အဆိပ်နဂါး၏ ရွေးချယ်မှု
Vol. 56 Ch. 917
လူတိုင်း၏ မျက်လုံးများက မြေပြင်ပေါ်တွင်ရှိနေသော မည်းနက်နက် သတ္တုအဆောင်ပစ္စည်းအပေါ် အာရုံစိုက်နေကြ၏။
တုတ်တိုတစ်ချောင်း။ ရှေ့ပိုင်းသည် ကြီးမားပြီး လုံးဝန်းသောကျိုင်းဖြစ်ပြီး အလယ်တွင် သံကြိုးဖြင့် ချိတ်ဆက်ထား၏။
ကောက်ရိုက်တုတ်ဟု သိကြသော သံကြိုးတူက လေးလံသော လွှဲယမ်း အဆောင်ပစ္စည်းတစ်မျိုး ဖြစ်သည်။
ထိုသံကြိုးတူသည် အလွန်လေးလံပုံရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ မာကြောသော မြေပြင်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားစေခဲ့သည်။
“ဒါက ပစ္စည်းကောင်းအရာ တစ်ခု ဖြစ်လောက်မယ်…” ဆရာသခင် အဆိပ်နဂါးက ထိုသံကြိုးတူကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ပါဂရစ်ဇ်က အစ်ဇဘယ်လာအား နတ်ဘုရားယောင် သိဒ္ဓိကြေးခွံတစ်ခု ပေးလိုက်သောအခါ ပါ့ဂ်လီအိုက အနည်းငယ် မနာလို ဖြစ်ခဲ့သည်။ အခြေအနေအရ… နောက်ထပ် ရတနာတစ်ခု ပေးတော့မှာလား။ ဒီဉာဏ်များတဲ့ လူသားနောက် လိုက်ရတာက တကယ့်ကို အကျိုးအမြတ် ရှိတဲ့ပုံပဲ။
“ဒါက ‘မိုးကြိုးကောက်ရိုက်တုတ်’လို့ ခေါ်တဲ့ အစွမ်းထက် အဆောင်ပစ္စည်းတစ်ခုပဲ။ ဒါက အခြေခံ အဆောင်ပစ္စည်း တစ်ခုပဲ ဖြစ်ပေမဲ့ အတော်လေး အစွမ်းထက်တယ်။” ပါဂရစ်ဇ်က အစိမ်းရောင် ကျောက်မျက်စီထားသော လက်စွပ်တစ်ခုကို ကိုင်ထားသည်။ “မင်း ဒါကို ကောက်ယူနိုင်ရင် ဒီအဆောင်ပစ္စည်းကို ရရုံတင် မကဘူး။ ကြီးမားတဲ့ ရတနာတစ်ခုရဲ့ အမွေဆက်ခံခွင့် ကိုလည်း ပိုင်ဆိုင်လိမ့်မယ်။ ရတနာရဲ့ လျှို့ဝှက်ချက်က ဒီလက်စွပ်ထဲမှာ ရှိတယ်။”
ထိုသို့ပြောပြီးနောက် ထိုလက်စွပ်လည်း မိုးကြိုး ကောက်ရိုက်တုတ်ရှေ့ မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
အဆောင်ပစ္စည်းအပြင် ရတနာသိုက်ကြီးလား။ ပါ့ဂ်လီအိုက နားကြားမှားသည်ဟု ထင်မိသွားသည်။ လူသားလောကရဲ့ ဧရာမနဂါးတွေက ဘာလို့ ဒီလောက် ရက်ရောကြတာလဲ။ ငါတို့ ဘိုးဘေးဘီဘင်တွေဆီကနေ ဆက်ခံထားတဲ့ ‘တွန့်တိုတာ’၊ ‘နှလုံးသားမဲ့တာ’၊ ပြီးတော့ တခြား အကျင့်ကောင်းတွေကို မေ့သွားကြပြီလား။
ဘိုးဘေးဘီဘင်များ၏ မိမိကိုယ်ကို ချမ်းသာကြွယ်ဝ စေသော ရိုးရာဓလေ့များကို ရှေ့ထားပြီး ဆရာသခင် အဆိပ်နဂါးက ထိုသံကြိုးကောက်ရိုက်တုတ်ကို ဆုပ်ကိုင်ရန် ချက်ချင်း ခါးကိုင်းလိုက်သော်လည်း ထိုအဆောင်ပစ္စည်းသည် ထင်ထားသည်ထက် ပိုမိုလေးလံနေခဲ့သည်။ သူ လှုပ်၍ပင် မရခဲ့ပေ။
ပထမဆုံးအနေဖြင့် သူက လက်တစ်ဖက် သုံးသည်။ ထို့နောက် လက်နှစ်ဖက်…သုံးသည်။ သို့သော် မည်သို့ပင် ကြိုးစားစေကာမူ အနည်းငယ်မျှ မလှုပ်ရှားခဲ့ပေ။
ပါ့ဂ်လီအိုသည် သူ၏ စွမ်းအားအကုန်ကို ထုတ်သုံးခဲ့ပြီး မျက်နှာ နီမြန်းနေသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ နောက်ဆုံးတွင် သူက စိတ်ဓာတ်ကျပြီး ထရပ်လိုက်ရသည်။ သူ၏ မျက်နှာက ခဏကြာအောင် ပူလောင်နေခဲ့သည်။ ၎င်းသည် အဖိုးတန်ရတနာတစ်ခု ဖြစ်သော်လည်း သူက ကောက်၍ပင် မကောက်ယူနိုင်ခဲ့ပေ။ ထို့ပြင် နဂါး အများအပြား အရှေ့၌ ဖြစ်နေခဲ့ရာ အတော်လေး ရှက်စရာကောင်းလှသည်။
ထူးဆန်းသည်မှာ နဂါးအကြီးအကဲများထဲမှ မည်သူမျှ အံံ့အားသင့်ပုံ မရကြဘဲ ပါ့ဂ်လီအို မကောက်နိုင်သည်မှာ ပုံမှန်အတိုင်းဖြစ်နေသကဲ့သို့ပင်။
“မင်း ကောက်ကိုင်လို့ မရတာ ပုံမှန်ပါပဲ။” ပါဂရစ်ဇ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ပုံမှန်အခြေအနေမှာ နတ်ဘုရားတစ်ပိုင်းအဆင့်အထက် အစွမ်းထက်သူတွေပဲ ကောက်လို့ရနိုင်တာ။ ဒါပေမဲ့ သူတို့က မိုးကြိုး ကောက်ရိုက်တုတ်ရဲ့ စွမ်းအား အစစ်အမှန်ကို အသုံးမပြုနိုင်ကြဘူး။ နဂါးဧကရာဇ်ဖြစ်တဲ့ ငါအပါအဝင်ပေါ့။ တစ်ခုတည်းသော နည်းလမ်းကတော့ သွေးမျိုးဆက် စွမ်းအားကို လောင်ကျွမ်းစေပြီးတော့ ဒီအဆောင်ပစ္စည်း အသိအမှတ် ပြုတာကို ရအောင် ကြိုးစားဖို့ပဲ။”
သွေးမျိုးဆက် စွမ်းအားကို လောင်ကျွမ်းစေခြင်းသည် သာမန် ‘သွေးအသိအမှတ်ပြုခြင်း’နှင့် ကွာခြားသည်။ ၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများကို ပြောင်းပြန်လှန်ပြီး သွေးကြောထဲတွင် ဝှက်ထားသော အစောဆုံးနှင့် အပြင်းထန်ဆုံး အမွေဆက်ခံ စွမ်းအားကို အသက်သွင်းခြင်း ဖြစ်သည်။ ထိုနည်းလမ်းက အသေအချာပင် အန္တရာယ် များလှပြီး ပုံမှန်အားဖြင့် အသက်ဓာတ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။ အချို့က သတိပင် လစ်သွားကြ၏။
“နဂါးတောင်ကြားက နဂါးတွေ အားလုံး… ဒီအဆောင်ပစ္စည်း အသိအမှတ်ပြုတာကို မခံရဘူးလား။” ဆရာသခင် အဆိပ်နဂါးက ငတုံး မဟုတ်ပေ။ သူ အနည်းငယ် နားလည်သွားခဲ့သည်။
ပါဂရစ်ဇ်က ပခုံးတွန့်ပြပြီး အဖြေမှန် တစ်ခုကို ပေးလိုက်သည်၊ “ဒီအဆောင်ပစ္စည်းရဲ့ သခင်ဟောင်းက အဆိပ်နဂါးပဲ။”
အဆိပ်နဂါးသည် နတ်မိမယ်နဂါး ကဲ့သို့ပင် အလွန် ရှားပါးသော နဂါးအမျိုးအစားဖြစ်သောကြောင့် ပါ့ဂ်လီအို သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူက ပင့်သက်ရှိုက်လိုက်ရာ စွမ်းအားများ စတင်တိုးတက် လာခဲ့သည်။ သွေးမျိုးဆက်စွမ်းအားကို လောင်ကျွမ်းစေဖို့ပဲ မဟုတ်လား။ အဆောင်ပစ္စည်းနဲ့ ရတနာအတွက် ဆိုရင် ငါ အားလုံးကို လောင်းကြေးထပ်မယ်...။ အဆိုးဆုံး ဖြစ်လာရင် ဒီလူသားဆီကနေ ပြန်လည်ရှင်သန်ခြင်း ဆေးရည် တောင်းလိုက်ရုံပဲ။
ဆရာသခင် အဆိပ်နဂါးက ဘက်တီလေးကို ‘စိတ်ချရန်’ အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးစီးဆင်းမှုကို ပြောင်းပြန်လှန်ရန် စတင်လိုက်သည်။ သူ့ကိုယ်ပေါ်တွင် များပြားလှသော စီးဆင်းနေသည့် အဖုအထစ်များ ရုတ်တရက် ပေါ်လာကာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
ပါ့ဂ်လီအိုက မိုးကြိုးကောက်ရိုက်တုတ်ကို ထပ်ကိုင်ရန် ခါးကိုင်းလိုက်သောအခါ ထိုအဆောင်ပစ္စည်းက ဖျော့တော့တော့ တောက်ပလာပြီး တုတ်တိုက ဖြည်းဖြည်းချင်း ကြွတက် လာလေသည်။
ပါဂရစ်ဇ်၏ မျက်လုံးထဲမှ ရွှေရောင်အလင်း ရုတ်တရက် တောက်ပလာခဲ့သည်။ နဂါးဧကရာဇ်သာမက မာရီယာနှင့် အကြီးအကဲအချို့ပါ အံ့အားသင့်သော မျက်နှာများ ဖြစ်ကုန်သည်။
ပါ့ဂ်လီအို ရုန်းကန်နေဆဲ ဖြစ်သည်။ သူ့၏ မျက်နှာ အမူအရာကို ကြည့်ရလျှင် တုတ်တိုတစ်ချောင်းတည်းက လေးလံနေသကဲ့သို့ပင် စွမ်းအင်အများအပြား သုံးနေရသည်။ သူ့ကိုယ်ပေါ်တွင် သွေးများ ပြောင်းပြန်စီးဆင်းမှု ပိုမို၍ မြန်ဆန်လာပြီး အရေပြားမှ ပေါက်ကွဲထွက်လာတော့သည်။
အဆိပ်နဂါးတွင်သာ ရှိသော အစိမ်းရောင်သွေးများ ထွက်လာပြီး မြေပြင်မှာ အပေါက်ငယ်များစွာ ဖြစ်သွား၏။ သူသည် အစိမ်းရောင် ‘သွေးလူသား’ တစ်ဦးပင် ဖြစ်သွားခဲ့သည်။ မိုးကြိုးကောက်ရိုက်တုတ် ပေါ်သို့ စင်သွားသော သွေးများသည် ရေမြှုပ်နှင့်တွေ့သကဲ့သို့ စုပ်ယူခံလိုက်ရ၏။
“ပါ့ဂ်လီအို…” ခရိုဘဲလပ်စ်၏ တုန်ယင်သောအသံ ထွက်ပေါ်လာသည်။
ဘက်တီလေး၏ အသံကို ကြားရသောအခါ ပါ့ဂ်လီအို အားအင်ပြည့်ဝလာသည်။ သူက သွေးထွက်နေသည်ကို လျစ်လျူရှုပြီး လက်များဖြင့် အားထုတ်လိုက်သည်။ ထိုအဆောင်ပစ္စည်း မြောက်တက်လာ၏။ မိုးကြိုးကောက်ရိုက်တုတ် တစ်ခုလုံးမှ ‘တဝီဝီ’ အသံနှင့်အတူ လျှပ်စီးနက်များ ထွက်ပေါ်လာတော့သည်။
ထိုအဆောင်ပစ္စည်းကို လုံးဝ မြှောက်လိုက်သောအခါ ရုတ်တရက် ပေါ့ပါးသွားသည်ကို ပါ့ဂ်လီအို အံ့သြသင့်စွာပင် ခံစားလိုက်ရသည်။ သူက လက်နှစ်ဖက်မှ လက်တစ်ဖက်သို့ ပြောင်းလဲရန် ကြိုးစားကြည့်ရာ ညာလက်တစ်ဖက်တည်းဖြင့် ကိုင်ထားနိုင်ခဲ့သည်။ လွှဲယမ်းလိုက်ရာ တဝီဝီမြည်နေသော လျှပ်စီးနက်များသည် လေထဲတွင် ကြောက်မက်ဖွယ်ရာ လမ်းကြောင်းများ ဖြစ်စေခဲ့ပြီး ခန်းမတစ်ခုလုံး တုန်ခါသွား၏။
ပါ့ဂ်လီအို မိုးကြိုးကောက်ရိုက်တုတ်ကို လှည့်နေသည်ကို မြင်သောအခါ နဂါးဧကရာဇ် ပါဂရစ်ဇ်က စိတ်လှုပ်ရှားစွာ တောက်ပနေသော မျက်လုံးများဖြင့် ထရပ်လိုက်မိသည်။ မာရီယာနှင့် အကြီးအကဲများစွာတို့လည်း တဆက်ဆက် ခေါင်းညိတ်နေကြသည်။
အဆိပ်နဂါးက သွေးမျိုးဆက်စွမ်းအား လောင်ကျွမ်း စေခြင်းကို ရပ်လိုက်ပြီးနောက် ထိုအဆောင်ပစ္စည်းသည် အလွန် လေးလံလာသည်ဟု ခံစားလာရပြန်သည်။ ယခင်ကကဲ့သို့ မရွှေ့နိုင်သည့် အခြေအနေမျိုး မဟုတ်တော့သော်လည်း လက်တစ်ဖက်တည်းဖြင့် အေးအေးဆေးဆေး မလွှဲနိုင်တော့။
‘ခွမ်း...’ခနဲ အသံနှင့်အတူ ပါ့ဂ်လီအိုသည် မိုးကြိုး ကောက်ရိုက်တုတ်ကို ပစ်ချလိုက်ပြီး ချန်လွေ့ပစ်ပေးသော မဟာဆရာသခင် ကုသဆေးရည် တစ်ပုလင်းကို သောက်ကာ နဂါးဧကရာဇ်ကို ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဒါက ကျုပ် အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်လို့ ရတယ်မလား။”
“ဒါပေါ့။” ပါဂရစ်ဇ်သည် မျက်လုံးထဲမှ ထူးဆန်းသော စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်ထားပေ။ “တကယ်တော့ မင်း ဒါကို လွတ်လွတ်လပ်လပ် အသုံးမပြု နိုင်တာက မင်းရဲ့ စွမ်းအားနဲ့ သွေးမျိုးဆက် ကောင်းကောင်း မပေါင်းစပ် သေးလို့ပဲ။ မင်း နတ်ဘုရားတစ်ပိုင်းအဆင့် ရောက်တာနဲ့ ဒါမှမဟုတ် ခုနက သွေးမျိုးဆက်စွမ်းအား လောင်ကျွမ်းပြီး ရခဲ့တဲ့ အမွေဆက်ခံစွမ်းအားကို အပြည့်အဝ ပေါင်းစပ်နိုင်ရင် မိုးကြိုး ကောက်ရိုက်တုတ်ရဲ့ စွမ်းအားကို တကယ် ထုတ်လွှတ်နိုင်လိမ့်မယ်။”
“ဒါဆို မိုးကြိုးကောက်ရိုက်တုတ်နဲ့ အဲဒီရတနာလက်စွပ်ကို ကျုပ် ရပြီလား။” ဆရာသခင် အဆိပ်နဂါး၏ မျက်လုံးများက သလင်းကျောက်နက် ဒင်္ဂါးပြားများအဖြစ် ပြောင်းသွား၏။ သူ့ကိုယ်ပေါ်မှ သွေးများကို သုတ်ရင်ပင် ဂရုမစိုက်တော့ပေ။
“ဒါပေါ့၊ ခိုင်ရီယယ်လိုရဲ့ သား။” ပါဂရစ်ဇ်၏ အပြုံးတွင် စစ်မှန်သော နွေးထွေးမှုများ ပါဝင်နေ၏။
“ဘာပြောတယ်။” ဆရာသခင် အဆိပ်နဂါး၏ လက်စွပ်ဆီ လှမ်းလိုက်သော လက်က ရုတ်တရက် ရပ်တန့်သွားပြီးနောက် ဖြည်းဖြည်းချင်း ထရပ်ကာ နဂါးဧကရာဇ်ကို ကြည့်လိုက်သည်။ “ဘာကို ဆိုလိုတာလဲ။”
“မင်း နားလည်တဲ့ အတိုင်းပဲ။ ခိုင်ရီယယ်လို ထရစ်ဆီလာရွန်ဒိုအာတီးစ်။ အဲဒါ မင်းအဖေရဲ့ နာမည် အပြည့်အစုံ။”
“ထရစ်ဆီလာရွန်ဒိုအာတီးစ် ဟုတ်လား။” ပါ့ဂ်လီအိုက ကိုယ့်ကိုယ်ကိုယ် လက်မဖြင့် ညွှန်ပြလိုက်သည်။ “ခင်ဗျား မှားနေပြီ။ ကျုပ်ရဲ့ နောက်ဆုံးနာမည်က ဆန်ဒရို အာခီလီးစ်။”
“ဆန်ဒရို အာချီလီးစ် ဟုတ်လား။ အဲဒါက မင်းကို မွေးစားတဲ့ နဂါးက ပေးထားတဲ့ နာမည်လား။” နဂါးဧကရာဇ်က ပါ့ဂ်လီအိုရဲ့ ရိုင်းပျမှုကို ဂရုမစိုက်ဘဲ စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “ခိုင်ရီယယ်လို။ ထရစ်ဆီလာရွန်ဒိုအာတီးစ်၊ နဂါးအကြီးအကဲ။ နဂါးတွေရဲ့ နာမည်ကြီး စစ်သူရဲကောင်း။ သူက ငါ့ရဲ့ ညီအစ်ကိုလိုပဲ။ ငါ့ရဲ့ အရင်းနှီးဆုံး ရဲဘော်ရဲဘက်နဲ့ ညီအစ်ကိုပဲ။ သူက မင်းရဲ့ အဖေအရင်း။ မိုးကြိုးကောက်ရိုက်တုတ်က အကောင်းဆုံး သက်သေပဲ။ သူ့ရဲ့ သားမြေးတွေကလွဲရင် ဒီအဆောင်ပစ္စည်းကို သွေးမျိုးဆက် စွမ်းအားနဲ့ အသုံးမပြုနိုင်ဘူး။”
ပါ့ဂ်လီအိုက ပြုံးပြသည်။ “ကျုပ်က နတ်ဆိုးဘုံက နဂါးပါ။ အဲဒီ ခိုင်ရီဆိုလား ဘာဆိုလားဆိုတာက နဂါးတောင်ကြားရဲ့ အကြီးအကဲ မဟုတ်ဘူးလား။ ကျုပ်က ဘယ်လိုလုပ် သူ့ရဲ့ မျိုးဆက် ဖြစ်နိုင်မှာလဲ။”
“ခိုင်ရီယယ်လိုပါ။” နဂါးဧကရာဇ်က လေးလေးနက်နက် ပြင်ပေးလိုက်သည်။“မင်းအဖေက နတ်ဆိုးဘုံကို လေ့ကျင့်ဖို့ သွားပြီး လူ့ကမ္ဘာကို ပြန်လာတုန်းက နတ်ဆိုးဘုံမှာ မျိုးဆက် တစ်ယောက် ထားခဲ့တယ်လို့ ပြောတယ်။ နောက်ပိုင်း မင်းအဖေ စစ်ပွဲမှာ သေဆုံးသွားတာ စိတ်မကောင်း စရာပဲ။ သူ့မှာ တခြားသားသမီးတွေ မရှိတဲ့အတွက် ငါက မိုးကြိုးကောက်ရိုက်တုတ်နဲ့ သူ့ရဲ့ အမွေအနှစ်တွေကို အမြဲတမ်း သိမ်းထားခဲ့တယ်။ မင်းအသက်အရွယ်နဲ့ မိုးကြိုးကောက်ရိုက်တုတ်ရဲ့ သွေးမျိုးဆက် အသက်ဝင်မှုက မင်းဟာ ခိုင်ရီယယ်လို နတ်ဆိုးဘုံမှာ ထားခဲ့တဲ့သား ဖြစ်တယ် ဆိုတာကို အပြည့်အဝ အတည်ပြုနေတယ်။ နဂါးတွေက မွေးရာပါ အားသာချက်တွေနဲ့ အဆင့်တူတွေထက် အများကြီး သာလွန်တဲ့ စွမ်းအားတွေ ရှိပေမဲ့ တိုးတက်မှုတိုင်းရဲ့ ခက်ခဲမှုက သာမန်လူတွေထက် အများကြီး ပိုများတယ်။ ကံကောင်းစွာနဲ့ ငါတို့မှာ အချိန် အများကြီး ရှိတယ်။ တစ်ခါ အဆင့်တက် လိုက်တာနဲ့ ငါတို့ရဲ့ ခွန်အားက အဆင့်တူတွေထက် ထပ်ပြီး ကျော်လွန်သွားလိမ့်မယ်။ မင်းရဲ့ အသက်အရွယ်နဲ့ လက်ရှိ တိုင်းပြည်အဆင့် စွမ်းအားအရ ဇိုလာလောက် မကောင်းပေမဲ့ မင်းက အလွန်ပါရမီထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ မင်းအဖေရဲ့ အရာအားလုံးကို အမွေဆက်ခံရမယ်။ အဆောင်ပစ္စည်းတွေ၊ ပစ္စည်းဥစ္စာတွေနဲ့ အကြီးအကဲရာထူးတွေ အပါအဝင်ပေါ့။ မိုးကြိုးကောက်ရိုက်တုတ်မှာ သခင်အသစ် ပေါ်လာတဲ့အတွက် ငါ အတော်လေး ပျော်မိတယ်။ နဂါးတောင်ကြားက ပါရမီထူးချွန်တဲ့ အကြီးအကဲအသစ်၊ ခိုင်ရီယယ်လိုရဲ့ သားကို ကြိုဆိုရမယ်။”
“နဂါးတောင်ကြားရဲ့ အကြီးအကဲ၊ ကျုပ်လား။” ပါ့ဂ်လီအို ခဏတာ မှင်တက်သွားပြီး ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “ဒီအဆောင်ပစ္စည်းနဲ့ လက်စွပ်ကို အခြေအနေမရှိဘဲ ပေးမယ်ဆိုရင်တော့ ကျုပ် ငြင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ နဂါးတောင်ကြားရဲ့ အကြီးအကဲက အဆင်ပြေသေးတယ်။ ခိုင်ရီယယ်လို ထရစ်ဆီလာရွန်ဒိုအာတီးစ်ကတော့ ဘယ်သူလဲ ဆိုတာ ကျုပ် မသိဘူး။ ဒါမှမဟုတ် သူနဲ့ ကျုပ် ဘာမှ မဆိုင်ဘူးလို့ ပြောလို့ရတယ်။ ကျုပ်က ပါ့ဂ်လီအို။ ဆန်ဒရို အာခီလီးစ်။ ဆန်ဒရို အာခီလီးစ်က ကျုပ်မျိုးရိုးနာမည်ပဲ။ အမြဲတမ်း ဒါပဲ။ နောင်လည်း ဒါပဲ ဖြစ်နေမှာ။”
ချန်လွေ့သည် ပါ့ဂ်လီအို၏ အနည်းငယ် ဒေါသထွက် နေသော အပြုံးကို မြင်လိုက်ရသောအခါ အတော်လေး နားလည်သွားသည်။
“ငါ မွေးတုန်းက ဥခွံတွေကလွဲပြီး ဘာမှ မမြင်ခဲ့ဘူး။”
“ဒီနှစ်တွေမှာ ဆွေမျိုးသားချင်း မရှိဘူး။ ရန်သူတွေတော့ အတော်များများ ရှိတယ်။”
“ဧရာမနဂါးက သူငယ်ချင်းမလိုဘူး။ အထူးသဖြင့် အဆိပ်နဂါးပေါ့။ ဘုရားသခင်တွေ သူငယ်ချင်းရှိတာ မြင်ဖူးလား။ သူတို့က လေးစားမှုနဲ့ ကြောက်ရွံ့မှုပဲ လိုတာ။ မလိုအပ်တဲ့ ဂရုစိုက်မှုနဲ့ နားလည်မှု မလိုဘူး။”
ထိုအရာက ပါ့ဂ်လီအိုပင်။ သူက ထိုလူသားနှင့် မဆုံတွေ့ ခဲ့ဘူးဆိုလျှင် တစ်ခုပြီးတစ်ခု ပြောင်းလဲမှု မဖြစ်လာခဲ့လျှင် ဆွေမျိုးသားချင်း မိတ်ဆွေမရှိ၊ ခွန်အားသာရှိတဲ့ တစ်ကိုယ်တည်း အဆိပ်နဂါးသာ ဖြစ်နေပေလိမ့်မည်။
“ခိုင်ရီယယ်လိုက မင်းအဖေပဲ။ ဒါကို ငြင်းလို့မရဘူး။” ပါဂရစ်ဇ်က ခေါင်းခါသည်။ “မင်း ဘာတွေပဲ ကြုံခဲ့ကြုံခဲ့၊ ဒီအချက်ကို မင်းလက်မခံချင်ရင်တောင် မင်း ပြောင်းလဲလို့ မရဘူး။ ကိုယ့်ကိုယ်ကို လိမ်ညာလို့မရဘူး။”
“တောင်းပန်ပါတယ်။ အရှင်မင်းကြီး။ ခင်ဗျားရဲ့ စေတနာကို စိတ်ပျက်စေခဲ့မိပြီ။” ပါ့ဂ်လီအိုက အေးစက်စက် ပြောလိုက်သည်။ “ကျုပ်လို တစ်ကိုယ်တည်းသမားက ဒီလို အစွမ်းထက်တဲ့ မိသားစုနဲ့ ဘယ်လိုလုပ် ဆွေမျိုးတော်စပ် နိုင်မှာလဲ။ ဘက်တီလေး၊ သွားကြမယ်။”
ထိုသို့ပြောပြိးနောက် မိုးကြိုးကောက်ရိုက်တုတ်နှင့် အစိမ်းရောင် ကျောက်မျက်လက်စွပ်ကိုပင် မကြည့်ဘဲ ခရိုဘဲလက်စ်ကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။
ပါဂရစ်ဇ်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး အပေါက်ဝတွင် ထိကိုင်မရသော အတားအဆီးတစ်ခု ပေါ်လာသည်။ ဝင်ပေါက်သို့ ရောက်ရှိနေသော ပါ့ဂ်လီအိုနှင့် ခရိုဘဲလပ်စ်တို့က တစ်လက်မမျှပင် ရှေ့သို့ မတက်လှမ်းနိုင်ခဲ့ကြပေ။
“မင်း ဒီနေ့ ဒီတံခါးကနေ ထွက်သွားနိုင်ရင် အဆောင်ပစ္စည်းနဲ့ လက်စွပ်ကိုကိုလည်း ရနိုင်မယ်။ တခြား ဘာကိုမှလည်း မင်းကို အတင်းအကျပ် မလုပ်ခိုင်းတော့ဘူး။” နဂါးဧကရာဇ်၏ ပြင်းထန်သောအသံ ထွက်ပေါ်လာ၏။ “မင်း မလုပ်နိုင်ရင်တော့ နဂါးတောင်ကြားမှာနေပြီး စဉ်းစားပါ။ နောက်တစ်ခါမှ ပြောကြ တာပေါ့။ ငါ့ညီရဲ့ တစ်ဦးတည်းသော မျိုးဆက်ကို ဒီလို မိုက်မဲတဲ့ အမှားမျိုး လုပ်ခွင့်မပေးနိုင်ဘူး။”
ထိုအချိန် အတားအဆီး၏ စွမ်းအား ရုတ်တရက် ပျောက်ကွယ်သွား၏။
ချန်လွေ့၏ ပုံရိပ်က ပါ့ဂ်လီအို၏ နောက်ကျောတွင် ပေါ်လာသည်။ “ခင်ဗျားတို့ အရင်သွားနှင့်ကြ။”
အဆိပ်နဂါးက ရယ်လိုက်သည်။ ထိုအရာက စစ်မှန်သော ရယ်သံပင်။ ထိုဉာဏ်များသော လူသား၏ အကြည့်ကို သူ နားလည်သည်။ ထိုလူတွင် သေချာပေါက် ယုံကြည်မှု အပြည့်ရှိရပေမည်။ သူက ချက်ချင်းပင် ခရိုဘဲလက်စ်ကို တံခါးအပြင်သို့ ခေါ်ထုတ်သွားလိုက်၏။
လွန်ကဲသော ဖော်ရွေမှုများ မလိုအပ်၊ အကြွင်းမဲ့ ယုံကြည်ချက်သာ။
“ဘက်တီလေး…”
“ဟမ်...”
“ဘာမှ မဟုတ်တော့ပါဘူး။”
(ငါတို့ရဲ့ ကလေးတွေ မွေးတဲ့အခါ ဥခွံတွေထက် ပိုမြင်ရမှာ သေချာတယ်။)
လက်ချင်းချိတ်ထားသော နှစ်ယောက်သား၏ ရင်ထဲတွင် အပြန်အလှန် နားလည်မှုရှိသော ဆက်နွှယ်မှု ရှိနေပုံရပြီး ပို၍ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားကြတော့သည်။