံကြည်အောင် လုပ်နိုင်ရင် တစ်မိသားစုလုံးရှေ့မှာ တောင်းပန်ဖို့ မပြောနဲ့၊ ပိုင်ဆိုင်မှု အားလုံးကိုတောင် မာရီယာဆီ လျော်ကြေးပေးလိုက်မယ်။”

ထိုသို့ပြောပြီးနောက် စတန်ဝဲလ်သည် ချန်လွေ့အား စကားပြောခွင့်ပင် မပေးဘဲ တံခါးမှ ထွက်သွားလိုက်သည်။ ချန်လွေ့က မျက်နှာမပျက်ချင်သည့်အတွက် မတတ်သာ၍ လိုက်သွားရသကဲ့သို့ပင် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။

သူတို့နှစ်ဦး ကွယ်ပျောက်သွားသောအခါ တိတ်ဆိတ်စွာ နေခဲ့သော ဂွယ်ရိုအက်စ်က ပြောလိုက်၏။ “မုန်တိုင်းကျွန်းမှာ ကျုပ်က ရစ်ချက်ရဲ့ လက်အောက်မှာ တစ်မိနစ်တောင် မခံနိုင်ခဲ့တာ။ အဲဒါက လုပ်ဇာတ်မဟုတ်ဘူး။”

အကြီးအကဲများ - .......

“ကျွန်မ ခုနက ရစ်ချက်ကို ပြောချင်တာက စတန်ဝဲလ်ရဲ့ စွမ်းအားက အရမ်းအားနည်းတယ်… သူ့ကို အနိုင်ကျင့်တာ အဓိပ္ပာယ်မရှိဘူးလို့။” ရက်စက်သော နတ်မိမယ်နဂါး ယောက္ခမကလည်း အပြစ်ကင်းစွာ ရှင်းပြသည်။

အကြီးအကဲများ - .......

All Chapters