အမြတ်ကြီးစားသော နဂါးဧကရာဇ်
Vol. 56 Ch. 916
ခဏအကြာ ချန်လွေ့သည် ကျေနပ်သော မျက်နှာဖြင့် ဝင်လာပြီး လက်ပေါ်မှ ဖုန်များကို ခါချလိုက်သည်။
“အိုး...” ပါဂရစ်၏ မျက်လုံးများက ပို၍ စိတ်ဝင်စား သွားခဲ့သည်။ “သူနဲ့ စကားပြောပြီးသွားပြီလား။”
“ဟုတ်ကဲ။ သူက ‘အကျိုးသင့် အကြောင်းသင့်’ ရှုံးနိမ့်သွားပါပြီ။” ချန်လွေ့က လက်ဖြန့်ကာ ပြောလိုက်သည်။ “သဘောတူညီချက်အရ စတန်ဝဲလ်က လူသိရှင်ကြား တောင်းပန်ပြီးတော့ ပစ္စည်းဥစ္စာ အကုန်လုံးကို လျော်ကြေး ပေးရမယ်။ ဒါပေမဲ့ သူပြောတာ မှန်ပါတယ်။ သူနဲ့ ဒေါ်လေး မာရီယာတို့ကြား ပဋိပက္ခဟာ နဂါးတွေရဲ့ အတွင်းရေးကိစ္စပဲ။ ကျုပ်လို အပြင်လူ ဝင်စွက်ဖက်တာ အဆင်မပြေပါဘူး။ ဒီကိစ္စကို အရှင်မင်းကြီးနဲ့ ဒေါ်လေး မာရီယာရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ ထားခဲ့လိုက်ပါ့မယ်။”
ပါဂရစ်ဇ်က အံ့အားသင့်သော မျက်နှာထား ပြသလိုက်သည်။ ထိုကဲ့သို့ ချဉ်းကပ်မှုက အနိုင်ရပြီးနောက် အောင်ပွဲကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင်။ ရှုံးနိမ့်ခြင်းဟု ထင်ရသော်လည်း နဂါးဧကရာဇ်နှင့် နဂါးမျိုးနွယ်တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ကယ်တင်ခဲ့သည်။ မာရီယာ၏ အမြင်အရ စတန်ဝဲလ်ကို တိုက်ရိုက် တောင်းပန်ခိုင်းခြင်းထက် ပိုမို အကျိုးဖြစ်ထွန်းစေပေသည်။
“တကယ်တော့ ‘အတော်ဆုံးသူ’ဆိုတာ ဇိုလာ မဟုတ်ဘူး။ မင်းပဲ။” ပါဂရစ်ဇ်က ချန်လွေ့ကို နက်နက်နဲနဲ ကြည့်လိုက်သည်။ “အသက်အငယ်ဆုံး မဟာ့မဟာ ဆရာသခင်၊ အသက်အငယ်ဆုံး နတ်ဘုရားတစ်ပိုင်း အဆင့်၊ ဒါမှမဟုတ် ငါမသိသေးတဲ့ တခြားအရာတွေ.... ငါ အခု ခံစားနေရတာက မသိနားမလည်မှုတွေပဲ။ မင်းလို ပြိုင်စံရှား လူတစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ။ ဒီနေ့အထိ ငါ တကယ် မသိခဲ့ဘူး။”
ပါဂရစ်ဇ်၏ စူးရှသော အကြည့်က အစ်ဇဘယ်လာထံ ရောက်ရှိသွားပြီး မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။
ချန်လွေ့က နဂါးဧကရာဇ်၏အကြည့် ပြောင်းလဲ သွားခြင်းကို သတိပြုမိပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်၊ “ပူးပေါင်းဆောင်ရွက် တယ်ဆိုတာ တောင်းရမ်းတာ ပရဟိတ လုပ်တာ မဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်တဲ့ နှစ်ဖက်စလုံး အနေနဲ့ အင်အားပိုကြီးလေ ပိုကောင်းလေ မဟုတ်ဘူးလား။”
“ဟုတ်ပါတယ်။” ပါဂရစ်ဇ်က ခေါင်းညိတ်လိုက်သည်။ “ထိုင်ပါဦး။”
မာရီယာက ရုတ်တရက် ပြောလိုက်သည်။ “အရှင်မင်းကြီးနဲ့ ရစ်ချတ် ပူးပေါင်းဆောင်ရွက်ရေးအကြောင်း မပြောခင် ကျွန်မအရင် ပြောစရာတစ်ခု ရှိပါတယ်။”
ပါဂရစ်ဇ်က အသာလေး ခေါင်းညိတ်လိုက်သည်။ “မဟာအကြီးအကဲ၊ ပြောပါ။”
“အရင်ကတော့ ဒီကိစ္စကို အကြီးအကဲကောင်စီ မစခင်ကတည်းက အရှင်မင်းကြီးကို အစီရင်ခံချင်ခဲ့တာပါ။ ဒါပေမဲ့ ဇိုလာဆီက သတင်းရတာနဲ့ သမီးနဲ့ ပြန်ဆုံဖို့ အမြန်လုပ်ခဲ့ရတဲ့အတွက် ကြန့်ကြာသွားလို့ အရှင်မင်းကြီးကို ကြိုတင် တောင်းပန်ပါတယ်။”
“ကိစ္စမရှိပါဘူး။ ဒီခံစားချက်ကို အပြည့်အဝ နားလည် ပါတယ်။”
“အရှင်မင်းကြီး။ အကြီးအကဲကောင်စီကို အစက နဂါးဧကရာဇ်ကို ကူညီဖို့၊ အကြံဉာဏ်တွေ ပေါင်းစည်းဖို့၊ နဂါးတွေကို ပိုမိုတည်ငြိမ်တဲ့ အခြေအနေမှာ ရှေ့ဆက်နိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာပါ။ နှစ်တွေတလျှောက် အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ဒီနေ့ နဂါးတောင်ကြားရဲ့ အရွယ်အစားနဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြီးအကဲကောင်စီရဲ့ ပံ့ပိုးမှုကို လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ အရာအားလုံးမှာ ကောင်းကျိုးဆိုးကျိုး ရှိတယ်။ အချိန်ကြာလာတာနဲ့အမျှ အားနည်းချက် အချို့ကိုလည်း တွေ့ရပါတယ်။ ကျွန်မ အခု ရှင်းပြချင်တာက မဟာအကြီးအကဲရဲ့ အာဏာပါ။ အကြီးအကဲများကောင်စီရဲ့ မူလရည်ရွယ်ချက်က လူတိုင်းရဲ့ ခွန်အားတွေကို စုစည်းဖို့ ဖြစ်တဲ့အတွက် နားလည်မှု လွဲမှားတာ မရှိရအောင် မဟာအကြီးအကဲက အမြင့်ဆုံး အာဏာ မရှိသင့်ပါဘူး။ မဟာအကြီးအကဲရဲ့ အာဏာကို ခွဲဝေပေးဖို့ ကျွန်မ အကြံပြုပါတယ်။ တစ်စိတ်တစ်ပိုင်းကို တော်ဝင် နဂါးဧကရာဇ်ရဲ့ အာဏာထဲမှာ ထည့်သွင်းပြီး တစ်စိတ် တစ်ပိုင်းကို အကြီးအကဲတွေအကြား ခွဲဝေပေးပါ။ အကြီးအကဲအားလုံး မဲပေးခွင့်နဲ့ ဆုံးဖြတ်ချက်ချခွင့် ရှိပြီး မဟာအကြီးအကဲရာထူးက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးသူ သက်သက်ပဲ ဖြစ်သင့်တယ်။ အဓိကအချက်ကတော့ နဂါးဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်ဖို့နဲ့ လူသစ်တွေကို လေ့ကျင့်ပေးဖို့ပါပဲ။”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အကြီးအကဲများ ရုတ်တရက် ဆူညံသွားကြသည်။ ၎င်းသည် မဟာအကြီးအကဲ၏ အမြင့်ဆုံး အာဏာကို အကြီးအကဲများထံ တိုက်ရိုက်ခွဲဝေပေးခြင်းနှင့် ညီမျှသည်။ အကြီးအကဲအားလုံး၏ ဂုဏ်ပုဒ်နှင့် အာဏာများ ပိုမိုမြင့်မားလာရုံ သာမက နဂါးဧကရာဇ်၏ ရှုထောင့်မှ ကြည့်လျှင် ဆုံးဖြတ်ချက်ချခွင့် အာဏာလည်း ပိုမို၍ အားကောင်းလာသည်။ မူလ မဟာအကြီးအကဲ၏ အာဏာမှာ များစွာ လျော့ကျသွားမည် ဖြစ်သည်။
ပါဂရစ်ဇ်၏ မျက်လုံးများ ခဏတာ အပြင်းအထန် လက်ခနဲ ဖြစ်သွားခဲ့သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်၏။ “မဟာအကြီးအကဲ မာရီယာ။ ရိုင်းပြမိရင် ခွင့်လွှတ်ပါ။ ဒါက တကယ်ပြောနေတာလား။”
“ဒီစကားတွေက ကျွန်မရဲ့ စကားအမှန်တွေပါ။” မာရီယာက ပါဂရစ်ဇ်ကို တည့်တည့် ကြည့်လိုက်သည်၊ “ဒါက ကျွန်မ အမြဲတမ်း တွေးနေခဲ့တဲ့ အရာပါပဲ။ အခု မဟာအကြီးအကဲ အနေနဲ့ အရှင်မင်းကြီးကို တရားဝင် တင်ပြပါတယ်။ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။”
“ငါ မှတ်မိတာ မမှားဘူးဆိုရင် ဒီနေ့ မဟာအကြီးအကဲမှာ ရှိတဲ့ အာဏာက အရင် မဟာအကြီးအကဲဖြစ်တဲ့ မင်းရဲ့ဆရာ နဲရင့်စ်ရဲ့အာဏာကို ထပ်ပြီးမြှင့်တင်ထားတဲ့ အရာပဲ။ မဟာအကြီးအကဲ နဲရင့်စ်က မသေခင်မှာ မဟာအကြီးအကဲ ရာထူးကို မင်းဆီ အထူးပေးခဲ့တာ။ အခု မင်းက…”
“ဆရာက နဂါးတွေအတွက်ပဲ မြှုပ်နှံထားတာပါ။ သူ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ထားမရှိဘူး ဆိုတာကို ဘုရားသခင် သက်သေပြနိုင်ပါတယ်။” မာရီယာက ခိုင်မာစွာ ပြောလိုက်သည်။ “ဒီလောကကြီးးက အမြဲတမ်း ဖွံ့ဖြိုး တိုးတက်နေတယ်။ နဂါးတောင်ကြားက ဒီပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပြီး ခေ-တ်နဲ့အညီ လိုက်ပါနိုင်ဖို့ အမြဲတမ်း အပြောင်းအလဲ လုပ်နေရမယ်။ နဂါးတွေက ပိုပြီးတော့ စည်းလုံးညီညွတ်တဲ့ ခေါင်းဆောင်မှုအဖွဲ့ လိုအပ်တယ်။ အတွင်းရေး ပဋိပက္ခတွေ ဒါမှမဟုတ် ခေ-တ် နောက်ကျနေတာတွေက ကျွန်မတို့ရဲ့ ခြေလှမ်းကို ရပ်တန့်စေ နိုင်တယ်။ နဂါးတွေကို လောကရဲ့အမြင့်ဆုံး အဆင့်မှာ အမြဲတမ်း ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့။ ဒါက ဆရာ့ရဲ့ မူလရည်ရွယ်ချက်လည်း ဟုတ်တယ်။”
ပါဂရစ်ဇ်သည် ဖြည်းညှင်းစွာ ထရပ်ပြီး မာရီယာအား လေးလေးနက်နက် အရိုအသေပြုလိုက်သည်။ “မဟာ အကြီးအကဲ။ ငါ့ရဲ့ အလေးအမြတ်ဆုံး လေးစားမှုကို ခံယူပါ။ အရင်က နားလည်မှု လွဲမှားတာတွေအတွက် တောင်းပန်ပါတယ်။ နဂါးနတ်ဘုရားကို တိုင်တည်ပြီး ကျိန်ဆို ပါတယ်။ ငါ ပါဂရစ်ဇ် ရှိနေသရွေ့ မဟာအကြီးအကဲ မာရီယာဟာ အကြီးအကဲများကောင်စီရဲ့ ခေါင်းဆောင်၊ နဂါးတွေရဲ့ လမ်းပြ၊ ငါ့ရဲ့ဆရာနဲ့ ငါ့ရဲ့ သူငယ်ချင်း ဖြစ်နေမှာပါ။”
မာရီယာကလည်း ပြန်လည် ဦးညွှတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်ကို အကြီးအကဲအားလုံး (အပြင်ဘက်မှ ‘ယောက်ဖ’တစ်ယောက်မှလွဲ၍)က တညီတညွတ်တည်း အတည်ပြုခဲ့ပြီး မူလက သိမ်မွေ့သော ပတ်ဝန်းကျင်က ရုတ်တရက် သဟဇာတ ဖြစ်သွားခဲ့သည်။
ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ ယောက္ခမရဲ့ နောက်ဆုတ်တဲ့အကွက်က ငါ့အရင်က လုပ်ခဲ့တာထက် အများကြီး လှပတယ်။ သားမက်ဖြစ်သူရဲ့ “အလားအလာ”ကို အသုံးချပြီးတော့ နဂါးဧကရာဇ် အစိုးရိမ်ဆုံး အရာကို ဖယ်ရှားခဲ့တဲ့အပြင် မရေမရာဖြစ်နေတဲ့ သူ့ရဲ့ ရာထူးကိုပါ ခိုင်မာစေခဲ့ပြီးတော့ နဂါးတွေကို ပိုပြီး စည်းလုံးစေခဲ့တယ်။ ဒါက သုံးဖက်လုံး အကျိုးအမြတ်ရရှိတဲ့ ရလာဒ်ပဲ။ သူက အကြီးအကဲ ကောင်စီကို နှစ်ပေါင်းများစွာ စီမံနေတဲ့ အမြင့်ဆုံး အကြီးအကဲရာထူးနဲ့ ထိုက်တန်ပါပေတယ်။
“မဟာအကြီးအကဲ။ ရစ်ချက်နဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စအကုန်လုံးကို မင်းပဲ တာဝန်ယူ ရမယ်။ မင်း ငါ့ကို ကျေနပ်လောက်တဲ့ ရလဒ်တွေ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ပါဂရစ်ဇ်၏ မျက်လုံးများက မရိုးဖြောင့်သော အမူအရာဖြင့် တောက်ပနေ၏။
“အရှင်မင်းကြီး၊ နည်းနည်း မရက်စက်လွန်းဘူးလား။” ချန်လွေ့၏ မျက်နှာ အေးခဲသွားသည်။ မာရီယာက ဇိုလာ မဟုတ်ဘူး။ ခုနက သိဒ္ဓိဝိညာဉ်တောင်ထွတ်ကို ပြန်သွားဖို့ အတင်းအကျပ် တောင်းဆိုခဲ့တာကို ကြည့်ရင် နဂါးတွေရဲ့ တာဝန်နဲ့ အကျိုးစီးပွားကို ဘယ်လောက် အလေးထားလဲ ဆိုတာ ထင်ရှားတယ်။ ပြဿနာက ယောက္ခမနဲ့ တွေ့တဲ့အခါ ငါ ဘယ်လိုလုပ် ဈေးဆစ်ရမှာလဲ။
“မာရီယာက နဂါးဧကရာဇ်က လွဲရင် နဂါးတွေထဲမှာ နံပါတ်တစ် ပုဂ္ဂိုလ်ပဲ။ သူက ငါ့ကို ကိုယ်စားမပြုနိုင်ဘူးလို့ မင်းထင်တာလား။” ပါဂရစ်ဇ်ရဲ့ အပြုံးက ချန်လွေ့ရဲ့ မျက်လုံးထဲမှာ အမြတ်ကြီးစားသူတစ်ဦးရဲ့ အလားအလာ ရှိနေတယ်။ မဟုတ်ဘူး။ သူက အမတ်ကြီးစားတဲ့သူဆိုတာ အသေအချာပဲ။
“အမ်… မဟုတ်ပါဘူး။ သေချာပေါက် အရည်အချင်း ပြည့်မီပါတယ်။” ချန်လွေ့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဒါနဲ့၊ အရှင်မင်းကြီးကို အရင် တောင်းပန်ပါတယ်။ ခုနက အကြီးအကဲ စတန်ဝဲလ်နဲ့ ဆွေးနွေးတုန်းက ကျုပ်စကားတွေ နည်းနည်းကြမ်းသွားပြီး နှစ်ယောက်စလုံးက ငယ်ရွယ်ပြီး စိတ်ဆတ်တတ်တဲ့ အတွက်ကြောင့်…”
ဘေးနားမှ နဂါးအကြီးအကဲများ အတော်လေး ပြောစရာမဲ့သွားခဲ့သည်။ မင်းက ငယ်ရွယ်ပြီး စိတ်ဆတ်တာ ဖြစ်နိုင်ပေမဲ့ စတန်ဝဲလ်ကတော့ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။ သူ့ကို ‘ငယ်ရွယ်ပြီးစိတ်ဆတ်တဲ့သူ’ လို့ ပြောလို့ ရသေးလား။
“လိုအပ်ရင် သူနဲ့ စကားထပ်ပြောလို့ ရတယ်။” တော်ဝင် နဂါးဧကရာဇ်က လေးလေးနက်နက် ပြန်ပြောလိုက်သည်။ အကြီးအကဲများ ပို၍ပင် ဆွံ့အသွားခဲ့သည်။ “တကယ်လို့ မင်းက သူ့ကို ယောက်ဖလို့ ခေါ်ချင်ရင်တောင် ကိစ္စမရှိဘူး။ သူ့ညီမ လော်ရိန်းက နဂါးတွေကြားမှာ နာမည်ကြီး အလှပဂေး တစ်ယောက်ပဲ။ ငါ မင်းကို မိတ်ဆက်ပေးနိုင်တယ်။”
ယခုတစ်ယောက် ချန်လွေ့ ဘာမှ မပြောနိုင် ဖြစ်သွားခဲ့သည်။ ငါ အခု နားလည်သွားပြီ။ နဂါးတွေကတော့ နတ်ဆိုးဘုံဖြစ်ဖြစ်၊ လူ့လောကဖြစ်ဖြစ် အရေထူတာပဲ။ ငါ့ယောက္ခမကို ညှိနှိုင်းခိုင်းတဲ့ ကိစ္စ အသာထားဦး။ သူက အခု ငါ့မိန်းမတွေ ရှေ့မှာ ငါ့ကို ဖောက်သည် ရှာပေးနေတာ။
ဇိုလာ၊ အစ်ဇဘယ်လာ၊ မာရီယာ နှင့် စပန်တို့ဆီမှ စူးရှသော အကြည့်များကို ခံစားလိုက်ရသောအခါ ချန်လွေ့က နဖူးမှချွေးကို သုတ်ပြီး စကားလမ်းကြောင်း ပြန်လွှဲလိုက်၏။ “ဇိုလာက နဂါးတွေကလွဲလို့ တခြားသူတွေ အတွက် မသင့်တော်ဘူးလို့ အရင်က တစ်ယောက်ယောက် ပြောခဲ့ဖူးသလိုပဲ။”
“ဘယ်သူ ပြောတာလဲ။” ပါဂရစ်ဇ်က ဒေါသတကြီး ပြောလိုက်သည်။ “မနက်ဖြန် မင်းတို့ မင်္ဂလာဆောင်ရမယ်။ အခုကစပြီး မင်းက နဂါးတောင်ကြားရဲ့ သားမက်ပဲ။ ဘယ်သူက မင်းကို အာခံရဲလဲ။”
ချန်လွေ့- “…”
ချန်လွေ့ စဉ်းစားပြီး မဒမ်-ဒေါ်လေးကို လက်ညှိုး ထိုးပြသည်။ “ဒီ မစ်-အစ်ဇဘယ်လာကလည်း ကျုပ်ရဲ့ဇနီးပါ။”
“ပြဿနာမရှိပါဘူး။ မင်းတို့သုံးယောက် အတူတူ လက်ထပ်ကြပေါ့။ ငါက မင်းတို့ရဲ့ သက်သေပဲ။” ပါဂရစ်ဇ် ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ “နဂါးတွေ အတွက်ကတော့ နတ်ဆိုးလား၊ လူလားဆိုတာ ကွာခြားမှု မရှိဘူး။ မိတ်ဆွေနဲ့ ရန်သူပဲ ရှိတယ်။ ပြီးတော့ ငါ အာမခံနိုင်တယ်။ ဒီမှာရှိတဲ့ အကြီးအကဲတွေနဲ့ မင်းရဲ့ ယောက်ဖအပါအဝင် ဘယ်သူမှ မလိုအပ်တဲ့ စကားပြောမှာ မဟုတ်ဘူး။”
ပါဂရစ်ဇ်က အစ်ဇဘယ်လာရဲ့ သရုပ်မှန်ကို မြင်သွားတာ သေချာတယ်။ ချန်လွေ့က တိတ်တိတ်လေး အံ့အားသင့် သွားခဲ့သည်။
“တကယ်တော့ မင်းဇနီးရဲ့ အငွေ့အသက် ဖုံးကွယ်တဲ့ နည်းလမ်းက အတော်လေး ပါးနပ်တယ်။ တကယ်လို့ သိဒ္ဓိနဂါးရဲ့ အမှောင်ဒြပ်စင် အငွေ့အသက်အပေါ် စူးရှတဲ့ အာရုံခံနိုင်မှုသာ မရှိရင် ငါ ဘာမှ သတိမထားမိလောက်ဘူး။ သူ ရုပ်ရည်ကို ပြောင်းလဲပြီးတော့ အမှောင်ဒြပ်စင် အငွေ့အသက်ကို ဖုံးကွယ်ဖို့ နတ်ဘုရား-ယောင် သိဒ္ဓိကြေးခွံ တစ်ခု ပေးလိုက်ရမလား။ အဲဒါဆိုရင် နတ်ဘုရား-ယောင် အဆင့်တောင် မမြင်နိုင်တော့ဘူး။ ပြီးတော့… သူကသာ သိဒ္ဓိကြေးခွံရဲ့ သန့်ရှင်းတဲ့ ဝိညာဉ်စွမ်းအားကို အပြည့်အဝ ပေါင်းစပ်နိုင်မယ်ဆိုရင် တိုင်းပြည်အဆင့်ကို တက်လှမ်းနိုင်ဖို့ ပြဿနာမရှိလောက်ဘူး။”
ငွေရောင်အကြေးခွံတစ်ခုက အစ်ဇဘယ်လာ လက်ထဲတွင် ပေါ်လာပြီး ကြည်လင်သော အလင်းရောင်များ ထွက်ပေါ် နေသည်။ ကြေးခွံကို ရရှိသည်နှင့် ၎င်းသည် အမှတ်အသား အဖြစ် ပြောင်းလဲသွားပြီး အစ်ဇဘယ်လာ၏ နဖူးပေါ်သို့ ပျောက်ကွယ်သွားသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ကြည်လင်သော မှဲ့တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အတော်လေး ထူးခြားလှပေသည်။
သိဒ္ဓိနဂါး၏ သိဒ္ဓိကြေးခွံက အလွန်ရှားပါးလှသည်။ ၎င်းမှာ စွမ်းအား၏ အမြုတေနှင့် ညီမျှပြီး သာမန်အလင်းဒြပ်စင် မှော်ပညာ၏ ပျက်စီးမှုကို တဝက်လျှော့ချနိုင်သည်။ နှင်းဒဲလက်ပန်းကို စုပ်ယူထားသော အစ်ဇဘယ်လာအတွက် နှစ်ဆတိုးတက်မှု ရရှိမည်မှာ အသေအချာပင်။ ပါဂရစ်ဇ်၏ ကူညီမှုက အတော်လေး ကြီးမားလှပေသည်။
“မင်းမှာ ဘာတောင်းဆို ချင်တာ ရှိလဲ။” တော်ဝင် နဂါးဧကရာဇ်က ချန်လွေ့ကို ပြုံးကာ ကြည့်လိုက်သည်။ “ငါ တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။ ဒါပေမဲ့ ယောက်ဖဖြစ်ဖြစ်၊ မင်္ဂလာပွဲ ဖြစ်ဖြစ်၊ သိဒ္ဓိကြေးခွံဖြစ်ဖြစ်၊ နဂါးတွေက အများကြီး ကြိုးစားခဲ့ပြီးတော့ လုံလောက်တဲ့ စိတ်ရင်းကို ပြသခဲ့တယ်။ စိတ်ရင်းနဲ့ ပတ်သက်ရင် ဆာ-ရစ်ချက်က မဟာအကြီးအကဲနဲ့ ညှိနှိုင်းတဲ့အခါ ပြောစရာတွေ ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။”
ချန်လွေ့က တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ လဗြွတ်ကို စိတ်ရင်းလား။ သိဒ္ဓိကြေးခွံကလွဲရင် မင်္ဂလာပွဲကလည်း မျက်နှာပန်းလှအောင် လုပ်တာပဲ။ ယောက်ခကိစ္စကတော့… ထားလိုက်တော့။ ခင်ဗျားညီမကို မလိုချင်ပါဘူး။
“တောင်းဆိုစရာ တခြားဘာမှ မရှိတော့ဘူးဆိုရင် ပုဂ္ဂိုလ်ရေးအရ မေးခွန်းတစ်ခု မေးစရာ ရှိတယ်။” ပါဂရစ်ဇ်က ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။
“ဒါ… အဆိပ်နဂါး ဖြစ်ရမယ်။ မေးခွင့်ပြုပါ။ သူလည်း မစ်-အစ်ဇဘယ်လာနဲ့ တစ်နေရာတည်းက လာတာလား။”
“ဟုတ်ပါတယ်။ ဒါက ကျုပ်အစ်ကို ပါ့ဂ်လီအိုပါ။” အစ်ဇဘယ်လာက ပေါ်သွားပြီဖြစ်ရာ ချန်လွေ့ ရိုးရိုးသားသား ပြောလိုက်သည်။
“နတ်ဆိုးဘုံက အဆိပ်နဂါး…”
ဒီစကား ထွက်လာသည်နှင့် အကြီးအကဲအချို့က တစ်ခုခုကို တွေးမိလိုက်သလို ထူးဆန်းသော အမူအရာများ ပြလာကြသည်။
ပါဂရစ်ဇ်၏ ထူးဆန်းသော အကြည့်ကြောင့် ဆရာသခင် အဆိပ်နဂါး တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ချန်လွေ့က ဘဲခေါင်းနဂါးအတွက် စိုးရိမ်နေစဉ် နဂါးဧကရာဇ်က ရုတ်တရက် တစ်ခုခုကို ပစ်ပေးလိုက်၏။
“ဒါကို ကောက်ပြီးတော့ ကိုင်စမ်းကြည့်။”